← Chapters

တစ်ညတာ အားထုတ်မှု၊ ဆယ်နှစ်တာ ကြိုးပမ်းမှု (၁)

Vol. 5 Ch. 65

တစ်ညတာ အားထုတ်မှု၊ ဆယ်နှစ်တာ ကြိုးပမ်းမှု (၁)

Vol. 5 Ch. 65

~လဝက်ခန့် ကြာမြင့်ပြီးနောက်..၊ စုဇီထံမှ သတင်းစကား ရောက်ရှိလာခဲ့လေသည်။ မိသားစု ခေါင်းဆောင် စုဖုန်းသည် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းရာတွင် အတွင်းဒဏ်ရာဟောင်းများ ပြန်လည် ထကြွလာမှုကြောင့် ကျရှုံးသွားခဲ့ရရှာသည်။ သူ၏ အသက်စွမ်းအင်များ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့လေသည်။ ဆန့်ကျင်ဘက် အနေဖြင့် စတုတ္ထ အကြီးအကဲ စုကျင်းပန်းမှာမူ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေသည်။ စုဖုန်း အနေဖြင့် ယခုတစ်ကြိမ် ကျရှုံးမှုသည် နောင်တစ်ချိန်တွင် ထပ်မံ ကြိုးစားရန် မျှော်လင့်ချက်များကို ဝါးမြိုသွားခဲ့ပြီ ဖြစ်ချေသည်။

ထို့ကြောင့် စုဖုန်းသည် အဓိက နယ်မြေရှိ ဂူစံအိမ်တွင် ပျက်စီးသွားသော အသက်စွမ်းအင်များကို ကုစားရန် အနားယူနေစဉ် စုကျင်းပန်းမှာမူ ထိုနေရာ၌ပင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ စုဖုန်း၏ စီစဉ်မှုဖြင့် စုဇီသည် လမ်းကြားရှိ ခြံဝင်းလေးသို့ ပြန်လာပြီး စုယွီအား မိသားစု ခေါင်းဆောင် နေရာကို ဆက်ခံရန် လာရောက် နားချလေသည်။

စုယွီက ခေါင်းခါလိုက်ရင်း ငြင်းဆိုလိုက်သည်။

"အစ်မ... ကျွန်တော့် စရိုက်က မိသားစု ခေါင်းဆောင် လုပ်ဖို့ မသင့်တော်ပါဘူး... ဒါ့အပြင် ကျွန်တော်က အခြေခံ တည်ဆောက်ခြင်း အဆင့်ကို မြန်နိုင်သမျှ မြန်မြန် ရောက်အောင် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ချင်တယ်"

စုဇီက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြော၏။

"နင် လက်မခံဘူး ဆိုတာ ငါ သိပါတယ်... အဖေကတော့ နင့်ကို သတိရနေတုန်းပဲ... ကောချူတုန်း ကိစ္စတုန်းက နင့်ကို ဆက်ခံသူ အဖြစ် မွေးထုတ်ပေးဖို့ ရည်ရွယ်ခဲ့တာ... ဒါပေမဲ့ နင်က ယွင်ရှန်း ဈေးမြို့တော်ကို ထွက်သွားပြီး အဲ့ဒီမှာပဲ အခြေချလိုက်တယ်... နှစ်ပေါင်း နှစ်ဆယ်တောင် ကုန်ဆုံးသွားခဲ့ပြီပဲဟယ်"

"ချင်းယီသာ ရှိနေရင် နင့်နေရာကို ဆက်ခံနိုင်မှာ ဆိုပေမဲ့..."

စုဇီ၏ စကားသံသည် တိမ်ဝင်သွားခဲ့၏။ နှစ်ဦးစလုံး အတိတ်ကို ပြန်လည် တွေးတောရင်း တိတ်ဆိတ်သွားကြလေသည်။ စုယွီ ယွင်ရှန်း ဈေးမြို့တော်တွင် နေရစ်ရန် ဆုံးဖြတ်ပြီးနောက် မိသားစုသည် စုချင်းယီကို ဆက်ခံသူ အဖြစ် ပျိုးထောင်ရန် ရည်ရွယ်ခဲ့ကြသည်။

သို့သော် စုချင်းယီသည် မိသားစုကို သစ္စာဖောက်ကာ မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။

အကယ်၍ စုယွီက မိသားစု ခေါင်းဆောင် နေရာကို လက်မခံလိုပါက အခြား နည်းလမ်းများကို ဆွေးနွေးရပေတော့မည်။

ခေတ္တမျှ ကြာပြီးနောက် စုယွီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"တကယ်တော့... ချီစွမ်းအင် စုစည်းခြင်း အဆင့် ရှိတဲ့သူမှ မိသားစု ခေါင်းဆောင် ဖြစ်ရမယ်လို့ မရှိပါဘူး... အခု အကြီးအကဲ ကျင်းပန်းက အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်သွားပြီ ဆိုတော့ နောက်ထပ် နှစ်တစ်ရာလောက် အသက်ရှင်နိုင်ဦးမှာပဲ... ပြီးတော့ အကြီးအကဲ ကျင်းပန်းမှာ ခေါင်းဆောင် လုပ်နိုင်တဲ့ အရည်အချင်းရော စွမ်းအားပါ ရှိပါတယ်"

အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် စုဇီက ပြန်ပြောလိုက်၏။

"အချိန်တန်ရင်တော့ အဖေရယ်၊ အကြီးအကဲ ကျင်းပန်းရယ်၊ မျိုးနွယ်စု ဘိုးဘေးရယ်၊ ပထမ အကြီးအကဲရယ်... သူတို့ အားလုံးရဲ့ သဘောထားကို ထည့်သွင်း စဉ်းစားရမှာပေါ့"

မကြာမီ ယွင်ကျန်းဂိုဏ်းမှ သတင်းစကား ရောက်ရှိလာသဖြင့် စုဇီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာကာ ဂိုဏ်းသို့ ပြန်သွားရလေသည်။

အဓိက နယ်မြေရှိ ဂူစံအိမ် ငှားရမ်းချိန် ပြည့်သွားသောအခါ စုဖုန်းနှင့် စုကျင်းပန်းတို့ လမ်းကြားရှိ ခြံဝင်းလေးသို့ ပြန်ရောက်လာကြသည်။ အဆင့်ချိုးဖြတ်ရန် ကျရှုံးမှု၏ အကျိုးဆက်ကြောင့် စုဖုန်း၏ ဆံပင်များ ဖြူဖွေးသွားပြီး ယခင်ကထက် များစွာ အိုမင်းသွားသည်ကို တွေ့မြင်ရပေသည်။

စုဖုန်းသည် စုယွီကို ထပ်မံ နားချရန် ကြိုးစားသော်လည်း စုယွီ၏ စကားများကို ကြားရသောအခါ သက်ပြင်းချရင်း စုကျင်းပန်းကို လှမ်းကြည့်လိုက်သည်။

စုကျင်းပန်း၏ မျက်နှာထားမှာ တစ်မျိုး ဖြစ်သွား၏။

အဘယ်ကြောင့် ခေါင်းစဉ်က သူ့ဘက်သို့ လှည့်လာရသနည်း။

သူသည် မိသားစု ခေါင်းဆောင် လုပ်ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။

"မိသားစု ခေါင်းဆောင်... ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့"

စုကျင်းပန်းက စုဖုန်း စကားမဆုံးခင် အလျင်အမြန် တားဆီးလိုက်သည်။ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများသည် အဘယ်ကြောင့် မိသားစု ခေါင်းဆောင် လုပ်လေ့ မရှိကြသနည်း။ အကြောင်းမှာ မိသားစု ခေါင်းဆောင် ဖြစ်ရခြင်းသည် အလွန် ပင်ပန်းသောကြောင့် ဖြစ်သည်။

တစ်နေ့ကုန် မိသားစု ကိစ္စများနှင့် အလုပ်ရှုပ်နေရလျှင် မည်သူက ကျင့်ကြံရန် အချိန် ရပါတော့မည်နည်း။

ထို့ကြောင့် စုမိသားစု ကဲ့သို့သော မိသားစုများတွင် ခေါင်းဆောင် နေရာကို ချီစွမ်းအင် စုစည်းခြင်း ရှစ်ဆင့် သို့မဟုတ် ကိုးဆင့် ရှိသူများကိုသာ ရွေးချယ်လေ့ ရှိကြသည်။

အခြေခံ တည်ဆောက်ခြင်း အဆင့် ရှိသူများမှာမူ ဘိုးဘေး အဖြစ် ရာထူးတိုးမြှင့် ခံရလေ့ ရှိပေသည်။

မကြာမီ မိသားစု ခေါင်းဆောင်နှင့် စတုတ္ထ အကြီးအကဲတို့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာသွားကြလေသည်။

မိသားစု ဘက်တွင်လည်း အခြေအနေများ ငြိမ်သက်ခြင်း မရှိလှပေ။ သူတို့ အနေဖြင့် အချိန်ကြာမြင့်စွာ ခွဲခွာနေ၍ မဖြစ်ချေ။

ကျန်းနှင့် ဟွမ် မိသားစုတို့၏ ဖိအားပေးမှု၊ မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများနှင့် ယုတ်မာသော ကျင့်ကြံသူများ စုဝေးလာမှု၊ ယွင်ကျန်းဂိုဏ်း အတွင်း၌ပင် မငြိမ်သက်မှုများ ရှိနေခြင်းတို့ကြောင့် ဤကာလသည် အဖြစ်အပျက် များပြားမည့် အချိန်ကာလ ဖြစ်လာပေတော့မည်။

အထူးသဖြင့် မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် မပြည့်စုံသော အထွတ်အထိပ် မှော်လက်နက်ကို ခိုးယူသွားသည့် သွေးဓား လော့ပန်း ပုန်းအောင်းနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေပေသည်။

ကံကောင်းသည်မှာ စုမိသားစုတွင် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး တိုးပွားလာခြင်းကြောင့် အင်အား တောင့်တင်းလာခဲ့ခြင်းပင် ဖြစ်သည်။

သူတို့၏ အခြေခံ အုတ်မြစ်သည်လည်း တဖြည်းဖြည်း ခိုင်မာလာခဲ့ပြီ ဖြစ်လေသည်။

"မိသားစု..."

ထွက်ခွာသွားသော ကျောပြင်များကို ကြည့်ရင်း စုယွီ ရေရွတ်လိုက်မိသည်။ သူ၏ ဆုံးဖြတ်ချက်က ခိုင်မာနေဆဲပင်။

အစကတည်းက မိသားစုနှင့် အတူနေရန် သူ စိတ်ကူးမရှိခဲ့ပေ။

ဆေးဥယျာဉ်သို့ သွားရောက်ခြင်းသည် မိသားစုကို စွန့်ခွာ၍ ကျင့်ကြံရန် သူ၏ ပထမဆုံး ခြေလှမ်း ဖြစ်ခဲ့သည်။ ထို့နောက် ယွင်ရှန်း ဈေးမြို့တော်၊ ယခု ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အထိ သူ ခရီးဆက်ခဲ့ပြီး ဖြစ်သည်။

နောက်လှည့်ပြီး မိသားစုကို ဦးဆောင်ရန် သူ မည်သို့ ပြန်သွားနိုင်ပါမည်နည်း။

သူ့အမြင်တွင် ဤ ကျင့်ကြံခြင်း လောကကြီးသည် အလွန် ကျယ်ပြောလှပေရာ စုမိသားစုသည် နှိုင်းယှဉ်လိုက်ပါက သေးငယ်လွန်းလှပေသည်။

—------

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ လမ်းကြားနှင့် မဝေးလှသော ဈေးတစ်ခုတွင်၊

တစ်ထပ် သစ်သား အဆောက်အအုံကို ပြုပြင်မွမ်းမံပြီးနောက် ဝူထုံ ဆေးလုံးမျှော်စင် အဖြစ် ဖွင့်လှစ်ထားခဲ့သည်။ ဆေးလုံးမျှော်စင် ဖွင့်လှစ်ခဲ့သည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထို သုံးလတာ ကာလတို အတွင်း၌ပင် ဆေးလုံးများ၏ အရည်အသွေးနှင့် ဂုဏ်သတင်းသည် ပတ်ဝန်းကျင် ဒေသများသို့ ‌ရိုက်ခတ်သွားခဲ့ပြီး ပုံမှန် ဖောက်သည်များနှင့် လာရောက် ဝယ်ယူသူများ မပြတ်မလပ် ရှိလာခဲ့လေသည်။

နောက်ဖေး ခြံဝင်းအတွင်း၌၊

ညဥ့်နက်သန်းခေါင်ယံ အချိန်တွင် ဆေးလုံးမျှော်စင် တံခါးပိတ်ပြီးသော်လည်း စုယွီသည် အခန်းထဲသို့ ပြန်မဝင်သေးပေ။

ကောင်းကင်ယံ၌ ကြယ်ရောင်များ ပြိုးပြိုးပြက်ပြက် တောက်ပနေပြီး ငွေရောင် လမင်း၏ အလင်းတန်းများသည် နောက်ဖေး ခြံဝင်းထဲသို့ ဖြာကျနေလေသည်။ တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံနေသော စုယွီ၏ ခန္ဓာကိုယ်ကို အလင်းပါးလေး တစ်ခု လွှမ်းခြုံထားသကဲ့သို့ ရှိနေသည်။

“ဝုန်း”

ထိုအခိုက်မှာ၊ အာရုံစူးစိုက်ထားသော မျက်နှာထားဖြင့် စုယွီသည် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ စွမ်းအင်များကို သူ၏ လက်ဖဝါးပေါ်ရှိ ပဲစေ့ပြားလေးသဏ္ဌာန် မျိုးစေ့ထဲသို့ အဆက်မပြတ် စီးဆင်းစေလိုက်သည်။ ဖျော့တော့သော အစိမ်းရောင် အလင်းတန်းများ မျိုးစေ့အတွင်းမှ ထွက်ပေါ်လာလေသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်က ဤမျိုးစေ့လေး မြေပြင်ပေါ်သို့ မတော်တဆ ပြုတ်ကျပြီး အပင်ပေါက်လာကာ သူ၏ စွမ်းရည်များကို မြှင့်တင်ပေးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဆယ်နှစ်ကျော်တိုင်အောင် ဝိညာဉ် စွမ်းအင်များဖြင့် ပြုစုပျိုးထောင်လာခဲ့ပြီးနောက် မျိုးစေ့၏ အသက်စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီ ဖြစ်ရာ စုယွီ၏ စိတ်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

ဤတစ်ကြိမ်တွင် မျိုးစေ့သည် မည်သို့သော ထူးခြားဆန်းပြားမှုများ သို့မဟုတ် အခွင့်အလမ်းများကို ယူဆောင်လာပါမည်နည်း။

နောက်ဆုံးတွင် ညဥ့်နက်ပိုင်းသို့ ရောက်သောအခါ မျိုးစေ့သည် စုယွီ၏ လက်ဖဝါးမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မြစိမ်းရောင် အလင်းတန်းများ အပြည့်အဝ ပွင့်အာလာတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊

ပိုမို တောက်ပလာသော မြစိမ်းရောင် အလင်းတန်းများနှင့်အတူ မျိုးစေ့သည် အမြစ်တွယ်ကာ အပင်ပေါက်လာလေသည်။

ဆယ်စက္ကန့် မပြည့်မီ အချိန်အတွင်း နှစ်လံခန့် မြင့်မားသော ဝိညာဉ် သစ်ပင် တစ်ပင်သည် စုယွီ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ ပင်စည်သည် နဂါးတစ်ကောင် ရစ်ခွေနေသကဲ့သို့ ကောက်ကွေးနေပြီး အကိုင်းအခက်များသည် ချပ်ဝတ် အကြေးခွံများသဖွယ် ထူထပ်စွာ ပါရှိလေသည်။ ပင်စည်မကြီးမှာလည်း ရေနဂါး တစ်ကောင်ကဲ့သို့ အားကောင်း မာကျောပုံ ရသည်။

ကောင်းကင်မှ ကြယ်ရောင်များနှင့် အရပ်မျက်နှာ အသီးသီးမှ သဘာဝ ဝိညာဉ် စွမ်းအင်များသည် ဒီရေအလား သစ်ပင်ဆီသို့ စီးဆင်းလာကြသည်။

သစ်ကိုင်းပေါ်တွင် ပန်းဖူးလေး တစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးထွားလာကာ မျက်စိကျိန်းမတတ် ဖြူဖွေးသော အလင်းရောင်များ ထုတ်လွှတ်လေသည်။

ယခုတစ်ကြိမ် ပန်းပွင့်ချိန်တွင်မူ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်မလာဘဲ အစိမ်းရောင် အသီးတစ်လုံး သီးလာ၏။

ထိုအသီးသည် ဗောဓိသီး အရွယ်အစားထိ ကြီးထွားလာပြီး နောက်ဆုံးတွင် ရွှေရောင် အဖြစ် ပြောင်းလဲကာ ကြည်လင်တောက်ပလာလေသည်။

ထိုအချိန် ရောက်မှသာ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ထူးခြားဆန်းပြားပြီး မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာတော့သည်။

“ရှဲ..ရှဲ…”

မှောင်မိုက်သော ညဉ့်အမှောင်အောက်တွင် လေပြေတစ်ချက် တိုက်ခတ်သွားရာ ဝိညာဉ် သစ်ပင်၏ အကိုင်းအခက်များ လှုပ်ရှားသွားပြီး အသံများ ထွက်ပေါ်လာ၏။ ဤသည်မှာ စိတ်ကူးယဉ် ပုံရိပ်ယောင် မဟုတ်ဘဲ စစ်မှန်သော သစ်ပင် တစ်ပင် ဖြစ်ကြောင်း သက်သေပြနေပေသည်။

ဤ မြင်ကွင်းကို ကြည့်ရင်း စုယွီ အလွန် အံ့အားသင့်သွားမိသည်။ ဤ မျိုးစေ့သည် အဘယ်အရာ ဖြစ်သနည်း။

အပင်ပေါက်သည်မှ အသီးရင့်မှည့်သည်အထိ နာရီဝက်ပင် မကြာလိုက်ပေ။

ဝိညာဉ် သစ်ပင်ကြီးကို ခေတ္တမျှ လေ့လာကြည့်ရှုပြီးနောက်၊

နောက်ဆုံးတွင် စုယွီသည် လက်လှမ်းကာ အသီးကို ခူးလိုက်လေသည်။ အသီးနှင့် သစ်ပင် ကွဲကွာသွားသည့် ခဏ၌ပင် နှစ်လံခန့် မြင့်မားသော ဝိညာဉ် သစ်ပင်ကြီးသည် ချက်ချင်းပင် ပြာမှုန့် အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

"ဒါက..."

စုယွီ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

သူသည် မျိုးစေ့ကို ရှာမတွေ့တော့သဖြင့် သူ၏ အကြည့်သည် လက်ထဲမှ ရွှေရောင်တောက်ကာ မွှေးပျံ့နေသော အသီးဆီသို့ ရောက်ရှိသွား၏။

ယခင် တစ်ခါက ပန်းဝတ်မှုန်နှင့် ရနံ့များ၏ အကျိုးရလဒ်ကို တွေးတောကြည့်လျှင် ဤအသီးသည် အဆိပ်မရှိနိုင်ဟု ကောက်ချက်ချလိုက်သည်။

ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီသည် ရွှေရောင် အသီးကို ပါးစပ်ထဲ ထည့်ကာ ကိုက်ဝါးလိုက်လေသည်။

ရွှေရောင် အခွံသည် ကိုက်လိုက်သည်နှင့် ကွဲထွက်သွားပြီး အတွင်း၌ အသားမရှိဘဲ ထူးခြားမွှေးပျံ့သော အရည်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

အရည်ရွှမ်းသော အနှစ်များသည် ပါးစပ်ထဲသို့ စီးဝင်လာပြီး လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွား၏။ အသီးခွံသည်လည်း မျက်စိရှေ့၌ပင် ခြောက်သွေ့သွားပြီး ပြားချပ်သော အစေ့တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

“ဝေါ…”

ချက်ချင်းပင် ပူနွေးသော စွမ်းအင် လှိုင်းလုံးကြီး တစ်ခုသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ တိုက်ခတ်သွားလေသည်။

သို့သော် စုယွီ၏ စိတ်အာရုံထဲတွင်မူ သူ၏ ဝိညာဉ်သည် အေးမြသော ခံစားမှု တစ်မျိုးကို ရရှိလိုက်သည်။ အေးမြသော စွမ်းအားတစ်ခုသည် သူ၏ စိတ်ထဲသို့ ပေါင်းစပ်သွားပြီး ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်က အလိုအလျောက် လည်ပတ်ကာ ထိုစွမ်းအားကို သန့်စင်ပေးနေလေသည်။ သူ၏ ဝိညာဉ် စွမ်းအားများ သိသိသာသာ ကြီးထွားလာသည်ကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် စုယွီ၏ ဒန်တျန် အတွင်းရှိ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်နှင့် ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်းတို့မှ ဝိညာဉ် စွမ်းအင် နှစ်မျိုးသည်လည်း လျင်မြန်စွာ တိုးပွားလာနေတော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။

ညဉ့်အမှောင်များ ဆုတ်ခွာသွားပြီး ရွှေရောင် နံနက်ခင်း ရောင်ခြည်များက ဆေးလုံးမျှော်စင်၏ နောက်ဖေး ခြံဝင်းထဲသို့ ဖြာကျလာချိန်တွင် စုယွီ မျက်လုံးများ ဖွင့်လိုက်လေသည်။ သူ၏ မျက်ဝန်းများထဲတွင် စူးရှသော အရောင်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ချီစွမ်းအင် စုစည်းခြင်း အဆင့်ထက် သာလွန်သော ဂုဏ်ရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ယခုအချိန်တွင် သူ၏ အသိစိတ် အာရုံသည် ယုံနိုင်စရာ မရှိလောက်အောင် ကြည်လင် ပြတ်သားနေပြီး သူ၏ တွေးခေါ်မှုများမှာ ယခင်ကထက် ပိုမို လျင်မြန်နေသယောင် ရှိသည်။

သူ၏ အမြင်အာရုံ၊ အကြားအာရုံနှင့် အခြား အာရုံခံနိုင်စွမ်း အားလုံးသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီး တစ်ခုကို ကြုံတွေ့လိုက်ရပေသည်။

စုယွီသည် ထို ပြောင်းလဲမှုများကို တိတ်ဆိတ်စွာ ခံစားရင်း မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။ သူ၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်နေမိ၏။

"ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်က ဒုတိယ အဆင့်ကို ရောက်သွားပြီ... အခြေခံ တည်ဆောက်ခြင်း အဆင့်ကို မရောက်သေးပေမဲ့ ငါ့ရဲ့ နတ်ဘုရား အာရုံကတော့ အခြေခံ တည်ဆောက်ခြင်း အဆင့်နဲ့ ယှဉ်နိုင်တဲ့ အပြောင်းအလဲ တစ်ခု ဖြစ်သွားပြီပဲ"

"ပြီးတော့ ဝိညာဉ် စွမ်းအင် အနေနဲ့ ပြောရရင်... အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်က တစ်ညတာ အတွင်းမှာ ဆယ်နှစ်စာ ကျင့်ကြံမှုနဲ့ ညီမျှတဲ့ ပမာဏ တိုးပွားလာခဲ့ပြီး ပထမ စက်ဝန်း ကိုးပတ်လည်... ဆိုလိုတာက ချီစွမ်းအင် စုစည်းခြင်း ကိုးဆင့်ကို ရောက်သွားပြီ"

"ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်းကလည်း ဆဋ္ဌမ အဆင့်ကို ရောက်ရှိသွားပြီ…”

All Chapters