သွေးကြွေထည်
Vol. 19 Ch. 181
“ညီအစ်ကိုတို့ရေ၊ ငါတို့ ချမ်းသာတော့မယ်။ ငါ ရတနာရှာလာတာ အနှစ်၂၀ ရှိပြီ။ အခု ငါ ပြောရဲတယ်... ဒီအောက်မှာ တစ်ခုခုတော့ ကြီးကြီးမားမား ရှိနေပြီ...”
လီချင်းယန်က သူ၏ ဖုန်းနှင့် ဆဲလ်ဖီးတုတ်ကို ကြည့်ကာ ပြုံးဖြီးနေပြီး မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။
သူ့အနောက်တွင်တော့ တစ်ခါမှ မဖွင့်ရသေးသော ရှေးဟောင်းဂူတစ်ခု ရှိနေသည်။ ၎င်းမှာ အပြည့်အဝ တူးဖော်ခြင်း မပြုရသေးသော ရှေးဟောင်းသုတေသန နယ်မြေတစ်ခုပင်။
“စိတ်ဝိညာဉ်ချီစွမ်းအင်နိုးထခြင်း”ကို တရားဝင် ထုတ်ပြန်ကြေညာပြီးကတည်းက သင်္ချိုင်းတူးခြင်းမှာ ရာဇ၀တ်မှုတစ်ခုဟု မသတ်မှတ်တော့ဘဲ ဆန်းကြယ်သော အငွေ့အသက်တစ်ခုပင် ရရှိလာခဲ့သည်။
မှန်ပေသည်။ လီချင်းယန်မှာ ပညာသည် သင်္ချိုင်းတူးသမား တစ်ယောက်တော့ မဟုတ်။ သူက အွန်လိုင်းတွင် နာမည်ကြီးရန်နှင့် ဝမ်းရေးအတွက် အခြေခံအဆင့် လှည့်ကွက်အချို့ကိုသာ တတ်မြောက်ထားသူ ဖြစ်သည်။
ယနေ့ခေတ် တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်အကိုင်ဈေးကွက်က ခက်ခဲလွန်းလှသဖြင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းမှာ ထွက်ပေါက်တစ်ခု ဖြစ်လာသည်။
ကြည့်ရှုသူတွေကို ဖျော်ဖြေရင်း ပိုက်ဆံရှာ၍ ရနေတာပဲ။ ဘယ်သူက သူဌေးမျက်နှာကို ကြည့်ပြီး အလုပ်လုပ်ချင်ပါ့မလဲ။
သို့သော် ယခုအချိန်အထိ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများမှာ မအောင်မြင်ခဲ့ပေ။ အကြောင်းမှာ သူ သွားရောက်စူးစမ်းခဲ့သော နေရာများမှာ အန္တရာယ် မရှိလွန်းသောကြောင့်ပင်။
သို့သော် ယနေ့က မတူတော့ပေ။
ယနေ့တွင် သူက မိစ္ဆာနှိမ်နင်းသူဗျူရိုက ပိတ်ဆို့ထားသည့် ကျင်းတဲမြို့ ရှေးဟောင်း နယ်မြေထဲသို့ ခိုးဝင်လာခဲ့ခြင်း ဖြစ်သည်။
သူ့လို သာမန်လူတစ်ယောက်အတွက် မိစ္ဆာနှိမ်နင်းသူဗျူရို၏ လုံခြုံရေးစည်းကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။ သို့သော် တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း... ကင်းလှည့်အဖွဲ့အားလုံး ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ကြသည်။
အခွင့်အရေးကို အမိအရဖမ်းဆုပ်ရင်း သူ ချက်ချင်းပင် ခိုးဝင်လာခဲ့သည်။ သူ၏ သံသယဖြစ်ဖွယ် အစွမ်းအစများဖြင့် ဂူတစ်ခုကို “ရှာဖွေတွေ့ရှိ”ဟန် ပြုမူလိုက်သည်။ အမှန်တွင် ထိုနေရာမှာ တူးဖော်လက်စ ဂူပျက်များနှင့် ပြည့်နေခြင်းပင်။
ကြည့်ရှုသူများ စိတ်ဝင်စားရန်အတွက် သူက တမင်တကာပင် လူမထိရသေးသော ဂူတစ်ခုကို ရွေးချယ်ခဲ့သည်။
[စထွင်မာ၊ မင်းတော့ ရူးနေပြီ... ကျင်းတဲမြို့ အပျက်အစီးထဲကို တကယ် ဝင်ရဲတယ်ပေါ့...]
[အဲဒီမှာ တစ်ခုခုဖြစ်နေတယ်လို့ ကြားတယ်... အချိန်ရှိတုန်း အမြန်ထွက်ခဲ့တော့]
[ဂူကို ဖွင့်လိုက်... အထဲမှာ ဘာရှိမလဲ ကြည့်ရအောင်...]
[စိတ်မရှိပါနဲ့... ဒါပေမဲ့ ဝိညာဉ်ဆိုးတွေ ဝေးဝေးသွားပါစေ]
ကြည့်ရှုသူအရေအတွက် မြင့်တက်လာသည်နှင့်အမျှ လူများစွာက စကားဝိုင်းထဲတွင် ဘေးရန်ကင်းအဆောင်ပုံများကို စာသားအဖြစ် အဆက်မပြတ် ပို့လာကြတော့သည်။
လီချင်းယန်လည်း ကြောက်သည်။ သို့သော် သူ ပိုက်ဆံလိုနေသည်။ ချမ်းသာချင်သည်။ ဂုဏ်ရှိရှိ နေချင်သည်။ ထို့ကြောင့် ကြောက်နေသော်လည်း ရှေ့ဆက်ရမည်သာ...
“ကဲ ညီအစ်ကိုတို့။ လက်ဆောင်လေးတွေ အရင်ပေးကြပါဦး။ ပြီးရင် ငါ အောက်ကို ဆင်းတော့မယ်...”
ဖန်သားပြင်ပေါ်တွင် လက်ဆောင်များ ပြည့်နှက်လာသောအခါ သူ မတုံ့ဆိုင်းတော့ဘဲ အံကြိတ်ကာ ဂူထဲသို့ ဆင်းသွားတော့သည်။
ဂူအထဲမှာ ထင်ထားသည်ထက် ပိုကျယ်ဝန်းနေ၏။ ကျဉ်းမြောင်းသော အပေါက်ငယ်လေးမှ တစ်ဆင့် လရောင်အနည်းငယ် တိုးဝင်လာပြီး ရှေးဟောင်းကြွေထည်ပျက်များပေါ်တွင် အေးစက်စက်နှင့် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်ကို ဖြာကျစေ၏။
ဖုန်းကို အနေအထား ချိန်ညှိရင်း လီချင်းယန်၏ ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းများက ဂူတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ဂူ၏ တည်ဆောက်ပုံမှာ အလွန်ပင် လက်ရာ မြောက်လှသည်။
နက်ရှိုင်းသော ကျောက်စင်္ကြံလမ်းမှာ အတွင်းဘက်သို့ ဦးတည်နေပြီး ကြမ်းပြင်ပေါ်တွင် ကြွေထည်ကွဲစများ ပြန့်ကျဲနေသည်။ လေထုမှာ စိုထိုင်းနေပြီး ရွှံ့စေးနှင့် မှိုနံ့များဖြင့် လေးလံနေ၏။
သူ၏ လက်နှိပ်ဓာတ်မီး အလင်းရောင်အောက်တွင် အမိုးခုံးနံရံများ၌ မြှုပ်နှံထားသော မီးဖိုသုံး ပစ္စည်းအပိုင်းအစများကို မြင်ရသည်။ တစ်ခုချင်းစီမှာ မှေးစင်းထားသော မျက်လုံးများနှင့် တူနေပြီး သူ့ကို မှောင်ရိပ်ထဲမှ စိုက်ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။
“ညီအစ်ကိုတို့။ ဒီနေရာက တကယ်ကို အံ့သြဖို့ကောင်းတယ်။ သိလား။ ဒီဂူကို သမိုင်း မှတ်တမ်းတွေအရ ပြန်တည်ဆောက်ထားတာ... သူ့ရဲ့ အထွတ်အထိပ်အချိန်မှာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ အခန်းပေါင်း ၃၂ခန်းတောင် ရှိခဲ့တာ...”
သူ လျှောက်လှမ်းရင်း နံရံကို လက်ဖြင့် ပွတ်သပ်လိုက်ရာ ရုတ်တရက် သူ၏ လက်ဖဝါးမှာ ချောမွတ်ပြီး နွေးထွေးသော အရာတစ်ခုကို ထိမိသွား၏။ အမျိုးသမီးတစ်ယောက်၏ နူးညံ့သော လက်ကလေးကဲ့သို့ပင်။
သူ့ကျောရိုးထဲ စိမ့်ခနဲ ခံစားလိုက်ရသည်။ လက်နှိပ်ဓာတ်မီးကို ချက်ချင်း ဝှေ့ယမ်း ကြည့်လိုက်ရာ စိတ်လှုပ်ရှားမှုကြောင့် သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
“လခွမ်းတဲ့မှ... ငါ ဘာတွေ့လဲ ကြည့်ကြဦး...”
ကျောက်စင်ပေါ်တွင် ငြိမ်သက်စွာ ရှိနေသော ကြွေအိုးတစ်လုံးပေါ်သို့ အလင်းရောင် ကျရောက်သွားသည်။ ၎င်း၏ အရောင်မှာ ခဲနေသော သွေးကဲ့သို့ နီမြန်းနေပြီး အလင်းအောက် တောက်ပနေသည်။ နီကျင်ကျင် သွေးကြောမျှင်လေးများမှာ အိုးမျက်နှာပြင်အောက်တွင် ကူးခတ်နေသကဲ့သို့ ရှိနေပြီး အတွင်းထဲတွင် သွေးများ စီးဆင်းနေသည့် အသွင်မျိုးပင်။
အလင်းဖောက်နိုင်သော ကြွေသားမှတစ်ဆင့် အတွင်းဘက်တွင် ဝေဝါးသော လူပုံရိပ်တစ်ခုကို မြင်နေရသည်။ မျက်နှာပြင်ကို လက်ချောင်းများဖြင့် ထိလိုက်သောအခါ မိန်းကလေးငယ် တစ်ဦး၏ အသားအရေကဲ့သို့ ပန်းရောင်သမ်းကာ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာသည်။
“ညီအစ်ကိုတို့... ဒါပဲ...”
“ဒါဟာ ဒဏ္ဍာရီလာ သွေးကြွေထည် ဖြစ်ရမယ်။ မိန်းကလေးတွေရဲ့ အရိုးနဲ့သွေးကို ပူဇော်ပြီး ဖုတ်ထားတာလို့ ပြောကြတယ်...”
ပင်ကူအိမ်များကို ဖယ်ရှားရင်း သူ၏ မျက်နှာတွင် လောဘဇောကြောင့် ဝင်းလက်နေသည်။ မူလက သူသည် ပိုက်ဆံရရန် ထုတ်လွှင့်ပြသရန်သာ ရည်ရွယ်ခဲ့ပြီး ရှေးဟောင်းပစ္စည်းခိုးယူရန် စိတ်မကူးခဲ့ပေ။ သို့သော် ကံတရားက သူ့ဘက်တွင် ရှိနေလေပြီ...
သူက ပညာရှင် မဟုတ်သော်လည်း ထိုအိုးသာ အစစ်အမှန်ဆိုလျှင် အနည်းဆုံး ယွမ်သန်းနှင့်ချီ တန်ဖိုးရှိကြောင်း သူ သိသည်။
ရုတ်တရက် စကားဝိုင်းထဲတွင် စာတိုများ ပွင့်ထွက်လာသည်။
[ဟားဟား... စထွင်စာက တကယ်ကြီး အစစ်ကို ရှာတွေ့သွားတာပဲ...]
[ လခွမ်းတဲ့မှ... ဒါက မယုံနိုင်စရာပဲ ]
စာတိုများ တက်လာသည်နှင့်အမျှ စကားဝိုင်း၏ အရှိန်မှာ ပိုမိုမြန်ဆန်လာသည်။
[ဟေ့လူ... ခင်ဗျား အနောက်မှာ......]
[သူက ခင်ဗျားရဲ့ အနောက်တည့်တည့်မှာ......]
စင်္ကြံလမ်း၏ အဆုံးတွင် အနီရောင် ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ ရပ်နေသည်။ သူ၏ မျက်နှာမှာ ကြွေသားကဲ့သို့ ဖြူလျော့နေပြီး လက်သည်းများမှာ ရွှံ့စေးမှုန့်များကြောင့် မည်းမှောင်နေ၏။ သူ၏ ခြေရင်းတွင်မူ အပြာဖြူကြွေဇလုံတစ်ခု ရှိနေပြီး ၎င်းထဲတွင် သွေးနီရောင် ကြွေထည်ကွဲစများ ပြည့်နေခဲ့သည်။
“ဒါက မင်သဲခေတ်က ယဇ်ပူဇော်တဲ့ ကြွေထည်ပဲ...”
ထိုအိုးမှာ သူ၏ လက်ထဲသို့ ရုတ်တရက် ရောက်ရှိသွားသည်။ သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်ပြီး ချိုသာသော အပြုံးတစ်ခု ပေါ်လာ၏။
“နန်းတွင်းသုံး အရိုးကြွေထည်ရဲ့ နောက်ဆုံးအသုတ်ပေါ့... တကယ်လို့ ရှင် ဒါကို ကြိုက်တယ် ဆိုရင် ဈေးတစ်ခုလောက် မပြောချင်ဘူးလား။”
“ပြန်ပေး... ဒါကို ငါ အရင်တွေ့တာ...”
လောဘကြောင့် မျက်စိကန်းနေသော လီချင်းယန်က ထိုအမျိုးသမီးဆီသို့ လွှတ်ခနဲ ခုန်အုပ်လိုက်သည်။
သန်းနဲ့ချီတန်တဲ့ ကြွေအိုးနဲ့ယှဉ်ရင် သရဲဆိုတာ ဘာမို့လို့လဲ။... သူက နာနာဘာဝ ဖြစ်နေရင်တောင် မိန်းကလေးတစ်ယောက်ပဲလေ... အင်အားကြီးမှာ မဟုတ်ပါဘူး...
သူ၏ လက်ကောက်ဝတ်များတွင် မီးဖိုသုံး ပစ္စည်းများဖြင့် ချည်နှောင်ခံထားရသည့် နက်ရှိုင်းသော အရာများကို သူ သတိမထားမိခဲ့ပေ။ ထို့ပြင် အိုးအတွင်းဘက်တွင် ကုတ်ခြစ်နေသော လက်သည်း ဆယ်ချောင်းကိုလည်း သူ မမြင်ခဲ့။
သူ အိုးကို ပြန်လုယူကာ လှည့်ပြေးတော့သည်။ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ ထိုအမျိုးသမီးမှာ လှုပ်ပင်မလှုပ်။ သူက ပြုံးလျက်သာ သူ့ကို ကြည့်နေ၏။
“တကယ့်ကို ထူးဆန်းတာပဲ...”
သူ တိုးတိုးလေး ရေရွတ်ရင်း ကြိုးဖြင့် တွယ်တက်ကာ ဂူထဲမှ ထွက်လာခဲ့သည်။ ယခုမှပင် သူ ဘေးကင်းသွားတော့သည်။
“ကဲ ညီအစ်ကိုတို့။ ဒီထဲမှာ ရှေးဟောင်းပစ္စည်း ပညာရှင်တွေ ရှိလား။ ဒီအလှလေးက အစစ် ဟုတ်မဟုတ် စစ်ပေးကြပါဦး...”
သူက အေးစက်ပြီး ရုတ်တရက် အမည်းစက်များ ပေါ်လာသော လက်များကို ပွတ်သပ်ရင်း အိုးကို ကင်မရာနား တိုးပြလိုက်သည်။ ကြွေသားမျက်နှာပြင်မှာ လှိုင်းထနေပြီး သွေးကြောမျှင် လေးများမှာ ဝဲလှည့်နေ၏။
စကားဝိုင်းထဲတွင် ထိတ်လန့်တုန်လှုပ်ကုန်ကြသောအခါမှ သူ တစ်ခုခု မှားနေကြောင်းကို သတိထားမိတော့သည်။ ကြွေသားပေါ်တွင် ပေါ်နေသော သူ၏ ပုံရိပ်မှာ ကြွေသားထဲသို့ တဖြည်းဖြည်း စုပ်ယူခြင်း ခံနေရ၏။
“ဟား...ဟား... ညီအစ်ကိုတို့။ ဒီအမိုက်စား အထူးပြုလုပ်ချက်တွေကို ကြည့်ကြဦး...”
သူ၏ အတင်းအကျပ် ရယ်သံမှာ ဗလာကျင်းနေ၏။ သူ၏ လက်ချောင်းများမှ အက်ကြောင်းများ စတင်ပေါ်လာပြီး အရေပြားမှာ ကြွေသားကဲ့သို့ ဖြူသွားသည်။
ဂူထဲတွင် ထိုအမျိုးသမီး ပြန်လည် ပေါ်လာပြန်သည်။ သူ၏ အပြုံးမှာ မပြောင်းလဲဘဲ မျက်နှာမှာ တစ်လက်မချင်းစီ ကွဲအက်လာကာ ထိုအက်ကြောင်းများမှ သွေးများ ပန်းထွက်လာတော့သည်။
လီချင်းယန် အော်ဟစ်ရန် ကြိုးစားသော်လည်း လည်ချောင်းထဲမှ ကြွေထည်ကွဲစများသာ ထွက်လာတော့သည်။ ကင်မရာမှာ ဘေးသို့ စောင်းသွားပြီး ဖန်သားပြင်ပေါ်တွင် သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်နေပြီး အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားသည်ကို မြင်နေ၏။
ကြည့်ရှုသူများ နောက်ဆုံး မြင်လိုက်ရသည်မှာ နှင်းလိုဖြူဖွေးနေသော ခြေဖဝါးတစ်စုံ ကင်မရာရှေ့ကို လျှောက်လာခြင်းပင်။
ထိုအမျိုးသမီးက သွေးကြွေထည် အပိုင်းအစတစ်ခုကို ကုန်းကောက်ယူလိုက်ပြီး ဂူ၏ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
“အဲဒါဟာ ကျင်းတဲမြို့ကနေ တကယ့်အိပ်မက်ဆိုးကြီးကို တူးထုတ်လိုက်တဲ့ ပုံစံပဲ။”
မိစ္ဆာနှိမ်နင်းသူဗျူရို၏ မှတ်တမ်းကို ပိတ်လိုက်ရင်း ချန်ဟွိုက်အန် သက်ပြင်းချလိုက်သည်။
မျက်နှာထား တင်းမာနေသော မိစ္ဆာနှိမ်နင်းရေး အရာရှိဘက် လှည့်ကာ သူက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“အဲဒီ ဗိုလ်ချုပ်အဆင့် နှစ်ယောက်က ဒီအတိုင်းကြီး သေသွားတာလို့တော့ မပြောနဲ့နော်။”
“ပြီးတော့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ငြိမ်ငြိမ်လေး မနေနိုင်ကြဘူးလား။”
သူ ဖိုင်တွဲကို ပိတ်လိုက်၏။
“ဂုဏ်ယူပါတယ် ငတုံးတို့ရေ။ မင်းတို့က ဘိုးဘေးတွေကို တရားဝင် တူးထုတ်လိုက်နိုင်ပြီ။”
....