သတင်းဆိုး
Vol. 5 Ch. 68
~လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်စီစီနှင့် စုချင်းယီတို့ တာအိုလက်တွဲဖော်များ အဖြစ် ပေါင်းဖက်ကြစဉ်က စုယွီသည် ပထမအကြီးအကဲ စုယွင်၊ စုဇီတို့နှင့်အတူ မင်္ဂလာပွဲ တက်ရောက်ရန် မိသားစုသို့ ပြန်လာခဲ့လေသည်။
လမ်းခရီးတွင် သူတို့သည် ဓားပြအဖွဲ့နှင့် မမျှော်လင့်ဘဲ ရင်ဆိုင်ရပြီးနောက် သရဲမျက်နှာ ရွှေရောင် လင်းယုန်ငှက် တစ်ကောင်ထံမှ အခွင့်အရေး အချို့ကို ရရှိခဲ့ကြသည်။
လက်ရှိ စုယွီ လေ့ကျင့်နေသော ဒုတိယအဆင့် အဆင့်မြင့် ရုပ်သေးပညာရှင် အမွေအနှစ် ဖြစ်သည့် "ရွှေကျောက်စိမ်း ကောင်းကင်ဘုံ ရုပ်သေး သွန်းလုပ်ခြင်း ကျမ်း" သည် ထိုအခွင့်အရေးများထဲမှ တစ်ခု ဖြစ်လေသည်။
ဤ ရုပ်သေးပညာရှင် အမွေအနှစ်သည် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထို့အပြင်..၊ သရဲမျက်နှာ ရွှေရောင် လင်းယုန်ငှက်ထံမှ ချွတ်ယွင်းနေသော ဒုတိယအဆင့် ကနဦးအဆင့် မိစ္ဆာ အခင်းအကျင်း အလံတစ်ခု၊ မိစ္ဆာ အင်အားစု ကိုးဝိညာဉ် မိစ္ဆာနန်းတော်၏ အတွင်းစည်း တပည့် တံဆိပ်ပြား တစ်ခုနှင့် မိစ္ဆာတောင်ထွတ် ရှစ်ခု၏ မြေပုံ တစ်ချပ်တို့ကိုလည်း ရရှိခဲ့သေးသည်။
ဤ အရာဝတ္ထု အားလုံးသည် မိစ္ဆာတောင်ထွတ် ရှစ်ခုကို တိုက်ရိုက် ညွှန်ပြနေပေသည်။
သို့သော် နောက်ပိုင်းတွင် စုယွီသည် ထိုပစ္စည်းများကို ယွင်ကျန်းဂိုဏ်း ပထမအကြီးအကဲ၏ တိုက်ရိုက် တပည့် လော့ချန်ယွီထံတွင် အဆင့်မြင့် မှော်လက်နက် တစ်ခုနှင့် လဲလှယ်ခဲ့သည်။ သူသည် နောက်ကွယ်မှ အရှုပ်အထွေးများကို စုံစမ်းခြင်း မပြုရန် တမင် ရွေးချယ်ခဲ့ပြီး မိမိကိုယ်ကို ထိုအခြေအနေမှ ဖယ်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး၏ ရှေးဟောင်း အမွေအနှစ် နေရာတစ်ခု တွေ့ရှိကြောင်း သတင်း ကြားလိုက်ရသောအခါ စုယွီသည် ဖြစ်ပျက်နေသမျှကို ရုတ်တရက် သဘောပေါက်သွားပြီး အရာရာသည် ဆက်စပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကိုးဝိညာဉ် မိစ္ဆာနန်းတော်မှ တပည့် တစ်ဦးသည် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ အကြောင်း သိရှိသွားပြီး ရှာဖွေရန် မိစ္ဆာတောင်ထွတ် ရှစ်ခုသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် တစ်နည်းနည်းဖြင့် သူ၏ တံဆိပ်ပြားနှင့် ရတနာ အချို့ ပျောက်ဆုံးသွားပြီး သရဲမျက်နှာ ရွှေရောင် လင်းယုန်ငှက် လက်ထဲသို့ ရောက်ရှိသွားကာ သားကောင် ဖြစ်သွားခဲ့ရပုံ ရသည်။
ထို့နောက် သရဲမျက်နှာ ရွှေရောင် လင်းယုန်ငှက်သည် စုယွီတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများနှင့် ဓားပြများ စုဝေးနေကြခြင်းမှာလည်း ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ သတင်း ပြန့်နှံ့သွားခြင်းကြောင့် ဖြစ်နိုင်ပေသည်။
သို့သော် ထိုသူများက မည်သည့် အကြောင်းကြောင့် ရှေးဟောင်း အပျက်အစီးများကို ရှာဖွေနေကြသနည်း ဆိုသည်မှာ ရှင်းလင်းမှု မရှိသေးပေ။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်း အပျက်အစီးများ ပေါ်ထွက်လာသည်နှင့် ယွင်ကျန်းဂိုဏ်း၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ ခိုင်ရန် နန်းတော်၊ ဓားမြို့တော် ချင်မိသားစုနှင့် တာ့ယွဲ့ဂိုဏ်း စသည့် တရားသော အင်အားစုများသည်လည်း အခွင့်အလမ်းများ ရယူရန် ရောက်ရှိလာနိုင်သောကြောင့် ဖြစ်သည်။
ထိုနေရာ၌ စုဝေးနေကြခြင်းသည် တရားသော အင်အားစုများကို ထိပ်တိုက် ရင်ဆိုင်ရန် ရည်ရွယ်ခြင်းလော။
မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများနှင့် ဓားပြ တစ်သိုက်သည် ထိုကဲ့သို့ လုပ်ဆောင်ရဲသော သတ္တိ ရှိကြပါ၏လော။
ဤနေရာသည် တာ့ယွဲ့ဂိုဏ်း ပိုင်နက် ဖြစ်သော တာ့ယွဲ့ ပြည်နယ် ဖြစ်သည်။ ဤနေရာတွင် ရှိသော မိစ္ဆာများသည် လမ်းဖြတ်ကူးသော ကြွက်များကဲ့သို့သာ ဖြစ်ပြီး အမှောင်ထဲတွင် ပုန်းအောင်းနေရသူများ၊ ကြောက်ရွံ့ စက်ဆုပ်ခြင်း ခံရသူများသာ ဖြစ်ကြသည်။
အကယ်၍ သူတို့ တကယ်တမ်း ထိပ်တိုက် ရင်ဆိုင်ရဲသည် ဆိုပါက ထိုအပြုအမူသည် ခေါင်းမာခြင်း မဟုတ်ဘဲ မိမိကိုယ်ကို သေလမ်းသို့ တွန်းပို့သော မိုက်မဲခြင်းသာ ဖြစ်ပေလိမ့်မည်။
စုယွီသည် ယွီခယ်အာနှင့် ဆွေးနွေးပြီးနောက် ယွီခယ်အာက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးမှာ သူတို့ လိုချင်တဲ့ အရာ တစ်ခုခု ရှိနေလို့ ဖြစ်မှာပါ... မဟုတ်ရင် တာ့ယွဲ့ ပြည်နယ် အပြင်ဘက်က အားကောင်းတဲ့ မိစ္ဆာ အင်အားစု တစ်ခုရဲ့ အတွင်းစည်း တပည့် တစ်ယောက်က ဒီအထိ လာပြီး ရှာစရာ အကြောင်း မရှိဘူး... ဒီနေရာက သာမန်ကာလျှံကာ မဟုတ်လောက်ဘူး"
ဆွေးနွေးပြီးနောက် ယွီခယ်အာသည် စိတ်သက်သာရာ ရသွားပုံရပြီး သူမ၏ မျက်နှာထားမှာ ယခင်ကကဲ့သို့ တင်းမာခြင်း မရှိတော့ဘဲ စကားပိုပြောလာလေသည်။
"စာရင်းထဲက ပစ္စည်းတွေက အလျင်မလိုပါဘူး... လစဉ် ခွဲပြီး ယူလို့ ရပါတယ်... ဒီ အင်မော်တယ် ဂိတ်တံခါး အပျက်အစီးတွေထဲကို ဒီတိုင်း ဝင်သွားလို့ ရတာမှ မဟုတ်တာ... ငါးနှစ်၊ ရှစ်နှစ်လောက် ကြာချင် ကြာဦးမှာ... အဲ့ဒီအချိန်လောက် ဆိုရင်တောင် မိစ္ဆာတောင်ထွတ် ရှစ်ခုက အရှုပ်အထွေးတွေ ပြီးချင်မှ ပြီးဦးမှာ"
"အနှစ် ၂၀ အတွင်း ဒုတိယအဆင့် အဆင့်မြင့် သားရဲထိန်းသိမ်းသူ ဖြစ်လာဖို့ အခွင့်အရေး တစ်ခု ရထားတယ်... ဘယ်လိုလဲ၊ ငါ လုပ်နိုင်မယ် ထင်လား"
"စုယွီ... တကယ်လို့... တကယ်လို့ နင်သာ..."
"မျှော်စင်သခင်၊ သခင်မလေး... ခန်းမဆောင်မကြီးက လူတွေ တာဝန် စာရင်း လာပို့ပါတယ် ခင်ဗျာ"
ထိုစဉ်၊ ခန်းယွင်နျန် ရောက်ရှိလာပြီး ယဉ်ကျေးစွာဖြင့် စာရင်းတစ်ခုကို ကမ်းပေးလိုက်ခြင်းပင်။
ယွီခယ်အာ၏ မျက်နှာလေး ရဲသွားပြီး စုစည်းထားသော သတ္တိများ ပျောက်ကွယ်သွားတော့သည်။ သူမသည် ခန်းယွင်နျန်ကို ချက်ချင်းပင် အေးစက်စက် စိုက်ကြည့်လိုက်ပြီး လူသတ်ချင်သော အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။
ခန်းယွင်နျန်မှာ ကျားမ တစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသော မြည်းတစ်ကောင်အလား
ကျောချမ်းသွားပြီး မျက်နှာ ဖြူဖျော့သွားတော့သည်။
သူ၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာ တစ်ခုတည်းသာ ပေါ်လာ၏။
‘ဟင်... ဘာဖြစ်တာလဲ... ငါ ဘာမှ မလုပ်ရပါလား’
"အဟမ်း"
စုယွီသည် စာရင်းကို လှမ်းယူလိုက်ပြီး တင်းမာနေသော အခြေအနေကို မသိချင်ယောင်ဆောင်ကာ ဖတ်ကြည့်လိုက်သည်။ စာရင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်ခုံးများ မြင့်တက်သွား၏။ ဤစာရင်းတွင် ဒုတိယအဆင့် ကနဦးအဆင့် ဆေးလုံးများ ပါဝင်ပြီး ဈေးနှုန်း သိပ်မကြီးသော်လည်း အမြတ်အစွန်း များစွာ ရရှိနိုင်သော ပမာဏ ဖြစ်ပေသည်။
အမှန်တရား ခန်းမဆောင်သည် ဆေးလုံး ကုန်ကြမ်းပစ္စည်း အစုံ ကိုးဆယ် ပေးပို့ထားပြီး သာမန် အရည်အသွေး ဆေးလုံး ကိုးဆယ် ပြန်လည် ပေးအပ်ရန်သာ လိုအပ်သည်။
ဤသည်မှာ တာဝန် တစ်ခု ဖြစ်ပြီး ပံ့ပိုးမှု တန်ဖိုး ကိုးဆယ် ရရှိမည် ဖြစ်သည်။
သူ နားလည်ထားသလောက် ဆိုလျှင် အမှန်တရား ခန်းမဆောင်၏ ပံ့ပိုးမှု တန်ဖိုး တစ်မှတ်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးနှင့် ညီမျှသည်။
ဤ အခြေအနေများသည် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။ အဓိကအားဖြင့် ဒုတိယအဆင့် ကနဦးအဆင့် ဆေးလုံးများကို ဖော်စပ်ရခြင်းသည် သူ့အတွက် အလွန် ရိုးရှင်းလွယ်ကူသောကြောင့် ဖြစ်သည်။
အမှန်တရား ခန်းမဆောင်မှ ပေးအပ်သော စာရင်းသည် စုစုပေါင်း တာဝန် သုံးခု ဖြစ်ပြီး သာမန် အရည်အသွေးရှိသော ဒုတိယအဆင့် ကနဦးအဆင့် ဆေးလုံး အမျိုးအစား သုံးမျိုး၊ စုစုပေါင်း ၂၇၀ လုံး လိုအပ်သည်။ ၎င်းတို့မှာ ဝိညာဉ် စွမ်းအင် ပြန်လည် ဖြည့်တင်းပေးသော ဟွန်ယွမ် ဆေးလုံး၊ ဒဏ်ရာ ကုသပေးသော ယွီလင် ဆေးလုံးနှင့် ကျင့်ကြံခြင်း အတွက် အသုံးပြုသော ခိုင်ယွမ် ဆေးလုံး တို့ ဖြစ်ကြသည်။
အကယ်၍ ဒုတိယအဆင့် ကနဦးအဆင့် ဆေးပညာရှင် တစ်ဦးသည် ဤ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ခုနစ်ရာနှင့် ညီမျှသော ပံ့ပိုးမှု တန်ဖိုးများကို ရရှိနိုင်မည် ဖြစ်သည်။
ပြီးစီးရန် သုံးလခန့် ကြာမြင့်နိုင်သည်။
ဤသည်မှာ သာမန် ဒုတိယအဆင့် ကနဦးအဆင့် ဆေးပညာရှင် တစ်ဦး၏ ဝင်ငွေ ဖြစ်လေသည်။
အကယ်၍ စုယွီသာ ဖော်စပ်မည် ဆိုပါက ဆေးလုံး ၂၇၀ အတွက် ကုန်ကြမ်းပစ္စည်း အစုံ ၆၀၊ ၇၀ ခန့်သာ ကုန်ကျမည် ဖြစ်ပြီး ကျန်ရှိသော ပစ္စည်းများ အားလုံးသည် အသားတင် အမြတ်အစွန်းများ ဖြစ်လာပေလိမ့်မည်။
"ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေက တခြားသူတွေအတွက် အခွင့်အလမ်း ဖြစ်မဖြစ် မသိပေမဲ့ ငါ့အတွက်တော့ သေချာပေါက် အခွင့်အလမ်း တစ်ခု ဖြစ်လာမှာပဲလို့ ခံစားနေရတယ်"
ဤတစ်ကြိမ်တွင် သူ သေချာပေါက် စီးပွားဖြစ်တော့မည်။ ထို့ကြောင့် အမှန်တရား ခန်းမဆောင်၏ တာဝန် စာရင်းကို လက်ခံရန် ပြင်ဆင်လိုက်သည်။
အမှန်တရား ခန်းမဆောင်သည် အချိန် သုံးလ သတ်မှတ်ထားပြီး တစ်လလျှင် တစ်ကြိမ်၊ သုံးပုံ တစ်ပုံနှုန်းဖြင့် ပေးအပ်ရန် လိုအပ်သည်။
ခေတ္တမျှ ကြာပြီးနောက် ယွီခယ်အာသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ကိုးထောင်ကို စရန်ငွေ အဖြစ် ထားရစ်ခဲ့ပြီး ပြန်လည် ထွက်ခွာသွားလေသည်။
စုယွီသည် အမှန်တရား ခန်းမဆောင်မှ လူများကို ဆေးလုံး ကုန်ကြမ်းပစ္စည်းများ ပို့ဆောင်စေလိုက်ပြီး တစ်ချိန်တည်းမှာပင် ရှုသယ်ရှန်းနှင့် ခန်းယွင်နျန် တို့ကို ယွီမိသားစု ဆေးလုံးများ အတွက် လိုအပ်သော ပစ္စည်းများ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။ ဆေးလုံးမျှော်စင် အနေဖြင့် ယွီမိသားစု၏ ဆေးလုံးများ အတွက် ကိုယ်ပိုင် ပစ္စည်းများ အသုံးပြုရမည် ဖြစ်သည်။
ယွီမိသားစု လိုအပ်သော ဆေးလုံး ပမာဏသည် အမှန်တရား ခန်းမဆောင်၏ တာဝန်များထက်ပင် ပိုမို များပြားနေသည်။
သို့သော် ယွီမိသားစုသည် အချိန်တို အတွင်း ပေးအပ်ရန် မလိုဘဲ တစ်နှစ်တာ ကာလအတွင်း ခွဲဝေ ပေးပို့ရန်သာ လိုအပ်သည်။
စုစုပေါင်း တန်ဖိုးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းတစ်ထောင်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ထက်ဝက်ခန့်မှာ ဒုတိယအဆင့် ကနဦးအဆင့် ဆေးလုံးများ ဖြစ်ကြပြီး ကျန်ထက်ဝက်မှာ ပထမအဆင့် အဆင့်မြင့် ဆေးလုံးများ ဖြစ်ကြသည်။
စုယွီသည် အဆောင်လက်ဖွဲ့ အဆောင် စာရင်းကိုလည်း ကြည့်ရှုခဲ့သော်လည်း စိတ်ဝင်စားမှု ရှိသော်ငြား မည်သည့်အရာမျှ မတောင်းဆိုခဲ့ပေ။
သူသည် ဒုတိယအဆင့် ကနဦးအဆင့် အဆောင်လက်ဖွဲ့ ပညာရှင် ဖြစ်ကြောင်း ယွီခယ်အာ မသိရှိသလို သူ အနေဖြင့်လည်း ထုတ်ဖော်ပြသရန် ရည်ရွယ်ချက် မရှိပေ။
အမှန်တရား ခန်းမဆောင်မှ တာဝန်နှင့် ယွီမိသားစုမှ စာရင်းတို့ ပေါင်းလိုက်လျှင် ဤတစ်ကြိမ်၌ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲခန့် အမြတ်ရရှိနိုင်မည်ဟု စုယွီ တွက်ချက်ထားလေသည်။ အမြတ်ငွေ ၆၀ ရာခိုင်နှုန်းကျော် ရှိပေသည်။
နောက်ပိုင်း အချိန်များတွင် စုယွီသည် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး ကိစ္စကို အာရုံမစိုက်တော့ဘဲ အခွင့်အလမ်းများ ဝင်ရောက် ယှဉ်ပြိုင်ရန်လည်း စဉ်းစားခြင်း မပြုတော့ပေ။ သူသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင်သာ နေထိုင်ပြီး ဆေးဖော်စပ်ခြင်းကို အာရုံစိုက်နေခဲ့သည်။
တစ်ခါတစ်ရံ ယွီခယ်အာသည် ဆေးလုံးမျှော်စင်သို့ လာရောက် နေထိုင်တတ်သည်။ စုယွီ ဆေးဖော်စပ်နေစဉ် သူမသည် ဆေးလုံးမျှော်စင် အတွင်း အပြင် ကိစ္စအဝဝကို စောင့်ကြည့် စီမံပေးလေသည်။
ဆေးဖော်စပ်ခြင်းမှလွဲ၍ စုယွီသည် နေ့စဉ် ကျင့်ကြံခြင်းများကိုလည်း မရပ်နားထားပါပေ။
နေ့စဉ် အရေးအကြီးဆုံး အလုပ်မှာ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၊ ၁၀၈ ကွက် မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ်၊ ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်းနှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်တို့ကို လေ့ကျင့်ပြီး ကျွမ်းကျင်မှု မြှင့်တင်ရန် ဖြစ်သည်။ ဤသည်မှာ သူ၏ အင်မော်တယ် လမ်းစဉ်အတွက် အခြေခံ အုတ်မြစ် ဖြစ်လေသည်။
အရင်းအမြစ်များ ရရှိရန် ဆေးဖော်စပ်ခြင်းသည် ဒုတိယ ဦးစားပေးသာ ဖြစ်ပြီး ကျင့်ကြံခြင်း လမ်းခရီးကို အထောက်အကူ ပြုရန် ရည်ရွယ်ခြင်းသာ။
အစပိုင်းတွင် စုယွီသည် အေးချမ်းသော နေ့ရက်များ ဆက်လက် တည်မြဲနေမည်ဟု ထင်မှတ်ထားခဲ့ပြီး မကြာမီ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် လေးလကျော် ကြာပြီးနောက် ယွင်ကျန်းဂိုဏ်း အတွင်းစည်း တပည့် ယွီချန်ချင်းသည် ဆေးလုံးမျှော်စင်သို့ ရောက်ရှိလာပြီး ချန်ခွန်းအိတ် တစ်လုံးနှင့် အတူ သတင်းဆိုး တစ်ပုဒ်ကို ယူဆောင်လာခဲ့လေသည်။
"စီနီယာအစ်မ ချန်စီစီက မိစ္ဆာတောင်ထွတ် ရှစ်ခုမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့ပါတယ်... စီနီယာအစ်မ လော့ချန်ယွီက ဂိုဏ်းကို ပြန်ကယ်လာနိုင်ခဲ့ပေမဲ့ တစ်လအကြာမှာ စီနီယာအစ်မ ချန် ဆုံးပါးသွားခဲ့ပြီ... သူ မဆုံးခင်မှာ ဒီချန်ခွန်းအိတ်ကို မိတ်ဆွေ စု ဆီ ပေးဖို့ မှာခဲ့ပါတယ်"
"ဒါ့အပြင် ချန်မိသားစုကိုလည်း သူ့မျက်နှာ ထောက်ပြီး စောင့်ရှောက်ပေးဖို့ မိတ်ဆွေ စု ကို အကူအညီ တောင်းသွားပါတယ်”