အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖြစ်မြောက်ခြင်း
Vol. 5 Ch. 62
~ဒုတိယအဆင့် အလယ်အလတ် မြေဓာတ် မိစ္ဆာအမြုတေကို စုယွီက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင့်သုံးရာဖြင့် အောင်မြင်စွာ ရယူလိုက်လေသည်။ မကြာမီတွင် အကြေးခွံ ချပ်ဝတ်နှင့် ထက်မြက်သော လက်သည်းအစုံတို့ ထွက်ပေါ်လာရာ စုယွီကပင် ထပ်မံ ဝယ်ယူလိုက်ပြန်သည်။
စုစုပေါင်း ကုန်ကျစရိတ်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်အောက်သာ ရှိလေသည်။
"နဂါးမိကျောင်း ရုပ်သေးသားရဲ ဖန်တီးဖို့ ပစ္စည်းတွေ စုံသွားပြီပဲ"
စုယွီက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။
သူသည် ဒုတိယအဆင့် ကနဦးအဆင့် ဆေးပညာရှင်နှင့် အဆောင်လက်ဖွဲ့ ပညာရှင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဒုတိယအဆင့် ရုပ်သေးသားရဲ တစ်ကောင် ဖန်တီးရန် လိုအပ်သော ပစ္စည်းများကိုမူ မရှာဖွေနိုင်ခဲ့ပေ။
ထိုပစ္စည်းများ မည်မျှ ရှားပါးကြောင်း သိသာထင်ရှားလှပေသည်။
သို့သော် ကံကောင်းထောက်မစွာပင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်.. ဝိညာဉ်နန်းတော်၏ ငါးနှစ်တစ်ကြိမ် ကျင်းပသော လေလံပွဲကြီး၌ လိုအပ်သော ပစ္စည်းများ အားလုံးကို သူ စုဆောင်းနိုင်ခဲ့လေသည်။
တတိယထပ်ရှိ သီးသန့် အခန်းငယ် တစ်ခုတွင် စုယွီ၏ ဈေးခေါ်သံများကို ကြားလိုက်ရသောအခါ ယွီခယ်အာသည် ဒုတိယထပ်ရှိ အခန်းငယ်ဆီသို့ အကြည့် ရောက်သွားမိ၏။
သူမ၏ အနီးတွင် ရှိနေသော တည်ငြိမ်ခန့်ညားသည့် လူလတ်ပိုင်း အမျိုးသား တစ်ဦးက အောက်ထပ် လေလံပွဲကို ပေါ့ပါးစွာ ကြည့်ရှုရင်း မေးမြန်းလိုက်သည်။
"သမီး သူ့ကို သိလား"
ယွီခယ်အာက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့... သိပါတယ်"
လူလတ်ပိုင်း အမျိုးသားက ဆက်ပြောလိုက်သည်။
" ပြောထားတဲ့ ကိစ္စကို သမီး ဘယ်လို စဉ်းစားထားလဲ... အဲ့ဒီလူကလည်း မိသားစုကြီး တစ်ခုကပဲ... ပြီးတော့ သူက တာ့ယွဲ့ဂိုဏ်းရဲ့ အတွင်းစည်း တပည့် တစ်ယောက်လေ"
"သူနဲ့ လက်ထပ်လိုက်ရင် သမီး နစ်နာစရာ မရှိပါဘူး"
ယွီခယ်အာ၏ မျက်နှာထားမှာ အေးစက်သွားပြီး ပြတ်သားစွာ တုံ့ပြန်လိုက်သည်။
"သမီး အရင်က ပြောဖူးပြီးသားပါ... လက်ထပ်ရမယ့်အစား သေပဲ သေလိုက်ချင်တယ်"
လူလတ်ပိုင်း အမျိုးသား၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိသော်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ခယ်အာ... အဖေက သမီးကို နားမလည်တာ မဟုတ်ပါဘူး... ဒါပေမဲ့ သမီး အရွယ်ရောက်နေပြီလေ... အချိန်တန်ပြီ"
"ပြီးတော့ တစ်ခါတစ်လေကျရင် ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူး... ဘာတတ်နိုင်မှာလဲ"
"သမီးက ယွီမိသားစုရဲ့ သမီးပျို တစ်ယောက်ပဲ... အခုချိန်ထိ မိသားစုက ကျွေးမွေး စောင့်ရှောက်လာခဲ့တာ... သမီးမှာ တခြား ရွေးချယ်စရာ မရှိဘူး"
ယွီခယ်အာ နှုတ်ဆိတ်သွားသော်လည်း သူမ၏ မျက်နှာထားမှာမူ ပြောင်းလဲသွားခဲ့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊လူလတ်ပိုင်း အမျိုးသားက ဆက်ပြောပြန်သည်။
"ယွင်ကျန်းဂိုဏ်းရဲ့ အကြီးအကဲက နောက်ထပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ခံနိုင်တော့မှာ... အချိန်ကျလာရင် ယွင်ကျန်းဂိုဏ်း နယ်မြေထဲမှာ ပရမ်းပတာ ဖြစ်လာလိမ့်မယ်"
"ဒါဟာ လူတိုင်း မက်မောကြမယ့် အသားတုံးကြီး တစ်တုံး ဖြစ်လာလိမ့်မယ်... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ ခိုင်ရန် နန်းတော်၊ ဓားမြို့တော်က ချင်မိသားစုနဲ့ တာ့ယွဲ့ဂိုဏ်း... အားလုံးက လိုချင်တပ်မက်နေကြမှာပဲ"
"အဖေတို့ ယွီမိသားစုက သမီး ထင်သလောက် လုံခြုံမှု မရှိဘူး... အဲ့ဒီလို အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဖေတို့ မိသားစုက ဖြစ်လာသမျှ အခြေအနေ အားလုံးကို ကိုင်တွယ်ဖို့ ပြင်ဆင်ထားရလိမ့်မယ်"
ယွီခယ်အာ၏ မျက်နှာထားမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ ထိုစကားလုံးများထဲတွင် ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း လျှို့ဝှက် စီးဆင်းနေသော ရေစီးကြောင်းများ ရှိနေကြောင်း သိသာထင်ရှားလှပေသည်။
ယွီမိသားစုကဲ့သို့သော ကျင့်ကြံသူ မိသားစုကြီး တစ်ခုပင်လျှင် ထိုကဲ့သို့သော မုန်တိုင်းများကြား၌ ဘေးကင်းလုံခြုံမည်ဟု အာမမခံနိုင်ပေ။
ခြေလှမ်းမှား တစ်ချက်သည် ချောက်နက်ထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
ယွီခယ်အာ ဆက်လက် နှုတ်ဆိတ်နေသကဲ့သို့ လူလတ်ပိုင်း အမျိုးသားသည်လည်း စကားစဖြတ်လိုက်တော့သည်။
ထိုအချိန်တွင် အောက်ထပ်ရှိ လေလံတင်သူက ကျောက်စိမ်းသေတ္တာ တစ်ခုကို သယ်ဆောင်လာစေလိုက်၏။ သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ ဝိညာဉ်သစ်သီး တစ်လုံး ရှိနေလေသည်။
"ဒါကတော့ လူကြီးမင်းတို့ သိကြသလိုပဲ..ခုန်းလင် ဝိညာဉ်သစ်သီးပါခင်ဗျာ... အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ဖို့ အဓိက လိုအပ်တဲ့ ပစ္စည်းတွေထဲက တစ်ခုပေါ့... ကြမ်းခင်းဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ပါ... နောက်ထပ် ဈေးခေါ်တိုင်း အနည်းဆုံး ကျောက်တုံး တစ်ရာ ထပ်ပေါင်းရပါမယ်ခင်ဗျာ"
လေလံတင်သူက စိတ်အားထက်သန်စွာ ကြေညာလိုက်၏။
"လေလံပွဲ စတင်ပါပြီ"
"တစ်ထောင့်ငါးရာ"
"တစ်ထောင့်ခြောက်ရာ"
"နှစ်ထောင်"
ပထမထပ်မှ လူများစွာက အပြိုင်အဆိုင် ဈေးခေါ်နေကြလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ခုန်းလင် ဝိညာဉ်သစ်သီး၏ ဈေးနှုန်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင် အထက်သို့ ရောက်ရှိသွားခဲ့သည်။
ထိုဈေးနှုန်းသို့ ရောက်ရှိသွားသောအခါ အစပိုင်းတွင် ပါဝင် ယှဉ်ပြိုင်သူ အများစုမှာ လက်လျှော့သွားကြလေသည်။
ဒုတိယထပ်နှင့် တတိယထပ်မှ လူအနည်းငယ်သာ ကျန်ရှိတော့၏။
ဈေးနှုန်းသည် ထပ်မံ မြင့်တက်သွားပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်အထိ လျင်မြန်စွာ ရောက်ရှိသွားပြန်သည်။
"သုံးထောင့်ခြောက်ရာ"
စုယွီက ပထမဆုံးအကြိမ် ဈေးခေါ်လိုက်လေသည်။
တတိယထပ်ရှိ အခန်းငယ် တစ်ခုမှ လူငယ်တစ်ဦးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင့်ခုနစ်ရာဖြင့် ထပ်မံ ဈေးခေါ်လိုက်သည်။
စုယွီက သုံးထောင့်ရှစ်ရာအထိ ဈေးမြှင့်လိုက်မှသာ ထိုလူငယ် လက်လျှော့သွားတော့သည်။
"ဂုဏ်ယူပါတယ် မိတ်ဆွေ... ခုန်းလင် ဝိညာဉ်သစ်သီးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင့်ရှစ်ရာနဲ့ ပိုင်ဆိုင်သွားပါပြီ"
လေလံတင်သူက ကျယ်လောင်စွာ ကြေညာလိုက်၏။
ထို့နောက် ဒုတိယမြောက် ခုန်းလင် ဝိညာဉ်သစ်သီးကို စတင် လေလံတင်လေသည်။
ဤတစ်ကြိမ်တွင်မူ စုယွီ ဝင်ရောက် မယှဉ်ပြိုင်တော့ပေ။
ခုန်းလင် ဝိညာဉ်သစ်သီး နှစ်လုံးသာ ပါဝင်ရာ နှစ်လုံးစလုံးကို ဝယ်ယူလိုက်ပါက အလွန် ထင်ပေါ်သွားနိုင်ပြီး မလိုအပ်သော အာရုံစိုက်မှုများကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်ပေသည်။
ခေတ္တမျှ ကြာပြီးနောက်၊ လေလံတင်သူက ဒုတိယအဆင့် ကနဦးအဆင့် ရေဓာတ် သန့်စင်သော မိစ္ဆာအမြုတေ တစ်ခုကို ထုတ်ယူပြသလိုက်၏။ ၎င်းသည် အခွံနက် လိပ်သားရဲ တစ်ကောင်ထံမှ ရရှိထားခြင်း ဖြစ်သည်။
စုယွီနှင့် စုဇီတို့ နှစ်ဦးစလုံး အံ့ဩဝမ်းသာ ဖြစ်သွားကြသည်။
နောက်ဆုံးတွင် သူတို့သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်သုံးရာဖြင့် ထိုပစ္စည်းကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့ကြလေသည်။
လေလံပွဲ၏ နောက်ဆုံး ပိတ်ပွဲ အနေဖြင့် တစ်ဝက်ပြီးစီးနေသော အရိပ်နတ်ဘုရား လှံတံ မှော်လက်နက် တစ်ခုကို တင်သွင်းခဲ့ရာ တတိယထပ်မှ တုပ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ထောင့်ကိုးရာဖြင့် ဝယ်ယူသွားခဲ့လေသည်။
သာမန် အဆင့်မြင့် မှော်လက်နက် တစ်ခု၏ ဈေးနှုန်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နှင့် သုံးထောင်ကြားတွင် ရှိတတ်သည်။
ထိုလက်နက်များသည် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများအတွက် သင့်လျော်ပေသည်။
လက်ရာမြောက်သော မှော်လက်နက်များမှာမူ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ဆရာသခင်များအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
အကယ်၍ ကျွမ်းကျင်သော တတိယအဆင့် လက်နက်သွန်းလုပ်သူ တစ်ဦးကို ရှာဖွေနိုင်ပါက တစ်ဝက်ပြီးစီးနေသော မှော်လက်နက်ကို စစ်မှန်သော လက်ရာမြောက် လက်နက်တစ်ခု အဖြစ် အဆင့်မြှင့်တင်နိုင်ပေသည်။
စုယွီနှင့် စုဇီတို့ အနေဖြင့် ထိုကဲ့သို့သော ပစ္စည်းများကို လတ်တလောတွင် မတတ်နိုင်ကြသေးပေ။
နဂါးမိကျောင်း ရုပ်သေး ဖန်တီးရန် ပစ္စည်းများနှင့် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများ ရရှိပြီးနောက် စုယွီသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ကိုးရာ အသုံးပြုကာ မြေဓာတ် ကျင့်စဉ် တစ်ခုကို ဝယ်ယူလိုက်သည်။ ထိုကျင့်စဉ်သည် အခြေခံ တည်ဆောက်ခြင်း အဆင့် လေးဆင့်အထိ ကျင့်ကြံနိုင်ပေသည်။
စုယွီအတွက်မူ ဤကျင့်စဉ်သည် လတ်တလောတွင် လုံလောက်မှု ရှိနေပြီ ဖြစ်သည်။
သူသည် အားလပ်ချိန်များတွင် သူ၏ မြေဓာတ် ဝိညာဉ်အမြစ်ကို ကျင့်ကြံရန် ရည်ရွယ်ထား၏။
ကိုယ်ခန္ဓာ ကျင့်စဉ်သည် သူ၏ ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး မြေဓာတ် စွမ်းအင်ကလည်း သူ၏ ခံနိုင်ရည်ကို ပိုမို အားကောင်းစေလိမ့်မည် ဖြစ်သည်။
ထို့အပြင် သစ်သားဓာတ် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ အစွမ်းထက်သော ကုသနိုင်စွမ်းနှင့် ပေါင်းစပ်လိုက်ပါက သူ၏ အသက်ရှင်သန်နိုင်စွမ်းမှာ အလွန် မြင့်မားသွားမည်မှာ အသေအချာပင်။
ဝိညာဉ်ကျောက်တုံးများ ပေးချေပြီး လေလံပွဲမှ ရရှိသော ပစ္စည်းများကို သိမ်းဆည်းကာ စုယွီနှင့် စုဇီတို့သည် ဝိညာဉ်နန်းတော်မှ လျင်မြန်စွာ ထွက်ခွာခဲ့ကြပြီး လမ်းကြားထဲရှိ ခြံဝင်းငယ်လေးသို့ ပြန်လာခဲ့ကြတော့သည်။
"နောက်တစ်ဆင့် အနေနဲ့... ကျွန်တော် တံခါးပိတ် ကျင့်ကြံပြီး အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ဖို့ ပြင်ဆင်တော့မယ်"
စုယွီက အသက်ပြင်းပြင်း ရှူရှိုက်ရင်း ပြောလိုက်သည်။ ဖိအားအနည်းငယ်ကို သူ ခံစားနေရ၏။
အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်ဖိုစာ ကုန်ကြမ်းပစ္စည်းများသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနီးပါး တန်ဖိုးရှိပေသည်။
သာမန် ကျင့်ကြံသူ သို့မဟုတ် ကျင့်ကြံသူ မိသားစု တစ်ခု အနေဖြင့် ဤမျှ ကြီးမားသော ကုန်ကျစရိတ်ကို မည်သို့ တတ်နိုင်ပါမည်နည်း။
အရင်းအမြစ်များ မရှိခြင်းနှင့် ဆေးလုံး ဖော်စပ်ရန် ပစ္စည်းများ ရှားပါးခြင်းတို့ကြောင့် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းမည့် လမ်းကြောင်းသည် သူတို့အတွက် ထာဝရ ပိတ်ပင်ခံထားရသကဲ့သို့ ဖြစ်နေပေသည်။
ဤ ဆေးလုံး ဖော်စပ်မှုသည် အောင်မြင်မှသာ ဖြစ်ပေမည်။ ကျရှုံး၍ မဖြစ်ပေ။
စုဇီက အားပေးစကား ဆိုလိုက်၏။
"လုပ်သာ လုပ်ပါ... ငါ နင့်အတွက် အစောင့်အရှောက် လုပ်ပေးမယ်"
ထို့နောက် သူမက ပြုံးလျက် ဆက်ပြောသည်။
"အရမ်းကြီး ဖိအားမဝင်ပါနဲ့... ကျရှုံးသွားရင်တောင် ဒါက ငါ့မောင်လေးအတွက် လေ့ကျင့်ခန်း တစ်ခု ဖြစ်သွားတာပေါ့... အရှုံးကြီးတော့ မဟုတ်ပါဘူး"
လျှို့ဝှက် ခန်းမဆောင် အတွင်း၌၊
စုယွီသည် ရက်အနည်းငယ်ကြာအောင် မိမိ၏ အခြေအနေကို ညှိယူရင်း ဒုတိယအဆင့် ကနဦးအဆင့် ဆေးလုံးများကို နေ့စဉ် ဖော်စပ်လေ့ကျင့်နေခဲ့သည်။
ခုနစ်ရက် ခန့် ကြာသောအခါ ပြီးပြည့်စုံသော အဆင့်ရှိသည့် ဒုတိယအဆင့် ကနဦးအဆင့် ခိုင်ယွမ် ဆေးလုံး တစ်ဖိုကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။
ဆေးဖိုမှ ထွက်ပေါ်လာသော ပြီးပြည့်စုံသော ဆေးလုံး ငါးလုံးကို မြင်လိုက်ရသောအခါ စုယွီ အလွန် စိတ်လှုပ်ရှားသွားပြီး ယုံကြည်မှုများ တိုးပွားလာခဲ့သည်။
သူ စောင့်မျှော်နေခဲ့သော ပြီးပြည့်စုံသည့် အခြေအနေသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အခွင့်အရေး ရောက်လာပြီ ဖြစ်ပေသည်။
"အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို စတင် ဖော်စပ်တော့မယ်"
စုယွီသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး သာမန် ပစ္စည်းများဖြင့် ဆေးဖော်စပ်ခြင်းကို ဖြည်းညှင်းစွာ စတင်လိုက်လေသည်။ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ လုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်လာခဲ့သည်။
တစ်ရက် ကြာပြီးနောက် စုယွီသည် အဓိက ပစ္စည်းများကို စတင် အရည်ကျိုလိုက်၏။
ရေခဲနှလုံးသား ကြာပန်း၊ ခုန်းလင် ဝိညာဉ်သစ်သီးနှင့် သန့်စင်သော မိစ္ဆာအမြုတေတို့ကို အရည်ကျိုပြီးနောက် ဆေးလုံး ခဲစေရန် စတင် ပြုလုပ်လိုက်လေသည်။
နှစ်နာရီခန့် ကြာသောအခါ၊ စုယွီသည် ဆေးလုံး ရယူသည့် မန္တန်ကို ရွတ်ဆိုလိုက်ရာ ဆေးဖိုထဲမှ ဆေးလုံး လေးလုံး ပျံဝဲထွက်ပေါ်လာခဲ့သည်။ နှစ်လုံးမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်သန့်ရှင်းနေပြီး ကျန်နှစ်လုံးမှာမူ သာမန် ပုံစံသာ ရှိလေသည်။
ထို အခြေခံ တည်ဆောက်ခြင်း ဆေးလုံး လေးလုံးကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။
"နှစ်လုံးက ထိပ်တန်း အရည်အသွေး... ကျန်နှစ်လုံးက သာမန် အရည်အသွေးပါလား"
ဤရလဒ်သည် သူ၏ မျှော်မှန်းချက်ထက် ကျော်လွန်နေပြီး အလွန် ကျေနပ်ဖွယ်ရာ ကောင်းလှပေသည်။
ထိပ်တန်း အရည်အသွေးရှိသော အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများသည် အဆင့်ချိုးဖြတ်ရန် အောင်မြင်နိုင်စွမ်းကို အနည်းဆုံး ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး တစ်လုံးလျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့် တန်ဖိုးရှိပေသည်။
သာမန် အရည်အသွေးရှိသော ဆေးလုံးများမှာမူ အောင်မြင်နိုင်စွမ်းကို ၂၀ ရာခိုင်နှုန်းခန့် မြှင့်တင်ပေးနိုင်ပြီး ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ခန့် တန်ကြေး ရှိလေသည်။
ဤ ဆေးလုံး တစ်ဖိုသည် စုစုပေါင်း ဝိညာဉ်ကျောက်တုံး သုံးသောင်းခြောက်ထောင် တန်ဖိုးရှိသည်ဟု ဆိုနိုင်ပေသည်။
သူသည် ဆေးလုံး လေးလုံးကို ကျောက်စိမ်း သေတ္တာများထဲတွင် သီးခြားစီ ထည့်သွင်းပြီး သိမ်းဆည်းလိုက်၏။
စုယွီသည် လျှို့ဝှက် ခန်းမဆောင်မှ ထွက်ခွာလာခဲ့သည်။ အပြင်ဘက်တွင် စောင့်ကြပ်ပေးနေသော စုဇီသည် ချက်ချင်းပင် တက်ကြွလန်းဆန်းလာခဲ့သည်။ သူမက ရလဒ်ကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် စုယွီက ကျောက်စိမ်း သေတ္တာကို ကမ်းပေးလိုက်လေသည်။
တည်ငြိမ်သော အပြုံးဖြင့် စုယွီက ပြောလိုက်၏။
"လုပ်ငန်းစဉ် အောင်မြင်ပါတယ်ဗျို့... တစ်ဖိုတည်းနဲ့ လေးလုံး ထွက်လာတယ်... နှစ်လုံးက ထိပ်တန်း အဆင့်၊ နှစ်လုံးက သာမန် အဆင့်ပါ"
"ဘာ... ဘာပြောလိုက်တယ်"
စုဇီ အံ့အားသင့်သွားပြီး သူမ၏ ကမ်းပေးလိုက်သော လက်များ တုန်ယင်သွားခဲ့သည်။
"ထိပ်တန်း အဆင့် ဟုတ်လား... နှစ်လုံးတောင်လား”