ပညာရှိ ဆိုတာ အချိန်အခါကို သိသူ
Vol. 30 Ch. 436
~"ငါ့အနားမှာ ရှိနေတာက ငါ့သွေးသားထဲက အမွေအနှစ် တစ်ခုတည်းပဲ။ အဲဒီစွမ်းအားက ငါ့ကို အမြဲတမ်း ပြောနေတယ်။ တာဝန်ကို ထမ်းရွက်ရမယ်... ကမ္ဘာလောကကြီးထဲမှာ လျှောက်လှမ်းပြီး ကာကွယ်စောင့်ရှောက်ရမယ်တဲ့"
"ငါ့အဖေ၊ ငါ့ဘိုးဘေးတွေ အကုန်လုံး ဒီလိုပဲ နေခဲ့ကြတာ"
"ဒါပေမဲ့ ဘာလို့လဲ... ဘာလို့ ဒီလောက် ခက်ခဲတဲ့ တာဝန်ကြီးကို ထမ်းနေရတာလဲ။ ငါ ဘာပြန်ရလဲ။ လူတွေရဲ့ လေးစားအားကျမှုလား။ ဒါမှမဟုတ် အနှစ်သာရမရှိတဲ့ ဂုဏ်ဒြပ်တွေလား"
"ငါ အဲဒါတွေ မလိုချင်ဘူး"
"ငါ လိုချင်တာက သာမန်လူ တစ်ယောက်လို နေရဖို့ပဲ"
ကောင်းကင်သတ် သိုင်းသူတော်စင်၏ ဒေါသတကြီး အော်ဟစ်သံများသည် လူတိုင်း၏ ရင်ထဲတွင် ပဲ့တင်ထပ်သွား၏။ မယုံကြည်နိုင်သော အကြည့်များသည် ထိုအဘိုးအိုထံသို့ စုပြုံရောက်ရှိသွားကြ၏။ အချို့က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် နှုတ်ဆိတ်နေလိုက်ကြ၏။ အတွင်းရေးကို မသိကြသော သိုင်းသူတော်စင် အသစ်များကတော့ နားမလည်နိုင် ဖြစ်နေကြ၏။
သို့သော် ကောင်းကင်သတ် မျိုးဆက်၏ အကြောင်းကို နားလည်သော ရှေးဟောင်း သူတော်စင်များကမူ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
မဟာယန် သိုင်းသူတော်စင်၏ မျက်နှာထားမှာ ရှုပ်ထွေးနေသော်လည်း အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"အဲဒါ ဆင်ခြေပဲ"
"တောင်နှင့် ပင်လယ် နယ်မြေရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက် ငါတို့အားလုံး အစီအစဉ်ကြီး တစ်ခုကို အကောင်အထည်ဖော်ရင်း အရှက်တကွဲ အကျိုးနည်း ခံစားနေရတာပါ။ မင်းတစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူး။ သန်းနဲ့ချီတဲ့ လူတွေလည်း ခံစားနေရတယ်"
"ငါဆိုရင်လည်း... အချိန်ကာလ မြစ်တစ်စင်းလုံးကို ဖြတ်သန်းပြီး ငါ့သွေးသား မျိုးဆက်တွေ ငါ့အတွက်နဲ့ အသက်စတေးခံခဲ့ရတာကို ထိုင်ကြည့်ခဲ့ရတာ။ ငါ့ရင်ထဲက နာကျင်မှုက မင်းထက် မလျော့ပါဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက ထိုက်တန်တယ် ဆိုတာ ငါ သိတယ်"
"ကောင်းကင်သတ်... မင်းရဲ့ သွေးသား အမွေအနှစ်ထဲက ပုံရိပ်တွေကို ပြန်တွေးကြည့်စမ်းပါ။ မင်းရဲ့ မျိုးဆက်တွေ အဆက်ဆက် ကြိုးပမ်းအားထုတ်ခဲ့တာတွေကို ထည့်စဉ်းစားပါဦး။ အခုချိန်မှာ လှည့်ပြန်မယ် ဆိုရင်တောင် နောက်မကျသေးပါဘူးကွာ"
မဟာယန် သိုင်းသူတော်စင်သည် ကောင်းကင်သတ် သိုင်းသူတော်စင်ကို စည်းရုံးရန် ကြိုးစားနေဆဲပင်။
သို့သော် ကောင်းကင်သတ် သိုင်းသူတော်စင်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။
"ငါ နောက်ပြန်လှည့်လို့ မရတော့ဘူး"
သူ့ခန္ဓာကိုယ် ရုတ်တရက် ကြီးထွားလာပြီး ပေပေါင်း ရာချီ မြင့်မားသော လူ့ဘီလူးကြီး အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ကြီးမားသော ဓားကြီးကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် အလွှာလိုက် အက်ကွဲသွားလေသည်။ မဟာယန် သိုင်းသူတော်စင် ထိတ်လန့်သွားပြီး ကြီးမားသော ဖိအားကို ခံစားလိုက်ရကာ ရင်ထဲတွင် လေးလံသွား၏။
"မင်း... မင်း တောင်နှင့် ပင်လယ် နယ်မြေရဲ့ စွမ်းအားကို သုံးနေတာလား"
မြင်ကွင်းက ပရမ်းပတာ ဖြစ်နေလေ၏။
အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး `(၆)` ဦးသည် နှစ်ယောက်တစ်တွဲ တိုက်ခိုက်နေကြပြီး၊ ကျန်ရှိသော သိုင်းသူတော်စင်များသည်လည်း သက်ဆိုင်ရာ ပြိုင်ဘက်များနှင့် တိုက်ခိုက်နေကြ၏။
သာမန် သိုင်းသူတော်စင်များဘက်တွင် သိုင်းကမ္ဘာက အသာစီး ရနေသော်လည်း၊ အဓိက သော့ချက်မှာ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများ၏ စစ်မြေပြင်တွင်သာ ရှိကြောင်း လူတိုင်း နားလည်ထားကြ၏။ ထိုနေရာတွင် အနိုင်အရှုံး ပေါ်သွားသည်နှင့် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
လက်ရှိတွင် ၊
ကောင်းကင်သတ် သိုင်းသူတော်စင်သည် မဟာယန် သိုင်းသူတော်စင်ကို အသာစီး ရနေပြီ ဖြစ်ပြီး အနိုင်ရဖို့ အချိန်မရွေး ဖြစ်လာနိုင်သည်။
သိုင်းကမ္ဘာမှ သိုင်းသူတော်စင်များ ရင်ထဲတွင် လေးလံသော ခံစားချက်ကြီး ဝင်ရောက်လာ၏။
သစ္စာဖောက် တစ်ဦးက ရူးသွပ်စွာ ရယ်မောလိုက်သည်။
"လူကြီးမင်းတို့... အမှောင်ထဲကနေ အလင်းဘက်ကို ကူးပြောင်းလိုက်ကြပါလား။ ကျုပ်တို့အားလုံးက တစ်ကမ္ဘာတည်းသားတွေပဲလေ... ဘာလို့ ခေါင်းမာနေကြတာလဲ"
သိုင်းသူတော်စင် အချို့ စိတ်လှုပ်ရှားသွားကြ၏။
နင်ချီ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းများ တောက်ပနေလေသည်။
သူသည် သွေးမည်း မိစ္ဆာ ဘုရင်ကို တိုက်ခိုက်နေသော်လည်း အစွမ်းကုန် မသုံးသေးပေ။
အကြောင်းရင်းက ရိုးရှင်းသည်။ အခုလို အခြေအနေ ရောက်လာမှတော့ တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်တာ အကောင်းဆုံးပင်။ သစ္စာဖောက် အားလုံးကို ဖော်ထုတ်ပစ်ရမည်။ ဖြစ်ပျက်သမျှ အရာအားလုံးက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာ၏။ တောင်ပင်လယ် နတ်ဘုရား အရှင်မနှင့် သိုင်းသူတော်စင် အချို့ သစ္စာဖောက်သွားသည်ကလည်း ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စပင်။
သို့သော် ကောင်းကင်သတ် သိုင်းသူတော်စင်ပါ ဘက်ပြောင်းသွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
ဒါက သူ့ကို အနည်းငယ် သက်ပြင်းချမိစေသည်။ လိပ်အိုကြီး ပြောပြချက်အရ ကောင်းကင်သတ် မျိုးဆက်၏ သိုင်းကမ္ဘာအပေါ် ပေးဆပ်ခဲ့မှုများကို ကြားသိရပြီးနောက်၊ မဟာယန် သိုင်းသူတော်စင် သစ္စာဖောက်သွားလျှင်တောင် သူ သစ္စာမဖောက်လောက်ဘူးဟု ထင်ခဲ့မိ၏။
"ဒီလိုဆိုရင် အဲဒီတုန်းက ကူနတ်ဘုရား နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို လုပ်ခဲ့တာလည်း ကောင်းကင်သတ် သိုင်းသူတော်စင်ပဲ ဖြစ်လောက်တယ်"
နင်ချီ၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေသော်လည်း လက်တွေ့ လှုပ်ရှားမှုကတော့ မြန်ဆန်နေဆဲပင်။ ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီ သည် သွေးမည်း မိစ္ဆာ ဘုရင်၏ တံခွန်ကို ထိုးခွဲလိုက်ပြီး အပေါက်အပြဲ ဖြစ်သွားစေကာ သွေးမည်း မိစ္ဆာ ဘုရင်အပေါ် ကြီးမားသော ဖိအား ပေးလိုက်သည်။
အရာအားလုံးက မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖြစ်ပျက်သွား၏။
သစ္စာဖောက် တစ်ယောက်က အခြား သိုင်းသူတော်စင်များကို စည်းရုံးနေသည်ကို မြင်လိုက်ရသောအခါ နင်ချီ လှုပ်ရှားရမည့် အချိန်ရောက်ပြီဟု ဆုံးဖြတ်လိုက်သည်။
ငါးတွေ အကုန်လုံး ပိုက်ကွန်ထဲ ရောက်နေပြီပဲ... ဆက်စောင့်နေစရာ မလိုတော့ဘူး။
"ကောင်းကင်ဘုံဓားသခင်... အခုချိန်မှာ ဘက်ပြောင်းပြီး ငါနဲ့အတူ တခြားကောင်တွေကို သတ်ပစ်မယ် ဆိုရင် မင်းအတွက် အကျိုးအမြတ်ကြီး ရနိုင်တယ်နော်။ ဖုန်မှုန့်တွေ ငြိမ်သွားမှ ဆိုရင်တော့ မင်း . တောင်နှင့် ပင်လယ် နယ်မြေကို လာချင်ရင်တောင် အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ ငါ အမှန်အတိုင်း ပြောပြမယ်... တောင်နှင့် ပင်လယ် နယ်မြေနဲ့ သိုင်းကမ္ဘာကြားက ကမ္ဘာ့လမ်းကြောင်း က ဆက်သွယ်တော့မယ်။ အခု ဆုံးဖြတ်လို့ ရသေးတယ်"
သွေးမည်း မိစ္ဆာ ဘုရင်က ယုတ်မာစွာ ပြုံးပြီး နင်ချီ၏ စိတ်ဓာတ်ကို ယိမ်းယိုင်အောင် လုပ်ရန် ကြိုးစားလိုက်သည်။
နင်ချီက တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဟုတ်လား"
သွေးမည်း မိစ္ဆာ ဘုရင် ရင်ထဲ ထိတ်ပျာသွားပြီး အတိတ်နိမိတ် မကောင်းသည်ကို ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင်၊
သူ့မျက်လုံးအိမ်များ ရုတ်တရက် ပြူးကျယ်သွား၏။ ပြိုင်ဘက်ကင်း ထက်ရှမှု တစ်ခု သူ့ထံသို့ တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်ကို စုတ်ဖြဲပစ်တော့မည့်အလား ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီသည် ပိုမို ပြင်းထန်လာခဲ့ချေပြီ။
"အား..."
နာကျင်စွာ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။
သိုင်းသူတော်စင် အားလုံးနီးပါး ထိုအသံ ထွက်ပေါ်ရာသို့ လှမ်းကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားကြ၏။
သူတို့ မြင်လိုက်ရသည်မှာ၊
လက်မောင်းတစ်ဖက် ကောင်းကင်ယံသို့ လွင့်ပျံသွားပြီး တံခွန်က ပြန်လည် ဆွဲယူခြင်း မပြုနိုင်မီမှာပင် ဓားသွားအရှိန်ကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားခြင်း ဖြစ်သည်။
ထိုလက်မောင်း ပိုင်ရှင်မှာ သွေးမည်း မိစ္ဆာ ဘုရင်မှလွဲ၍ အခြားသူ မဟုတ်ပေ။
သွေးမည်း မိစ္ဆာ ဘုရင်သည် အံ့သြတကြီးဖြင့် နင်ချီ့ကို ကြည့်ပြီး စူးရှစွာ အော်ဟစ်လိုက်သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ..နတ်ဘုရား စွမ်းအား နယ်ပယ် ကို ရောက်သွားပြီလား။ ဘာလို့ ဒီလောက် သန်မာနေရတာလဲ"
ဖြူဖျော့နေသော မျက်နှာဖြင့် ရောင်စုံ ဓားချီများကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေ၏။ ဓားချီများသည် ရုတ်တရက် ပေါင်းစပ်သွားပြီး သူ့ နတ်ဘုရား နည်းစနစ် အကြမ်းထည်ပင် မယှဉ်နိုင်သော အထွတ်အထိပ် စွမ်းအားကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ အလစ်အငိုက် မိသွားသဖြင့် လက်တစ်ဖက် ပြတ်သွားရုံသာမက၊ မိစ္ဆာ တံခွန်ပါ တစ်ဝက်တိတိ ပြတ်တောက်သွားခဲ့ရသည်။
လိပ်အိုကြီးက တဟားဟား ရယ်မောလိုက်ပြီး အစိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်ကာ တောင်ပင်လယ် နတ်ဘုရား အရှင်မကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။ တောင်ပင်လယ် နတ်ဘုရား အရှင်မ ထိတ်လန့်သွားပြီး သွေးမည်း မိစ္ဆာ ဘုရင်ကို သွားကူညီရန် ကြိုးစားသော်လည်း ရုန်းထွက်၍ မရနိုင်တော့ပေ။ လိပ်အိုကြီးသည် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်းမှ လာသူ ဖြစ်ပြီး၊ သူမကတော့ တောင်နှင့် ပင်လယ် နယ်မြေက ပေးသနားထားသော အင်မော်တယ် လမ်းစဉ် နည်းစနစ်များကို အသုံးပြုနေရသူ ဖြစ်ရာ အသာစီး မရနိုင်ပေ။
"လိပ်အိုကြီး... ထွက်သွားစမ်း" သူမ ဒေါသတကြီး ဆဲဆိုလိုက်သည်။
သို့သော် ကွေ့ချန်ချင်းက ရွှင်မြူးစွာ ရယ်မောလိုက်သည်။
"သတ္တိရှိရင် ကျုပ်ရဲ့ လိပ်ခွံကို ခွဲကြည့်လေ"
အစကတည်းက အရေးနိမ့်နေသော မဟာယန် သိုင်းသူတော်စင်သည်လည်း မှင်သက်သွားပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ကောင်းကင်ဘုံက ငါတို့ သိုင်းကမ္ဘာကို မစွန့်ပစ်သေးဘူးပဲ။ ကောင်းကင်ဘုံက ငါတို့ကို မစွန့်ပစ်ဘူးဟေ့။ သိုင်းသူတော်စင် ကောင်းကင်ဘုံဓားသခင်... တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်ပါလားကွ"
နင်ချီ၏ စွမ်းအားကြောင့် သိုင်းကမ္ဘာဘက်တော်သားများ၏ စိတ်ဓာတ်များ မြင့်တက်လာကြပြီး၊ သစ္စာဖောက်များမှာမူ ရင်ထဲတွင် လေးလံသွားကြ၏။
အကယ်၍ နင်ချီသာ သွေးမည်း မိစ္ဆာ ဘုရင်ကို အရင် ရှင်းပစ်လိုက်ပြီး လက်လွတ်သွားပါက၊ တိုက်ပွဲ အခြေအနေ တစ်ခုလုံး ပြောင်းပြန် လှန်သွားနိုင်ပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်၊ ဒီရေ ပြောင်းလဲသွားလေ၏။
တစ်ခဏအတွင်း နောက်ထပ် ဓာတ်ကြီးငါးပါး ဓားချီ တစ်ခု ခုတ်ပိုင်းချလိုက်သည်။ နင်ချီသည် ကမ္ဘာ့ဆန္ဒ၏ ကောင်းချီးကို နားလည်သဘောပေါက်ထားပြီး ဖြစ်ရာ ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်နိုင်ပြီ ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ တကယ်ကို ကြီးမားလွန်းလှသည်။ သွေးမည်း မိစ္ဆာ ဘုရင် အော်ဟစ်လိုက်ပြီး လျင်မြန်စွာ နောက်ဆုတ်ကာ သွေးများ အဆက်မပြတ် အန်ချနေရသည်။ သူ့သွေးမည်း တံခွန်ကြီး ဖောင်းပွလာပြီး ဓားချီကို ဝါးမြိုရန် ကြိုးစားလိုက်သည်။
သို့သော် အချည်းနှီးသာ။
ဓားတစ်ချက် ခုတ်လိုက်သည်နှင့် မိစ္ဆာ တံခွန်ကြီး အမှုန့်အမွှား ဖြစ်သွားပြီး၊ မည်းနက်သော တိမ်တိုက်များနှင့် သွေးမိုးရေများသည် ဓားသွားအရှိန်ကြောင့် လွင့်စင်ပျောက်ကွယ်သွားရလေသည်။
သွေးမည်း မိစ္ဆာ ဘုရင်သည် ထိုဓားချက်အောက်တွင် သေဆုံးတော့မည့်ဆဲဆဲ အချိန်၌၊ ကောင်းကင်ထိုး ဓားချီ တစ်ခု ခုတ်ပိုင်းချလာသည်။ လူ့ဘီလူးကြီးသည် ဓားကြီးကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ဝင်ရောက် တားဆီးလိုက်ခြင်းပင်။
အရေးကြီးသော အချိန်တွင် ကောင်းကင်သတ် သိုင်းသူတော်စင် ဝင်ရောက် စွက်ဖက်လိုက်ခြင်းပင်။
သူသည် မဟာယန် သိုင်းသူတော်စင်နှင့် တိုက်ခိုက်နေရင်းမှ အတင်းအဓမ္မ ရုန်းထွက်လာပြီး၊ နင်ချီ၏ ရောင်စုံ ဓားချီကို အချိန်မီ ပိတ်ဆို့လိုက်နိုင်ခြင်း ဖြစ်သည်။
ကောင်းကင်သတ် သိုင်းသူတော်စင်သည် နင်ချီ့ကို စိုက်ကြည့်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"ငါ မင်းကို လျှော့တွက်မိတာပဲ။ အဲဒီတုန်းက မင်း အစွမ်းကုန် မထုတ်ခဲ့ဘူး ဆိုတာ သေချာသွားပြီ"
သူ သဘာဝကျကျပင် မသိနိုင်ပေ။ နင်ချီသည် အချိန်တိုအတွင်း တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ အစစ်အမှန်သိုင်းတောင်တွင် ရှိစဉ်က အစွမ်းကုန် မထုတ်ခဲ့သော်လည်း ယခု စွမ်းအားက ထိုအချိန်ကထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သူ မသိနိုင်ပေ။
နင်ချီ တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
"ခင်ဗျား မှားယွင်းတဲ့ လမ်းကို ရွေးလိုက်မိပြီ... နှမြောစရာပဲ"
ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအလင်းတန်းများ ထွက်ပေါ်လာ၏။
"ဘယ်သူက မှားယွင်းတဲ့ လမ်းကို ရောက်နေလဲ ဆိုတာ မသေချာသေးပါဘူးကွ"
ကောင်းကင်သတ် သိုင်းသူတော်စင်၏ အရှိန်အဝါများ တစ်ဖန် မြင့်တက်လာ၏။
"ကောင်းကင်သတ်"
ကောင်းကင်ထိုး ဓားချီနှင့် ရောင်စုံ ဓားချီတို့ ထိပ်တိုက် တွေ့ဆုံသွားကြရာ ကြောက်မက်ဖွယ် လှိုင်းတံပိုးများ ပျံ့နှံ့သွားပြီး အခြား အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများပင် စိုးရွံ့သွားကြရသည်။ သူတို့နှစ်ဦးသည် တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်၏ အကန့်အသတ်ကို ကျော်လွန်နေကြပြီ ဖြစ်သည်။ ကောင်းကင်သတ် သိုင်းသူတော်စင်သည် နတ်ဘုရား စွမ်းအား နယ်ပယ်သို့ မရောက်သေးသော်လည်း တောင်နှင့် ပင်လယ် နယ်မြေက ပေးသနားထားသော လျှို့ဝှက်နည်းစနစ်များ၏ အကူအညီဖြင့် နတ်ဘုရား စွမ်းအား နယ်ပယ် အဆင့်ရှိသော စွမ်းအားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
နင်ချီ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းများ တောက်ပနေလေ၏။
သူက ကူညီရန် ပြင်နေသော မဟာယန် သိုင်းသူတော်စင်ကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျား တစ်ဖက်ကို သွားကူလိုက်ပါ"
စကားဆုံးသည်နှင့်၊ ရောင်စုံ ဓားချီသည် ငါးခု ကွဲထွက်သွားပြီး ဓားချီ ငါးခုအဖြစ် ပြန်လည် ပြောင်းလဲသွား၏။ သို့သော်၊ မပြီးဆုံးသေးပေ။ ဓားချီ ငါးခုသည် ထပ်မံ ကွဲထွက်သွားပြီး ထောင်သောင်းချီသော ဓားချီများ ဖြစ်ပေါ်လာကာ ချက်ချင်းပင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော ဓားအခင်းအကျင်းကြီး တစ်ခုကို ဖန်တီးလိုက်တော့သည်။
ဓားအခင်းအကျင်းကြီးသည် ကောင်းကင်သတ် သိုင်းသူတော်စင်၊ သွေးမည်း မိစ္ဆာ ဘုရင်နှင့် တောင်ပင်လယ် နတ်ဘုရား အရှင်မ တို့ကို ဝိုင်းရံပိတ်ဆို့လိုက်သည်။
နင်ချီသည် တစ်ယောက်တည်းဖြင့် သုံးယောက်ကို ရင်ဆိုင်ရန် ကြံစည်နေခြင်း ဖြစ်ချေသည်။