← Chapters

တာအိုတစ်သောင်း ဆင့်ကဲပြောင်းလဲခြင်း

Vol. 30 Ch. 441

တာအိုတစ်သောင်း ဆင့်ကဲပြောင်းလဲခြင်း

Vol. 30 Ch. 441

~မိစ္ဆာနက် ဂိုဏ်းသားများ၏ မျက်လုံးများတွင် စိတ်အားထက်သန်သော မီးတောက်များ လောင်ကျွမ်းနေလေ၏။

ကမ္ဘာငယ်လေး တစ်ခုကို စစ်ချီခြင်း ဆိုသည်မှာ တကယ့် ရွှေတွင်းကြီးကို တွေ့လိုက်ရသကဲ့သို့ပင်။ အန္တရာယ် သိပ်မကြီးသော်လည်း အကျိုးအမြတ်ကတော့ မက်လောက်စရာ ကောင်းလှသည်။

ကမ္ဘာငယ်လေး အတွင်းရှိ အသန်မာဆုံး ပုဂ္ဂိုလ်များ ဆိုလျှင်တောင် အလွန်ဆုံး မှော်စွမ်းအင် နယ်ပယ် အဆင့်သာ ရှိကြ၏။ ကျားဇီ ၁၆၇၃ ကမ္ဘာက အကန့်အသတ် အနည်းငယ် ပိုမြင့်သည် ဆိုဦးတော့... မိစ္ဆာနက် ဂိုဏ်း၏ အင်အားကြီးမားသော တပ်မတော်ကြီး ရှေ့မှောက်တွင် ဘာလုပ်နိုင်မည်နည်း။

ကံကောင်း၍ စစ်ပွဲအတွင်း စွမ်းဆောင်ရည် ပြသနိုင်ခဲ့လျှင် တောင်နှင့် ပင်လယ် နယ်မြေ၏ ကောင်းချီးစွမ်းအား အနည်းငယ်ကိုပင် ခွဲဝေရရှိနိုင်သေးသည်။ ဘဝ ပြောင်းလဲသွားမည့် အခွင့်အရေးပင်။ အတိတ်ကာလက ထိုသို့သော ဥပမာများ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည် မဟုတ်ပါလော။

ထို့ကြောင့်။

မိစ္ဆာနက် ဂိုဏ်းသားတိုင်း မျှော်လင့်ချက်များ ပြည့်နှက်နေပြီး၊ တစ်ဦးနှင့် တစ်ဦး ပြိုင်ဆိုင်လိုသော အကြည့်များဖြင့် ကြည့်ရှုနေကြ၏။

မိစ္ဆာနက် ဂိုဏ်း၏ အတွင်းစည်း တပည့် တစ်သိန်းကျော်နှင့် တပည့်အရင်း ငါးထောင်ကျော် ရှိရာ၊ ထက်ဝက်ကျော်ခန့်သာ စစ်ချီခွင့် ရရှိမည် ဖြစ်သည်။ ဂိုဏ်း၏ စည်းမျဉ်းအရ သန်မာသူသာ အခွင့်အရေး ရနိုင်မည် ဖြစ်သည်။

အနည်းငယ်သော သတင်းအချက်အလက် ကြွယ်ဝသူများကသာ ကျားဇီ ၁၆၇၃ ကမ္ဘာသည် ရိုးရှင်းမည့်ပုံ မပေါ်ကြောင်း သိရှိထားကြ၏။

သူတို့သည် စိတ်လှုပ်ရှားနေသလို သတိလည်း ထားနေကြ၏။ ဒီတစ်လ အတွင်း သေချာ ပြင်ဆင်မှုများ ပြုလုပ်ရန်၊ အသက်ကယ် နတ်ဘုရား နည်းစနစ်များ သင်ယူရန်နှင့် သင့်တော်သော မှော်ရတနာများ ဝယ်ယူရန် စီစဉ်နေကြ၏။

အစစ်အမှန် ဧကရာဇ် မိစ္ဆာနက် သည် တပည့်များ၏ တက်ကြွနေမှုကို ကြည့်ပြီး ကျေနပ်အားရနေလေ၏။

ထို့နောက်။

သူ့မျက်နှာပေါ်မှ အပြုံး ရေးရေးလေး ပျောက်ကွယ်သွား၏။ အစစ်အမှန် ဧကရာဇ် မီးတောက်နက် ကို ကြည့်ပြီး ဖျော့တော့စွာ ပြုံးလျက် မေးလိုက်သည်။

"ကြားတာတော့... ကျားဇီ ၁၆၇၃ ကမ္ဘာမှာ ဂျူနီယာ ညီလေး မီးတောက်နက်ရဲ့ အစီအစဉ် ပျက်စီးသွားတယ် ဆို "

အစစ်အမှန် ဧကရာဇ် မီးတောက်နက် ရင်တုန်သွားပြီး ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

"ဂိုဏ်းချုပ် အစ်ကိုကြီး ခင်ဗျာ... နားလည်ပေးပါ ဗျ။ ကျွန်တော်က ကိုယ်ပိုင်သဘောနဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ရပါဘူး ခင်ဗျာ။ ဂိုဏ်းရဲ့ စစ်ချီမှုအတွက် ကြိုတင် ပြင်ဆင်ပေးချင်တဲ့ စေတနာသက်သက်ပါပဲ ခင်ဗျ"

အစစ်အမှန် ဧကရာဇ် မိစ္ဆာနက်က ပြုံး၍ လက်ကာပြလိုက်သည်။

"စိတ်လှုပ်ရှားမနေပါနဲ့ ဂျူနီယာ ညီလေးရယ်။ အစ်ကိုကြီးက မင်းကို ယုံပါတယ် ကွ"

သို့သော် သူ့အပြုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ပါဝင်နေလေ၏။

ဘေးပတ်ဝန်းကျင်ရှိ မူလဝိညာဉ် နယ်ပယ် အဆင့် အစစ်အမှန် ဧကရာဇ်များသည် ခေါင်းငုံ့ပြီး တိတ်ဆိတ်နေကြ၏။ ဂိုဏ်းချုပ်ကြီးသည် သူ့ကွယ်ရာတွင် တိတ်တဆိတ် ကြံစည်သည်ကို အမုန်းဆုံး ဖြစ်ကြောင်း မည်သူမဆို သိကြ၏။ ယခင်က မူလဝိညာဉ် နယ်ပယ် အကြီးအကဲ တစ်ဦးသည် မူလသံလိုက် မိစ္ဆာ အလင်းတန်း ဖြင့် ဝိညာဉ်ပါ မကျန် ဖျက်ဆီးခံခဲ့ရဖူးသည် မဟုတ်ပါလော။

အစစ်အမှန် ဧကရာဇ် မီးတောက်နက်၏ ကျောပြင်တွင် ချွေးစေးများ စီးကျလာ၏။

သူ အံကိုတင်းတင်း ကြိတ်လိုက်ပြီး စူးရှသော အသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ် အစ်ကိုကြီး ခင်ဗျာ... ဒီတစ်ခါ ကျားဇီ ၁၆၇၃ ကမ္ဘာကို စစ်ချီတဲ့အခါ... ကျွန်တော့် မူလဝိညာဉ် ထွက်ခွာပြီး တပ်မတော်ကို ဦးဆောင် တိုက်ခိုက်ခွင့် ပြုပါ ခင်ဗျ"

အစစ်အမှန် ဧကရာဇ် မီးတောက်နက်က ကြီးမားသော ဆုံးဖြတ်ချက် တစ်ခု ချလိုက်ခြင်းပင်။

မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ်များ အံ့အားသင့်သွားကြ၏။ ကမ္ဘာငယ်လေး တစ်ခု၏ အကျိုးအမြတ်သည် ဤမျှ စွန့်စားရလောက်အောင် မတန်ပေ။ မူလဝိညာဉ် ထွက်ခွာခြင်းသည် အမှားအယွင်း တစ်ခုခု ဖြစ်ပါက ပြန်လမ်းမရှိ သေဆုံးသွားနိုင်သည် မဟုတ်ပါလော။

မည်သည့် မူလဝိညာဉ် နယ်ပယ် ဧကရာဇ်မှ ပေါ့ပေါ့တန်တန် မလုပ်ရဲကြပေ။

သူတို့ကတော့ အစစ်အမှန် ဧကရာဇ် မီးတောက်နက်သည် ဂိုဏ်းချုပ်ကြီး၏ ဖိအားပေးမှုကြောင့် ဤသို့ ရွေးချယ်လိုက်ရသည်ဟု ထင်မှတ်နေကြ၏။

အစစ်အမှန် ဧကရာဇ် မိစ္ဆာနက် ခေတ္တမျှ အံ့သြသွားပြီးနောက် ပြုံး၍ ပြောလိုက်သည်။

"ဂျူနီယာ ညီလေး... ဘာလို့ ဒီလောက်ထိ လုပ်ချင်ရတာလဲ ကွ"

အစစ်အမှန် ဧကရာဇ် မီးတောက်နက်က လေးစားစွာ ဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ် အစ်ကိုကြီး တားမနေပါနဲ့တော့ ဗျာ... ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ ခင်ဗျ။ ဒီတစ်ခါ ကျွန်တော်တို့ မိစ္ဆာနက် ဂိုဏ်းအတွက် ကျားဇီ ၁၆၇၃ ကမ္ဘာကို မဖြစ်မနေ သိမ်းပိုက်ပေးပြီး... အထက်တန်းစား ဂိုဏ်း ဖြစ်လာဖို့ အုတ်မြစ်ချပေးပါရစေ "

လူတိုင်း စိတ်လှုပ်ရှားသွားကြ၏။

အထက်တန်းစား ဂိုဏ်း အဆင့်အတန်း ဆိုသည်မှာ ဂိုဏ်း၏ အသန်မာဆုံး ပုဂ္ဂိုလ်က ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ ရောက်ရှိမှသာ ရနိုင်သော အရာ ဖြစ်သည်။ ဤအဆင့် ရောက်သွားပါက တောင်နှင့် ပင်လယ် နယ်မြေ၏ ပေရွှမ် နယ်မြေတွင် ခေါင်းဆောင် ဖြစ်လာနိုင်ပြီး၊ ဝိညာဉ်နယ်မြေ စစ်ပွဲထဲသို့ ခြေလှမ်းလှမ်းနိုင်မည့် မျှော်လင့်ချက် ရှိလာပေမည်။

ဝိညာဉ်နယ်မြေ စစ်ပွဲ အကြောင်း တွေးမိလိုက်သည်နှင့် အားလုံး အသက်ရှူ ရပ်တန့်သွားကြ၏။

၎င်းသည် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ကြီးမားသော ကမ္ဘာစစ်ပွဲကြီး ဖြစ်သည်။ ကမ္ဘာငယ်လေးများကို သိမ်းပိုက်ခြင်းထက် အဆပေါင်းများစွာ အန္တရာယ် များသော်လည်း၊ ရရှိမည့် အကျိုးအမြတ်ကလည်း နှိုင်းယှဉ်၍ မရနိုင်အောင် ကြီးမားသည်။ မဟာစွမ်းအားရှင်များစွာသည် ထိုစစ်ပွဲကြီးများမှတစ်ဆင့် ပေါ်ထွက်လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် လက်ရှိ မိစ္ဆာနက် ဂိုဏ်း အနေဖြင့် ထိုစစ်ပွဲတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသေးပေ။

အစစ်အမှန် ဧကရာဇ် မိစ္ဆာနက်သည် ရင်ထဲမှ စိတ်အားထက်သန်မှုကို မျိုသိပ်လိုက်ပြီး၊ အစစ်အမှန် ဧကရာဇ် မီးတောက်နက်ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ဂျူနီယာ ညီလေး ဆုံးဖြတ်ပြီးပြီ ဆိုမှတော့... အစ်ကိုကြီး မတားတော့ပါဘူး ကွာ။ ဂိုဏ်းအတွက် ဒီလောက် စွန့်စားပေးမယ့် ညီလေးကို အစ်ကိုကြီး ဘယ်တော့မှ မျက်နှာလွှဲ မထားပါဘူး။ ကျားဇီ ၁၆၇၃ ကမ္ဘာကို သိမ်းပိုက်နိုင်ခဲ့ရင်... ညီလေးကို အကြီးမားဆုံး ဆုလာဘ် ပေးပါ့မယ်"

"ပြီးတော့ တောင်နှင့် ပင်လယ် နယ်မြေရဲ့ ကောင်းချီး တစ်စိတ်တစ်ပိုင်းကိုလည်း ညီလေးအတွက် ခွဲဝေပေးပါ့မယ်"

ထိုစကားများအား ကြားလိုက်ရသောအခါ၊ အစစ်အမှန် ဧကရာဇ် မီးတောက်နက်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဝမ်းသာအားရ ဖြစ်သွား၏။

"ကျေးဇူးအထူးတင်ပါတယ်... ဂိုဏ်းချုပ် အစ်ကိုကြီး ခင်ဗျာ"

သို့သော် သူ့စိတ်ထဲတွင်တော့ ရေတွင်းပျက် တစ်ခုကဲ့သို့ တည်ငြိမ်နေလေ၏။ သူ့ မူလဝိညာဉ် ထွက်ခွာရခြင်း၏ အကြောင်းရင်း အမှန်ကို သူ တစ်ယောက်တည်းသာ သိသည်။ အခြားသူများ၏ အမြင်တွင်တော့ သူသည် ဆုလာဘ် ပိုရချင်၍ လောင်းကစား လုပ်နေသည်ဟု ထင်နေကြ၏။

မူလဝိညာဉ် နယ်ပယ် အကြီးအကဲ တစ်ဦးက စိတ်ထဲတွင် ကျိတ်ရယ်နေလေ၏။

'ဒီ မီးတောက်နက် ကောင်က တကယ် ငတုံးပဲ... သတိရှိမှ အသက်ရှည်မယ် ဆိုတာ နားမလည်ဘူးလား။ ဆုလာဘ် ပိုရတော့ရော ဘာထူးမှာလဲ။ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ရောက်သွားမှာမှ မဟုတ်တာ... အလကားပဲ'

သူတို့ကတော့ ဒါကို မိုက်မဲမှုဟု မြင်ကြ၏။

သို့သော် အပြင်ပန်းတွင်တော့ လေးစားအားကျဟန် ပြသနေကြပြီး၊ အစစ်အမှန် ဧကရာဇ် မီးတောက်နက်၏ သစ္စာတရားကို ချီးကျူးနေကြ၏။

နူးညံ့သော အသံ တစ်သံ ထွက်ပေါ်လာပြန်သည်။

"ဂိုဏ်းချုပ် အစ်ကိုကြီး ... ညီမလေးလည်း မူလဝိညာဉ် ထွက်ခွာပြီး စီနီယာ အစ်ကိုကြီး မီးတောက်နက်နဲ့အတူ လိုက်ပါချင်ပါတယ် ရှင့်။ ဒါမှ အမှားအယွင်း မရှိအောင် သေချာမှာပါ ရှင့်"

အစစ်အမှန် ဧကရာဇ် ဇီယွင် ၏ မျက်ဝန်းများထဲတွင် လေးစားမှုများ ပြည့်နှက်နေလေ၏။

သို့သော် သူမ၏ စိတ်ထဲတွင်တော့ တခြား အတွေး တစ်ခု ရှိနေလေ၏။

'မီးတောက်နက်က ဒီလောက် မတုံးပါဘူး။ သူက အမြဲတမ်း ရည်မှန်းချက်ကြီးတဲ့သူလေ... ဂိုဏ်းချုပ်ကြီး ဖိအားပေးလို့ မူလဝိညာဉ် ထွက်ခွာတာတော့ ဘယ်ဟုတ်မလဲ။ ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်။ သူ တစ်ခုခု ရှာတွေ့ထားတာပဲ နေမှာ.. သူ့အစီအစဉ် ပျက်သွားပေမယ့် တခြား သတင်းအချက်အလက်တွေ ရထားပုံရတယ်။ အဲဒါကြောင့် စွန့်စားပြီး သွားချင်နေတာ'

သည်လို အခွင့်အရေးမျိုးအား သူမ လက်လွတ်ခံမည် မဟုတ်ပါ။

မူလဝိညာဉ် နယ်ပယ် အကြီးအကဲများ အားလုံး အံ့အားသင့်သွားကြ၏။

ဒီနှစ်ယောက် ဘာကြံစည်နေကြတာလဲ။

အစစ်အမှန် ဧကရာဇ် မီးတောက်နက်ကတော့ ရင်ထဲတွင် ဒေါသပုန်ထနေလေပြီ။

All Chapters