← Chapters

နယ်ပယ် တစ်ခု၏ အရှင်သခင်... မကြုံစဖူး ထူးခြားသော ပြောင်းလဲခြင်း (၂)

Vol. 30 Ch. 444

နယ်ပယ် တစ်ခု၏ အရှင်သခင်... မကြုံစဖူး ထူးခြားသော ပြောင်းလဲခြင်း (၂)

Vol. 30 Ch. 444

~သူတော်စင် အားလုံး၏ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားပြီး၊ နောက်တစ်ခဏတွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်လာ၏။

ကြီးမားခမ်းနားသော အလင်းလုံးကြီး ရှိခဲ့ဖူးသည့် နေရာတွင်၊ ဖြူဖွေးသော မီးတောက်လေး တစ်ခုသည် တိတ်ဆိတ်စွာ တောက်လောင်နေလေ၏။ မီးတောက်လေး တစ်ခုသာ ဖြစ်သော်လည်း၊ ယခင် သိုင်းကမ္ဘာ ဆန္ဒကဲ့သို့ ရိုသေလေးစားဖွယ် ကောင်းသော အရှိန်အဝါမျိုး ထွက်ပေါ်နေလေ၏။

"ဒါ... အောင်မြင်သွားပြီလား"

သိုင်းသူတော်စင်တိုင်း၏ ခေါင်းထဲတွင် ထိုမေးခွန်း ပေါ်လာ၏။

သို့သော် ဖြူဖွေးသော မီးတောက်လေးသည် တိတ်ဆိတ်စွာ ဆက်လက် တောက်လောင်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မပြပေ။ သူတော်စင်များ အနေဖြင့် ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို မျိုသိပ်ထားပြီး ဆက်လက် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ကြ၏။

တိတိကျကျ ပြောရလျှင်။

နင်ချီသည် တစ်ဝက် အောင်မြင်သွားပြီ ဖြစ်သည်။

သူ့စွမ်းအား အားလုံးဖြင့် ဖွဲ့စည်းထားသော မူလအစ မီးတောက် သည် ယခင် သိုင်းကမ္ဘာ ဆန္ဒကို အောင်မြင်စွာ ဝါးမြိုပြီး ပေါင်းစပ်လိုက်နိုင်ပြီ ဖြစ်သည်။

တစ်ခဏချင်းစီမှာပင် ကြီးမားများပြားလှသော မှတ်ဉာဏ်များနှင့် ပုံရိပ်များ လှိမ့်ဝင်လာ၏။ အများစုမှာ အဓိပ္ပာယ်မရှိသော အိပ်စက်ခဲ့သည့် အချိန်ကာလများ ဖြစ်သော်လည်း၊ ကောင်းကင်နှင့် မြေကြီး၏ မူလအစ ကို ထိန်းချုပ်မှု၊ ခံစားသိရှိမှုနှင့် ကမ္ဘာ့ သက်ရှိသတ္တဝါများကို တစ်ခါတစ်ရံ စောင့်ကြည့်ခဲ့ပုံများလည်း ပါဝင်သည်။ ဤအရာများသည် လုံးဝ ကွဲပြားခြားနားသော အမြင်ရှုထောင့်နှင့် အတွေ့အကြုံများ ဖြစ်ရာ နင်ချီ့အတွက် အလွန် အကျိုးရှိသည်။

နင်ချီသည် သူ့ကိုယ်ပိုင် အသိစိတ်ကို စောင့်ထိန်းထားပြီး၊ ယခင် သိုင်းကမ္ဘာ ဆန္ဒ၏ အကြွင်းအကျန်များကို ချေဖျက်နေလေ၏။

မူလအစ မီးတောက်သည် သိုင်းကမ္ဘာ ကိုယ်တိုင်မှ ပေးပို့လိုက်သော ဗီဇစိတ်များကို အဆက်မပြတ် စစ်ထုတ်ပေးနေလေ၏။

သူသည် သိုင်းကမ္ဘာ ဆန္ဒကို ဝါးမြိုပစ်ချင်သော်လည်း၊ ၎င်း၏ လွှမ်းမိုးခြင်းကို မခံလိုပေ။ အနည်းငယ်မျှပင် ပြောင်းလဲမခံလို။

အချိန်ဘယ်လောက် ကုန်ဆုံးသွားမှန်း မသိ။

နင်ချီ၏ အသိစိတ် တုန်လှုပ်သွားပြီး၊ ယခင် ပရမ်းပတာ အခြေအနေမှ နောက်ဆုံးတွင် နိုးထလာ၏။

သူ၏ လက်ရှိ ထူးခြားဆန်းကြယ်သော အခြေအနေကို ချက်ချင်း အာရုံခံမိလိုက်သည်။

စိတ်ကူးလိုက်ရုံနှင့် ကောင်းကင်နှင့် မြေကြီး၏ မူလအစ စွမ်းအားများ စုဝေးလာပြီး၊ လမ်းစဉ် အားလုံးကို ဗီဇစိတ်ကဲ့သို့ လွယ်ကူစွာ ထိန်းချုပ်နိုင်သည်။ သူသည် မမြင်ရသော အကြည့်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ၊ အတိုင်းအဆမရှိ မြင့်မားသော နေရာမှ ကမ္ဘာလောကကြီး တစ်ခုလုံးတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်တွေ့လိုက်ရသည်။

သူတော်စင် အားလုံးက သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်ကို မြင်ရသည်။

တောင်တန်းများ၊ မြစ်ချောင်းများ သက်ဝင်လှုပ်ရှားနေသည်ကို မြင်ရသည်။

ကမ္ဘာလောက အတွင်းရှိ သက်ရှိသတ္တဝါတိုင်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြပုံ၊ ဆန်းပြား သားရဲများ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ခိုက်နေကြပုံ၊ သိုင်းပညာရှင်များ နာမည်ကျော်ကြားရန် ကြိုးစားအားထုတ်နေကြပုံများကို မြင်ရသည်။

သည်အဖြစ်အပျက်က လုံးဝ ကွဲပြားခြားနားသော အတွေ့အကြုံ တစ်ခုပင်။

"ဒါ ကမ္ဘာ့ဆန္ဒရဲ့ ရှုထောင့်လား"

နင်ချီ စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။

တိတိကျကျ ပြောရလျှင်၊ ယခုအခါ.. သူသည် ယခင် သိုင်းကမ္ဘာ ဆန္ဒကို အစားထိုးလိုက်ပြီး၊ သိုင်းကမ္ဘာ ဆန္ဒ အသစ် ဖြစ်တည်လာခဲ့ပြီ ဖြစ်သည်။ ၎င်းတွင် ဉာဏ်ပညာ ပါရှိသဖြင့် ယခင်ကထက်ပင် ပိုမို စွမ်းအားကြီးမားနေလေ၏။

လက်ရှိ နင်ချီသည် အရင်ကထက် များစွာ သန်မာလာခဲ့ပြီ။

ဒီအဆင့် ရောက်သည်နှင့်၊ အစစ်အမှန်သိုင်း ဘိုးဘေး တွက်ချက်ထားခဲ့သော အထွတ်အထိပ် ဓမ္မ နည်းလမ်းကို သူ ပြီးမြောက်အောင်မြင်ခဲ့ပြီဟု ဆိုနိုင်သည်။

သို့သော် နင်ချီ မကျေနပ်သေး။

ဒါသည် သူ တွက်ချက်ထားသော နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ် နှင့် အဝေးကြီး လိုနေသေးသည်။ ယခု အချိန်တွင် ကမ္ဘာလောကကြီး၏ ကန့်သတ်ချက် တစ်ခုကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ သိုင်းကမ္ဘာ၏ ကိုယ်ထည်ကြီးက သူ့ကို ဖိနှိပ်ထားပြီး၊ 'စီမံခန့်ခွဲ' ပေးမည့်သူနှင့် ကာကွယ်ပေးမည့်သူ တစ်ဦးသာ လိုအပ်နေပုံ ရသည်။

လက်ရှိ နင်ချီသည် အသိစိတ် တစ်ခု သက်သက်သာ ဖြစ်သည်။ ကြီးမားသော စွမ်းအား ရှိသော်လည်း ရုပ်ခန္ဓာ မရှိ။ သိုင်းကမ္ဘာ အတွင်း၌ ပိတ်မိနေသော အင်မော်တယ် ဝိညာဉ် တစ်ခုနှင့် ပိုတူနေလေ၏။ ဒါသည် သူ လိုချင်သော အရာ မဟုတ်။

သူသည် နယ်မြေ အရှင်သခင် နယ်ပယ်သို့ တက်လှမ်းပြီး၊ နယ်ပယ် တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာချင်သည်။

တွေဝေမနေဘဲ နင်ချီ နောက်တစ်ဆင့်ကို စတင်လိုက်သည်။

`ဝီ`

သူတော်စင် အားလုံး၏ အံ့သြမှင်သက်နေသော အကြည့်အောက်တွင်၊ တိတ်ဆိတ်စွာ တောက်လောင်နေသော မီးတောက်လေးသည် ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော လှိုင်းဂယက်များဖြင့် ပေါက်ကွဲထွက်လာ၏။

ထူထဲပြီး အားကောင်းသော ရောင်စုံ ဓားချီ တစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး၊ လူတိုင်းကို သယ်ဆောင်ကာ မိုးကြိုးမုန်တိုင်း တားမြစ်နယ်မြေ အပြင်ဘက်သို့ ပို့ဆောင်လိုက်သည်။ နောက်ဆက်တွဲ ဖြစ်လာမည့် လှုပ်ရှားမှုများသည် အလွန် ကြီးမားမည် ဖြစ်ရာ နင်ချီသည် သူတို့ကို မထိခိုက်စေလိုပေ။

သူတော်စင် အားလုံး တားမြစ်နယ်မြေ အပြင်ဘက်တွင် ထုံထိုင်းစွာဖြင့် ရပ်ကျန်ရစ်ခဲ့ကြ၏။

"ဒါ.. ဘာကို ဆိုလိုပါလိမ့်"

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ကွေ့ချန်ချင်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ခန်းမဆောင် သခင်က တစ်ခုခု ကြိုးစားမလို့ နေမှာ.. ကျွန်တော်တို့ကို ထိခိုက်မှာ စိုးလို့ အပြင်ထုတ်လိုက်တာ ဖြစ်မယ်။ ဒီလိုဆိုမှတော့... ကျွန်တော်တို့ အောက်ဆင်းပြီး စောင့်နေကြတာ ကောင်းမယ် ဗျ။ ခန်းမဆောင် သခင်ကို အနှောင့်အယှက် မဖြစ်စေနဲ့"

အားလုံး အလိုအလျောက် ခေါင်းညိတ်လိုက်ကြပြီး အောက်သို့ အမြန်ဆင်းသွားကြ၏။

တစ်ခါတစ်ရံ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ၊ သူတို့ စောစောက ရှိနေခဲ့သော နေရာသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး ကမ္ဘာပျက်တော့မည့်အလား ခံစားရစေသည်။

မိုးကြိုးမုန်တိုင်း တားမြစ်နယ်မြေ အထက်တွင်၊

နင်ချီ အသွင်ပြောင်းထားသော မီးတောက် တစ်ခုတည်းသာ ကျန်ရစ်တော့သည်။

သူသည် အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အတွေးများ စီးဆင်းနေကာ နယ်မြေ အရှင်သခင် နယ်ပယ်နှင့် ပတ်သက်သော တွက်ချက်မှု အားလုံး ခေါင်းထဲသို့ ဝင်ရောက်လာ၏။

"အင်မော်တယ် လမ်းစဉ် စနစ်မှာ မှော်စွမ်းအင် နယ်ပယ် ပြည့်စုံသွားရင်၊ ချီငါးပါးကို မူလအစဆီ ပို့ဆောင်ပြီး နတ်ဘုရား နည်းစနစ်တွေ စုစည်းရတယ်။ ပြီးရင် အဲဒီ နတ်ဘုရား နည်းစနစ်တွေနဲ့ ခရမ်းရောင် နန်းတော် ကို ဖွင့်ရတယ်။ အခု ငါ ကိုယ်တိုင် ဖန်တီးထားတဲ့ နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်ရဲ့ ပထမအဆင့် ဖြစ်တဲ့ ပင်မနယ်ပယ် မှာလည်း ခရမ်းရောင် နန်းတော် နယ်ပယ်ကို အခြေခံပုံစံ အဖြစ် ယူထားတယ်"

"ကွာခြားတာကတော့... ငါ့ရဲ့ 'ခရမ်းရောင် နန်းတော်' က ကမ္ဘာလောကကြီး ကိုယ်တိုင် ဖြစ်နေတာပဲ။ ပြီးရင် နယ်ပယ် စွမ်းအားတွေကို စုစည်းပြီး ကမ္ဘာ့ ကိုယ်ထည်ကြီးနဲ့ ယှဉ်တွဲ ရပ်တည်နိုင်မယ်။ အဲဒီအချိန်ကျမှ တကယ့် နယ်မြေ အရှင်သခင် လို့ ခေါ်လို့ရမှာ"

"ကမ္ဘာကြီး တစ်ခုလုံးကို ခရမ်းရောင် နန်းတော် အဖြစ် ဖွင့်လှစ်ဖို့ ဆိုတာ အလွန် ခက်ခဲတယ်။ မရေမတွက်နိုင်တဲ့ နတ်ဘုရား နည်းစနစ်တွေရဲ့ အထောက်အပံ့ လိုအပ်တယ်"

အတွေးများ ရှင်းလင်းသွားပြီ ဖြစ်သည်။

နင်ချီ စတင် လှုပ်ရှားလိုက်သည်။

တစ်ခဏချင်းစီမှာပင်၊

မူလက တိတ်ဆိတ်နေသော နေရာလပ်တွင် ကြောက်မက်ဖွယ် ကောင်းသော နတ်ဘုရား နည်းစနစ်များ ပေါ်ထွက်လာ၏။ သိုင်းကမ္ဘာ ဆန္ဒ အဖြစ် ပြောင်းလဲပြီးနောက် နင်ချီ၏ ကောင်းကင်ဘုံကို အာခံနိုင်သော ဉာဏ်အလင်း နှင့် ပေါင်းစပ်လိုက်သောအခါ၊ နတ်ဘုရား နည်းစနစ်များ စုစည်းရန်မှာ စိတ်ကူးလိုက်ရုံနှင့် ချက်ချင်း ဖြစ်ပေါ်လာတော့သည်။

ကောင်းကင်ထိုး ဓာတ်ကြီးငါးပါး ဓားချီ၊ ကောင်းကင်သတ် ဓားကြီး၊ စိမ်းပြာရောင် မီးကြာပန်း၊ လက်တစ်ထောင် ဗောဓိသတ္တ၊ လေဟာနယ်ကို ထိုးဖောက်သွားသော ကောင်းကင်ထိုး လှံအရှိန်အဝါ...

နင်ချီ မြင်ဖူးသည် ဖြစ်စေ၊ မမြင်ဖူးသည် ဖြစ်စေ၊ အားလုံး သူ့ဘေးတွင် ပေါ်ထွက်လာ၏။ အချို့ကို ကိုယ်တိုင် နားလည်သဘောပေါက်ထားပြီး၊ အချို့ကို အစစ်အမှန်သိုင်း အမွေအနှစ်မှ ရရှိထားသည်။

အချို့က အားကောင်းပြီး အချို့က အားနည်းသော်လည်း၊ အားလုံး စုစည်းလိုက်သောအခါ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားကြီး ဖြစ်ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ခံနိုင်ရည် မရှိတော့ဘဲ ပြိုကျပျက်စီးကာ ပြန်လည် ဖွဲ့စည်းနေရသည်။

နင်ချီ အာရုံခံမိလိုက်သည်။

ဘယ်က လာမှန်း မသိရသော ဖိနှိပ်မှုနှင့် ချုပ်တည်းမှု ခံစားချက်များသည် ပိုမို ပြင်းထန်လာ၏။ သိုင်းကမ္ဘာ ကိုယ်ထည်ကြီးက တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားပုံ ရသည်။

"နောက်ကျသွားပြီ"

နင်ချီက ပေါ့ပါးစွာ ရယ်မောလိုက်သည်။

အတွေးတစ်ချက်နှင့်အတူ…..။

“ဝုန်း”

All Chapters