အကောင်းနှင့် အဆိုးကြားမှ တိုက်ပွဲ
Vol. 5 Ch. 71
~ချန်တောင်တန်း…၊
စုပင်း၊ စုကျင်းပန်း၊ စုဖုန်းနှင့် အခြားသူများသည် အမွှေးနက် သိမ်းငှက် ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို ငေးမောကြည့်ရှုနေကြသည်။ သားရဲကြီး အဝေးသို့ ပျောက်ကွယ်သွားမှသာ သူတို့ အားလုံး နောက်လှည့်ပြီး ပြန်သွားကြတော့သည်။
တတိယ အကြီးအကဲ စုရို့ဆုက စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"ရှောင်ယွီနဲ့ အဲ့ဒီ မိန်းကလေး နှစ်ယောက်ရဲ့ ပတ်သက်မှု အပေါ် ဘယ်လို ထင်ကြသလဲ"
"အဲ့ဒီ မိန်းကလေး ယွီ ကတော့ ရုပ်ရည်လည်း အဆင်ပြေတယ်... ပါရမီလည်း ထူးချွန်တယ်... အခြေခံ တည်ဆောက်ခြင်း အဆင့်ကိုလည်း ရောက်နေပြီ... ဒုတိယအဆင့် ကနဦးအဆင့် သားရဲထိန်းသိမ်းသူလည်း ဟုတ်တယ်... တကယ်လို့ ရှောင်ယွီနဲ့သာ ပေါင်းဖက်ဖြစ်ရင် ငါတို့ စုမိသားစု အတွက် ကောင်းချီးမင်္ဂလာ တစ်ခုပဲပေါ့"
"နောက်တစ်ယောက် ဖြစ်တဲ့ ယွင်ကျန်းဂိုဏ်း အတွင်းစည်း တပည့်လေးကလည်း အဆင်ပြေပါတယ်.. ဆေးပညာရှင် တစ်ယောက်ပဲ... ဒါပေမဲ့ ဒီကလေးရဲ့ အသက်စွမ်းအင်တွေ ပုံမှန် မဟုတ်တာ နှမြောစရာပဲ... အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်ဖို့ ကြိုးစားရင်း ကျရှုံးထားတာ ဖြစ်နိုင်တယ်"
စုဖုန်းက ခေါင်းခါ ရယ်မောလိုက်ပြီး ပြောသည်။
"ဟားဟား၊ သူတို့တောင် ထွက်သွားကြပြီ ရို့ဆုရယ်... ဘာလို့ ဒီအကြောင်းတွေ ပြောနေသေးတာလဲ"
ထိုအခါ၊ စုရို့ဆုက နှာမှုတ်လိုက်ပြီး ပြန်ပြော၏။
"ငါ့စိတ်ထဲ ရှိတာလေး ပြောတာတောင် မရဘူးလား... ကိုယ့်မိသားစုထဲက လူငယ်တွေ အတွက် စိုးရိမ်ပေးတာ မှားလို့လား... ငါ တစ်သက်လုံး အလုပ်ရှုပ်ခဲ့ပြီးပြီ... အသက်ကြီးမှ စိတ်အေးလက်အေး နည်းနည်းလောက် နေခွင့် မရှိတော့ဘူးလား"
စုဖုန်းက လက်မြှောက်ကာ အလျင်အမြန် အညံ့ခံလိုက်သည်။
"ရှိပါတယ်... ရှိပါတယ်... ဘယ်လိုလုပ် မရှိရမှာလဲ"
"ဟားဟားဟား"
စုပင်း၊ စုကျင်းပန်း၊ စုယွင်၊ စုချန်နှင့် အခြားသူများ အားလုံး သဘောကျစွာ ရယ်မောလိုက်ကြသည်။
ခန်းမဆောင်ကြီး အတွင်းသို့ ရောက်သည်အထိ သူတို့၏ ရယ်မောသံများ မစဲခဲ့ပေ။
ထိုအခါမှ စုပင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ရှောင်ယွီ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို သွားတာ... သူ့အတွက် အခွင့်အရေးကောင်းတွေ ရခဲ့ပုံပဲ... ငါတို့ သူ့ကို မတွေ့ရတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်... ချီစွမ်းအင် စုစည်းခြင်း သတ္တမဆင့်ကနေ နဝမဆင့်ကို ရောက်နေပြီ... သူ့ရဲ့ တိုးတက်မှုက တကယ့်ကို အံ့မခန်းပဲ"
စုဖုန်းကလည်း တွေးတောဟန်ဖြင့် ဝင်ပြောသည်။
"မကြာသေးခင်က ကျွန်တော်တို့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကနေ ပြန်လာတုန်းကတောင် သူက ချီစွမ်းအင် စုစည်းခြင်း အဋ္ဌမဆင့်မှာပဲ ရှိသေးတာ"
"အခု ပြန်လာတော့ နဝမဆင့် ရောက်နေပြီ ဆိုတော့ တော်တော် အံ့ဩဖို့ ကောင်းတာပဲ"
စုယွင်က ရယ်မောလိုက်ပြီး ပြောသည်။
"ဒါ သတင်းကောင်းပဲလေ... အခု သူ့ရဲ့ ကျင့်ကြံမှုက နဝမဆင့် ရောက်နေပြီ ဆိုတော့ အခြေခံ အုတ်မြစ် ခိုင်မာအောင် လုပ်ပြီး အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို သောက်လိုက်ရင် အောင်မြင်ဖို့ အခွင့်အလမ်း များတယ်... သူ့ရဲ့ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားနဲ့ ဆိုရင် ပိုသေချာတယ်"
"သူက ဒုတိယအဆင့် ကနဦးအဆင့် ဆေးပညာရှင်၊ ဒုတိယအဆင့် ကနဦးအဆင့် အဆောင်လက်ဖွဲ့ ပညာရှင် ဖြစ်နေပြီ... ဒုတိယအဆင့် ကနဦးအဆင့် ရုပ်သေး ပညာရှင် အဆင့်ကိုလည်း ရောက်နေလောက်ပြီ"
"ပြီးတော့ ဒုတိယအဆင့် သားရဲထိန်းသိမ်းသူလည်း ဖြစ်သေးတယ်"
"ရှောင်ယွီသာ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို အောင်မြင်သွားရင် ငါတို့ မိသားစုကနေ နဂါးစစ်စစ် တစ်ကောင် မွေးထုတ်ပေးနိုင်ပြီပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ စုပင်း၊ စုကျင်းပန်း၊ စုဖုန်း၊ စုရို့ဆုနှင့် အခြားသူများ အားလုံး စိတ်လှုပ်ရှားသွားကြပြီး မျှော်လင့်ချက် မျက်ဝန်းများဖြင့် တောက်ပလာကြသည်။ စုယွီ၏ အနာဂတ် အောင်မြင်မှုများကို တွေးတောရင်း သူတို့၏ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်နှက်လာတော့သည်။
စုယွီသည် မိသားစုနှင့် အတူ မနေဘဲ ကိုယ့်လမ်းကိုယ်လျှောက်ရန် ရွေးချယ်ထားသော်လည်း သူ အသက်ရှင်နေသရွေ့ စုမိသားစုဝင် တစ်ဦး ဖြစ်နေဆဲပင်။
အကယ်၍ စုယွီသည် တကယ်တမ်း နဂါးတစ်ကောင် ဖြစ်လာခဲ့ပါက ၎င်းသည် စုမိသားစု အတွက် ဂုဏ်ယူစရာပင် ဖြစ်ပေလိမ့်မည်။
ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက်၊ စုပင်းက ပြောလိုက်သည်။
"အားလုံး စုံနေတုန်း မျိုးနွယ်စု အကြီးအကဲ ရာထူး သတ်မှတ်ဖို့ ကိစ္စ ဆွေးနွေးကြရအောင်... ဒုတိယ၊ တတိယနဲ့ စတုတ္ထ အကြီးအကဲတွေ အားလုံး အသက်ကြီးနေကြပြီ... မိသားစု တာဝန်တွေကို မထမ်းဆောင်ချင်ကြတော့ဘူး... လူငယ်တွေကို တာဝန် လွှဲပေးသင့်ပြီ... ဒါကြောင့် မျိုးနွယ်စု အကြီးအကဲ ရာထူး သတ်မှတ်ဖို့ လိုအပ်တယ်"
"မျိုးနွယ်စု အကြီးအကဲ ရာထူးက သာမန် အကြီးအကဲ ရာထူးထက် မြင့်တယ်... ဒါပေမဲ့ မိသားစု ကိစ္စတွေကို ဝင်ရောက် စီမံခန့်ခွဲစရာ မလိုတော့ဘူး"
အားလုံး… ထိုကိစ္စကို စတင် ဆွေးနွေးကြလေသည်။
နောက်ဆုံးတွင် မျိုးနွယ်စု အကြီးအကဲ ရာထူး သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် အားလုံး တစ်ပြိုင်နက် အနားယူ၍ မရနိုင်ပေ။ တစ်ယောက်ချင်းစီ အလှည့်ကျ ရာထူး တိုးမြှင့်ပေးရမည် ဖြစ်သည်။
စုကျင်းပန်းသည် စတုတ္ထ အကြီးအကဲ ရာထူးကို စွန့်လွှတ်ပြီး စုမိသားစု၏ ဒုတိယ ဘိုးဘေး ဖြစ်လာမည်။
စုဖုန်းသည် မိသားစု ခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူမည်။ သူတို့သည် ယွင်ရှန်း ဈေးမြို့တော်မှ စုရွေ့အန်းကို ပြန်လည် ခေါ်ယူပြီး ဆက်ခံသူ အဖြစ် ပျိုးထောင်ရန် စီစဉ်ထားသည်။
သို့သော် အချိန်မတန်သေးပေ။ စုဖုန်း အနေဖြင့် နောက်ထပ် ဆယ်နှစ်ခန့် တောင့်ခံထားရဦးမည် ဖြစ်သည်။
—------
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ အပြန်ခရီးတွင် အမွှေးနက် သိမ်းငှက် ကျောပေါ်၌၊
ယွီခယ်အာက စုယွီဘက်သို့ အနည်းငယ် လှည့်ပြီး မေးလိုက်သည်။
"နင့်ရဲ့ ကျင့်ကြံမှု အဆင့်က ချီစွမ်းအင် စုစည်းခြင်း နဝမဆင့် ရောက်နေပြီ... အဆင့်ချိုးဖြတ်ဖို့ ဘယ်တော့လောက် ကြိုးစားမလဲ ဆိုတာ မှန်းထားပြီးပြီလား"
စုယွီ ခန့်မှန်းခြေ အချိန်ကို သိသော်လည်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းရင်း ပြုံးလိုက်သည်။
"သဘာဝ အတိုင်းပဲ ဖြစ်ပါစေတော့"
ယွီခယ်အာက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောသည်။
"နင် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး အတွက် ပစ္စည်းတွေ အများကြီး စုဆောင်းထားပြီးလောက်ပြီ... ဘာလိုသေးလဲ... လိုတာ ရှိရင် ပြော...ငါ ကူညီပေးမယ်"
စုယွီ ပြန်မဖြေဘဲ အမွှေးနက် သိမ်းငှက် ကျောပေါ်တွင် ထိုင်လျက် အဝေးတစ်နေရာသို့ ငေးကြည့်နေမိသည်။
ယွီခယ်အာလည်း စကားဆက်မပြောတော့ဘဲ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။
သူမ၏ နောက်တွင် ရှိနေသော ယွီချန်ချင်းသည် မျက်လုံးများ မှိတ်ထားပြီး အာရုံများကို သိမ်းဆည်းထားသည်။ ဘာမှ မမြင်ရသဖြင့် သူမ၏ စိတ်သည် တည်ငြိမ်နေလေသည်။
သို့သော် သူမ၏ ရင်ထဲတွင်မူ မကျေမနပ် ညည်းညူနေမိသည်။ ဒီလိုမှန်း သိရင် လိုက်မလာခဲ့ပါ ချေ။ သူမ အသက် သုံးဆယ်ကျော် ၊ လေးဆယ်နီးပါး ရှိနေပြီ ဖြစ်သော်လည်း ဤကဲ့သို့ အနေရခက်သော အခြေအနေမျိုးတွင် ဖိအားပေးခံနေရသည်။
‘တော်တော် ဆိုးရွားတာပဲ။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို ပြန်ရောက်ရင်တော့ ခွေးသား စားပစ်မယ်။’
ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အနီးသို့ ရောက်သောအခါ စုယွီက ယွီချန်ချင်းကို ရုတ်တရက် လှည့်ကြည့်ပြီး မေးလိုက်သည်။
"မိတ်ဆွေ ယွီ... ခင်ဗျားက ပထမအဆင့် အဆင့်မြင့် ဆေးပညာရှင် မဟုတ်လား"
ယွီချန်ချင်း လန့်ဖျပ်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်... ကံဆိုးတာက ကျွန်မမှာ ရှင့်လောက် ပါရမီ မရှိဘူး... ချီစွမ်းအင် စုစည်းခြင်း အဆင့်မှာတော့ ဒုတိယအဆင့် ကနဦးအဆင့် ဆေးပညာရှင် ဖြစ်လာဖို့ မထင်ပါဘူး"
စုယွီက ဆက်ပြောသည်။
"ယွင်ကျန်းဂိုဏ်းက ထွက်ဖို့ စဉ်းစားဖူးလား... ခင်ဗျားရဲ့ ဆေးပညာ ပါရမီက မဆိုးပါဘူး... ပတ်ဝန်းကျင် ပြောင်းပြီး လေ့ကျင့်လိုက်ရင် ဒုတိယအဆင့် ဆေးပညာရှင် ဖြစ်လာနိုင်ပါတယ်"
ယွီချန်ချင်း အံ့အားသင့်စွာဖြင့် စုယွီကို ပြန်ကြည့်နေမိသည်။
သူမကို ဆေးလုံးမျှော်စင် အတွက် စည်းရုံးနေတာလား။
သူမက ယွင်ကျန်းဂိုဏ်း၏ ဂုဏ်သရေရှိ အတွင်းစည်း တပည့် တစ်ဦး ဖြစ်သည်လေ။
စုယွီ ဂရုမစိုက်ဘဲ ဆက်လက် စည်းရုံးနေသည်။
ယွီချန်ချင်း.. ယွင်ကျန်းဂိုဏ်း အတွင်းစည်း တပည့် ဖြစ်နေလျှင် ဘာဖြစ်သနည်း။ သူ စည်းရုံးရမည်သာ။ သူ၏ ဆေးပညာ စွမ်းရည်သည် ယွီချန်ချင်းကို လမ်းညွှန်ပေးရန် လုံလောက်သည်ဟု သူ ယုံကြည်သည်။
ထို့အပြင် သူ့လက်အောက်တွင် ထိပ်တန်း ဆေးပညာရှင် တစ်ဦး လိုအပ်နေသည်။
ရှုသယ်ရှန်းနှင့် ခန်းယွင်နျန် တို့သည် သာမန် ပထမအဆင့် အလယ်အလတ် ဆေးပညာရှင်များသာ ဖြစ်ကြသည်။ ပြီးတော့ သူတို့က အသက်ကြီးနေပြီ ဖြစ်၍ တိုးတက်နိုင်စွမ်း နည်းပါးသည်။
ယွီချန်ချင်းကမူ မတူညီပေ။
သူမသည် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းရာတွင် ကျရှုံးခဲ့သဖြင့် အသက်စွမ်းအင်များ များစွာ ဆုံးရှုံးခဲ့ရသော်လည်း အသက် လေးဆယ် မပြည့်သေးသော လူငယ် တစ်ဦး ဖြစ်နေသေးသည်။ သူမ၏ ဆေးပညာ ပါရမီသည်လည်း မဆိုးလှပေ။
အကယ်၍ သူမကို ယွင်ကျန်းဂိုဏ်းမှ ဆွဲထုတ်ပြီး ပျိုးထောင်ပေးနိုင်ပါက သူမသည် သူ၏ လက်ရုံးတစ်ဆူ ဖြစ်လာနိုင်သည် မဟုတ်ပါလော။
အတန်ကြာ စည်းရုံးပြီးနောက် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ မရောက်မီမှာပင် ယွီချန်ချင်းကို သူ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ သူမသည် ကြောင်အမ်းအမ်းဖြင့် စုယွီနှင့် သူ၏ ဆေးလုံးမျှော်စင်သို့ ဝင်ရောက်ရန် သဘောတူလိုက်လေသည်။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ဝင်ရောက်ပြီးနောက် ယွီချန်ချင်းသည် ဂိုဏ်းမှ ထွက်ခွာခြင်း ကိစ္စရပ်များကို ဆောင်ရွက်ရန် ယွင်ကျန်းဂိုဏ်း စခန်းသို့ ပြန်သွားလေသည်။ ထိုအချိန်တွင် ယွီခယ်အာက စုယွီကို ကြည့်ပြီး ပြောလိုက်သည်။
"သူ့ဆရာက အမြုတေ ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ဦးနော်... ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင်လည်း ဟုတ်တယ်... ယွင်ကျန်းဂိုဏ်း အတွင်းစည်း ဆေးလုံးမျှော်စင်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ"
"သူ့တပည့်ကို ခိုးယူလိုက်လို့ ရှင့်ကို ဒုက္ခလာပေးမှာ မကြောက်ဘူးလား"
စုယွီက လက်ကာပြရင်း ပြန်ပြောလိုက်သည်။
"ဒါက ငါတို့ ဆေးလုံးမျှော်စင် အတွက်ပဲလေ... အဘိုးအို ရှု နဲ့ အဘိုးအို ခန်း တို့က သာမန် ကိစ္စတွေ ကိုင်တွယ်ဖို့ အဆင်ပြေပေမဲ့ ငါတို့ဆီမှာ အားကိုးရမယ့် တိုင်မရှိဘူး ဖြစ်နေတယ်"
"မိတ်ဆွေ ယွီ က ရွေးချယ်စရာကောင်း တစ်ခုပဲကွ"
ထိုစကားကို ကြားလိုက်ရသောအခါ ယွီခယ်အာ ဘာမှ ဆက်မပြောတော့ပေ။
သူတို့ ဆေးလုံးမျှော်စင်သို့ ပြန်လာခဲ့ကြသည်။
လဝက်ကျော်ကြာ ခွဲခွာခဲ့သော်လည်း ဆေးလုံးမျှော်စင်တွင် အရာအားလုံး အဆင်ပြေနေဆဲပင်။
ထို့နောက် ယွီခယ်အာ နှုတ်ဆက်ပြီး ပြန်သွားလေသည်။
ခဏအကြာတွင် စုယွီလည်း လမ်းကြားရှိ ခြံဝင်းငယ်လေးသို့ ပြန်လာခဲ့သည်။ ပြင်ပ အနှောင့်အယှက်များ ကင်းဝေးသွားသောအခါ သူ.. စိတ်ထဲမှ တွက်ချက်လိုက်သည်။
"နောက်တစ်ဆင့်ကတော့... အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ အေးအေးဆေးဆေး ကျင့်ကြံရတော့မယ်"
သူသည် နေ့စဉ် ကျင့်ကြံခြင်းများကို ပြုလုပ်မည် ဖြစ်ပြီး အားလပ်ချိန်များတွင် ဆေးလုံးမျှော်စင်သို့ သွားရောက်ကာ ယွီမိသားစု၏ စာရင်းပါ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်မည် ဖြစ်သည်။
နှစ်လကျော် ကြာသောအခါ မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် အကောင်းနှင့် အဆိုး အင်အားစုများ ကြား တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ကြောင်း ယွီခယ်အာထံမှ စုယွီ သိလိုက်ရသည်။ တာ့ယွဲ့ဂိုဏ်းမှ ဆရာသခင် တစ်ပါး ပေါ်ထွက်လာပြီး ယွင်ကျန်းဂိုဏ်း၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ ခိုင်ရန် နန်းတော်နှင့် အခြား တရားသော အင်အားစုများနှင့် ပူးပေါင်းကာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများနှင့် ဓားပြများကို ဝိုင်းဝန်း ချေမှုန်းခဲ့ကြသည်။
သို့သော် မိစ္ဆာ ကျင့်ကြံသူများဘက်မှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ဦး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တရားသော ဘက်မှ လူအင်အား ပိုများသော်လည်း နှစ်ဖက်စလုံး အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ကြရသည်။
ထိုညနေ လမ်းကြားရှိ ခြံဝင်းငယ်လေးသို့ ပြန်ရောက်ချိန်တွင်၊
လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် ကျင့်ကြံသူ မိသားစုဝင် လေးဦး၏ အာကျယ်ပါကျယ် ရန်ဖြစ်နေသံကို စုယွီ ကြားလိုက်ရသည်။
"သူတို့က အိမ်လခကို ၃၀ ရာခိုင်နှုန်း တိုးလိုက်တယ်တဲ့...ချီးပဲ၊ ငါတို့ကို သေစေချင်နေကြတာလား... ဝိညာဉ် စိုက်ခင်း ငှားရမ်းခကလည်း နည်းတာ မဟုတ်ဘူး... အခု ငါတို့ အရှုံးမပေါ်ရင်ပဲ ကံကောင်းတယ် မှတ်ရမယ်"
"ဟွန်း... နင်တို့က နေ့တိုင်း ဒီလောက်တောင် စားနေကြတာကိုး... ထွက်သွားကြစမ်း... ငါတို့ တကယ် အရှုံးပေါ်လာရင် အသုံးမကျတဲ့ နင်တို့ သုံးယောက်ကို ရောင်းစားပစ်မှာ”