မင်းရဲ့ဆရာကို ပေးစမ်းသပ်ကြည့်
Vol. 19 Ch. 187
“ဟူး... နောက်ဆုံးတော့ အဲဒီလူကို ဒီကနေ လွှတ်နိုင်ပြီ။”
ဟွမ်ကူပေက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဆိုဖာပေါ်သို့ အားပျော့စွာ မှီချလိုက်သည်။ ထိုအခါမှ သူ၏အဝတ်အစားများ ချွေးအေးများဖြင့် ရွှဲနစ်နေသည်ကို သတိပြုမိပြီး တုန်တုန်ယင်ယင် ဖြစ်သွားရသည်။
ဖိအားက တကယ့်ကို မခံမရပ်နိုင်စရာပင်။ မြွေဟောက်ကြီးတစ်ကောင်၏ ရစ်ပတ်ညှစ်သတ်ခြင်းကို ခံနေရသလိုမျိုးပင်။
သူ၏ရုံးခန်းထဲသို့ ယခင်က ဗိုလ်ချုပ်အဆင့် မိစ္ဆာနှိမ်နင်းရေးသမား နှစ်ယောက် ရောက်ဖူးသည်။ ထိုနှစ်ယောက်လုံးက စိတ်တိုလွယ်ပြီး စကားတစ်ခွန်းအမှားမခံသည့် ဒေါသအိုးများ ဖြစ်သည်။ သို့သော် ထိုနှစ်ယောက်ပေါင်းမှ ပေးသည့်ဖိအားသည် အုပ်ချုပ်ရေးမှူးချန်၏ ဆံပင်တစ်ပင်က ပေးသည့် ဖိအားလောက်တောင် မရှိပေ။
ဒီလူက အဲဒီအပျက်အစီးတွေထဲမှာ ဘာတွေများ ကြုံခဲ့ရတာလဲ။
သူ အထဲမဝင်ခင်တုန်းကတော့ ထက်မြက်တဲ့ ဓားသွားတစ်ခုလိုပဲ။
ဒါပေမဲ့ ပြန်ထွက်လာတဲ့အခါမှာတော့... စစ်မြေပြင် အလောင်းပုံကြားကနေ ဆွဲထုတ်လာတဲ့ သွေးစွန်းနေတဲ့ ဓားအိုကြီးတစ်လက်လို ဖြစ်နေတယ်။
“မိန်းကလေးလင်း... အုပ်ချုပ်ရေးမှူးချန် ပြောတာတွေက အမှန်လို့ ထင်လား။ အရိုးကြွေထည် မိန်းကလေးတွေရဲ့ နောက်ကွယ်မှာ တကယ့် ရှေးဟောင်းမိစ္ဆာကြီး ရှိနေတာလေ။”
“ဖြစ်နိုင်တာပဲ...” လင်းချန်က ဟင်းလင်းပြင်ထဲကနေ ထွက်လာတဲ့ မိစ္ဆာလက်သည်းကြီးကို ပြန်တွေးရင်း စဉ်းစားနေမိသည်။ ထိုလက်သည်းကြီးက ချန်ဟွိုက်အန်ပြောသည့် မိစ္ဆာအိုကြီး၏ လက်သည်း ဖြစ်နိုင်သည်။
ဒါပေမဲ့ အဲဒါဆိုရင် ထိုလက်သည်းက အရိုးကြွေထည်မိန်းကလေးကို ကာကွယ်မပေးဘဲ ဘာလို့ သတ်ပစ်လိုက်ရတာလဲ။ ပြီးတော့ မိစ္ဆာလောကရဲ့ စည်းမျဉ်းတွေထဲမှာ အချင်းချင်း မသတ်ရဘူး ဆိုတဲ့ စည်းမျဉ်းမှ မရှိတာပဲလေ။
သူက ဟွမ်ကူပေကို တစ်ချက်ကြည့်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။ “သရဲဈေးမှာ ကျွန်မတို့ တွေ့ခဲ့တဲ့ မိစ္ဆာက ချန်ဟွိုက်အန်ပြောတဲ့ အကောင် ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ည သန်းခေါင်ယံကျော်ရင် သိရမယ်။ သူက အပိုပြောနေတာလား၊ အမှန် ပြောနေတာလား ဆိုတာကို ရလဒ်နဲ့ သက်သေပြရလိမ့်မယ်။ အဲဒါကြောင့် အသင့်ပြင်ထားလိုက်။”
“ဟုတ်ပါတယ်။ဘာပဲဖြစ်ဖြစ် အုပ်ချုပ်ရေးမှူးချန်က... မယုံနိုင်လောက်အောင် စွမ်းတာကိုး...”
ကျင်းတဲမြို့ဟောင်း၏ မြေအောက်နက်နက် ကျောက်ဂူကြီးအတွင်းတွင် ထုထည်ကြီးမားလှသော အဖြူရောင်ကြွေသား ဗောဓိသတ္တရုပ်ပွားတော်ကြီးတစ်ဆူ ရှိနေသည်။
သာမန်အားဖြင့် ဗောဓိသတ္တဆိုသည်မှာ ကြင်နာသနားတတ်သော မျက်နှာထားရှိရမည် ဖြစ်သော်လည်း ထိုရုပ်တုကတော့ လုံးဝဆန့်ကျင်ဘက်ပင်။
အမူအရာက ရက်စက်ကြမ်းကြုတ်ပြီး ဦးခေါင်းတွင် သရဖူတစ်ခု ဆောင်းထားကာ ဝတ်ရုံမှာ သွေးနီရောင် စွန်းထင်းနေသည်။ အင်္ကျီလက်ဖျားများတွင် လွင့်မျောနေသော ဝိညာဉ်ဆိုးပုံများကို ပန်းထိုးထားပြီး ကြာပန်းပလ္လင်ပေါ်တွင် ရပ်နေမည့်အစား အဖြူရောင်ကြွေသားများဖြင့် ပြုလုပ်ထားသော အရိုးပုံကြီးပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။
ရုတ်တရက် ရုပ်တု၏ မျက်လုံးများမှ သွေးများ စိမ့်ထွက်လာပြီး မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းအောင် တွန့်လိမ်သွားကာ ဂူအတွင်း၌ စူးရှသောအသံကြီး ပဲ့တင်ထပ်သွားသည်။
“စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ပြန်နိုးထလာတာ ၁၀နှစ်ပဲ ရှိသေးတယ်။ ကျင့်ကြံသူတွေက ဒီလောက်အထိ စွမ်းနေပြီလား။... ဒါ မဖြစ်သင့်ဘူး... တစ်ခုခုတော့ မှားနေပြီ...”
အရိုးကြွေထည်မယ်တော်က ထိုရူးသွပ်နေသော လူ၏ အမူအရာကို ပြန်တွေးမိသည်။
အဲဒီအရူးက... မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံနေတာလား။
တကယ်လို့ ဒါက ရှေးဟောင်းမိစ္ဆာကြီးတွေရဲ့ နည်းစနစ်မဟုတ်ရင်... ကျင့်ကြံခြင်း လမ်းစဉ်သစ်တစ်ခု ပေါ်ထွက်လာတာလား။
ငါ ဘာလို့ မသိရတာလဲ...
ပြီးတော့ သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဆိုရင် ငါတို့က တစ်ဖက်တည်းသားတွေ ဖြစ်သင့်တာ မဟုတ်ဘူးလား။
စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထခြင်း အစဦးပိုင်းမှာ မိစ္ဆာကျင့်ကြံသူတွေနဲ့ ဝိညာဉ်ဆိုးတွေ အချင်းချင်း မတိုက်ခိုက်ရဘူးဆိုတဲ့ ရှေးဟောင်းပုဂ္ဂိုလ်တွေရဲ့ စည်းမျဉ်း ရှိတယ်မဟုတ်လား။
အဲဒီအရူးက အဲဒီစည်းမျဉ်းတွေကို ဖောက်ဖျက်မိမှာ မကြောက်ဘူးလား။
သူ အကြာကြီး စဉ်းစားသော်လည်း အဖြေမထွက်ပေ။ ထိုအခြေအနေမှာ သူ ကြုံဖူးသမျှနှင့် လုံးဝကွဲပြားနေ၏။ သို့သော် မည်သို့ပင်ဖြစ်စေ သူ ထိုနေရာသို့ ရောက်နေပြီဖြစ်ရာ အမြန်ဆုံး အားအင်ပြန်ပြည့်ရန်သာ အာရုံစိုက်ရပေမည်။
“ငါ အရင်ဆုံး နာလန်ထူအောင် လုပ်ရမယ်။ ဒီခေတ်က ကျင့်ကြံသူတွေမှာ ကျင့်စဉ်တွေ အများကြီး မရှိပါဘူး။ ငါပုန်းနေတဲ့နေရာကို သူတို့ ရှာတွေ့မှာ မဟုတ်ဘူး...”
သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေသော်လည်း အချိန်မဆွဲပေ။
မျက်လုံးများကို မှိတ်လိုက်ပြီး လက်ဟန်များကို ပြုလုပ်လိုက်သည်။
အမြန်ဆုံး နာလန်ထူနိုင်ရန် သူက တစ္ဆေပုံစံမှ ကျောက်ရုပ်ပုံစံသို့ ပြောင်းလဲရမည်။ သို့မှသာ မိစ္ဆာစွမ်းအင်များကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်မည်ဖြစ်သည်။
သို့သော် ကျောက်ရုပ်ပုံစံမှာ ပို၍ ထိခိုက်လွယ်သဖြင့် ကာကွယ်မှု လိုအပ်သည်။
ဂူအတွင်း၌ နီကျင်ကျင်အလင်းရောင်များ လွှမ်းသွားပြီး မှောင်ရိပ်ထဲမှ မရေမတွက်နိုင်သော ကြွေသားစသံများ ကြားလိုက်ရသည်။
အရိုးကြွေထည်မိန်းကလေး အုပ်စုကြီးမှာ ရှေ့သို့ တိုးလာကြပြီး တစ်ယောက်စီ၏ လက်ထဲတွင် သွေးရောင်ကြွေအိုးတစ်လုံးစီ ပါလာကြသည်။
ထိုအိုးများကို အမြင့်သို့ မြှောက်ကာ အရိုးကြွေထည်မယ်တော်၏ ခြေရင်းရှိ အရိုးပုံကြီးပေါ်သို့ နက်မှောင်သော အရည်များကို လောင်းချလိုက်ကြသည်။ ထို့နောက် သူတို့က တစ်ယောက်ပြီး တစ်ယောက် ကြွေကွဲစများအဖြစ် ပြောင်းလဲသွားကာ အရိုးပလ္လင်ကြီးထဲသို့ ပေါင်းစပ်သွားကြတော့သည်။
ထိုထုံးတမ်းစဉ်လာအတိုင်း လုပ်ဆောင်နေစဉ် အရိုးကြွေထည်မယ်တော်၏ အရှိန်အဝါမှာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့သည်။
မင်သဲခေတ်တုန်းက ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦးသည် သေလုမျောပါး ဖြစ်နေသော သားဖြစ်သူကို ကယ်တင်ရန်အတွက် မိန်းကလေးငယ်များကို ယဇ်ပူဇော်ကာ သွေးအရိုးကြွေထည်များကို ဖန်တီးခဲ့သည်။ ထို့နောက် ၎င်းကို မြေမိစ္ဆာမယ်တော်ထံ ဆက်သခဲ့သည်။
သုံးနှစ်တိုင်တိုင် မရေမတွက်နိုင်သော အသက်များကို စတေးခဲ့ရသည်။
မြေမိစ္ဆာမယ်တော်က ထိုသွေးအရိုးကြွေထည်များကို အသုံးပြု၍ သူ၏ တစ္ဆေဗုဒ္ဓခန္ဓာကိုယ်ကို တည်ဆောက်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူက အုပ်ချုပ်ရေးမှူး၏ သားကို မကယ်တင်ခဲ့ပေ။
ထိုအစား သွေးကြွေအိုးတစ်လုံးကို ဖန်တီးကာ ၎င်းကို သူ၏သားအဖြစ် ဟန်ဆောင်ခိုင်းခဲ့သည်။
မည်သို့ဆိုစေကာမူ သူက မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သတ်ရန်သာ သိပြီး ကယ်နည်း မသိပေ။
“အုပ်ချုပ်ရေးမှူးချန်... အရိုးကြွေထည်မိန်းကလေးတွေရဲ့ နောက်ကွယ်မှာ ပိုပြီး သန်မာတဲ့ မိစ္ဆာကြီး ရှိနေတာ တကယ်ပဲလား။”
အက်စ်ယူဗီကားထဲတွင် ရှန့်ရှောင်ယွမ်က နောက်သို့ လေးငါးကြိမ်ခန့် လှည့်ကြည့်ပြီးနောက် နောက်ဆုံးတွင် တိုက်ရိုက်မေးလိုက်သည်။
“အင်း။ သူတို့က ကျွန်တော့်ကို မယုံကြဘူး... ခင်ဗျားတို့ပါ ကျွန်တော့်ကို မယုံကြတော့ဘူးလား။” ချန်ဟွိုက်အန်က မျက်လုံးလှန်ပြလိုက်ပြီး ဖုန်းကို ထုတ်လိုက်သည်။
“ဒါပေမဲ့ အုပ်ချုပ်ရေးမှူး... ဒရုန်းတွေက ဘာမိစ္ဆာစွမ်းအင်မှ မတွေ့ရဘူးလေ။”
“ခင်ဗျားတို့ရဲ့ ရှာဖွေရေးစနစ်က ခေတ်နောက်ကျနေပြီ၊” ချန်ဟွိုက်အန်က ခနဲ့လိုက်သည်။
အထဲမှာ အကြာကြီး တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့တာတောင် သူတို့က ဘာမှမတွေ့ဘူးလို့ ပြောနေကြတာလား။ ဒါဆို ငါ သတ်ခဲ့တာတွေက ဘာတွေလဲ။ လေကို သတ်ခဲ့တာလား။
“အုပ်ချုပ်ရေးမှူး၊ တကယ်လို့ ဒီလောက်အထိ အစွမ်းထက်တဲ့ မိစ္ဆာကြီး ရှိနေရင် သန်းခေါင်ယံမှာ မသွားသင့်ဘူး ထင်တယ်။ အဲဒီအချိန်က ယင်စွမ်းအင် အမြင့်ဆုံးအချိန်လေ။ မွန်းတည့်ချိန်မှာ သွားတာက ပိုပြီး ဘေးကင်းမလားလို့။”
ကားမောင်းနေသော ကျောက်ရင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ ခေါင်းကို အနည်းငယ် လှည့်ကြည့်သည်။
သူကတော့ ချန်ဟွိုက်အန်၏ စကားကို ယုံသည်။
မည်သို့ပင်ဆိုစေ သူ့မျက်လုံးများက ကြည်လင်နေပြီးတစ်ခုခုကို အသည်းအသန် လိုချင်နေသော တက္ကသိုလ်ကျောင်းသားတစ်ယောက်လိုပင်။ လိမ်ညာတတ်ပုံ မရပေ။
“ကိစ္စမရှိပါဘူး။ သန်းခေါင်ယံမှာ သွားချင်လို့ကို သွားမှာ။”
ချန်ဟွိုက်အန်က ပုံရိပ်ယောင် ကောင်မလေး ဂိမ်းကို ဖွင့်လိုက်သည်။
ရှန့်ရှောင်ယွမ်နှင့် ကျောက်ရင်းကို တကယ့်အကြောင်းရင်းကို ရှင်းပြ၍ မရပေ။ အဓိကအချက်က ယင်စွမ်းအင် အားအကောင်းဆုံးအချိန်မှာ တိုက်ခိုက်ရန်ပင်။ တစ်ခုက ပစ်မှတ်ရှိသော နေရာကို အတိအကျ ရှာနိုင်ဖို့ ဖြစ်ပြီး နောက်တစ်ခုမှာ ထိုသူကို အမှတ်မထင် ထပ်သတ်လိုက်မိမည်ကို စိုးရိမ်၍ပင်။
ယခုတစ်ခါတော့ သူ့ကို အရှင်ဖမ်းရပေမည်။
ပိုကီမွန်တို့ ရှီရားဟီးရိုးတို့ ကစားဖူးတဲ့သူတိုင်း သိကြပါတယ်။ ရန်သူ့သွေးကို တစ်စက်ပဲ ကျန်အောင် လုပ်နိုင်တဲ့ စွမ်းရည်မရှိရင် သွေးထူပြီး ခံစစ်ကောင်းတဲ့ကောင်ကို တိုက်တာက အကောင်းဆုံးပဲ။
ငါ့အတွက်တော့ ဒါက ကျင့်ကြံရေးပစ္စည်းတွေတင် မဟုတ်ဘူး...
ဒါက ပိုက်ဆံလေ...
“အုပ်ချုပ်ရေးမှူး...”
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့က ဆက်ပြီး ဖျောင်းဖျချင်သေးသော်လည်း ချန်ဟွိုက်အန်က နားမထောင်တော့ပေ။
သူက စိတ်မရှည်စွာဖြင့် နားကြပ်ကို တပ်လိုက်ပြီး ရှေ့ခန်းနှင့် နောက်ခန်းကြားက အကန့်ကို ပိတ်လိုက်ကာ ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်လိုက်ရင်း ပြောလိုက်သည်။ “ကဲ... ခင်ဗျားတို့ ကြိုက်တာလုပ်ကြတော့။ ကျွန်တော် ဂိမ်းဆော့တော့မယ်။”
နောက်ခန်းကို အသံလုံစနစ် ပြောင်းလိုက်ပြီးနောက် သူတို့၏အသံများကို ဖြတ်တောက် လိုက်သည်။
သူ၏အကြည့်မှာ ဂိမ်းထဲရှိ ဝါးကုတင်လေးပေါ်တွင် စောင်းလျက် အိပ်ပျော်နေသော လီချင်းရန်ဆီသို့ ကျရောက်သွားတော့သည်။
လီချင်းရန်က သူ့ကို ချုံရွှီဝိညာဉ်အမြင်၏ သွေးကြောလမ်းကြောင်း စီးဆင်းပုံကို ပြသခဲ့သည်ကို သတိရသွားသည်။
ချန်ဟွိုက်အန်က နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ယုတ်မာစွာ ပြုံးလိုက်၏။
သူ အိပ်ပျော်နေတာပဲ။ ဒါဆို သူရဲ့ တုံ့ပြန်မှုတွေက နှေးကွေးနေမှာပေါ့။
ချန်ဟွိုက်အန်က လီချင်းရန်၏ သွယ်လျပြီး နူးညံ့သော ခါးလေးကို လက်ဖြင့် တို့ကြည့်သည်။
“ချင်းရန်... ထတော့... မင်းရဲ့ဆရာကို ပေးစမ်းသပ်ပါဦး။”
လက်ချောင်းလေးအောက်တွင် နူးညံ့သောအသားလေး နစ်ဝင်သွားသည်ကို ခံစားလိုက် ရချိန်တွင် ချန်ဟွိုက်အန်က ၎င်းမှာ မည်မျှပင် အိစက်နေကြောင်းကို စိတ်ကူးကြည့်နေမိသည်။
“ဒါတွေက စာတွေ့ချည်းပဲ ဖြစ်နေတာ နှမြောစရာပဲ... ငါသာ တကယ် ထိလို့ရရင်...”
ထိုစဉ် အကြောင်းကြားစာတစ်ခု ပေါ်လာသည်။
[ ဂုဏ်ယူပါတယ်... သင်နဲ့ သင့်ကောင်မလေးရဲ့ ရင်းနှီးမှုအဆင့်မှာ ♥30 သို့ ရောက်ရှိသွားပါပြီ... သင့်ကို တကယ့်လက်တွေ့ခံစားမှု အတွေ့အကြုံဖြင့် ဆုချီးမြှင့်လိုက်ပါသည်...]
[ နောက်ထပ် လုပ်ဆောင်ချက်အသစ်များကို ရယူနိုင်ရန် ရင်းနှီးမှုအဆင့်ကို ဆက်လက် မြှင့်တင်ပါ...]
[ ဆုလာဘ် - တစ်ကြိမ်သုံး တကယ့်လက်တွေ့ခံစားမှု လက်အိတ်ကို ပေးပို့လိုက်ပါပြီ... ]
ဒါက ဘာကြီးလဲဟ...
ချန်ဟွိုက်အန် ကြောင်သွား၏။
အကြောင်းကြားစာ၏ အဓိပ္ပာယ်ကိုပင် သူ သေချာနားမလည်သေးခင်မှာပင် ပန်းရောင် လက်အိတ်တစ်စုံက သူ့ဘေးမှ ထိုင်ခုံပေါ်တွင် ပေါ်လာတော့သည်။
“တကယ့်လက်တွေ့ခံစားမှု ဟုတ်လား။”
သူက လက်အိတ်ကို ကောက်ယူပြီး ကြောင်ကြည့်နေမိသည်။
သူ တစ်ယောက်တည်း ရေရွတ်လိုက်၏။
“ဒီတကယ့်လက်တွေ့ခံစားမှု ဆိုတာက ဘာကို ဆိုလိုတာလဲ။”
...