ချက်ချင်းသန့်စင်စမ်း
Vol. 19 Ch. 184
ငါးမိနစ်ခန့် ကြာပြီးနောက်…
လီချင်းရန်က ဝတ်စုံကို ပြန်လည်ဝတ်ဆင်ပြီးသွားသော်လည်း သူ၏မျက်နှာ အရှိန်မသေသေးဘဲ နီမြန်းနေဆဲပင်။
သူ၏ ကျောပြင်ကိုသာ ဖော်ပြခဲ့ရသည်ဆိုသော်လည်း လုံးဝနီးပါး ဗလာကျင်းနေခဲ့သည် မဟုတ်ပါလား။
သူ၏ အသားအရေပေါ်တွင် ဝေ့ဝဲနေခဲ့သော ဆရာ၏ အကြည့်ကို ပြန်တွေးမိရုံဖြင့် သူ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး စိတ်တွေ ဗလာဖြစ်သွားရ၏။
“ဆရာ...”
လီချင်းရန် ခေါင်းကိုငုံ့ကာ အင်္ကျီလက်ဖျားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူ၏ အသံမှာ တိုးညှင်းကာ တုံ့ဆိုင်းနေသည်၏။
သို့သော်...
ထိုအကြည့်မှာ ရှိမနေတော့ပေ။
“ဆရာ...”
“ဆရာ...”
သူ ထွက်သွားပြီလား။...
ငါ့ရဲ့ ကျောပြင်နဲ့... အဲ... တင်ပါး...မဟုတ်ပါဘူး၊ ကျင့်စဉ်ကို သေသေချာချာ စစ်ဆေးပြီးသွားရင် အနည်းဆုံး တစ်ခုခုတော့ ပြောသင့်တယ်လေ...
သူက စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ထိုင်ချလိုက်ကာ ပူထူနေသော ပါးပြင်နှစ်ဖက်ကို လက်ဝါးဖြင့် အုပ်ထားလိုက်သည်။
ပြတင်းပေါက်အပြင်မှ ကွယ်ပျောက်လုနီးပါး ဖြစ်နေသော နေဝင်ရီတရော အလင်းရောင်ကို ငေးကြည့်ရင်း သူ စိတ်ကူးယဉ်ဆန်စွာ ရေရွတ်လိုက်သည်။
“ဆရာ ငါ့ကို အရမ်းဥာဏ်ဖျင်းတယ်လို့ ထင်နေမှာပဲ…”
“ဆရာရဲ့ စမ်းသပ်မှုတွေမှာ အမြဲတမ်း လျှို့ဝှက်ချက်တွေ ပါတတ်တယ်။ နောက်တစ်ခါကျရင် အဖြေမပေးခင် သေသေချာချာ စဉ်းစားရမယ်။”
“တကယ်လို့ ငါက အရမ်းဥာဏ်တုံးနေရင်... ဆရာ ငါ့ကို မုန်းသွားမလား။”
“ဘာပဲဖြစ်ဖြစ် ဆရာက ထက်မြက်ပြီး အတုမရှိတဲ့ ပါရမီရှင်ကြီးလေ…”
“ဟဲဟဲဟဲ...”
ထို အတုမရှိ ပါရမီရှင် ချန်ဟွိုက်အန်က နှာခေါင်းသွေးကို သုတ်လိုက်ပြီး ခါးပတ်ကို တင်းတင်းချည်လိုက်သည်။
“ဟင်း... လောကီအလှတရားတွေလောက်နဲ့တော့ ဒီအရှင်သခင်ရဲ့စိတ်ဓာတ်ကို မယိုင်လဲစေနိုင်ဘူး...”
သူက ကိုယ်ကိုအနည်းငယ်ကိုင်းကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ချီတက်သွားတော့သည်။
ချုံရွှီဝိညာဉ်အမြင်ကို တတ်မြောက်ရန်အတွက် သူက လီချင်းရန်ကို အနည်းဆုံး ၁၀ ကြိမ်ခန့် လက်တွေ့ ပြသခိုင်းခဲ့သည်။
၎င်းမှာ လီချင်းရန်၏ အပြစ်အနာအဆာမရှိသော နားလည်နိုင်စွမ်း သို့မဟုတ် ထူးခြားသော သဘာဝပါရမီများကြောင့် စိတ်ပျံ့လွင့်သွား၍ မဟုတ်ပေ။
လုံးဝကို မဟုတ်ပေ။
သူက ဝီရိယရှိပြီး စေ့စပ်သေချာသော ပညာရှင်တစ်ယောက် ဖြစ်၍သာပင်။
“ဘာမှ မဟုတ်တော့ဘူး။”
“ဝိညာဉ်တွေနဲ့ တစ္ဆေတွေ... မင်းတို့တွေ ပုန်းလို့မရတော့ဘူး...”
ချန်ဟွိုက်အန်က လီချင်းရန် ပြသခဲ့သော သတ်မှတ်ထားသည့် သွေးကြောလမ်းကြောင်းအတိုင်း စိတ်ဝိညာဉ်ချီစွမ်းအင်ကို မျက်လုံးများဆီသို့ ပို့လွှတ်လိုက်သည်။
ခဏချင်းမှာပင်...
ကမ္ဘာကြီးက ပြောင်းလဲသွား၏။
“ဪ...”
သူ့ရှေ့တွင် အတွင်းဘက်သို့ တည့်တည့်ဆန့်တန်းနေသော စင်္ကြံလမ်းကို မြင်လိုက်ရပြီး လမ်းဘေးဝဲယာတွင် အခန်းတွဲများ ရှိနေသည်။
အခုမှပဲ အဓိပ္ပာယ်ရှိသွားတော့တယ်။
ရှန့်ရှောင်ယွမ်ရဲ့ မြေပုံက မှားနေတာ မဟုတ်ဘူး...
ငါကိုယ်တိုင်က မှားနေတာ။
“ဟူး... တော်သေးတယ် ရှန့်ကို သွားမမေးမိလို့... မဟုတ်ရင် ငါ ငတုံးကြီးလို ဖြစ်နေတော့မှာ။”
အမြင်အာရုံ ကြည်လင်သွားပြီဖြစ်ရာ သူ၏ပစ်မှတ်က သိသာထင်ရှားနေ၏။
စင်္ကြံလမ်း၏ အစွန်ဆုံးတွင်တော့ ထူထပ်ပြီး လှည့်ပတ်နေသော ဝိညာဉ်အညစ်အကြေးများက လိပ်တက်နေသော မီးခိုးငွေ့များလို မှောင်ရိပ်ထဲမှ စိမ့်ထွက်နေလေသည်။
ချန်ဟွိုက်အန် ပြုံးလိုက်၏။
“ဝိညာဉ်ဆိုးရေ... ငါ လာနေပြီ။”
သူက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း ရှေ့သို့ လှမ်းတက်လိုက်သည်။
လမ်းဘေးတစ်ဖက်တစ်ချက်ရှိ အခန်းများတွင် ကြွေထည်ကွဲစပုံကြီးများ ပြည့်နှက်နေ၏။
ထိုအစိပ်အပိုင်းများမှာ မိန်းကလေးငယ်တစ်ဦး၏ အသားအရေကဲ့သို့ ချောမွတ်နေပြီး ၎င်းတို့၏ နီမြန်းသော ကြွေသားအရောင်မှာ လတ်လတ်ဆတ်ဆတ် သွေးများကဲ့သို့ တောက်ပနေသည်။
လေထုက ပို၍ လေးလံလာပြီး ရွှံ့စေးနှင့် မှိုနံ့များမှာ ပုပ်စော်နံသော သွေးဟောင်းနံ့များအဖြစ် ပြောင်းလဲသွားလေသည်။
သူ ပို၍ နက်နက်ထဲ ဝင်သွားသောအခါ...
ပြန့်ကျဲနေသော အစိပ်အပိုင်းများက ပုံငယ်လေးများ ဖြစ်လာသည်။
ထို့နောက် တဖြည်းဖြည်းနှင့် လူပုံစံများ ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လူသားပုံစံများမှာ မျက်လုံးဟောင်းလောင်းများဖြင့် သူ့ကို စိုက်ကြည့်နေကြပြီး သူတို့၏ ဝမ်းနည်းပူဆွေးဖွယ် ငိုညည်းသံများမှာ မြူခိုးများကဲ့သို့ လေထုထဲတွင် ထူထပ်လာသည်၏။
နံရံတစ်လျှောက်ရှိ ဖယောင်းတိုင်ဖြူများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ၎င်းတို့၏ မီးတောက်များမှာ ကောက်ကွေးရှည်လျားနေသည်။
ကြွေရုပ်များ ဖန်တီးလိုက်သော အရိပ်များမှာ နွယ်ပင်များကဲ့သို့ နံရံပေါ်တွင် လူးလွန့်နေကြသည်။
အမျိုးသမီးများ၏ သေလုမျောပါး အော်ဟစ်သံများ ပဲ့တင်ထပ်နေ၏။
ကျောက်တုံးပေါ်တွင် ဓားသွေးနေသည့် စူးရှသော အသံများ ထွက်ပေါ်လာခဲ့သည်။
အသားများကို ခုတ်ထစ်နေသည့် အသံကြီးများ ရိုက်ခတ်လာ၏။
အနောက်တွင်တော့ သူတို့ စိုက်ကြည့်နေသည်ကို သူ ခံစားမိသည်။
အက်ကွဲနေသော ကြွေမျက်နှာပေါင်း ရာနှင့်ချီကာ နာကျင်မှုများဖြင့် အေးခဲနေသည့် အမူအရာများဖြင့် သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြ၏။
စင်္ကြံလမ်း၏ အဆုံးတွင် ခေါင်းတလား မရှိပေ။ ကျောက်စင်တစ်ခုသာ ရှိနေ၏။ ထိုအပေါ်တွင် ကြွေအိုးတစ်လုံး ရှိနေသည်။
၎င်း၏ ကြွေသားမှာ နက်မှောင်သော သွေးနီရောင်ဖြစ်ပြီး မျက်နှာပြင်အတွင်းမှာတော့ နူးညံ့သိမ်မွေ့သော လူသားပုံစံလေးတစ်ခု ပိတ်မိနေသည်။
ထိုပုံရိပ်မှာ သွယ်လျပြီး ကျော့ရှင်းကာ ဆွဲဆောင်မှုရှိသော်လည်း ခန္ဓာကိုယ်မှာ နာကျင်စွာ ကောက်ကွေးနေပြီး ဒူးထောက်လျက် အဆစ်အမြစ်များမှာ နာကျင်မှုနှင့် မုန်းတီးမှုတို့ကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေ၏။
“...ဒီအိုးကတော့ တကယ့်ကို တန်ဖိုးရှိမှာပဲ။”
ဘာမှမသိသော အပျော်တမ်းလူတစ်ယောက်အနေနှင့်ပင် ချန်ဟွိုက်အန် ပြောနိုင်သည်မှာ ထိုသွေးကြွေထည်က အပြစ်အနာအဆာ “လုံးဝမရှိ” ဆိုသည်ပင်။
ရှေးဟောင်းသုတေသန ပညာရှင်တွေ ဒါကြောင့် ဒီကို ဘာလို့ တအုန်းအုန်း ရောက်လာတာကိုး။
ငါသာ သူတို့နေရာမှာ ဆိုရင်တောင်...
ပြေးလာမိမှာပဲ။
“လူကြီးမင်းက အမြင်စူးရှတာပဲ။”
သူ့အနောက်မှ အမျိုးသမီး အသံပေါင်းများစွာ ထပ်တူကျလျက် တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ဒါက မင်သဲခေတ်က ယဇ်ပူဇော်တဲ့ အနီရောင်ကြွေထည်ပဲ… အဖိုးမဖြတ်နိုင်တဲ့ အရိုးကြွေထည် အနုပညာပစ္စည်းပေါ့။”
“တကယ်လို့ လူကြီးမင်း သဘောကျတယ်ဆိုရင်… ဝယ်လိုက်ပါလား။”
“ဝယ်ရမယ် ဟုတ်လား။”
ချန်ဟွိုက်အန်က အိုးကို ကြင်နာစွာ ပြုံးပြလိုက်သည်။
“ကံတရားက ဒီရတနာကို ငါ့ဆီ ယူဆောင်လာပေးတာပဲ…”
“အဲဒါကြောင့်…”
“ငါ ဒီအတိုင်းပဲ ယူသွားလိုက်မယ်...”
သူက လက်ကို ဆန့်ထုတ်လိုက်ရာ လက်ချောင်းများကြားတွင် လျှပ်စီးတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာ၏။
ရုန်းကန်နေသော မိုးကြိုးနဂါး ခုနစ်ကောင်မှာ ရှေ့သို့ ပြေးထွက်သွားပြီး အိုးကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင် မထိရသေးမီမှာတင် ကြွေအိုးအတွင်းမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်၏။ ထို့နောက်တွင် သူ၏ အနောက်မှ အရိုးကြွေထည် တစ္ဆေပေါင်း ရာချီက တပြိုင်နက်တည်း ငိုကြွေးတော့သည်။
ချန်ဟွိုက်အန်က လက်တစ်ဖက်ကို ဝုန်းခနဲ ရိုက်ချလိုက်ပြီး အနီးဆုံးရှိ ကြွေထည်မိန်းကလေး၏ ခေါင်းကို ဖမ်းဆုပ်လိုက်၏။
အခြားလက်တစ်ဖက်ဖြင့် ကြေးခွံနက်ဓားကို ဆွဲထုတ်လိုက်ကာ အော်ဟစ်နေသော ဝိညာဉ်အုပ်ကြီးဘက်သို့ လှည့်လိုက်သည်။
သူ၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာ၏။
“ဟဲဟဲဟဲ... အကောင်းဆုံးရတနာတွေက အထိုက်တန်ဆုံးသူနဲ့ပဲ ဆိုင်တာပေါ့…”
“ငါ့အတွက်တော့... မင်းတို့ ဝိညာဉ်တွေက တကယ့်ရတနာတွေပဲ...”
တစ္ဆေများက သူ၏ စကားကို နားမလည်ကြ။
မုန်းတီးမှုများကြောင့် မျက်စိကန်းနေကြသော သူတို့က ရှေ့သို့ တိုးဝင်လာကြသည်။
ဝိညာဉ်တွေ အများကြီးပဲ…
ချေဖျက်ဖို့ အများကြီးပဲ…
သူ့စိတ်ထဲ သွေးနီရောင် စာသားများ ပွင့်ထွက်လာ၏။
လူးလွန့်နေသော ရှေးဟောင်းသင်္ကေတပေါင်း တစ်ထောင်က သူ၏ မျက်လုံး သူငယ်အိမ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။ နားထင်မှ သွေးကြောများမှာ ဖောင်းတက်လာပြီး နက်မှောင်သော ချိပ်ပိတ်များမှာ မေးရိုးမှ ပါးရိုးများအထိ ပျံ့နှံ့သွားလေသည်။
သူ၏ လက်ချောင်းများက ကြွေထည်မိန်းကလေး၏ ဦးခေါင်းခွံထဲသို့ နစ်ဝင်သွား၏။
ဂွက်...
ကြွေဦးခေါင်းမှာ ကွဲအက်သွားပြီး ကွဲထွက်သွားသော အစိပ်အပိုင်းများက ချက်ချင်းပင် အရည်ပျော်သွားကာ သူ့အရေပြားထဲသို့ စိမ့်ဝင်သွားသည့် ပျစ်ချွဲနက်မှောင်သော အရည်များအဖြစ် ပြောင်းလဲသွား၏။
ဘုန်း...
ကြမ်းတမ်းသော စွမ်းအားလှိုင်းတစ်ခုက သူ၏ ကျောရိုးမှ ပေါက်ကွဲထွက်လာပြီး ကျောရိုးဆစ်များ တစ်လျှောက် တက်လာကာ အာရုံကြောတိုင်းကို ပြင်းထန်သော အပူရှိန်ဖြင့် လောင်ကျွမ်းသွားစေသည်။
၎င်းမှာ သာယာအေးမြသော စိတ်ဝိညာဉ်ချီစွမ်းအင် စီးဆင်းမှုနှင့် မတူပေ။
၎င်းက ချော်ရည်မြစ်တစ်ခုလုံးကို မျိုချလိုက်ရသကဲ့သို့ ခံစားရ၏။
သူ့ခန္ဓာကိုယ်၏ ချွေးပေါက်တိုင်းမှ ပြင်းထန်ပြီး လောင်ကျွမ်းစေသော စွမ်းအင်များကို ထုတ်လွှတ်နေလေသည်။
ဟုတ်ပြီ။
ဒါပဲ။
အားဆေး အလုံးတစ်ရာ ၁၀၀ကို တပြိုင်နက်တည်း သောက်လိုက်ရသလိုမျိုးပင်။
“ကောင်းကင်မိစ္ဆာကျင့်စဉ်။ ဒါက ကောင်းကင်မိစ္ဆာကျင့်စဉ်ရဲ့ အစွမ်းပေါ့... ဟုတ်လား။”
“လခွမ်းတဲ့မှ... ဒီခံစားချက်က တကယ်ကို မိုက်တာပဲ...”
“ဟဲဟဲဟဲဟဲ...”
အက်ကွဲနေသော ကျောက်နံရံများပေါ်တွင် သူ၏အရိပ် ကြီးထွားလာပြီး ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာပုံစံအဖြစ် လူးလွန့်နေတော့သည်။
ကြွေထည်ကွဲစများက သွေးရောင်မင်များကဲ့သို့ စင်္ကြံတစ်ခုလုံးကို နီရဲသွားစေသည်။ တစ္ဆေများ၏ ဒေါသတကြီး အော်ဟစ်သံများက ထိတ်လန့်တုန်လှုပ်မှုများအဖြစ် ပြောင်းလဲသွားတော့သည်။
လင်းချန်က မြေပြင်ပေါ် ပုံလျက်သား လဲကျနေပြီး အားအင်ကုန်ခမ်းနေ၏။
သူ၏ ခန္ဓာကိုယ်ထဲသို့ သွယ်လျသော ကြွေထည်ကွဲစပေါင်းများစွာ စိုက်ဝင်နေပြီး တစ်ခုချင်းစီမှာ အသားထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေခဲ့သည်။
သူ ခက်ခက်ခဲခဲ အသက်ရှူလိုက်တိုင်း ထိုအစိပ်အပိုင်းများမှာ တုန်ခါနေ၏။
သူ၏ သားရေဝတ်စုံမှာလည်း အပိုင်းပိုင်းပြတ်လျက် သွေးထွက်နေသော ခန္ဓာကိုယ်ကို မဖုံးနိုင်လောက်အောင် ဖြစ်နေလေပြီ။
“အဟွတ်… အဟွတ်…”
သူ မလှုပ်ရှားနိုင်တော့။
ကြွေထည်မိန်းကလေးက သွေးစွန်းနေသော ကြွေစတစ်စကို ကိုင်လျက် သူ၏အပေါ်မှ မိုးကြည့်ကာ တစ်လှမ်းချင်း တိုးလာသည်။
နီရဲသော ပိုးထည်ဝတ်စုံမှာ အရည်များအဖြစ် ပြောင်းလဲသွားပြီး ပျစ်ချွဲစွာ စီးကျနေ၏။
“တကယ်ကို လှပတဲ့ မိန်းကလေးပဲ…”
“ဒါပေမဲ့ ငါ့လောက်တော့ မလှပါဘူး…”
ကြွေထည်မိန်းကလေး၏ တွန့်လိမ်နေသော နှုတ်ခမ်းများမှာ ကွေးညွတ်သွား၏။
“ကဲ... နင်က ငါ့ရဲ့ နောက်ထပ် အနုပညာလက်ရာ ဖြစ်လာတော့မှာပါ။”
သူက ကြွေစကို မြှောက်လိုက်၏။
လင်းချန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုစဉ် ဟင်းလင်းပြင်ထဲမှ အေးစက်ပြီး လူသား မဟုတ်သော ရယ်သံကြီးတစ်ခု ပဲ့တင်ထပ်လာ၏။
“ဟဲဟဲဟဲဟဲ... အဲဒီမှာကိုး။ မင်းတို့တွေ ငါ့ရဲ့လက်ကနေ လွတ်မယ်များ ထင်နေလား...”
လေထုကြီး တစ်ခုလုံး ကွဲအက်သွားခဲ့သည်။
လောင်ကျွမ်းနေသော အနီရောင် လက်သည်းကြီးတစ်ခုက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ကြေးခွံများ တောက်ပနေပြီး မီးတောက်များမှာ ဟိန်းဟောက်လျက် အပူရှိန်ကြောင့် လေထုကြီးမှာပင် တွန့်လိမ်နေ၏။
ကြွေထည်မိန်းကလေး၏ ဦးခေါင်း ချက်ချင်းပင် အဖမ်းခံလိုက်ရလေသည်။
ရူးသွပ်စွာ ပျော်ရွှင်နေသော အသံကြီးတစ်သံ ဟိန်းထွက်လာခဲ့သည်။
“ချက်ချင်း သန့်စင်စမ်း....”
...