နယ်ပယ် တစ်ခု၏ အရှင်သခင်... မကြုံစဖူး ထူးခြားသော ပြောင်းလဲခြင်း
Vol. 30 Ch. 443
~"ဒါကို အင်မော်တယ် လမ်းစဉ်ရဲ့ ပထမဆုံး ခြေလှမ်းကို စတင် လျှောက်လှမ်းလိုက်တာလို့ သတ်မှတ်လို့ ရမလား"
နင်ချီ၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေပြီး ပြုံးလိုက်မိ၏။
သူ့ တွက်ချက်မှုများအရ ဆိုလျှင်... ကမ္ဘာကြီးနှင့် ပေါင်းစည်းထားသော နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်သည် အင်မော်တယ် လမ်းစဉ် ကျင့်ကြံခြင်း စနစ် ထက် သက်တမ်း များစွာ ပိုရှည်ပေလိမ့်မည်။ ပထမအဆင့် ဖြစ်သော ပင်မနယ်ပယ်၏ စွမ်းအားသည် မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် တစ်ပါးနှင့်သာ ညီမျှနိုင်သော်လည်း၊ သက်တမ်းမှာမူ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေး တစ်ပါးထက်ပင် ပိုမို ရှည်လျားနိုင်သည်။
တစ်နည်းအားဖြင့် ပြောရလျှင်။
ခေတ်ကာလ တစ်ခုကို ကျော်လွန်ပြီး အသက်ရှင်နိုင်ချေ အများကြီး ရှိသည်။
ဤ အကန့်အသတ်သည် ဝိညာဉ်၏ ခံနိုင်ရည် အစွမ်းသတ္တိအပေါ် မူတည်နေသော်လည်း၊ ပုံမှန်အားဖြင့် ဆိုလျှင် ကမ္ဘာငယ်လေး မပျက်စီးသရွေ့ သူ၏ ဖြစ်တည်မှုသည် ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။
တောက်လျှောက်၊
နင်ချီ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ အင်မော်တယ် ဖြစ်လာရန် ဖြစ်သည်။ ယခုအခါ သူ၏ ပန်းတိုင်ကို စတင် ထိတွေ့ခွင့် ရရှိနေပြီ ဖြစ်သည်။
သို့သော် ဒါသည် အစပဲ ရှိသေးသည်။ မလုံလောက်သေးပေ။
နင်ချီ အသက်ပြင်းပြင်း ရှူလိုက်သည်။
သူ့ရှေ့မှောက်ရှိ သိုင်းကမ္ဘာ ဆန္ဒ ကို စိုက်ကြည့်လိုက်ရာ ၎င်း၏ အသိစိတ်ထံမှ ဝေခွဲမရ ဖြစ်နေသော ခံစားမှုကို ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည်။ စောစောက နင်ချီ တာအိုတစ်သောင်းကို ပုံဖော်ပြသပြီးနောက်၊ ကမ္ဘာ့ဆန္ဒသည် နင်ချီ့ကို သူ့အမျိုးအစားတူ တစ်ခုအဖြစ် သတ်မှတ်လိုက်ပုံရသည်။ ဒါသည် နင်ချီက တာအိုတစ်သောင်းကို ပုံဖော်နိုင်ခဲ့၍ သက်သက် မဟုတ်ဘဲ၊ ကမ္ဘာကြီးနှင့် ပဲ့တင်ထပ်နိုင်ရန် အဆက်မပြတ် ချိန်ညှိနေခဲ့သောကြောင့် ဖြစ်သည်။
သိုင်းကမ္ဘာမှ မွေးဖွားလာသော နောက်ထပ် အသိစိတ် တစ်ခုအလား။
"ငါနဲ့ ပေါင်းစည်းလိုက်စမ်းပါ... ဒါဆိုရင် သိုင်းကမ္ဘာကြီး ထာဝရ တည်တံ့နေလိမ့်မယ်"
နင်ချီ အမှန်တရားကို ပြောပြလိုက်ခြင်းပင်။
"ဝုန်း"
ရုတ်တရက် ဟိန်းညံသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာရာ သူတော်စင် အားလုံး၏ ဝိညာဉ်များ တုန်လှုပ်သွားကြ၏။ ထိုအသံသည် ယခင်က သိုင်းကမ္ဘာ ဆန္ဒ ထုတ်လွှတ်ခဲ့သော လှိုင်းဂယက်များထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူတို့ ထိတ်လန့်သွားကြပြီး ဘယ်က လာမှန်း မသိ ဖြစ်နေကြ၏။
နင်ချီ တစ်ယောက်တည်းသာ သိသည်။
ဒါသည် သိုင်းကမ္ဘာ ကိုယ်တိုင် ဖြစ်ပေသည်။
နောက်ဆုံးတော့... သိုင်းကမ္ဘာ ဆန္ဒ ဆိုသည်မှာ သိုင်းကမ္ဘာက မွေးထုတ်လိုက်သော 'အိမ်တော်ထိန်း' တစ်ဦးမျှသာ ဖြစ်ပြီး၊ သိုင်းကမ္ဘာ ကိုယ်တိုင် မဟုတ်ပေ။ ၎င်း၏ ဖြစ်တည်မှု ရည်ရွယ်ချက်မှာ သိုင်းကမ္ဘာကို ကာကွယ်ရန် ဖြစ်သည်။
ယခုမူ၊ သိုင်းကမ္ဘာ ကိုယ်တိုင်က ပိုမို သင့်တော်သော ဖြစ်တည်မှု တစ်ခုကို အာရုံခံမိသွားပုံရသည်။
ထို့ကြောင့် သဘာဝကျကျ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
သိုင်းကမ္ဘာတွင် အသိစိတ်နှင့် ခံစားချက် မရှိပေ။ ၎င်း၏ တစ်ခုတည်းသော ဗီဇစိတ်မှာ 'တည်ရှိနေရန်'သာ ဖြစ်သည်။ ၎င်း၏ လှုပ်ရှားမှုတိုင်းသည် ဤ အခြေခံ လိုအပ်ချက်အပေါ်တွင် မူတည်နေလေ၏။
ဒါသည် နင်ချီ၏ ရည်ရွယ်ချက်ပင်။ သူသည် သိုင်းကမ္ဘာနှင့် ပိုမို လွယ်ကူစွာ ပေါင်းစည်းနိုင်တော့မည် ဖြစ်သည်။
သိုင်းကမ္ဘာ ဆန္ဒ စတင် တုန်လှုပ်လာ၏။
၎င်းကို မွေးထုတ်ပေးလိုက်သော မိခင် (သိုင်းကမ္ဘာ) ၏ အထွတ်အထိပ် အာဏာစက်ကို ခံစားလိုက်ရသော်လည်း၊ ဗီဇစိတ်အရ ပြန်လည် ခုခံချင်နေလေ၏။ အသိစိတ် တစ်ခု ဖြစ်လာရန် အနိုင်နိုင် ကြိုးစားခဲ့ရသည် မဟုတ်ပါလော။ ယခု ရိုးရှင်းသော ဗီဇစိတ်များသာ ရှိသေးသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ပိုမို သန်မာလာမည် ဖြစ်ပြီး၊ ခံစားချက်နှင့် ဉာဏ်ပညာများပါ ပေါ်ပေါက်လာနိုင်သည်။
၎င်းအနေဖြင့် ယခု ပျောက်ကွယ်သွားရန် သဘာဝကျကျ ဆန္ဒမရှိပေ။
သိုင်းကမ္ဘာ ဆန္ဒသည် တောက်ပစွာ လင်းလက်လာ၏။ အားနည်းနေသော အခြေအနေတွင် ရှိနေသော်လည်း၊ သူ့ရှေ့မှောက်ရှိ ဖြစ်တည်မှုကို သတိထားနေပြီး ဟိန်းဟောက်သံကဲ့သို့ အသံများ အဆက်မပြတ် ထုတ်လွှတ်ကာ နင်ချီ့ကို မောင်းထုတ်ရန် ကြိုးစားနေလေ၏။
သို့သော် နင်ချီ ပြုံးလိုက်သည်။
သိုင်းကမ္ဘာ ဆန္ဒ၏ ဟန်ဆောင်မှုကို သူ မြင်နေရသည်။ သိုင်းကမ္ဘာ ကိုယ်တိုင်၏ ထောက်ပံ့မှု မရှိပါက ၎င်းသည် ရေပေါ်အရုပ် သာ ဖြစ်တော့မည်။
နင်ချီ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
နောက်တစ်ခဏတွင်၊
တာအိုတစ်သောင်းသည် သူ့ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာပြီး၊ အနှစ်သာရ အရှိဆုံး အစိတ်အပိုင်းများ စတင် ပေါင်းစည်းသွားကြ၏။ 'လမ်းစဉ်အားလုံးသည် တစ်ခုတည်းသော အရာမှ မြစ်ဖျားခံသည်' ဆိုသော စကားသည် အလကား ပြောထားခြင်း မဟုတ်ကြောင်း နင်ချီ သက်သေပြနေခြင်း ဖြစ်သည်။
သူတော်စင် အားလုံးသည် ဒဏ္ဍာရီ တစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသကဲ့သို့ မှင်သက်နေကြ၏။
မိုးကြိုး ကောင်းကင် အကာအရံ ကို ဖြတ်ကျော်ပြီး သူတို့ မြင်လိုက်ရသည်မှာ..
နင်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြူဖွေးသော မီးတောက်တစ်ခု ဖြည်းညှင်းစွာ တောက်လောင်လာခြင်းပင်။
ထိုမီးတောက်သည် သာမန်ဟု ထင်ရသော်လည်း၊ သူတော်စင် အားလုံးသည် ထိုအထဲတွင် သူတို့၏ လမ်းစဉ်များကို မြင်တွေ့နေရသလို၊ ပိုမို အဆင့်မြင့်ပြီး သူတို့ နားမလည်နိုင်သော စွမ်းအားများ ကိန်းအောင်းနေသည်ကို ခံစားလိုက်ရသည်။
ဤသည်မှာ မူလအစ မီးတောက် ပင် ဖြစ်ပြီး၊ နိဗ္ဗာန် မီးတောက် ၏ အသွင်ကွဲ တစ်မျိုးဟု ဆိုနိုင်သည်။
`ဝီ`
တစ်ခဏချင်းစီမှာပင်၊
မူလအစ မီးတောက်သည် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားမတတ် လှိမ့်တက်လာပြီး၊ သိုင်းကမ္ဘာ ဆန္ဒက ဖန်တီးထားသော ပုံရိပ်ယောင် အားလုံးသည် ထိုမီးတောက်၏ ရှေ့မှောက်တွင် အချည်းနှီး ဖြစ်သွားကာ သန့်စင်သော ဝိညာဉ်ချီများ အဖြစ် ပြောင်းလဲသွားလေသည်။
သူတော်စင် အားလုံး မျက်လုံးပြူးသွားကြ၏။
ဉာဏ်ရည်မြင့်မားသော သိုင်းသူတော်စင် အချို့မှာမူ ခေါင်းထဲတွင် ဗလာကျင်းသလို ဖြစ်သွားကြ၏။ သူတို့ မြင်လိုက်ရသော အရာသည် တာအိုတစ်သောင်း၏ အနှစ်သာရကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ခုချင်းစီ ပြသနေသကဲ့သို့ ရှိရာ၊ မည်သည့် လျှို့ဝှက်သိုင်းကျမ်း၊ မည်သည့် သိုင်းကွက်ထက်မဆို ပိုမို ထိရောက်မှု ရှိနေသည်ကို ဝေဝါးဝါး နားလည်လိုက်ကြ၏။
နားလည်လေလေ... နင်ချီ့အပေါ် လေးစားရိုသေမှု ပိုမို တိုးပွားလာလေ ဖြစ်သည်။
သို့သော် နောက်တစ်ခဏတွင်၊
အားလုံး အသက်ရှူ မှားသွားကြပြီး ရင်ထဲတွင် ထိတ်လန့်သွားကြ၏။ တာအိုဆရာ လုံရှန်း သည် မိုးကြိုး ကောင်းကင် အကာအရံ ရှေ့သို့ အပြေးအလွှား ရောက်ရှိသွားပြီး ဂနာမငြိမ် ဖြစ်နေလေ၏။
သူတို့ မြင်လိုက်ရသည်မှာ ဖြူဖွေးသော မီးတောက်သည် ပိုမို ပြင်းထန်လာပြီး နင်ချီ၏ ရုပ်ခန္ဓာကိုယ်ကိုပင် ဝါးမြိုဖျက်ဆီးတော့မည့် အခြေအနေ ဖြစ်နေသောကြောင့်ပင်။
နင်ချီ၏ တည်ငြိမ်သော အမူအရာသာ မရှိပါက၊ သူတို့ ဝင်ရောက် ကူညီမိကြလောက်ပြီ။
နင်ချီ၏ မျက်လုံးများထဲတွင် တောက်ပမှုများ ပိုမို အားကောင်းလာ၏။
ဒီလုပ်ငန်းစဉ်သည် ကြိုတင် စီစဉ်ထားသော လျှို့ဝှက်နည်းစနစ်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ ကမ္ဘာကြီးနှင့် ပေါင်းစည်းရန်အတွက် ပထမဆုံး အဆင့်မှာ ရုပ်ခန္ဓာကို စွန့်လွှတ်ပြီး၊ မူလအစ မီးတောက်ဖြင့် လောင်ကျွမ်းစေကာ ဝိညာဉ်ကို တစ်သားတည်း ဖြစ်စေရမည်။ အန္တရာယ် များပုံရသော်လည်း အမှန်တကယ်တော့ သူ့ထိန်းချုပ်မှု အောက်တွင်သာ ရှိနေလေ၏။
"ပေါင်းစည်းစေ"
“ဟားဟားဟားဟား…..”
နင်ချီ ရယ်မောလေ့ မရှိသော်လည်း ယခုအချိန်တွင် သူ့ရယ်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး သူတော်စင် အားလုံးကို စိတ်အေးသွားစေသည်။
လူတိုင်း၏ အကြည့်အောက်မှာပင်၊
နင်ချီ၏ ရုပ်ခန္ဓာကိုယ် လုံးဝ ပျော်ဝင်သွားပြီး မီးတောက်ငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ သို့သော် ထိုမီးတောက်ငယ်လေးထဲတွင် ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်ကို သူတော်စင် အားလုံး အာရုံခံမိလိုက်ကြ၏။ ထိုမီးတောက်ငယ်လေးသည် ကြောက်ရွံ့ခြင်း မရှိဘဲ ကြီးမားလှသော သိုင်းကမ္ဘာ ဆန္ဒဆီသို့ တိုးဝင်သွားလေတော့သည်။
ဒီကွာခြားချက်က အလွန် ကြီးမားလှသည်။
သို့သော် အကြောင်းရင်း မသိရဘဲ၊ သိုင်းကမ္ဘာ ဆန္ဒ၏ တုန်ခါနေသော အလင်းရောင်များထဲတွင် ကြောက်ရွံ့မှုကို သူတော်စင်များ ခံစားလိုက်ရသည်။
`ဝီ`
မီးတောက်ငယ်လေးသည် နောက်ဆုံးတွင် အလင်းလုံးကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။
တစ်ခဏချင်းစီမှာပင်၊
အဆုံးမဲ့ အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကြီးမားသော ရိုက်ခတ်မှုကြောင့် မိုးကြိုး ကောင်းကင် အကာအရံပင်လျှင် အပေါက်အပြဲများ ဖြစ်သွားရသည်။ သူတော်စင် အားလုံး လန့်ဖျပ်သွားကြပြီး နောက်သို့ ဆုတ်ခွာလိုက်ကြ၏။ သူတို့၏ ဝိညာဉ်အာရုံဖြင့်ပင် အတွင်း၌ ဘာဖြစ်နေသည်ကို မသိနိုင်တော့ပေ။
ထိုအခိုက်အတန့်၌၊
လူတိုင်း၏ ရင်ထဲတွင် တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေလေ၏။
နင်ချီ ကျရှုံးသွားမှာကို စိုးရိမ်နေကြ၏။ အကယ်၍ သူသာ တကယ် ကျရှုံးသွားခဲ့လျှင် သိုင်းကမ္ဘာအတွက် ခံစားနိုင်စွမ်းမရှိသော နာကျင်မှုကြီး ဖြစ်လာပေလိမ့်မည်။ နင်ချီသည် သိုင်းကမ္ဘာ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်နေပြီဟု ဆိုနိုင်သည်။
အကြည့်များအားလုံး ထိုနေရာသို့ စုပြုံရောက်ရှိနေကြပြီး နှလုံးခုန်သံများ မြန်ဆန်နေကြ၏။
နောက်ဆုံးတွင်၊
အလင်းရောင်များ ပျောက်ကွယ်သွားလေသည်။