← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

ကျန်းတန်းဟယ်က သူ့ကိုကြည့်နေတဲ့ တောက်လောက်တဲ့အကြည့်တစ်စုံကို ရိပ်မိတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ယွီကျစ်ကျစ်ရှိတဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။

တစ်ခဏချင်းမှာပဲ ယွီကျစ်ကျစ်က ခေါင်းကိုငုံ့လိုက်သည်။ ကျန်းတန်းဟယ်က အကုန်လုံးကို မြင်လိုက်ပေမယ့် သူမကို ဂရုတစိုက်မကြည့်တော့ဘဲ ပြန်လှည့်လိုက်သည်။ ယွီကျစ်ကျစ်က ရှက်သွေးဖြာပြီး နည်းနည်းပျော်သွားသည်။

‘သူငါ့ကို လှည့်ကြည့်လိုက်တာလား? မြို့တော်ကနေ ငါ့အဖေဝယ်လာတဲ့ ဒီဂါဝန်ကို ဝတ်ခဲ့တာ ငါကံကောင်းသွားတာပဲ’လို့ သူမဘာသာ တွေးနေမိသည်။

သူမက သေချာသတိထားပြီးတော့ ကျန်းတန့်ဟယ်နောက်ကနေ လျှောက်လာပြီး သူ့ရဲ့ အနားတွေကို သေချာစည်းပေးနေသည်။

အရင်က သူမ အနာကို သန့်စင်ပေးပြီး ဆေးထည့်ပေးချိန် သူက အမြဲတမ်း သတိမေ့မြောနေခဲ့သည်။ အခုတော့ သူ သတိပြန်ရလာပြီ။ ယွီကျစ်ကျစ်က သူမဘယ်လိုပဲကြိုးစားပြီးလုပ်လုပ် သူမလက်ကို အောက်ချလို့မရဖြစ်နေသည်။ ကျန်းတန်းဟယ်ရဲ့ခန္ဓာကိုယ်နဲ့ သူမလက်နဲ့ ထိလိုက်တိုင်း သူမမျက်နှာနီမြန်းသွားသည်။

ဒါပေမယ့်၊ သူမ သေချာအောင်ကို အနာကို ဆေးပြန်ထည့်ပြီးစည်းပေးလိုက်နိုင်သည်။ သူမလုပ်ပြီးသွားတော့ သူမက လင်ဗန်းကိုမပြီး ပြန်လှည့်မကြည့်ဘဲ အတင်းပြေးထွက်သွားသည်။

သတိမထားမိတဲ့ ကျန်းတန်းဟယ်ကတော့ ဘာမှမသိပေမဲ့ ပါးနပ်တဲ့ လီရှို့ကျီကတော့ သိသည်။ သူက ယွီကျစ်ကျစ်အတွက် အားနားမိနေသည်။ ကျန်းတန်းဟယ်မှာက သူချစ်တဲ့သူရှိပြီးနေပြီ။

ကျန်းတန်းဟယ်က လီရှို့ကျီကို အစောနက သူပြောနေတာကို ဆက်ပြောဖို့ ပြောလိုက်သည်။

ပြေးထွက်သွားတဲ့ ယွီကျစ်ကျစ်က သူမအဖေနဲ့ ဆုံသွာသည်။ သူကတော့ ကျန်းတန်းဟယ်ကို ကြည့်ပေးနေတဲ့ ဆရာဝန်ဖြစ်သည်။ ယွီဝမ်ကွေ့က သူ့မုတ်ဆိတ်မွေးကိုပွတ်ပြီး သူ့သမီးကို ကြည့်လိုက်သည်။ အထဲထဲက ယောကျာ်းကို သူ့သမီးသဘောကျနေတယ်ဆိုတာကို သူတပ်အပ်ပြောနိုင်သည်။

သူ့အဖေရဲ့ မျက်နှာထားကိုကြည့်တာနဲ့ သိသွားပြီးဆိုတာကို ယွီကျစ်ကျစ်လည်း သဘောပေါက်သည်။ ရှက်ပြီးတော့ ဆောင့်အောင့်ပြီးသွားကာ “အဖေ့ကို သမီးဂရုမစိုက်ဘူးနော်”လို့ ပြောလိုက်သည်။ ပြီးတော့ သူမထွက်ပြေးသွားသည်။

ယွီဝမ်ကွေ့ က သူ့သမီးထွက်သွားတာကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ငါ့သမီးလေးတောင် အရွယ်ရောက်လာပြီပဲ။” အဲ့လိုပြောပြီးတော့ အိမ်ထဲဝင်သွားသည်။ အထဲထဲက လူက ဘယ်သူလဲ၊ ဘယ်ကလဲဆိုတာကိုတောင် ယွီဝမ်ကွေ့ မသိသေးပေ။ သူ့ရဲ့ ချောမောလှပတဲ့ သွင်ပြင်နဲ့ သူဝတ်ထားတဲ့ ငွေရောင်ချပ်ဝတ်တန်ဆာကြောင့် သာမန်လူမဟုတ်ဘူးဆိုတာကိုတော့ ခန့်မှန်းလို့ရသည်။ ယွီဝမ်ကွေ့ က သူ့သမီးအတွက် ဒီလူအကြောင်းကို သူ သိရင်ကောင်းမည်လို့ တွေးနေမိသည်။

တစ်ဖက်မှာတော့၊ ရှောင်းကောက သူမ မှတ်ထားခဲ့တဲ့အတိုင်းတက်သွားကာ ထောင်ချောက်တွေဆီ ရောက်လာသည်။ သူမက ထောင်ချောက်ကို ဖယ်လိုက်ပေမဲ့ ဘာသားကောင်မှရှိမနေပေ။ မိုးရွာထားတာကြောင့် တိရစ္ဆာန်တွေ အပြင်မထွက်ကြတာဖြစ်မည်။ ရှောင်းကောက နောက်ထောင်ချောက်တစ်ခုကို သွားကြည့်တော့လည်း ဘာမှမတွေ့ပြန်ချေ။

ကျွမ်းကျွမ်းက သူ့အမေနောက်ကနေ စိတ်ဝင်စားမှုအပြည့်နဲ့လိုက်နေသည်။ အသေးစိတ်လုပ်ထားတဲ့ထောင်ချောက်ကို သူတွေ့တော့ အံ့ဩမှုအပြည့်နဲ့ကြည့်နေသည်။ “ဒါ မေမေ ကြက်ကြီးမိလာတဲ့ နေရာမလား?”

ရှောင်းကောက ပြောလိုက်သည်။“ဟုတ်တယ်လေ။ အခုတော့ ထောင်ချောက်ထဲမှာ ဘာမှမရှိဘူး။ မေမေ သားအတွက် ငါးဖမ်းပေးမယ်နော်။ သွားစို့။”

ရှောင်းကောက စိတ်မပျက်ပါပေ။ သူမ မလာခင်တည်းက ထောင်ချောက်ထဲမှာ ဘာမှမရှိနေနိုင်တာကို သိတဲ့အတွက်ကြောင့်ပင်။ သူမမှာ နောက်ထပ်အရေးကြီးလုပ်စရာဖြစ်တဲ့ ငါးဖမ်းဖို့ရှိသေးသည်။ အဲ့ဒါမှ ငါးဖယ်လုံးလုပ်ပြီး ပြန်ရောင်းလို့ရမှာပင်။

ရှောင်းကော ဈေးရောက်သွားချိန်က ဈေးမှာ ငါးနဲ့ပတ်သတ်တဲ့ ကုန်အရောင်းနည်းတာကို သူမ တွေ့ခဲ့သည်။ ဈေးထဲမှာ ကောင်းတဲ့ ကုန်ပစ္စည်းရယ်လို့ သူမ ရှာမတွေ့ခဲ့ပေ။ ငါးဖယ်လုံးဆိုတာက တကယ်ကို အသစ်အဆန်းပဲ။ သူမက သူမကိုယ်တိုင်လုပ်ထားတဲ့ ငါးဖယ်လုံးတွေကို ရောင်းပြီး ပိုက်ဆံရှာလို့ရသည်။

သူမ အခုလိုတာက ပိုက်ဆံပဲ။ ပြောင်းဖူးတွေ ကြီးထွားဖို့ကလည်း အချိန်ယူရမှာဖြစ်လို့ ဒီကြားထဲ သူမ ဝယ်စရာတွေရှိနေသည်။ ဒါ့အပြင် သူမ အမျိုးသမီးယန်ဆီက ပိုက်ဆံချေးထားသေးသည်။

သေချာတွေးကြည့်တော့၊ သူမ လိုတာအကုန်ဝယ်ဖို့က ပိုက်ဆံဆိုတာကို သဘောပေါက်သွားသည်။ ပြီးတော့ သူမ နွားတင်းကုတ် ဆောက်ရဉီးမည်။ နွားတွေကို အခန်းထဲမှာပဲ တစ်သက်လုံး နေခိုင်းလို့မရပေ။ အဲ့အတွက်လည်း သူမ ပိုက်ဆံလိုသည်။

ရှောင်းကော မြစ်ကိုရောက်တော့ သေချာကြည့်တဲ့အခါ ရေထဲမှာ ငါးခုနစ်ကောင်၊ ရှစ်ကောင်လောက်ရှိနေတာကို တွေ့သွားသည်။ ရှောင်းကောက တစ်ချိန်တည်းမှာပဲ ငါးအကုန်လုံးကိုတော့ မဖမ်းနိုင်ပေ။ ငါးတွေက အမြန်တိမ်းရှောင်ပြီး ကူးခတ်နေကြသည်။

ကျွမ်းကျွမ်းအတွက် ငါးကြီးတွေကို မြင်ဖူးတာ ဒါပထမဆုံးပင်။ သူက အရမ်းကို အံ့အားသင့်နေတော့ ပါးစပ်ကို မပိတ်နိုင်တော့ပေ။ ပြီးတော့ သူ ရှောင်းကော လုပ်နေတာကိုမြင်တော့ ဘယ်လိုမျိုးမြစ်နားကနေ ချဉ်းကပ်ပြီးလုပ်ရမလဲဆိုတာကိုပါ သိသွားသည်။

ရှောင်းကောက ကျွမ်းကျွမ်းကို မြစ်နားမှာ သူမကို ထိုင်စောင့်ခိုင်းပြီး သူမကတော့ ခြင်းတောင်းကိုယူပြီး တခြားဖက်ကို သွားသည်။ မြစ်က တခြားဖက်မှာပိုကျဉ်းတော့ သူမ ငါးတွေကို ခြင်းတောင်းနဲ့ပိတ်ပြီး ဖမ်းလို့ရသည်။ ဆန့်ကျင်ဘက်မှာ ရပ်နေပြီး ငါးတွေ ခြင်းတောင်းထဲ ရောက်အောင် ကူးဖို့ ရှောင်းကောက လုပ်နေသည်။ သူမ ငါးခြောက်ကောင်ကို ခြင်းတောင်းသုံးပြီးတော့ ဖမ်းမိခဲ့သည်။

ကံမကောင်းစွာနဲ့ တစ်ကောင်တော့လွတ်သွားသည်။ ဒါပေမဲ့ သူမ မိထားတာနဲ့ဆိုရင် ငါးဖယ်လုံးတွေအများကြီးလုပ်လို့ရသည်။ အခုတစ်ခေါက်က၊ အရင်ကဖမ်းမိတဲ့ငါးတွေထက် ပိုကြီးနေသည်။

ကျွမ်းကျွမ်းက သူ့အမေ ငါးဖမ်းတာကိုကြည့်ပြီး ပျော်ပြီးတော့ “မေမေ၊ မေမေက အရမ်းတော်တာပဲ။”လို့ အော်လိုက်သည်။ သူ ပြောရင်းနဲ့ ရှောင်းကောဆီကို ပြေးသွားပြီး ခြင်းထဲက ငါးတွေကြည့်ဖို့ ခြေဖျားထောက်ရပ်လိုက်သည်။

ရှောင်းကောက ခြင်းတောင်းကို ကျွမ်းကျွမ်းမြင်အောင် နည်းနည်း နှိမ့်ပေးလိုက်သည်။ သူမက ဖိနပ်ပြန်စီးပြီးတော့ ကျွမ်းကျွမ်းနဲ့အတူ အိမ်ပြန်တော့မည်ပင်။

“ပြန်ကြစို့” သူမ သူ့ကို ပြောလိုက်သည်။

ကျွမ်းကျွမ်းက မကြောက်တော့တဲ့အတွက် ရှောင်းကောကိုတောင် မကိုင်တော့ဘဲ တစ်ယောက်တည်းလျှောက်နိုင်နေပြီပင်။ တောင်ပေါ်ကနေ ဆင်းလာတဲ့တစ်လျှောက်လုံး သူတို့က မြက်တွေရိတ်လာကြသည်။ ခဏကြာတော့ ခြင်းတောင်းလည်း ပြည့်သွားသည်။ နှစ်ယောက်စလုံး ပျော်ရွှင်စွာနဲ့ အိမ်ပြန်လာကြသည်။ လမ်းတစ်ဝက်လောက်ရောက်ချိန် နွယ်ပင်ကိုမြင်တော့ ရှောင်းကော အဲ့ဒါကို သေချာကြည့်နေမိသည်။ သေချာကြည့်ပြီးနောက် သူမ အရမ်းပျော်သွားသည်။

ဒါက…..

All Chapters