စုပေါင်း တိုးတက်ခြင်း (၂)
Vol. 30 Ch. 448
~စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် သိုင်းသူတော်စင်များသည်လည်း အကျိုးအမြတ် အများအပြား ရရှိလိုက်ကြ၏။
သူတို့၏ အခြေခံအုတ်မြစ်က ပိုမို ခိုင်မာသည် မဟုတ်ပါလော။
ပဉ္စမအဆင့်ကို ရောက်ပြီးသည်နှင့် ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း အဆင့်အထိ ဆက်တက်နိုင်သည် သာမက၊ နတ်ဘုရား နည်းစနစ် အကြမ်းထည်ကို စတင် စုစည်းကာ တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်သို့ပင် ခြေလှမ်းလှမ်းနိုင်ကြ၏။
ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း အဆင့်တွင် ရောက်ရှိနေသူများ... အထူးသဖြင့် တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်တွင် ရောက်နေသော လီယန်ဝူ ( အရင်အပိုင်းက typing error လေးပါသွားလို့ပါ၊ လီရွှမ်ယန် မဟုတ်ပါ။) နှင့် ကွေ့ချန်ချင်းတို့ကတော့ သီးသန့် အခွင့်အရေး ရရှိကြ၏။
နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သော သိုင်းကျမ်း တစ်ပုဒ်သည် သူတို့ နားထဲတွင် ပဲ့တင်ထပ်လာ၏။ တာအို အသံတော်ကြီးသည် သူတို့ကို နားလည်သဘောပေါက် လွယ်ကူစေရန် ကူညီပေးနေလေ၏။ သူတို့ တုန်လှုပ်အံ့သြသွားကြ၏။ ဒါသည် နတ်ဘုရား စွမ်းအား နယ်ပယ် သာမက၊ ခရမ်းရောင် နန်းတော် နယ်ပယ် အထိ တိုက်ရိုက် ရောက်ရှိစေနိုင်သော အထွတ်အထိပ် ဓမ္မ နည်းလမ်းကြီး ဖြစ်နေလေ၏။
ဒါသည် နင်ချီက အစစ်အမှန်သိုင်း အမွေအနှစ်မှ ထုတ်ယူထားသော အရာပင်။
သိုင်းကမ္ဘာ၏ သိုင်းလမ်းစဉ်သည် အထွတ်အထိပ် ရောက်သည့်တိုင် နတ်ဘုရား စွမ်းအား နယ်ပယ်ဟု ခေါ်သော အဆင့်တွင်သာ ရှိနေပြီး ဟာကွက်များ ရှိနေလေ၏။ ထို့ကြောင့် ခရမ်းရောင် နန်းတော် နယ်ပယ် နည်းလမ်းကို တိုက်ရိုက် ပေးလိုက်ခြင်းက ပိုကောင်းသည်။ ဘာပဲဖြစ်ဖြစ် အနာဂတ်တွင် နင်ချီသည် အင်မော်တယ် လမ်းစဉ်ကို မြှင့်တင်ရန် ရည်ရွယ်ထားပြီး ဖြစ်ရာ၊ ဤ အရည်အချင်းရှိသူများကို ဆုလာဘ် ပေးရာတွင် နှမြောတွန့်တိုနေမည် မဟုတ်ပေ။
ထို့အပြင်၊
သူတို့၏ စိတ်ထဲတွင် နတ်ဘုရား နည်းစနစ်များ ဆင့်ကဲ ဖြစ်ပေါ်လာနေလေ၏။
ဒါသည် စာမေးပွဲ အဖြေကို ကူးချခွင့် ပေးလိုက်သလိုပင်။ နားလည်မှု ကောင်းသူများသည် နတ်ဘုရား နည်းစနစ် အကြမ်းထည်ကို အလွယ်တကူ စုစည်းနိုင်ကြပြီး၊ ပါရမီ ထူးကဲသူများသည် နတ်ဘုရား နည်းစနစ်ဖြင့် ခရမ်းရောင် နန်းတော်ကို ဖွင့်လှစ်ကာ ခရမ်းရောင် နန်းတော် နယ်ပယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်ကြ၏။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။
အဆင့်တက်ခြင်း အရှိန်အဝါများ ဆက်တိုက် ထွက်ပေါ်နေလေ၏။
သိုင်းကမ္ဘာမှ သိုင်းသူတော်စင်များအတွက် ဒါသည် ကြီးမားသော အပြောင်းအလဲကြီးပင်။ ယခုကဲ့သို့ အထူး အခြေအနေမျိုးတွင်သာ နင်ချီက ဤသို့ ကူညီပေးခြင်း ဖြစ်သည်။ အကျပ်အတည်း ကာလ ကျော်လွန်သွားပါက၊ သူသည် အလွယ်တကူ ကောင်းချီးပေးမည် မဟုတ်ပေ။
စင်စစ်ပြောရလျှင်တော့... သူ့အတွက် အကျိုးမရှိပေ။
ဝိညာဉ်ချီများသည် သိုင်းကမ္ဘာ အတွင်း၌သာ လှည့်လည်နေခြင်း ဖြစ်ရာ သူ့အတွက် တိုးတက်မှု မရှိပေ။ အကယ်၍ သိုင်းသူတော်စင်များသည် ကမ္ဘာ့ပြင်ပမှ ဝိညာဉ်ချီများကို စုပ်ယူပြီး အဆင့်တက်နိုင်မှသာ သိုင်းကမ္ဘာအတွက် အကျိုးရှိမည် ဖြစ်သည်။
လက်ရှိ လုပ်ရပ်သည် သိုင်းကမ္ဘာ၏ မူလရှိပြီးသား 'ကိတ်မုန့်' ကို ခွဲဝေပေးနေခြင်းသာ ဖြစ်ပြီး၊ 'ကိတ်မုန့်' ကြီးလာအောင် လုပ်ခြင်း မဟုတ်ပေ။
ထို့ကြောင့် အတိတ်ကာလက သက်ရှိများ နတ်ဘုရား စွမ်းအား နယ်ပယ်သို့ ရောက်ရှိလာလျှင် ကမ္ဘာကြီးက လက်မခံနိုင် ဖြစ်ရခြင်းတည်း။
ကမ္ဘာ့ စွမ်းအား အကန့်အသတ် ရှိနေရုံသာမက၊ ထိုအဆင့်ရှိ သက်ရှိများသည် သိုင်းကမ္ဘာအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေသောကြောင့်ပင်။ သူတို့သည် ပြင်းထန်သော ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ပြီး၊ ကျင့်ကြံရာတွင် ဝိညာဉ်ချီ ပိုမို 'စုပ်ယူ' ကြ၏။
ထို့ကြောင့် သူတို့ကို ထွက်သွားခိုင်းခြင်းက ပိုကောင်းသည်။
သို့သော် ယခု နင်ချီသည် သိုင်းကမ္ဘာ၏ သခင် ဖြစ်နေပြီ ဖြစ်ရာ ထိုသို့ လုပ်စရာ မလိုတော့။ သူသည် ဉာဏ်ပညာရှိသော သက်ရှိ ဖြစ်ပြီး၊ ခရမ်းရောင် နန်းတော် နယ်ပယ် အဆင့်လောက်ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်စွမ်း ရှိသည်။
မရှေးမနှောင်းပင်၊ သိုင်းသူတော်စင်များ တစ်ယောက်ပြီး တစ်ယောက် ကောင်းချီးခံယူခြင်းမှ နိုးထလာကြ၏။
သူတို့၏ မျက်ဝန်းများထဲတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေပြီး၊ ပေါက်ကွဲ ထွက်ပေါ်လာသော အရှိန်အဝါများသည် ပဉ္စမအဆင့် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိနေကြ၏။ သူတို့ထဲမှ `(၆၀)` ရာခိုင်နှုန်းခန့်သည် ဤအဆင့်သို့ ရောက်ရှိသွားကြ၏။
ယခင်က သူတို့ အများစုသည် ပထမအဆင့် သိုင်းသူတော်စင်များသာ ဖြစ်ခဲ့ကြ၏။
ထို့နောက် နောက်ထပ် သိုင်းသူတော်စင် တစ်အုပ်စု နိုးထလာသည်။
သူတို့၏ အရှိန်အဝါသည် ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွား၏။ အခြေခံအုတ်မြစ် ခိုင်မာပြီး နင်ချီ၏ အကူအညီကြောင့် ဤအဆင့်သို့ ရောက်လာကြသော်လည်း၊ ကံမကောင်းစွာဖြင့် ဆက်လက် တက်လှမ်းနိုင်ခြင်း မရှိကြပေ။ သူတို့သည် `(၃၀)` ရာခိုင်နှုန်းခန့် ရှိသည်။
နောက်ဆုံး ကျန်ရှိသော `(၁၀)` ရာခိုင်နှုန်း သိုင်းသူတော်စင်များ …`၈` ယောက် ရှိသည်။
မဟာယန် သိုင်းသူတော်စင်၊ ကွေ့ချန်ချင်း၊ တာအိုဆရာ ပိုင်ရှန်နှင့် အခြား နာမည်ကြီး အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့သည် မူလကတည်းက ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း အဆင့်တွင် ရှိနေကြသူများ ဖြစ်သည်။
သူတို့ထံမှ နတ်ဘုရား နည်းစနစ် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။
မကြာမီမှာ၊ အဆင့်တက်ခြင်း ပြီးဆုံးသွား၏။
`၅` ယောက်သည် နတ်ဘုရား နည်းစနစ် အကြမ်းထည်ကို စုစည်းနိုင်ခဲ့ကြ၏။ ယခင်က တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်ဟု ခေါ်သော်လည်း၊ ယခု တစ်ပိုင်း ခရမ်းရောင် နန်းတော် နယ်ပယ်ဟု ခေါ်ဆိုနိုင်သည်။
ကျန် `၃` ယောက်သည် ခရမ်းရောင် နန်းတော်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီး၊ ခရမ်းရောင် နန်းတော် နယ်ပယ်သို့ ဝင်ရောက်သွားကြ၏။
ထို `၃` ယောက်ထဲတွင် လီယန်ဝူနှင့် ကွေ့ချန်ချင်း ပါဝင်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။ သူတို့သည် ခြေတစ်လှမ်းသာ လိုတော့သည် မဟုတ်ပါလော။ ဒီကောင်းချီးကို အခွင့်ကောင်းယူပြီး တက်လှမ်းနိုင်ခြင်းသည် သဘာဝကျသည်။
သို့သော် အခြား တစ်ယောက်ကတော့ နင်ချီ့ကို အံ့အားသင့်စေခဲ့သည်။
ယခင်က တိတ်ဆိတ်ပြီး စကားနည်းသော သိုင်းသူတော်စင် တစ်ဦး... ကောင်းကင်တောင်နှင်းမယ် ။
ငွေရောင် ဆံနွယ်များ ပခုံးထက်တွင် ဖြန့်ကျနေပြီး၊ နတ်သမီးကဲ့သို့ လှပသော်လည်း အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေလေ၏။ သူမသည် အခြား သူတော်စင်များနှင့် ရောရောနှောနှော မနေတတ်ပေ။ သူမသည်လည်း ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း အဆင့်ရှိ အထွတ်အထိပ် ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။ ယခု ကောင်းချီးပေးခြင်းကို အခွင့်ကောင်းယူပြီး ခရမ်းရောင် နန်းတော် နယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းသွားကာ နင်ချီ၏ လက်အောက်မှ ထိပ်သီး `(၃)` ဦးထဲတွင် ပါဝင်လာခဲ့သည်။ သူမ၏ ပါရမီသည် အထင်ကြီးစရာ ကောင်းလှသည်။
နင်ချီ သူမကို အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်မိ၏။ အနာဂတ်တွင် ပျိုးထောင်ပေးသင့်သော သူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သည်။
တာအိုဆရာ ပိုင်ရှန်ကတော့ အခြေခံအုတ်မြစ် အနည်းငယ် လိုအပ်နေသဖြင့် တစ်ပိုင်း ခရမ်းရောင် နန်းတော် နယ်ပယ်တွင် ရပ်တန့်သွား၏။ သို့သော် ဒါလည်း ချီးကျူးစရာ ကောင်းနေပါပြီ။
ဤသို့ဖြင့်၊ သိုင်းကမ္ဘာရှိ သူတော်စင် အားလုံး၏ စွမ်းအားသည် သိသိသာသာ တိုးတက်လာပြီး၊ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့သည်။
"ကောင်းချီးပေးသနားတဲ့ နယ်မြေ အရှင်သခင်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ"
အားလုံး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် နင်ချီ့အပေါ် ရိုသေမှုများ ပြည့်နှက်နေလေ၏။ ခရမ်းရောင် နန်းတော် နယ်ပယ်သို့ ရောက်ရှိသွားသော `(၃)` ဦးလည်း ချွင်းချက် မရှိပေ။
အဆင့်တက်သွားသော်လည်း သူတို့တွင် မသင့်လျော်သော အတွေးများ မပေါ်ပေါက်ကြပေ။ ပိုမို နီးကပ်သွားလေ၊ နင်ချီ၏ ကြီးမြတ်မှုကို ပိုမို ခံစားမိလေ ဖြစ်သည်။ နင်ချီ ရံဖန်ရံခါ ထုတ်လွှတ်လိုက်သော အရှိန်အဝါလေး တစ်ခုကပင် သူတို့ `(၃)` ဦးကို ကျော်လွန်လိုစိတ် မရှိအောင် တားဆီးထားသည်။
ပြီးတော့... သူတို့၏ စွမ်းအားများသည် နင်ချီထံမှ လာခြင်း ဖြစ်သည် မဟုတ်ပါလော။
အားလုံး စိတ်လှုပ်ရှားနေကြ၏။
ဒီ ကောင်းချီးပေးခြင်း၏ အကျိုးရလဒ်သည် မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေလေ၏။ တောင်နှင့် ပင်လယ် နယ်မြေ ကျူးကျော်မှုအတွက် စိုးရိမ်ပူပန်မှုများ ခေတ္တမျှ ပျောက်ကွယ်သွား၏။
မည်သို့ပင်ဆိုစေကာမူ...၊
စစ်ပွဲမီးတောက်များ အမှန်တကယ် ဟုန်းဟုန်းတောက်လောင်လာသည့်အခါ သူတို့၏ စွမ်းအားများမှာ ထပ်မံ၍ အရှိန်အဟုန်ဖြင့် မြင့်တက်လာဦးမည် ဖြစ်သည်။
ထိုအခိုက်အတန့်သို့ ရောက်ရှိပါက သာမန် ကောင်းကင်ဘုံလူသားနယ်ပယ် အဆင့်ရှိသူများပင်လျှင် အထွတ်အထိပ်ဖြစ်သော သိုင်းသူတော်စင်နယ်ပယ် နှင့် ရင်ဘောင်တန်းကာ ယှဉ်ပြိုင်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်လာကြပေလိမ့်မည်။
လက်ရှိ သိုင်းလောကတွင် ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူအရေအတွက်မှာ နည်းပါးလှသည်တော့ မဟုတ်ပေ။
ထို့ကြောင့် သေချာပေါက် တွက်ချက်ကြည့်လိုက်လျှင်... အနည်းဆုံး သိုင်းသူတော်စင် အဆင့် ရှိသည့် တိုက်ခိုက်ရေး စစ်သည်တော် တစ်သောင်းခန့်ကို ယာယီအားဖြင့် ဖန်တီးယူလိုက်နိုင်သည်ဟူသော သဘောပင် ဖြစ်တော့သည်။
ဝိညာဉ် နိုးထခြင်း နေ့ရက်က ကောင်းကင်ဘုံလူသား နယ်ပယ် အရေအတွက်မှာ ဆယ်ဆလောက် တိုးတက်လာခဲ့သည် မဟုတ်ပါလော။
နင်ချီ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"တောင်နှင့် ပင်လယ် နယ်မြေရဲ့ ကျူးကျော်မှုက နီးကပ်လာပြီ ဗျ။ အမြန်ဆုံး လဝက်၊ အကြာဆုံး နှစ်လလောက် အတွင်း စစ်ပွဲ စတင်လိမ့်မယ်။ ခင်ဗျားတို့ ကျင့်ကြံခြင်း အဆင့်တွေ တက်လာပြီ ဆိုပေမယ့် ပေါ့ပေါ့ဆဆ မနေကြနဲ့ဦး နော်"
လူအုပ်ကြီးက စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်သည်။
"သိုင်းကမ္ဘာအတွက် အသက်ပေးဖို့ အသင့်ပါပဲ ခင်ဗျာ"
နင်ချီ ..လက်ကို နောက်ပစ်ထားပြီး ဆက်လက် သုံးသပ်ပြလာသည်။
"ကျွန်တော် ရှစ်ကိုးသွယ် ဆန်းကြယ်အလင်း ကောင်းကင် အခင်းအကျင်း တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတယ် ဗျ။ သိုင်းကမ္ဘာ တစ်ခုလုံးကို ဖြန့်ကြက်ထားမယ်။ ခင်ဗျားတို့ တစ်ယောက်စီက နေရာတစ်နေရာကို တာဝန်ယူ စောင့်ကြပ်စေချင်တယ်၊ ကမ္ဘာအနှံ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်သလို၊ အချင်းချင်းလည်း ကူညီနိုင်မယ်။ ပြည်ပရန်သူ ပေါ်လာတာနဲ့ ချက်ချင်း သတင်းပို့ကြပါ"
ဒီ ရှစ်ကိုးသွယ် ဆန်းကြယ်အလင်း ကောင်းကင် အခင်းအကျင်းကို နင်ချီ ခုလေးတင် တွက်ချက် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ နယ်မြေ အရှင်သခင် နယ်ပယ်သို့ တက်လှမ်းပြီးနောက် သူ့ ဉာဏ်အလင်း ပြောင်းလဲသွားသဖြင့် ဒီလောက် အခင်းအကျင်းမျိုး ဖန်တီးရန် မခက်ခဲပေ။
ဒီ အခင်းအကျင်းကို လက်ရှိ ကျန်ရှိနေသော သိုင်းသူတော်စင် `(၇၀)` ကျော်ကို အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။
သူတို့ထဲမှ အသန်မာဆုံး `(၇၂)` ဦးကို ရွေးချယ်ပြီး သိုင်းကမ္ဘာ၏ အဓိက နေရာများတွင် အခင်းအကျင်း မျက်လုံးများ တည်ဆောက်စေမည်။ သူတို့ တစ်ဦးစီသည် ကောင်းကင်ဘုံလူသား နယ်ပယ် သိုင်းပညာရှင်များကို ဦးဆောင်ပြီး အခင်းအကျင်း မျက်လုံးများကို ထိန်းသိမ်းကာ သိုင်းကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမ အခင်းအကျင်းကြီး တစ်ခု ဖန်တီးမည် ဖြစ်သည်။
ဤနည်းအားဖြင့်၊ တောင်နှင့် ပင်လယ် နယ်မြေမှ ရန်သူများ ပေါ်လာသည်နှင့် ချက်ချင်း သိရှိနိုင်ပြီး ခံစစ် ပြင်ဆင်နိုင်မည်။
အချင်းချင်း ဆက်သွယ်နိုင်သလို၊ အခင်းအကျင်း မျက်လုံးများမှတစ်ဆင့် နေရာရွှေ့ပြောင်းနိုင်သဖြင့် အထီးကျန် ပိတ်မိနေခြင်းမျိုး မဖြစ်စေရ။
ထို့အပြင်၊ ဤအခင်းအကျင်းသည် ကောင်းကင်မှ ကြယ်တာရာ စွမ်းအားများကို ဆွဲယူပြီး ရန်သူကို တိုက်ခိုက်မည့် ဆန်းကြယ်အလင်းများ ဖန်တီးနိုင်သည်။ ဝိညာဉ်နယ်မြေတွင် ဆိုလျှင်ပင် ပြိုင်ဘက်ကင်း ဝိညာဉ် အခင်းအကျင်း အဖြစ် သတ်မှတ်ခံရပြီး ဂိုဏ်း တစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်လာနိုင်လောက်သည်ဟု ဆိုကြ၏။
နင်ချီ လက်ညှိုး ထိုးလိုက်ရာ အလင်းလုံးလေးများ သူတော်စင်များ၏ ခေါင်းထဲသို့ ဝင်ရောက်သွား၏။
၎င်းတို့သည် အခင်းအကျင်း တည်ဆောက်ပုံ အသေးစိတ်နှင့် သူတို့ တာဝန်ယူရမည့် နေရာများ ဖြစ်သည်။ တာဝန် ခွဲဝေမှု ရှင်းလင်းပြတ်သားသည်။
အခင်းအကျင်း၏ တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရရုံနှင့် မည်မျှ ဆန်းကြယ်ကြောင်း သိသာနေလေ၏။
သူတော်စင် အားလုံး ယုံကြည်မှုများ မြင့်တက်လာ၏။
"နယ်မြေ အရှင်သခင်ရဲ့ အမိန့်တော်အတိုင်း တိကျစွာ လိုက်နာပါ့မယ် ခင်ဗျာ"
ရန်သူက ဘယ်သူမှန်း မသိရသေးသော်လည်း၊ လက်ရှိ သိုင်းကမ္ဘာ၏ အင်အားသည် ရှေးခေတ်ကာလထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်ရာ၊ ဘာကို ကြောက်စရာ လိုဦးမည်နည်း။
တိုက်ခိုက်ရုံသာ ရှိတော့သည်။
နင်ချီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သူတော်စင်များကို တပ်မတော် ဦးဆောင်ခိုင်းခြင်းသည် ပျင်းလို့ ကစားနေခြင်း မဟုတ်။ တောင်နှင့် ပင်လယ် နယ်မြေ ကျင့်ကြံသူများတွင် ကမ္ဘာ့ဆန္ဒ၏ စစ်ဆေးမှုကို ရှောင်ကွင်းနိုင်မည့် နည်းလမ်းများ ရှိနိုင်ကြောင်း သူ သိနေလေ၏။ နင်ချီ အနေဖြင့် သူတို့နှင့် အချိန်ဖြုန်းနေရန် မအားပေ။
သူ့တွင် ပိုမို အရေးကြီးသော ကိစ္စများ လုပ်ဆောင်စရာ ရှိသေးသည်။
…ကမ္ဘာ့လမ်းကြောင်းကို ဖြတ်တောက်ပြီး... သူတို့ကို ငါးပိအိုးထဲက လိပ်တွေလို ပိတ်လှောင်ပစ်လိုက်မယ်"
မဟုတ်ရင်... ငါက အစကတည်းက စွမ်းအားတွေ အကုန် ထုတ်သုံးလိုက်ရင် သူတို့ သတိထားမိပြီး အချိန်ရသွားလိမ့်မယ်။ အဆက်အသွယ် အားလုံးကို ရုတ်တရက် ဖြတ်တောက်ပြီး အလစ်အငိုက် ဖမ်းလိုက်ရင်... တောင်နှင့် ပင်လယ် နယ်မြေက ဒီဘက် အခြေအနေကို မမြင်နိုင်တော့ဘူး။ အဲဒီကျမှ ငါ့စွမ်းအား အကုန်လုံးကို သုံးပြီး ချေမှုန်းပစ်မယ်…
နင်ချီ၏ ခေါင်းထဲတွင် အစီအစဉ်များ လည်ပတ်နေလေ၏။
ထို့အပြင် သူ့ အနာဂတ် လမ်းစဉ်နှင့် သက်ဆိုင်သော၊ အနာဂတ် အစီအမံများ ပါဝင်သော အလုပ်အချို့ကိုလည်း သူ ပြီးမြောက်အောင် လုပ်ဆောင်ရဦးမည်။
ထို့ကြောင့်၊ သိုင်းကမ္ဘာ သူတော်စင်များ အနေဖြင့် ရန်သူကို အချိန်အတိုင်းအတာ တစ်ခုအထိ ခုခံထားပေးရန် သူ လိုအပ်သည်။