ခင်ဗျားလည်း... ကျုပ်နဲ့ ဆက်သွယ်ချင်တာလား
Vol. 19 Ch. 186
ချန်ဟွိုက်အန်တစ်ယောက် ဘဝကို စတင်ပြီး အရသာခံမည့်ဆဲဆဲမှာပင်...
နောက်ကျောဘက်မှ အေးစိမ့်သော အငွေ့အသက်တစ်ခုနှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော ရှူးရှူးရှဲရှဲ အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
“ငါ့ရဲ့ အခြေခံစွမ်းအားတွေကို ဖျက်ဆီးပြီး ငါ့ရဲ့ အရိုးကြွေထည်မိန်းကလေးကို သတ်ရဲတဲ့ကောင် ဘယ်သူလဲဆိုတာ ကြည့်ချင်သေးတယ်...”
ချန်ဟွိုက်အန် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သည်။
သူ့နောက်ကွယ်မှ ကျောက်နံရံပေါ်တွင် ကြီးမားလှသော အဖြူရောင် ကြွေမျက်နှာကြီးတစ်ခု အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနေ၏။
နုနယ်လှပပြီး မျက်နှာသွယ်သွယ်လေးရှိသော အရိုးကြွေထည်မိန်းကလေးနှင့် ယှဉ်လျှင် ထိုမျက်နှာကြီးမှာ ပို၍ ခန့်ညားထည်ဝါပြီး တည်ကြည်လှ၏။ ကျဉ်းမြောင်းသော မျက်လုံးများ၊ ကျယ်ပြန့်ပြီး စတုရန်းပုံသဏ္ဍာန်ရှိသော ပါးစပ်၊ ထူထဲသော နှုတ်ခမ်းများပေါ်တွင် နီရဲသော ဆေးစက်နှစ်စက်မှာ ဖြူဖျော့ဖျော့ ကြွေသားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး ထူးဆန်းသော အသွင်ကို ဆောင်နေသည်။
အဲဒီပါးစပ်ကြီးက ကျယ်လွန်းတယ်... နည်းနည်းလောက် မသေးနိုင်ဘူးလား။
ချန်ဟွိုက်အန်က စိတ်ထဲမှ နှမြောတသစွာဖြင့် တွေးလိုက်မိသည်။
ထိုစဉ်မှာပင် ကျောက်နံရံပေါ်တွင် အပြည့်အဝ ပုံဖော်ပြီးသွားသော အရိုးကြွေထည်မယ်တော်က သူ့ထံသို့ လက်သည်းကြီးတစ်ဖက် ဆန့်ထုတ်လိုက်သည်။
“ခင်ဗျားလည်း... ကျုပ်နဲ့ ဆက်သွယ်ချင်နေတာလား။”
ချန်ဟွိုက်အန်က ခေါင်းကိုတစ်ချက် စောင်းလိုက်ပြီး ရုတ်တရက်ဆိုသလို ကြေးခွံနက်ဓားကို ဆွဲထုတ်လိုက်သည်။
ရွှမ်း...
သွေးနီရောင် ဓားအရှိန်အဝါတစ်ခု ကန့်လန့်ဖြတ် ပိုင်းဖြတ်သွားရာ အရှည် ၁၀လံခန့်အထိ ရောက်ရှိသွားပြီး ထိုတစ္ဆေလက်ကြီးကို အမှုန့်ခြေပစ်လိုက်၏။
ကွဲအက်သွားသော ကြွေသားများထဲမှ သွေးနက်များ ပန်းထွက်လာပြီး နံရံတစ်ခုလုံးကို စွန်းထင်းသွားစေသည်။
ထိုဓားချက်တစ်ချက်တည်းနှင့်ပင် ကလဲ့စားချေရန် ရောက်လာသော အရိုးကြွေထည် မယ်တော်မှာ လန့်သွားရသည်။
သူက သွေးနက်များ စွန်းထင်းနေသော်လည်း အလွန်တရာ ချောမောနေဆဲဖြစ်သော ချန်ဟွိုက်အန်၏ မျက်နှာကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူက ချန်ဟွိုက်အန်၏ ရုပ်ရည်ကို မှတ်သားထားလိုက်သော်လည်း တစ်ဖက်တွင်လည်း လောလောလတ်လတ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး အားအင်အပြည့်မရသေးသည်ကို သတိပြုမိသွားသည်။ အကယ်၍ ထိုမိစ္ဆာကောင်နှင့် ယခုတိုက်ခိုက်လျှင် သူ့အတွက် ကောင်းကျိုးရှိလိမ့်မည် မဟုတ်ပေ။
သူ၏ စိတ်ထဲတွင် ဆုတ်ခွာလိုသော အတွေးတစ်ခု ပေါ်လာ၏။
“စိတ်ဝင်စားဖို့ကောင်းသားပဲ... ငါ မင်းကို မှတ်ထားမယ်... နောက်တစ်ခါ ဘယ်သူနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...”
သူက ကျောက်နံရံထဲသို့ ပြန်လည်ဝင်ရောက်ကာ ဆုတ်ခွာရန် ပြင်လိုက်သည်။
သို့သော် ၁၀လံအကွာတွင် ငြိမ်သက်စွာ ရပ်နေသော အနက်ရောင်ပုံရိပ်မှာ ရုတ်တရက် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်လာ၏။
ဘုန်း...
မျက်နှာတည့်တည့်ကို ဓားတစ်ချက် အားကုန်ထိုးစိုက်လိုက်သည်။
“ဟဲဟဲဟဲ... အခုမှတော့ မသွားပါနဲ့ဦး။ ဒါက ကျုပ်ရဲ့ တာအိုအတွက် အခြေခံစွမ်းအား ဖြစ်လာဖို့ ခင်ဗျားအတွက် အခွင့်အရေးပဲ...”
အရိုးကြွေထည်မယ်တော်၏ နဖူးပေါ်ရှိ ဒဏ်ရာမှ သွေးနက်များ ပန်းထွက်လာ၏။
ချန်ဟွိုက်အန်က ဓားကို ပြန်ဆွဲထုတ်ပြီး ချက်ချင်းပင် ထပ်မံထိုးစိုက်လိုက်ပြန်သည်။
သူ့လက်မောင်းမှာ ပုံမှန်မဟုတ်သော အနေအထားဖြင့် ဖောင်းကားလာပြီး လက်ကောက်ဝတ်မှာ တင်းအားမြင့် စပရင်တစ်ခုကဲ့သို့ လိမ်ကျစ်သွားသည်။ တစ်စက္ကန့်မပြည့်မီမှာပင် သူက အကြိမ်ပေါင်း ဒါဇင်နှင့်ချီ ထိုးစိုက်ပြီးသွားလေပြီ။
မည်သည့် သိုင်းကွက်၊ မည်သည့် ဓားအသိမှ မပါဝင်ပေ။ သူက ကြေးခွံနက်ဓားကို တူတစ်ချောင်းလို အသုံးပြုနေခြင်းဖြစ်သည်။ သို့သော် ပြင်းထန်လှသော အင်အားကြောင့် အရိုးကြွေထည်မယ်တော်မှာ နာကျင်စွာဖြင့် အော်ဟစ်နေရတော့သည်။
မူလကပင် ပျက်စီးလုနီးပါးဖြစ်နေသော အရိုးကြွေထည်အပျက်အစီးများမှာ ထိုဖျက်ဆီးမှုကို ဆက်လက်မခံနိုင်တော့ပေ။ အမိုးမှ ကျောက်တုံးကြီးများမှာ အတုံးလိုက် အတစ်လိုက် ပြိုကျလာသည်။
အရိုးကြွေထည်မယ်တော်က ဘဝတွင် ထိုမျှလောက် ရူးသွပ်သောသူမျိုး တစ်ခါမှ မကြုံဖူးပေ...
သူ မနိုင်ရင်တောင် ထွက်ပြေးလို့တော့ ရတယ်မလား...
မျက်နှာမှ နာကျင်မှုကို လျစ်လျူရှုကာ သူက ဆက်လက်မတိုက်ခိုက်ဝံ့တော့ဘဲ ကမန်းကတန်း ဆုတ်ခွာပြီး အလျင်အမြန် ထွက်ပြေးလွတ်မြောက်သွားတော့သည်။
ချန်ဟွိုက်အန်က နောက်ထပ် ၁၀မိနစ်ခန့် နံရံကို ဆက်လက်ထွင်းထုနေခဲ့သည်။
သူ့အတွင်းမှ လျှံထွက်နေသော စွမ်းအင်များ အားလုံး ကုန်ခမ်းသွားမှသာ စိတ် ပြန်လည်၍ ကြည်လင်လာပြီး စဉ်းစားနိုင်စွမ်း ပြန်ရလာသည်။
“ငါက ဘယ်သူလဲ။ ဘယ်ရောက်နေတာလဲ။ ဒါတွေအားလုံး ငါလုပ်ခဲ့တာလား။”
သူက အပျက်အစီးပုံကြီးကို ကြည့်ပြီး လုံးဝ အံ့အားသင့်သွားရသည်။
ထိုစဉ် လေတိုးသံတစ်ခုနှင့်အတူ... သူ၏ဘောင်းဘီမှာ မြေပြင်ပေါ်သို့ လျှောကျသွားတော့သည်။
“လခွမ်းတဲ့မှ... ငါ့ခါးပတ် ဘယ်ရောက်သွားတာလဲ။... ဘယ်ကောင် ငါ့ခါးပတ်ကို ခိုးသွားတာလဲ...”
“အုပ်ချုပ်ရေးမှူးချန်... ရှင့်ရဲ့ပြောကြားချက်အရ မြေအောက်အပျက်အစီးတွေထဲမှာ ဗိုလ်ချုပ်အဆင့် အရိုးကြွေထည်မိန်းကလေး အများကြီး ဒါမှမဟုတ် အယောက် တစ်ရာလောက်ကို သတ်ခဲ့တယ်လို့ ဆိုလိုတာလား။”
J ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုတွင်...
ချန်ဟွိုက်အန်၊ ရှန့်ရှောင်ယွမ်နှင့် ကျောက်ရင်းတို့က တစ်ဖက်၊ ဟွမ်ကူပေနှင့် လင်းချန်တို့က တစ်ဖက် ထိုင်နေကြသည်။
“ယုံရခက်မယ်ဆိုတာ ကျွန်တော် သိပါတယ်။” ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို ပိုက်ထားပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက အမှန်တရားပဲ။”
“အဲ... ခင်ဗျားရဲ့ စွမ်းအားကိုတော့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်။” ဟွမ်ကူပေက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် သတိထားကာ မေးလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားမှာ သက်သေ တစ်ခုခုများ ရှိလား။ သိတဲ့အတိုင်း မိစ္ဆာတွေကို နှိမ်နင်းတဲ့အခါ ပုံမှန်အားဖြင့် သူတို့ ခန္ဓာကိုယ်ထဲက ပစ္စည်းအချို့ကို သိမ်းဆည်းရလေ့ရှိတယ်။ အဲဒါမှ အရင်းအမြစ်တွေနဲ့ လဲလှယ်လို့ရသလို အမဲလိုက်ခဲ့တဲ့ သက်သေအဖြစ်လည်း တင်ပြလို့ရတာ။”
“မရှိဘူး...” ချန်ဟွိုက်အန်က ခေါင်းခါပြလိုက်သည်။
“အဲဒါကို စီစဉ်လို့ရပါတယ်။” ဟွမ်ကူပေက နှုတ်ခမ်းကို ဖိလိုက်သည်။
“စီစဉ်လို့ လုံးဝမရဘူး။”
သူသာ သက်သေတစ်ခုခု ထားခဲ့လို့ရရင် ထားခဲ့ချင်တာပေါ့...
ပြဿနာက သူ အရိုးကြွေထည်မိန်းကလေးတွေရဲ့ အစအန တစ်ခုတောင် မကျန်အောင် အကုန်လုံးကို ဝါးမျိုပစ်ခဲ့တာလေ။
အခု ဘယ်ကနေ သွားရှာရမှာလဲ။
“ဒါဆို ခင်ဗျားရဲ့ တိုက်ပွဲမှတ်တမ်းတင်ကိရိယာရော။” ဟွမ်ကူပေက အခြားနည်းလမ်းတစ်ခုဖြင့် ကြိုးစားကြည့်သည်။
ချန်ဟွိုက်အန် ခေါင်းကိုစောင်းလိုက်ပြီး မှတ်ဉာဏ်အချို့ကို ပြန်ဖော်ထုတ်လိုက်သည်။ သူ၏ ကြွက်သားများ ဖောင်းကားလာချိန်တွင် အင်္ကျီများ ပေါက်ပြဲသွားပြီး မှတ်တမ်းတင်ကိရိယာမှာ ရင်ဘတ်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန် သူက မိစ္ဆာများကို သတ်ရန်သာ အာရုံစိုက် နေခဲ့သည့်အတွက် သတိမထားမိဘဲခြေထောက်နဲ့ တက်နင်းမိသွားခဲ့လေသည်။
ရှန့်ရှောင်ယွမ်က ကြေမွနေသော မှတ်တမ်းတင်ကိရိယာ အစိပ်အပိုင်းများကို စားပွဲပေါ် တင်လိုက်ရင်း အနေခက်သော အပြုံးလေးဖြင့် နှုတ်ခမ်းစူလိုက်သည်။ “အချက်အလက်တွေ ပြန်ထုတ်လို့ ရမလား မသိဘူး။”
“မန်မိုရီကတ်က ကြေသွားပြီ။ ပြန်ပြင်လို့ မရတော့ဘူး။” ဟွမ်ကူပေက ပုံပျက်နေသော မန်မိုရီကတ်ကို ကောက်ယူကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ချန်ဟွိုက်အန်ဘက်သို့ ပြန်လှည့်လိုက်သည်။ “အုပ်ချုပ်ရေးမှူးချန်။ ခင်ဗျားရဲ့ စွမ်းအားနဲ့ အတွေ့အကြုံကို ကျွန်တော်တို့ လုံးဝယုံကြည်ပါတယ်... ဒါပေမဲ့ ဆုကြေးငွေက ဌာနချုပ်ရဲ့ အတည်ပြုချက် လိုအပ်တယ်။ ခင်ဗျားဘက်က သက်သေတစ်ခုခု ပေးနိုင်ရင် အနည်းဆုံးတော့ အစီရင်ခံစာ တင်ပြလို့ရမှာ။ မဟုတ်ရင်တော့...”
ဂျွီး......
ချန်ဟွိုက်အန်က ပြုံးလိုက်စဉ် သူ၏ လက်ဖဝါးပေါ်တွင် လျှပ်စီးတန်းများ ဖြတ်ပြေးသွား၏။
သူ၏ ခြေထောက်က မြေပြင်ပေါ်တွင် တစ်ချက် လိမ်ကျစ်လိုက်ရာ...
ဘုန်း...
သတ္တုစပ် ကြမ်းပြင်မှာ ချက်ချင်းပင် အက်ကွဲသွားပြီး ရုံးခန်းတစ်ခုလုံး သုံးလက်မခန့် နိမ့်ဆင်းသွားတော့သည်။
အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
“ဟူး...” ဟွမ်ကူပေက ပြောမည့်စကားများကို တံတွေးနှင့်အတူ ပြန်မျိုချလိုက်ရသည်။ “ဒါဆို ဒီလိုလုပ်ရင်ရော။ ခင်ဗျားဘက်က သဲလွန်စအချို့ ပေးမလား။ ခင်ဗျားကို လက်ဗလာနဲ့ ပြန်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။”
အဓိပ္ပာယ်ကတော့ ရှင်းပေသည်။
ချန်ဟွိုက်အန်တွင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေ သို့မဟုတ် ဗီဒီယိုမှတ်တမ်း မရှိသဖြင့် တစ်ခုခုကို လုပ်ကြံဖန်တီးပြီး ပြောလိုက်ရန် တိုက်တွန်းနေခြင်းဖြစ်သည်။ ဥပမာ အရိုးကြွေထည် မိန်းကလေးများ၏ နောက်ကွယ်တွင် ပိုအစွမ်းထက်သော မိစ္ဆာကြီး ရှိနေသည်မျိုး၊ သို့မဟုတ် ၎င်းတို့မှာ ပို၍နက်နဲသော လျှို့ဝှက်ချက်များနှင့် ဆက်နွယ်နေခြင်းမျိုးတို့ပင်။
၎င်းတို့မှာ အမှန် ဟုတ်မဟုတ် အရေးမကြီးပေ။
လုပ်ကြံထားသော သတင်းအချက်အလက်များကပင် ဆုကြေးအချို့ ရနိုင်သေးသည်။
“သတ်တယ်ဆို သတ်တယ်၊ မသတ်ဘူးဆို မသတ်ဘူးပဲ။” ချန်ဟွိုက်အန်က မတုန်မလှုပ်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ဟာ သူ့အတွက် ထိုက်တန်တာကိုပဲ ယူတယ်။ ဆုကြေးငွေအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး မဟုတ်မမှန်တွေ မပြောဘူး။ ကျွန်တော်နဲ့ ထိုက်တန်တဲ့အရာကိုပဲ ယူမယ်...”
အဲ... အဲဒီစကားထဲမှာ တစ်ခုခု ထူးဆန်းနေသလိုပဲ...
ဟွမ်ကူပေမှာ ၎င်းကို အကြာကြီး စဉ်းစားနေဖို့ အချိန်မရှိပေ။ သူက ရှေ့မှ အမျိုးသားကို စိတ်ကျေနပ်စေရန် အတင်းအကျပ် ပြုံးပြလိုက်ရသည်။
“အုပ်ချုပ်ရေးမှူးချန်၊ J ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ရန်ပုံငွေတွေကို လင်းမျိုးနွယ်စုနဲ့ ဌာနချုပ်က ပူးတွဲထိန်းချုပ်ထားတာပါ။ ကျွန်တော် အရင်က အုပ်ချုပ်ရေးမှူး မဟုတ်ခဲ့သလို၊ အခုလည်း ရန်ပုံငွေ သုံးစွဲခွင့် အာဏာက သိပ်မရှိသေးဘူး။ အဲဒါကြောင့် တရားဝင် လမ်းကြောင်းကနေ သွားရမယ်လို့ ပြောတာပါ... မဟုတ်ရင် ကျွန်တော် ခင်ဗျားဆီ ပိုက်ဆံ လွှဲပေးပြီးသား ဖြစ်မှာပါ။”
“စကားတွေ အများကြီး ပြောမနေနဲ့။ ကျွန်တော် ကိုယ့်ဘာသာ သက်သေပြမယ်။”
ချန်ဟွိုက်အန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ လျှပ်စစ်စွမ်းအင်များနှင့်အတူ ခြိမ်းခြောက်လိုသော အရိပ်အယောင်များ အကြည့်ထဲတွင် လက်ခနဲ ပေါ်သွား၏။
“အမှန်အတိုင်း ပြောရရင် အဲဒီ အရိုးကြွေထည်မိန်းကလေးတွေရဲ့ နောက်ကွယ်မှာ တကယ့် မိစ္ဆာအိုကြီး တစ်ကောင် ရှိတာ အမှန်ပဲ။ ကျွန်တော် သူနဲ့ တိုက်ခဲ့တယ်။ သူ ထွက်ပြေးသွားတယ်။ အဲဒီအကောင်က ကျွန်တော် ဘယ်နှကောင် သတ်ခဲ့လဲဆိုတာ အသိဆုံးပဲ။ အဲဒီအကောင်ကို ကျွန်တော် ဖမ်းပြီး ဒီကို ခေါ်လာခဲ့မယ်...”
အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း ဘယ်နှကောင် သတ်ခဲ့ကြောင်း မသိတော့။
ထိုအချိန်တုန်းက သူ့စိတ်များ လွတ်နေခဲ့သည်။ ထို့ပြင် ခါးပတ်လည်း ပျောက်သွားခဲ့၏။
သူ သိတာကတော့ ကောင်းကင်မိစ္ဆာကျင့်စဉ်၏ ပထမတွဲအတွက် အခြေခံ လိုအပ်ချက်များကို ပြည့်မီသွားပြီ ဆိုသည်ကိုပင်။
ယခုကျန်သည်မှာ ရရှိထားသော စွမ်းအားများကို တည်ငြိမ်စေရန် ဖြစ်သည်။
“ဪ... နားလည်ပါပြီ...” ဟွမ်ကူပေက ချက်ချင်းပင် အခွင့်အရေးကို ဖမ်းဆုပ်ကာ ပြုံးလိုက်သည်။ “ဒါဆို... အရိုးကြွေထည်မိန်းကလေးတွေရဲ့ နောက်ကွယ်မှာ ပိုပြီးသန်မာတဲ့ မိစ္ဆာကြီး ရှိနေတယ်ပေါ့။ အဲဒီသတင်း တစ်ခုတည်းနဲ့တင် အနည်းဆုံး သိန်း၁၀၀ တန်ဖိုး ရှိပါတယ်။ ခင်ဗျားက ကျွန်တော်တို့ J ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုကို အကြီးအကျယ် ကူညီပေးလိုက်တာပဲ...”
“ဪ။ ခင်ဗျားက ကျွန်တော့်ကို မယုံဘူးလား။”
ချန်ဟွိုက်အန်က လှောင်ပြုံးပြုံးရင်း မတ်တပ်ထရပ်လိုက်သည်။
“ဒီနေ့ည သန်းခေါင်ယံ ကျော်သွားတာနဲ့ အဲဒီမိစ္ဆာအိုကြီးကို ဒီအရှင်သခင်ကိုယ်တိုင် ဖမ်းလာမယ်။ အဲဒီကျရင်တော့ အကြောက်လွန်ပြီး ဘောင်းဘီထဲ သေးထွက်မကျစေနဲ့ဦး...”
ထွက်ခွာသွားသော ချန်ဟွိုက်အန်ကို ကြည့်ရင်း လင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။
ဘုရားရေ...
အဲဒီထူးဆန်းတဲ့ မိစ္ဆာကြီးနဲ့ ချန်ဟွိုက်အန်နဲ့ တစ်ခုခု ပတ်သက်နေတာလား...
သူတို့ နှစ်ယောက်လုံးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် အရှင်သခင်လို့ ခေါ်ရတာကို သဘောကျနေကြတာလဲ...
သူက ချန်ဟွိုက်အန်နှင့် ထိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာလက်သည်းကြီးကို ဆက်စပ်ကြည့်သော်လည်း လုံးဝ မဖြစ်နိုင်ဟု ထင်မိသည်။
သူ့ရဲ့ စွမ်းရည်တွေက ဓားအရှိန်အဝါနဲ့ လျှပ်စီး နှစ်ခုလုံးက မိစ္ဆာတွေနဲ့ လုံးဝ မဆိုင်သလို လျှပ်စီးဆိုတာ မိစ္ဆာတွေကို အနှိမ်နင်းနိုင်ဆုံးအရာပဲ။
သူက အဲဒီလို မိစ္ဆာအရှိန်အဝါနဲ့ ဆက်နွယ်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
“ဒါပေမဲ့... ဒါက ငါတစ်ယောက်တည်း ခံစားရတာလား။”
သူ၏ စူးစမ်းလိုသော အကြည့်မှာ ချန်ဟွိုက်အန်၏ ခါးမှ ခြေတံရှည်များအထိ ဝေ့ဝဲသွားရင်း သူ ဘာသာ ရေရွတ်လိုက်၏။
“သူ့ကို ကြည့်ရတာ ပိုပြီး အရပ်ရှည်လာသလိုပဲ...”
...