စကြဝဠာကို ဖိနှိပ်ခြင်း
Vol. 30 Ch. 437
~ကောင်းကင်ယံတွင် ရောင်စုံ ဓားချီစီးကြောင်းများ စုဝေးလာကြပြီး၊ လျှို့ဝှက်နက်နဲသော ပုံစံဖြင့် စတင် လည်ပတ်နေလေ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြီးမားလှသော ဓားအခင်းအကျင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအခင်းအကျင်းသည် ပြင်းထန်သော ထက်ရှမှုများနှင့် ပြည့်နှက်နေပြီး ဓာတ်ကြီးငါးပါး စွမ်းအားများ ကိန်းအောင်းနေရာ မည်သူ့ကိုမဆို ကျောချမ်းသွားစေနိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေလေသည်။
မဟာယန် သိုင်းသူတော်စင်သည် ဓားအခင်းအကျင်း အတွင်း၌ ပိတ်မိနေသော ကောင်းကင်သတ် သိုင်းသူတော်စင် တို့ `(၃)` ဦးကို ကြည့်ပြီး အံ့အားသင့်နေမိ၏။
ကောင်းကင်သတ် သိုင်းသူတော်စင်သည် နင်ချီ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်ကို မြင်လိုက်ရသောအခါ၊ သူသည် ချက်ချင်း သွားရောက် ကူညီရန် ပြင်ဆင်ခဲ့သော်လည်း၊ ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ကွေ့ချန်ချင်းက တဟားဟား ရယ်မောလိုက်သည်။
"အစ်ကိုကြီး လီ .. ခန်းမဆောင် သခင်ကို ယုံကြည်လိုက်ပါ။ ဟိုဘက်ခြမ်းက ပြဿနာတွေကို သွားရှင်းလိုက်ကြရအောင်"
ကွေ့ချန်ချင်းသည် နင်ချီ့ကို အကြွင်းမဲ့ ယုံကြည်မှု ရှိလေသည်။ နင်ချီသည် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း၏ အရည်အချင်း ပြည့်မီသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်သည် မဟုတ်ပါလော။ အတိတ်ကာလ အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း အထွတ်အထိပ် ရောက်ခဲ့စဉ်က ဆိုလျှင် နင်ချီသည် ယခုခေတ်၏ တာအိုဆရာ အဆင့်အတန်းမျိုး ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက မိမိကိုယ်ကို ပြိုင်ဘက်ကင်းဟု ကြေညာရဲသည်မှာ ဟာသလုပ်နေခြင်း မဟုတ်ကြောင်း၊ နယ်ပယ်ကျော် တိုက်ခိုက်ခြင်း ဆိုသည်မှာ ထမင်းစား၊ ရေသောက်သကဲ့သို့ လွယ်ကူကြောင်း သူ ကောင်းကောင်း သိထားသည်။
မဟာယန် သိုင်းသူတော်စင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ ကွေ့ချန်ချင်းက နင်ချီ့ကို ဆက်ဆံသည့် ပုံစံတွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိနေကြောင်း သူ ရိပ်မိလိုက်သည်။
အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး `(၂)` ဦးသည် ချက်ချင်းပင် အခြား စစ်မြေပြင်ဆီသို့ ဦးတည် သွားလိုက်ကြ၏။
လူရိုင်းဧကရာဇ်နှင့် အခြား သစ္စာဖောက်များ အားလုံး မျက်လုံးအိမ် ကျဉ်းမြောင်းသွားကြပြီး မျှော်လင့်ချက်မဲ့သော အကြည့်များ ဖြစ်ပေါ်လာကြ၏။ မဟာယန် သိုင်းသူတော်စင်နှင့် လိပ်အိုကြီးသာ ဒီဘက်ကို ရောက်လာခဲ့လျှင် သူတို့အနေဖြင့် ခုခံနိုင်စွမ်း လုံးဝ ရှိတော့မည် မဟုတ်ပေ။
ထိုအခိုက်အတန့်၌၊ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကောင်းကင်သတ် သိုင်းသူတော်စင်တို့ `(၃)` ဦးက နင်ချီ့ကို အမြန်ဆုံး နှိမ်နင်းပြီး သူတို့ကို လာရောက် ကူညီရန်သာ ရှိတော့သည်။
မျှော်လင့်ချက် အကြည့်များသည် ဓားအခင်းအကျင်းဆီသို့ ရောက်ရှိသွားကြ၏။
သွေးမည်း မိစ္ဆာ ဘုရင်သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မနည်း ထိန်းထားရသည်။ ဝိညာဉ်ဆေးလုံးများနှင့် အဖိုးတန် ဆေးဝါးများကို မနားတမ်း မျိုချနေရပြီး၊ သူ့အခြေအနေကို `(၆၀-၇၀)` ရာခိုင်နှုန်းခန့် ရောက်အောင် အနိုင်နိုင် ထိန်းထားရသည်။ ပတ်ဝန်းကျင်ရှိ ဓားအခင်းအကျင်း၏ ပြိုင်ဘက်ကင်း ထက်ရှမှုကို အာရုံခံမိလိုက်သောအခါ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသော်လည်း၊ တောင်ပင်လယ် နတ်ဘုရား အရှင်မနှင့် ကောင်းကင်သတ် သိုင်းသူတော်စင်တို့ကို မြင်လိုက်ရမှ အနည်းငယ် စိတ်သက်သာရာ ရသွား၏။
"ကောင်းကင်သတ်... နဝ်ဘုရားအရှင်မ... ဒီ မောက်မာတဲ့ ကောင်စုတ်လေးကို ဝိုင်းပြီး ဖိနှိပ်ပစ်လိုက်ကြစို့"
ပြတ်တောက်သွားသော လက်မောင်းမှ နာကျင်မှုများ လှိုင်းထသကဲ့သို့ ခံစားနေရသဖြင့် သူ့မျက်နှာထား အနည်းငယ် ရှုံ့မဲ့နေလေ၏။
တောင်ပင်လယ် နတ်ဘုရား အရှင်မ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေဆဲ။
သူမ၏ စွမ်းအားသည် ကြီးမားလှပြီး၊ မဟာယန် သိုင်းသူတော်စင်နှင့် ကောင်းကင်သတ် သိုင်းသူတော်စင်တို့၏ အောက်တွင်သာ ရှိသည်။ သို့သော် ယခုအချိန်၌ သူမသည် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။ လေထဲတွင် ဝဲပျံနေသော ဓားများသည် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို စူးရှစွာ ထိုးစိုက်နေသကဲ့သို့ ခံစားရပြီး၊ ဝိညာဉ်ပင် တုန်လှုပ်နေရသည်။
သူမသည် ကောင်းကင်သတ် သိုင်းသူတော်စင်ကို လှမ်းကြည့်လိုက်သည်။
"ဒီ ဓားအခင်းအကျင်းက သာမန် မဟုတ်ဘူး ပူးပေါင်းပြီး တိုက်ခိုက်တာက အကျိုးမရှိဘဲ အန္တရာယ် ပိုများလိမ့်မယ်။ ဖောက်ထွက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ တစ်ယောက် တစ်နေရာစီ ခွဲပြီး တိုက်ခိုက်မှ ရမယ် ထင်တယ်"
ကောင်းကင်သတ် သိုင်းသူတော်စင်သည် မိုးနှင့် မြေကြားတွင် မျောလွင့်လျက် ရှိနေလေ၏။ သူသည် ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်း၏ အားနည်းချက်ကို ခွဲခြမ်းစိတ်ဖြာနေသော်လည်း ပိုကောင်းသော အဖြေ မတွေ့သေးပေ။
ထိုစကားကို ကြားလိုက်ရသောအခါ ,..
သွေးမည်း မိစ္ဆာ ဘုရင် မျက်နှာ ပျက်သွား၏။ သူ့အခြေအနေက အကောင်းဆုံး အချိန် မဟုတ်တော့ပေ။ မူလက တောင်ပင်လယ် နတ်ဘုရား အရှင်မနှင့် ကောင်းကင်သတ် သိုင်းသူတော်စင်တို့က သူ့ကို အကာအကွယ် ပေးထားနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း၊ ယခု တစ်ကိုယ်တော် လွတ်မြောက်ရန် ကြိုးစားရမည် ဆိုသော အစီအစဉ်က သူ့ကို စိတ်မလုံမလဲ ဖြစ်စေသည်။
သို့သော် သူ စကားမပြောလိုက်နိုင်မီမှာပင်၊
ကောင်းကင်သတ် သိုင်းသူတော်စင်နှင့် တောင်ပင်လယ် နတ်ဘုရား အရှင်မတို့သည် ဓားအခင်းအကျင်း၏ တောင်ဘက်နှင့် မြောက်ဘက် အစွန်းနှစ်ဖက်ဆီသို့ အော်ဟစ်ကာ ပြေးထွက်သွားကြပြီ ဖြစ်သည်။
လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအလင်းတန်းကြီးသည် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး၊ ကမ္ဘာကြီးကို တုန်လှုပ်စေသော စွမ်းအားဖြင့် ဓားအခင်းအကျင်း၏ အခက်အခဲကို ချေမှုန်းရန် ကြိုးစားလိုက်သည်။ တဆက်တည်းမှာပင် တောင်ပင်လယ် နတ်ဘုရား အရှင်မသည် လက်တစ်ထောင် ဗောဓိသတ္တကို ထပ်မံ ဆင့်ခေါ်လိုက်ပြီး၊ လက်နက်များကို ကိုင်ဆောင်ကာ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ထုနှက်တိုက်ခိုက်လိုက်သည်။
သူတို့၏ အစီအစဉ်က ရိုးရှင်းသည်။
ဓားအခင်းအကျင်း အပြည့်အဝ မဖွဲ့စည်းမီ ရိုက်ချိုးဖျက်ဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အကယ်၍ အပြည့်အဝ ဖွဲ့စည်းသွားပါက ကြောက်မက်ဖွယ် ကောင်းသော နိဂုံးနှင့် ရင်ဆိုင်ရမည်ကို သူတို့ စိုးရိမ်နေကြ၏။
သွေးမည်း မိစ္ဆာ ဘုရင် အံကြိတ်လိုက်သည်။ နောက်ဆုံးတွင် တစ်ယောက်တည်း ရင်ဆိုင်ရန် သတ္တိမရှိသဖြင့် သွေးမည်း မိစ္ဆာ တံခွန်ကို ကိုင်ဆောင်ပြီး ကောင်းကင်သတ် သိုင်းသူတော်စင်၏ နောက်မှ လိုက်ပါရန် ရွေးချယ်လိုက်ရသည်။
ကောင်းကင်သတ် သိုင်းသူတော်စင်က သူ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သော်လည်း ဓားကို ဆက်လက် ဝှေ့ယမ်းနေဆဲပင်။
`ဝုန်း... ဝုန်း... ဝုန်း`
ပေါက်ကွဲသံများသည် ဆက်တိုက် ထွက်ပေါ်နေပြီး လူတိုင်းကို ထိတ်လန့်သွားစေသည်။
ကောင်းကင်သတ် သိုင်းသူတော်စင်တို့ `(၃)` ဦးသည် သိုင်းသူတော်စင် ကောင်းကင်ဘုံဓားသခင်၏ ဓားအခင်းအကျင်းကို အလွန်အမင်း ကြောက်ရွံ့နေကြကြောင်း လူတိုင်း သဘောပေါက်လိုက်ကြ၏။
တိုက်ပွဲ၏ အဆုံးအဖြတ်သည် ဤနေရာတွင် ရှိနေလေ၏။
သို့သော် အားလုံး အံ့အားသင့်သွားကြ၏။
ဓားအခင်းအကျင်းသည် ရောင်စုံ အလင်းတန်းများ ထုတ်လွှတ်နေပြီး၊ ကောင်းကင်သတ် သိုင်းသူတော်စင်တို့ `(၃)` ဦး မည်မျှပင် ပြင်းထန်စွာ တိုက်ခိုက်ပါစေ၊ အနည်းငယ်မျှပင် ယိမ်းယိုင်ခြင်း မရှိပေ။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သွေးမည်း မိစ္ဆာ ဘုရင် ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေ၏။ ဓားအခင်းအကျင်း၏ နောက်ကွယ်တွင် ရောင်စုံ ဓားချီများ စုဝေးနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ စောစောက ထိုကဲ့သို့ ဓားချီ တစ်ချက်တည်းနှင့်ပင် သူ့လက်မောင်း ပြတ်တောက်သွားပြီး သေလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
အခုတော့၊
အဲဒီလို ရောင်စုံ ဓားချီတွေက တစ်ခုမက ရှိနေတာလား။
နင်ချီသည် လေထဲတွင် အေးဆေးစွာ ရပ်နေပြီး၊ သူ့အကြည့်များက လောကီအာရုံ ကင်းမဲ့နေလေ၏။ လက်ဖြင့် ဓားသိုင်းကွက် ကို ပုံဖော်လိုက်သည်။
အစစ်အမှန်သိုင်းဓားမှ ဆင့်ပွားရယူထားသော ဤ ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်းသည် လက်ရှိတွင် သူ့အတွက် အသန်မာဆုံး တိုက်ကွက် ဖြစ်သည်။ အသစ် နားလည်သဘောပေါက်ထားသော ဓာတ်ကြီးငါးပါး ဓားချီများနှင့် ပေါင်းစပ်လိုက်သောအခါ စွမ်းအားမှာ ကြောက်ခမန်းလိလိ ဖြစ်သွား၏။
အရာအားလုံးသည် လျှပ်တစ်ပြက် အတွင်း ဖြစ်ပျက်သွား၏။
ခဏတာ အတွင်းမှာပင် ကောင်းကင်သတ် သိုင်းသူတော်စင်တို့ `(၃)` ဦးသည် အကြိမ်ရာချီ တိုက်ခိုက်ခဲ့သော်လည်း အားလုံးကို ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်းက ပိတ်ဆို့ထားလိုက်သည်။
ယခုမူ၊ ဓားအခင်းအကျင်းကြီး အပြည့်အဝ ဖွဲ့စည်းသွားပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကြီးမားသော ကြောက်ရွံ့မှုကြီး တစ်ခု သူတို့ `(၃)` ဦးကို လွှမ်းခြုံသွား၏။
ကောင်းကင်သတ် သိုင်းသူတော်စင်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွား၏။ သူ့၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ပုံမှန် အရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားပြီး၊ ဓားအလင်းတန်းများက သူ့ကိုယ်ကို အလွှာလိုက် ကာကွယ်ထားလိုက်သည်။ တချိန်တည်းမှာပင် တောင်ပင်လယ် နတ်ဘုရား အရှင်မ၏ မျက်လုံးအိမ်များလည်း ပြင်းထန်စွာ တွန့်ချိုးသွားပြီး၊ လက်တစ်ထောင် ဗောဓိသတ္တသည် တိုက်ခိုက်မှုကို ရပ်တန့်ကာ လက်မောင်းများကို ရင်ဘတ်ရှေ့တွင် ယှက်တင်လျက် ကာကွယ်လိုက်သည်။
သွေးမည်း မိစ္ဆာ ဘုရင်၏ တုံ့ပြန်မှုက တစ်ချက် နောက်ကျသွား၏။
သူသည် ကောင်းကင်သတ် သိုင်းသူတော်စင်နှင့် ပူးပေါင်းပြီး၊ စုတ်ပြတ်နေသော သွေးမည်း မိစ္ဆာ တံခွန်ဖြင့် သွေးမိုးရေများ ရွာသွန်းကာ ဓားအခင်းအကျင်းကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခဲ့သည်။ ကောင်းကင်သတ် သိုင်းသူတော်စင် ရုတ်တရက် ဆုတ်ခွာသွားသည်ကို သတိမထားမိလိုက်။ သတိရသောအခါ ဒေါသတကြီး ဆဲဆိုလိုက်ပြီး၊ မိစ္ဆာ တံခွန်ကို ကာကွယ်ရေးအဖြစ် ပြောင်းလဲရန် ကြိုးစားသော်လည်း နောက်ကျသွားချေပြီ။
အသက်ရှူကြပ်မတတ် ခံစားမှုကြီး တိုးဝင်လာ၏။
ရောင်စုံ ဓားချီများ ကျဆင်းလာ၏။
တစ်ချောင်းချင်းစီသော ဓားချီများတွင် ယခင်ကကဲ့သို့ စွမ်းအား မပါဝင်သော်လည်း၊ အရေအတွက် များပြားလွန်းခြင်း၊ ဓာတ်ကြီးငါးပါး လည်ပတ်နေခြင်းနှင့် အဆုံးမဲ့ ပြန်လည် ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဓားချီများသည် မိုးရေစက်များပမာ ရွာသွန်းကျလာ၏။
သူတော်စင် အားလုံး မှင်သက်သွားကြ၏။
ဒါသာ နတ်ဘုရား နည်းစနစ် မဟုတ်ရင် ဘာဖြစ်မလဲ။
သွေးမည်း မိစ္ဆာ ဘုရင် စူးရှစွာ အော်ဟစ်လိုက်သည်။
"ကောင်းကင်သတ်... ငါ့ကို ကယ်ပါဦး"
အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ဓားချီများသည် စုတ်ပြတ်နေသော မိစ္ဆာ တံခွန်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး၊ ယခင်ကတည်းက ဒဏ်ရာ အပြင်းအထန် ရရှိထားသော သွေးမည်း မိစ္ဆာ ဘုရင်ကို ဝါးမြိုသွားလေသည်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဓားချီများကို သူ ဘယ်လိုမှ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။