← Chapters

တိုက်ရိုက်ထိုးစစ်

Vol. 19 Ch. 182

တိုက်ရိုက်ထိုးစစ်

Vol. 19 Ch. 182

“ရှေးဟောင်းသုတေသန ပညာရပ်ကို လာပြီး မစော်ကားနဲ့။ ကျွန်တော်တို့က ဒီအတိုင်း လျှောက်တူးနေတယ်လို့ ထင်နေတာလား။ အဆောက်အအုံဆောက်တဲ့ လုပ်ငန်းခွင်တွေလိုပဲ ကျွန်တော်တို့မှာလည်း အသေအချာ စီစဉ်ထားတဲ့ စီမံကိန်းတွေ ရှိတယ်။ ဒါက အပျော်တမ်း မြေကြီး တူးနေတာ မဟုတ်ဘူး...”

“...နေပါဦး။ မင်းက ဘယ်သူလဲ။”

ချန်ဟွိုက်အန်က မိစ္ဆာနှိမ်နင်းရေးအရာရှိ၏ ဘေးတွင် ဆိုဖာပေါ်၌ ထိုင်နေသော လူငယ်လေးကို ယခုမှ သတိထားမိတော့သည်။

“ကျွန်တော်က Z တက္ကသိုလ်က ရှေးဟောင်းသုတေသန မဟာတန်းကျောင်းသားပါ...”

“ဒါဆို ဘာလို့ မင်းက ပျောက်ဆုံးနေတဲ့သူတွေထဲမှာ မပါတာလဲ။”

လူငယ်လေး၏ မျက်နှာမှာ နီမြန်းသွား၏။ သူ ပါးစပ်ဟလိုက်သော်လည်း ဘာမှ ပြန်မဖြေနိုင်။

ကျင်းတဲမြို့တွင် ကျန်ရှိနေသော မိစ္ဆာနှိမ်နင်းရေးအရာရှိများထဲမှ တစ်ဦးဖြစ်သည့် လက်ရွေးစင် အဆင့် နှိမ်နင်းရေးသမား ဟွမ်ကူပေက ချက်ချင်းပင် ဝင်ရှင်းပြလိုက်သည်။ “အခင်းဖြစ်တဲ့နေ့ ဒီကောင်လေးက သူ့ရည်းစားနဲ့တွေ့ဖို့ မြို့ထဲက ထွက်သွားတာ။ အဲဒါကြောင့် သူ ဒီကိစ္စထဲ ပါမသွားတာ။”

ချန်ဟွိုက်အန် ရယ်မောလိုက်သည်။ “ဒါဆိုရင်တော့ မင်းရဲ့ရည်းစားကို သေသေချာချာ ကျေးဇူးတင်လိုက်ဦး။”

သူက တကယ်တမ်း ဒေါသထွက်နေသည်တော့ မဟုတ်။ ၎င်းက ဌာနဆိုင်ရာများ၏ ထုံးစံအတိုင်း အချိန်ဆွဲနေသော စကားများ ဖြစ်ကြောင်းကို သူ သိသည်။

“ဒါပေမဲ့ မင်း ဘယ်လိုပဲပြောပြော အမှန်တရားကတော့ တစ်ခုပဲ။ မင်းတို့တွေ မြှုပ်နှံထားတဲ့ အရိုးကြွေထည်တွေကို တူးဖော်ခဲ့ကြတာပဲ။”

“မင်းတို့ ဘယ်လောက်ပြင်ဆင်ခဲ့လဲ ဘယ်လိုကိရိယာတွေ သုံးခဲ့လဲဆိုတာ အရေးမကြီးဘူး။ နောက်ဆုံးတော့ မင်းတို့ တူးခဲ့တာလား၊ မတူးခဲ့ဘူးလား။”

ရှေးဟောင်းသုတေသနကျောင်းသားလေး၏ နှုတ်ခမ်းများမှာ မကျေနပ်သဖြင့် တုန်ယင်နေ၏။ “အဲ... အဲဒါကို တူးတာလို့ပဲ ဒီအတိုင်း ခေါ်လို့မရဘူးလေ...”

“တော်စမ်းပါ။ ဆက်ညည်းနေဦးမယ်ဆိုရင် ငါကိုယ်တိုင် မင်းကို မြေမြှုပ်ပစ်မယ်။”

ချန်ဟွိုက်အန်၏ မျက်နှာမှာ တည်တင်းသွားပြီး အစည်းအဝေးခန်းအတွင်းရှိ အခြေအနေမှာ လေးလံထိုင်းမှိုင်းသွားသည်။

ထိုလူငယ်လေးမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

သူက သာမန်လူသားတစ်ယောက်ပဲလေ။ ဒီလို စွမ်းအားရှင်တွေ ပြည့်နေတဲ့ အခန်းထဲမှာ အငြင်းပွားနေလို့ ဘာထူးမှာလဲ။

သူ ဘယ်လိုပဲ ရှင်းပြရှင်းပြ သူတို့ နားလည်မှာ မဟုတ်ဘူး။

ကောင်းပြီလေ။ တူးတာပဲ ဆိုပါတော့။ ဘာဖြစ်ဖြစ်ပါ။

ဟွမ်ကူပေ သက်ပြင်းချလိုက်သည်။ “အခြေအနေက ဒါပါပဲ။ တကယ်လို့ ကျွန်တော်တို့ မြန်မြန် အရေးမယူရင် မြို့ခံတွေ ပိုပြီး ပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်။”

“ဗိုလ်ချုပ်အဆင့် မိစ္ဆာနှိမ်နင်းရေးသမား နှစ်ယောက်တောင် ဘာအစအနမှ မကျန်ဘဲ ပျောက်သွားပြီ... ကျွန်တော်တို့မှာ စစ်ကူတောင်းရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူး။”

“ဒါဆို စစ်ကူ ဘယ်နှယောက် ရောက်လာလဲ။” ချန်ဟွိုက်အန်က မေးလိုက်သည်။

“ဗိုလ်ချုပ်အဆင့်ဆိုရင်တော့... မိန်းကလေးလင်း တစ်ယောက်ပဲ ရှိပါတယ်။”

ဟွမ်ကူပေက ချန်ဟွိုက်အန်ကို သတိထားကြည့်ရင်း တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“ခင်ဗျားက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးအသစ်လို့ ကျွန်တော် ကြားပါတယ်... ဒါပေမဲ့ ခင်ဗျား တကယ်ပဲ ဗိုလ်ချုပ်အဆင့်ကို ရောက်ပြီလား။”

သူ့စကားကြောင့် ရှန့်ရှောင်ယွမ်က ပြတင်းပေါက်အပြင်ဘက်က သစ်ရွက်တွေကို ထွက်ရေနေသလိုမျိုး ဟန်ဆောင်လိုက်သည်။

ကျောက်ရင်းက ရုတ်တရက် ဖိနပ်က အလွန်ပင် စိတ်ဝင်စားဖို့ကောင်းနေသလိုမျိုး စိုက်ကြည့် နေတော့သည်။

အကြောင်းမှာ တရားဝင်စံနှုန်းအရ ချန်ဟွိုက်အန်မှာ လက်ရွေးစင်အဆင့် ၊ အဆင့်(A)သာ သတ်မှတ်ခံထားရသေး၍ပင်။

သူ့ကို ရာထူးတိုးပေးရန်နှင့် အုပ်ချုပ်ရေးမှူးခန့်အပ်ရန် တောင်းဆိုချက်များကို သူတို့ တင်ပြထားသော်လည်း ဌာနချုပ်က အတည်မပြုသေးပေ။

ချန်ဟွိုက်အန်ကတော့ မျက်တောင်တစ်ချက်ပင် မခတ်ပေ။

“ကျုပ်က တကယ် ဗိုလ်ချုပ်အဆင့်ပဲ။”

သူက လင်းချန်ကို လက်ညှိုးထိုးပြလိုက်သည်။

“မိန်းကလေးလင်းက ငါ့အတွက် အာမခံပေးနိုင်တယ်။”

လင်းချန် တစ်စက္ကန့်လောက် ကြောင်သွား၏။

“...ဘာကို ငါက အာမခံပေးရမှာလဲ။ နင်က တကယ်ပဲ ဗိုလ်...”

ရွှီး...

လေထုထဲ လျှပ်စီးတန်းများ ထွက်ပေါ်လာသံကြောင့် သူ၏ စကား ပြတ်တောက်သွားသည်။

ရုတ်တရက်ဆိုသလို လူတိုင်း၏ ဆံပင်များမှာ လျှပ်စစ်ငြိမ်ကြောင့် ထောင်ထသွားကြသည်။

လင်းချန်က ရှေ့တွင်ရှိနေသော အမျိုးသားကို စိုက်ကြည့်လိုက်၏။

သူက ကြင်ကြင်နာနာ ပြုံးပြနေသော်လည်း လက်ဖဝါးထဲတွင်မူ ရုန်းကန်နေသော မိုးကြိုးနဂါးတစ်ကောင်ကို ကိုင်ထားသည်။ ၎င်း၏ လျှပ်စစ်စွမ်းအင်များမှာ အမြင့် တစ်ပေခွဲခန့်အထိ ခုန်ထွက်နေသည်။

“မိန်းကလေးလင်း... စောစောက ငါ့ရဲ့ လက်ဝါးကို စမ်းသပ်ဖို့ အခွင့်အရေး မရလိုက်ဘူးနော်။ အခု... စမ်းကြည့်မလား။”

“နင်... နင်...”

လင်းချန်၏ လက်သီးမှာ တင်းတင်းဆုပ်ထားပြီး အံကြိတ်သံကိုပင် အတိုင်းသား ကြားနေရ၏။

သို့သော် ချန်ဟွိုက်အန်ထံမှ ထွက်ပေါ်နေသော ဖိအားကို ခံစားမိရာတွင် သူ နောက်ဆုတ် သွားတော့သည်။

နောက်ဆုတ်ရုံတင်မက စိတ်ထဲတွင် အလွန်ပင် မသက်မသာ ဖြစ်သွားရ၏။

C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာတုန်းက ချန်ဟွိုက်အန် သူ့ကို တိုက်ခိုက်ရန် ကမ်းလှမ်းခဲ့စဉ်က ထိုမျှလောက် အရှိန်အဝါ မရှိခဲ့ပေ။ ဆိုလိုသည်မှာ ထိုအချိန်တုန်းက သူ၏စွမ်းအား ၅၀%ကိုသာ သုံးရန် ရည်ရွယ်ခဲ့ခြင်းပင်။ ယခု သူသာ အားကုန်သုံးလိုက်လျှင် လက်ဝါးတစ်ချက်တည်းနဲ့ မိမိကို အမှုန့်ဖြစ်အောင် လုပ်ပစ်နိုင်မည် မဟုတ်ပေလား...

လင်းချန် အတင်းအကျပ် ပြုံးလိုက်ရင်း ဟွမ်ကူပေဘက် လှည့်လိုက်သည်။

“အာ... ဟုတ်... ဟုတ်ပါတယ်... အုပ်ချုပ်ရေးမှူးချန်က တကယ် ဗိုလ်ချုပ်အဆင့်ပါ။ တကယ့်ကို အစွမ်းထက်တဲ့ ဗိုလ်ချုပ်ပေါ့... ဌာနချုပ်က... သူ့ရဲ့ စာရွက်စာတမ်းတွေကို မလုပ်ရသေးလို့ပါ...”

မနိုင်ဘူးဆိုမှတော့ သူ့ရဲ့ နာမည်ဂုဏ်သတင်းကို မြှင့်ပေးထားလိုက်တာက ပိုကောင်းမယ်။ သူ အမြင့် ရောက်လေလေ ပြုတ်ကျတာ ပိုနာလေလေ ဖြစ်မှာပေါ့။

လင်းချန်က ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သော်လည်း မျက်ဝန်းထဲတွင်မူ မကောင်းကြံလိုစိတ်များ လက်ခနဲ ပေါ်နေ၏။

“ငါ ပြောတာ မှန်တယ်မလား။ အုပ်ချုပ်ရေးမှူးချုပ် ချန်။”

ချန်ဟွိုက်အန် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေါ့။”

ထို့နောက် သူက လုံးဝ တည်ကြည်သော မျက်နှာထားဖြင့် ထပ်ပြောလိုက်သည်-

“မင်းရဲ့ ဦးလေးနဲ့ ဝမ်းကွဲကတော့ အသုံးမကျတဲ့ အမှိုက်တွေပဲ။”

လင်းချန် - “....”

ရှန့်ရှောင်ယွမ် / ကျောက်ရင်း - “…”

တင်းမာမှုများကို သတိမထားမိသော ဟွမ်ကူပေမှာမူ အလွန်ပင် စိတ်သက်သာရာရသွား၏။

ဒီလောက်အထိ ယုံကြည်ချက်ရှိတဲ့ ဗိုလ်ချုပ်တစ်ယောက်ရှိနေမှတော့ ကျင်းတဲမြို့ဖြစ်စဉ်က ဖြေရှင်းပြီးသားလို့တောင် မှတ်ယူလို့ရပြီ။

C ပြည်နယ်က ဗိုလ်ချုပ်တစ်ယောက်ပဲ ရောက်လာပေမဲ့ ဒီလောက် အစွမ်းထက်တဲ့ ဗိုလ်ချုပ် တစ်ယောက်က သာမန်ဗိုလ်ချုပ် ငါးယောက်စာလောက် တန်ဖိုးရှိတယ်။

“ကဲ... အခု ဆုကြေးအကြောင်း ပြောရအောင်။”

ချန်ဟွိုက်အန် ကိုယ်ကိုမတ်လိုက်ပြီး လည်ချောင်းတစ်ချက် ဟန့်လိုက်သည်။

“ဗိုလ်ချုပ်အဆင့် နှိမ်နင်းရေးသမား နှစ်ယောက်တောင် သေသွားပြီဆိုတော့ ဒီဖြစ်စဉ်ဟာ အနည်းဆုံး ဗိုလ်ချုပ်အဆင့် အန္တရာယ်ရှိတယ်လို့ ဆိုလိုတာပဲ။”

“စစ်ကူအဖွဲ့အနေနဲ့ ကျုပ်က ဆုကြေးငွေနဲ့ ပစ္စည်းအရင်းအမြစ်တွေ အပါအဝင် ရရှိမယ့် အကျိုးအမြတ်အားလုံးကို ပိုင်ဆိုင်ခွင့်ရှိရမယ်။”

“ဒါပေါ့...” ဟွမ်ကူပေက ချက်ချင်းပင် သဘောတူလိုက်သည်။

“ဗိုလ်ချုပ်အဆင့် မစ်ရှင်တွေက ဌာနချုပ်ကနေ ထိပ်တန်းအရင်းအမြစ်တွေနဲ့ လဲလှယ်ဖို့ လုံလောက်တဲ့ အကျိုးပြုအမှတ်တွေ ရစေမှာပါ။ ခင်ဗျားအနေနဲ့ ခွန်းလွန် အင်မော်တယ် နန်းတော် လှေကားထစ်ကို စိန်ခေါ်ခွင့်ရမယ့် ဝင်ခွင့်လက်မှတ်တောင် ရနိုင်သေးတယ်...”

ခွန်းလွန် အင်မော်တယ်နန်းတော် လှေကားထစ် ဟုတ်လား...

အဲဒါက ဘာကြီးလဲ။

ချန်ဟွိုက်အန်က မျက်လုံးတစ်ချက်ဝေ့လိုက်ပြီး စားပွဲကို နှစ်ချက်ခေါက်လိုက်သည်။

“ကျုပ်က ပိုက်ဆံပဲ လိုချင်တာ။”

“ပိုက်ဆံလား...”

“ဟုတ်တယ်။”

ဟွမ်ကူပေ ဆွံ့အသွား၏။

ဌာနချုပ်ရှိ ထိပ်တန်းကျင့်ကြံရေး အရင်းအမြစ်များမှာ ကမ္ဘာတစ်ဝန်းရှိ နှိမ်နင်းရေးသမားများ အလိုချင်ဆုံးအရာများပင်။ နိုင်ငံခြားမှ နိုးထသူများပင် ၎င်းတို့ကို ရရှိရန် နည်းလမ်းမျိုးစုံ သုံးနေကြခြင်း ဖြစ်သည်။

ဒါပေမဲ့ ဒီလူကတော့ ငွေသားပဲ လိုချင်နေတာ။

ချန်ဟွိုက်အန်၏ လောဘရိပ်သန်းနေသော ခိုင်မာသည့်မျက်ဝန်းများကို ကြည့်ရင်း ဟွမ်ကူပေသည် ခေတ္တမျှ တုံ့ဆိုင်းသွား၏။

ထို့နောက် ခေါင်းညိတ်လိုက်သည်။

“ဒီထူးဆန်းတဲ့ ဖြစ်စဉ်ကို ဖြေရှင်းနိုင်သရွေ့ ကျွန်တော်တို့ တတ်နိုင်သမျှ ပမာဏကို ပေးပါ့မယ်။”

ညနေ ၅နာရီ၊ နေဝင်ရီတရောအချိန်တွင် နေမင်းကြီးမှာ တိမ်တိုက်များနောက်ကွယ်၌ ပုန်းကွယ်ရန် ကြိုးစားနေ၏...

ချန်ဟွိုက်အန်တို့ အဖွဲ့က အရိုးကြွေထည် အပျက်အစီးများရှိရာသို့ ရောက်ရှိလာခဲ့သည်။

“ဗိုလ်ကြီးကျောက်။ ပုံမှန်ဆိုရင် မိစ္ဆာနှိမ်နင်းသူဗျူရိုက ဒီလိုထူးဆန်းတဲ့ ဖြစ်စဉ်တွေကို ဘယ်လို ကိုင်တွယ်ကြလဲ။”

ချန်ဟွိုက်အန်က တောင်ကုန်းပေါ်တွင် တူးဖော်ထားသော စွန့်ပစ်ထားသည့် ဂူများကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ကျောက်ရင်းက လက်ချောင်းလေးတွေ ချိုးပြီး ရေတွက်ပြသည်။

“ပထမဆုံးအနေနဲ့ သေဆုံးသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းတယ်။ သူတို့ သေဆုံးရတဲ့ အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာတယ်။ ဖြစ်စဉ်ရဲ့ အစအနတွေကို ထုတ်ယူရတယ်။ ပြီးရင် ဒီဖြစ်စဉ်ရဲ့ သဘောသဘာဝကို လေ့လာရတယ်။ အန္တရာယ်အဆင့်ကို သတ်မှတ်ရတယ်။ နောက် သင့်တော်တဲ့ အဆင့်ရှိတဲ့ နှိမ်နင်းရေးသမားတွေကို တာဝန်ပေးပြီး အကောင်းဆုံး နှိမ်နင်းရေး နည်းဗျူဟာကို ဆွေးနွေးပြီးမှ တိုက်ခိုက်ရတာ...”

“ရှုပ်လွန်းတယ်။”

ချန်ဟွိုက်အန် လက်ကာပြလိုက်သည်။

“ကျွန်တော်တို့တွေ အစီအစဉ်ဆွဲလို့ မပြီးခင်မှာတင် ဝိညာဉ်ဆိုးက ပေါင်ပေါ် လာထိုင်နေလောက်ပြီ။”

“ဒါပေမဲ့ ဒီလုပ်ငန်းစဉ်က နှိမ်နင်းရေးသမားတွေရဲ့ အသက်ရှင်နှုန်းကို မြှင့်တင်ဖို့ ရှိနေတာလေ...” ကျောက်ရင်းက မျက်မှောင်ကြုတ်လိုက်၏။

“ဒီဖြစ်စဉ်က ဒီဂူပျက်တွေကို ဗဟိုပြုနေတာ။ ဝိညာဉ်က အထဲမှာ ရှိရှိ၊ မရှိရှိ၊ ဒီနေရာက သူ့ရဲ့ အစပဲ။ နောက်ဆုံးတော့ ဒီကို ပြန်လာမှာ။”

လင်းချန်က မျက်လုံးတစ်ချက် ဝေ့လိုက်သည်။

“ဒါပေါ့... ဒါပေမဲ့ ဂူက အန္တရာယ်များတယ်လေ။ နင်က...”

“ဒါကြောင့် ငါတို့တွေ အထဲကို တိုက်ရိုက် ဝင်တိုက်မယ်။”

ချန်ဟွိုက်အန်က လင်းချန်၏ စကားကို လက်ကာပြရင်း ဖြတ်ပြောလိုက်သည်။

“တိုက်ရိုက်ဝင်တိုက်မယ် ဟုတ်လား... စုံစမ်းစစ်ဆေးတာလည်း မရှိဘူး။ ပြင်ဆင်တာလည်း မရှိဘူးလား။...”

လင်းချန်၏ မျက်လုံးများ ပြူးကျယ်သွား၏။

“နင် ရူးနေတာလား။... သေချင်နေတာလား။...”

ချန်ဟွိုက်အန်က ဘာမှ ပြန်မပြောပေ။

သူက ရှေ့သို့ ဒီအတိုင်း လျှောက်သွားတော့သည်။

နေဝင်ရီတရော အလင်းရောင်က ဖုန်ထူသော အပျက်အစီးများပေါ်တွင် ထက်မြက်သော အရိပ်များကို ထင်ဟပ်စေ၏။

တောင်ကြားများအတွင်းရှိ ဂူများမှာ ပုပ်ဆွေးနေသော သွေးများစိုရွှဲနေသည့် နံရိုးများနှင့် တူနေသည်။

မုခ်ဝများထဲမှ လေတိုးသံများမှာ သတ္တုနှင့် ရွှံ့စေးများ ပွတ်တိုက်သံကဲ့သို့ ထွက်ပေါ်နေသည်။

သူ ခံစားမိလိုက်သည်။

တစ်ခုခုက စောင့်ကြည့်နေသည့် ခံစားချက်ပင်။

“ဝိညာဉ်ဆိုး...”

“ငါ ရောက်လာပြီ။”

သူ၏ခြေသံများမှာ အမှောင်ထုထဲတွင် ပျောက်ကွယ်သွားပြီး သူ၏ တိုးညင်းသော ရယ်သံမှာ လေထဲတွင် လွင့်ပါးသွားတော့သည်။

...

All Chapters