နောက်ဆုံး ထွက်ပေါက်
Vol. 5 Ch. 74
~နဂါးမိကျောင်း ရုပ်သေးသားရဲကို ဒုတိယအဆင့် အလယ်အလတ်သို့ မြှင့်တင်ရန်အတွက် လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း စုယွီသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင်နီးပါး ရင်းနှီးမြှုပ်နှံခဲ့သည်။ မူလ ဖန်တီးခဲ့စဉ်က ကုန်ကျစရိတ်နှင့် ပေါင်းလိုက်လျှင် ဤရုပ်သေး တစ်ကောင်တည်းအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနှစ်ထောင်ခန့် ကုန်ကျခဲ့ပြီး ဖြစ်သည်။
ကံကောင်းထောက်မစွာပင် အရာအားလုံး အဆင်ပြေချောမွေ့ခဲ့သည်။
စုယွီ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ဒုတိယအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားသော တာအို ကိုယ်ပွား ရုပ်သေးကို ကြည့်လိုက်သည်။
၎င်း၏ ပုံပန်းသဏ္ဌာန်သည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အထင်ရှားဆုံး အချက်မှာ ၎င်း၏ အရပ်အမောင်းပင် ဖြစ်သည်။ မြေအောက် ခန်းမဆောင်သည် ၁၅ မီတာခန့် မြင့်မားသော်လည်း တာအို ကိုယ်ပွား ရုပ်သေး၏ အရပ်အမောင်းသည် မျက်နှာကြက်နှင့် ထိလုနီးပါး ဖြစ်နေလေသည်။
ယခင်က ဒိုင်နိုဆောနှင့် တူသော ပုံသဏ္ဌာန်သည် အနည်းငယ် ပြောင်းလဲသွား၏။ ကျောပြင်နှင့် အမြီးပေါ်ရှိ အကြေးခွံ ချပ်ဝတ်များကြားမှ ဆူးချွန်များ ပိုမို ထွက်ပေါ်လာပြီး ထူထပ်သိပ်သည်းစွာ ရှိနေသည်။ ဆီမီးခွက် အလင်းရောင်အောက်တွင် ထိုဆူးချွန်များသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောက်ပနေကြသည်။
ဆူးချွန် တစ်ချောင်းစီသည် တစ်ပေခန့် ရှည်လျားလေသည်။
"ဒီဆူးချွန်တွေက..."
စုယွီ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူ၏ စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ ချန်ခွန်းအိတ်ထဲမှ ကနဦးအဆင့် မှော်လက်နက် ပျံသန်းဓား တစ်ချောင်း ထွက်ပေါ်လာ၏။ လက်ချောင်းလေး တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ပျံသန်းဓားသည် လေကို ခွင်းလျက် ရုပ်သေး၏ ကျောပေါ်ရှိ ဆူးချွန် တစ်ချောင်းကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
"ချလွင်"
မီးပွားများ လွင့်စင်ထွက်လာပြီး စူးရှသော သတ္တုချင်း ရိုက်ခတ်သံကြီး မြေအောက်ခန်း အတွင်း ပဲ့တင်ထပ်သွား၏။
ပျံသန်းဓားသည် ဘေးသို့ လွင့်စင်သွားပြီး စုယွီ၏ ရှေ့မှောက်သို့ ပြုတ်ကျလာ၏။ ဓားသွားပေါ်တွင် အက်ကွဲရာကြီး တစ်ခု ဖြစ်ပေါ်နေသည်။
ရုပ်သေး၏ ကျောပေါ်ရှိ ဆူးချွန်မှာမူ ခြစ်ရာ တစ်ချက်ပင် မထင်ဘဲ မူလအတိုင်း ကျန်ရစ်နေလေသည်။
စုယွီသည် ပျက်စီးသွားသော ပျံသန်းဓားကို ဘေးသို့ ပစ်လိုက်ပြီး အလယ်အလတ် အဆင့် မှော်လက်နက် တစ်ခုကို ထုတ်ယူကာ ဆူးချွန်ကို ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
"ဂလွမ်"
ဤတစ်ကြိမ်တွင်လည်း အလယ်အလတ် အဆင့် မှော်လက်နက်သည် ပြန်ကန်ထွက်သွား၏။
ရုပ်သေး၏ ကျောပေါ်ရှိ ဆူးချွန်မှာမူ ယခင်အတိုင်းပင် အထိအခိုက် မရှိ ကျန်ရစ်နေဆဲပင်။
စုယွီ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"ဒီလောက်တောင် ကာကွယ်နိုင်စွမ်း ရှိတာလား... အဆင့်မြင့် မှော်လက်နက် လောက်မှပဲ သူ့ကို ထိခိုက်စေနိုင်မှာပဲ"
တာအို ကိုယ်ပွား ရုပ်သေး၏ အရှိန်အဝါကို ထပ်မံ အာရုံခံကြည့်လိုက်ရာ ဤ ကာကွယ်နိုင်စွမ်းနှင့် ဒုတိယအဆင့် အလယ်အလတ် စွမ်းအားတို့ ပေါင်းစပ်လိုက်လျှင် အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ဘေးကင်းစွာ ဆုတ်ခွာနိုင်မည် ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။
အခြေခံ တည်ဆောက်ခြင်း စတုတ္ထဆင့် ကျင့်ကြံသူ ဆိုပါက ကြောက်လန့်တကြား ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။
မဟုတ်လျှင် သေလမ်းသာ ရှိတော့သည်။
"သူ့ကို ပစ္စည်းတွေ ဆက်ကျွေးပြီး အဆင့်မြှင့်တင်လို့ ရသေးတယ်... ဒုတိယအဆင့် အလယ်အလတ် အထွတ်အထိပ် ရောက်သွားရင် ဒုတိယအဆင့် အဆင့်မြင့် ပစ္စည်းတွေ ကျွေးပြီး ထပ်မြှင့်တင်လို့ ရဦးမှာပဲ"
စုယွီ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော တာအို ကိုယ်ပွား ရုပ်သေးကို ပြုံးလျက် ပွတ်သပ်လိုက်သည်။
မကြာမီ သူသည် ရုပ်သေး ပညာရပ်ကို အသုံးပြုလိုက်ရာ ရုပ်သေးကြီးသည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး စုယွီနှင့် တစ်ပုံစံတည်း တူညီသော ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားတော့သည်။
"ဒုတိယအဆင့် အလယ်အလတ် ရုပ်သေးသားရဲ ဆိုရင် ရုပ်သေး ဝိညာဉ်ရဲ့ စွမ်းအား ပေါက်ကွဲမှုကို ခံနိုင်ရည် ရှိလောက်ပြီ"
စုယွီ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွား၏။
မကြာသေးမီက မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးသည် သူ့အား ဖိအားများစွာ ပေးခဲ့သည်။
အထူးသဖြင့် ချန်စီစီ အခွင့်အလမ်း ရှာဖွေရန် သွားရောက်ပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရကာ သေဆုံးသွားခဲ့ရခြင်းသည် သူ့အား ခြောက်လှန့်နေခဲ့သည်။
သူမသည် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ထိုအဆင့်ရှိသူ တစ်ဦးပင်လျှင် မိစ္ဆာတောင်ထွတ် ရှစ်ခုတွင် အလွယ်တကူ သေဆုံးသွားနိုင်သည် ဆိုပါက ချီစွမ်းအင် စုစည်းခြင်း အဆင့်သာ ရှိသေးသော သူကဲ့သို့ လူတစ်ယောက် အနေဖြင့် မည်သို့ စိတ်အေးလက်အေး နေနိုင်ပါမည်နည်း။
ကံကောင်းထောက်မစွာပင်၊ ယခု နဂါးမိကျောင်း ရုပ်သေးသားရဲသည် ဒုတိယအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ သူ၏ အသက်ရှင်သန်နိုင်စွမ်းသည် တစ်ဆင့် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
"နောက်တစ်ဆင့် အနေနဲ့... အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် ဒုတိယ စက်ဝန်း ပထမ ပတ်လည် ရောက်ဖို့နဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ စောင့်ရုံပဲ"
စုယွီ မျှော်လင့်ချက်များဖြင့် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သည်။
[ကျင့်စဉ် - အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် (ပထမ စက်ဝန်း ကိုးပတ်လည်၊ ကျွမ်းကျင်မှု ၈၈.၉၂%) ]
ကျွမ်းကျင်မှု ပြည့်လုနီးပါး ဖြစ်နေပြီ။
၁၁ ရာခိုင်နှုန်းကျော်သာ လိုတော့သည်။
တာအို ကိုယ်ပွား ရုပ်သေးကို ဒန်တျန် အတွင်း ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် စုယွီသည် လျှို့ဝှက် ခန်းမဆောင်မှ ထွက်ခွာလာခဲ့သည်။ လမ်းကြားရှိ ခြံဝင်းမှ ထွက်ပြီး ဆေးလုံးမျှော်စင်သို့ သွားရန် ပြင်ဆင်လိုက်သည်။
ဤကာလ အတွင်း ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အမှန်တရား ခန်းမဆောင်မှ တာဝန်များကို ဆက်တိုက် ဆောင်ရွက်ခဲ့ရာ ပံ့ပိုးမှု တန်ဖိုး ၁၀၀၀ ခန့် စုဆောင်းမိနေပြီ ဖြစ်သည်။
ထို့အပြင် ယွီမိသားစု၏ တာဝန်များကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းခန့် ရရှိခဲ့သည်။
ကုန်ကျစရိတ်များကို နုတ်လိုက်လျှင် အမှန်တရား ခန်းမဆောင်မှ ပံ့ပိုးမှု တန်ဖိုးများ မပါဝင်ဘဲ အသားတင် အမြတ်ငွေ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနီးပါး ရရှိခဲ့သည်။ ထို့အပြင် အမှန်တရား ခန်းမဆောင်မှ ပေးအပ်ထားသော ဒုတိယအဆင့် ကနဦးအဆင့် ဆေးဖော်စပ် ပစ္စည်း လက်ကျန် ၇၀၀ ကျော်လည်း ကျန်ရှိနေသေးသည်။
နေ့စဉ် ကျင့်ကြံခြင်း ကုန်ကျစရိတ်များ၊ ယွီချန်ချင်းနှင့် အခြား နှစ်ဦး၏ လိုအပ်ချက်များ၊ ရုပ်သေး အဆင့်မြှင့်တင်ရန် ပစ္စည်းများ စသည်တို့ကို နုတ်လိုက်လျှင်...
လက်ရှိ စုယွီ၏ လက်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းတစ်ထောင်ကျော် ကျန်ရှိနေသေးသည်။
"ငါ့အတွက် သင့်တော်မယ့် အဆင့်မြင့် မှော်လက်နက်တွေ ရှိမလား ဆိုတာ အချိန်ပေးပြီး ရှာကြည့်ရမယ်... ဒါမှမဟုတ် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် စောင့်ပြီး ဝိညာဉ် ခန်းမဆောင်ရဲ့ ငါးနှစ်တစ်ကြိမ် လေလံပွဲ ကျမှ ဝယ်ရင် ကောင်းမလား... အဲ့ဒီအချိန်ကျရင် အဆင့်မြင့် မှော်လက်နက်တွေ အများကြီး ပါလာမှာပဲ"
စုယွီ အခန်းထဲမှ ထွက်လာရင်း သုံးသပ်နေမိသည်။
သူ၏ ကျင့်ကြံမှု အဆင့်သည် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်ရာ အဆင့်မြင့် မှော်လက်နက်များကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ သူ၏ ရုပ်သေး ပညာရပ်သည် ဒုတိယအဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အကယ်၍ သူသာ အဆင့်မြင့် မှော်လက်နက် တစ်ခု၊ နှစ်ခု ပိုင်ဆိုင်ထားပါက သူ၏ စွမ်းအားသည် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။
သာမန် ရုပ်သေးများ မဟုတ်ဘဲ ရုပ်သေး ပညာရပ်ဖြင့် ဖန်တီးထားသော ကိုယ်ပွား ဖြစ်သဖြင့် မှော်လက်နက်များကို အသုံးပြုနိုင်စွမ်း ရှိလေသည်။
အဆင့်မြင့် မှော်လက်နက် တစ်ခုသည် ပုံမှန်အားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်မှ သုံးထောင်ကြား တန်ဖိုးရှိလေ့ ရှိရာ သူသည် သင့်တော်သော လက်နက် နှစ်ခုလောက် ရှာဖွေ ဝယ်ယူရန် စီစဉ်ထားသည်။
—-----
စုယွီ ခြံဝင်းထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အစောင့်တပ်ဖွဲ့ ငါးဦးသည် လမ်းကြားထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။ သူတို့ အားလုံးသည် အနည်းဆုံး ချီစွမ်းအင် စုစည်းခြင်း အဆင့် ရှိကြပြီး ခေါင်းဆောင် ဖြစ်သူမှာ ချီစွမ်းအင် စုစည်းခြင်း နဝမဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူတို့သည် အစောင့်တပ်ဖွဲ့ ဝတ်စုံများကို ဝတ်ဆင်ထားပြီး ပြင်းထန်သော လူသတ် အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
"ဖယ်စမ်း"
သူတို့ထဲမှ တစ်ဦးက လမ်းကြားထဲတွင် ရပ်နေသော လက်နက်သွန်းလုပ်သူ တစ်ဦးကို ဟိန်းဟောက်လိုက်သည်။
လက်နက်သွန်းလုပ်သူက မျက်မှောင်ကြုတ်လျက် ဘေးသို့ ဖယ်ပေးလိုက်သောအခါ အစောင့်တပ်ဖွဲ့ဝင်များသည် မိသားစု လေးဦး နေထိုင်သော ခြံဝင်းထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့သည် ခြံဝင်း တံခါးကို ကန်ဖွင့်လိုက်ပြီး အိမ်ထဲသို့ ဝင်ရောက် ရှာဖွေကာ အိပ်ပျော်နေဆဲ ဖြစ်သော ဝမ်ဟုန်ကို ဆွဲထုတ်လာကြသည်။
ထို့နောက် အစောင့်တပ်ဖွဲ့ဝင် တစ်ဦးက ခြံဝင်း တံခါးကို တံဆိပ်ခတ် ပိတ်သိမ်းလိုက်သည်။
ဇနီးသည်နှင့် သမီးငယ် နှစ်ဦးသည် မျက်နှာများ ဖြူဖျော့လျက် ကြောက်လန့်တကြား ကြည့်နေကြသည်။ သူတို့ ဘာမှ မတတ်နိုင်ကြပေ။
ချီစွမ်းအင် စုစည်းခြင်း နဝမဆင့်ရှိသော ခေါင်းဆောင် ဖြစ်သူက အမျိုးသမီးနှင့် သမီးငယ်များကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ဝမ်ဟုန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဝမ်ဟုန်... မင်း အမှားကြီး မှားသွားပြီ... တတိယ သားတော်က အမိန့်ထုတ်ထားတယ်... အင်မော်တယ် မြို့တော်ကို နှောင့်ယှက်တဲ့သူ ဘယ်သူ့ကိုမဆို သက်ညှာခြင်း မရှိဘဲ သတ်ပစ်မယ်တဲ့... ပြီးတော့ ပိုင်ဆိုင်မှု အားလုံးကို အင်မော်တယ် မြို့တော်က သိမ်းဆည်းပြီး တခြားသူတွေကို သတိပေးတဲ့ အနေနဲ့ ပြသထားမယ်"
"ဒါပေမဲ့ မင်းတို့ သုံးယောက်ကတော့ ကံကောင်းတယ်... တတိယ သားတော်က သက်ညှာတဲ့ အနေနဲ့ မင်းတို့ကို အမှုမပတ်စေဘူး"
"ကဲ... အခု ထွက်သွားကြတော့... ဒီအိမ်ကို အင်မော်တယ် မြို့တော်က သိမ်းလိုက်ပြီ"
ထိုသို့ ပြောပြီးနောက်၊ခေါင်းဆောင် ဖြစ်သူသည် အမျိုးသမီးနှင့် သမီးငယ် နှစ်ဦးကို ရမ္မက် မျက်လုံးများဖြင့် ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ဒီညနေ ဝိညာဉ် ခန်းမဆောင်ကို လာပြီး မြို့တော် နေထိုင်ခ လာဆောင်ဖို့ မမေ့နဲ့နော်... မဟုတ်ရင် လူတွေ သေကုန်လိမ့်မယ်"
"ဒါပေမဲ့....ငါ့"
သူ၏ ကျန်ရှိသော စကားလုံးများကို မည်သူမျှ မကြားရဘဲ အမျိုးသမီးကိုသာ သီးသန့် ပြောလိုက်ပုံ ရသည်။ သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း အသံထွက်မလာပေ။
အမျိုးသမီးကသာ ထိုသူကို ကြောက်လန့်တကြား၊ အံ့ဩတကြီး ကြည့်နေမိသည်။
"ဟားဟားဟား... သေချာ စဉ်းစားထားပေါ့"
ထို့နောက် သူသည် အမျိုးသမီးနှင့် သမီးငယ်များကို ခြံဝင်းထဲမှ မောင်းထုတ်လိုက်ပြီး အိမ်ထဲရှိ တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းကာ ဝမ်ဟုန်ကို ဖမ်းဆီး ခေါ်ဆောင်သွားတော့သည်။
ထွက်ခွာရန် ပြင်နေသော စုယွီသည် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"အဘိုးကြီး ဝမ် တို့ မိသားစု ဘာဖြစ်သွားတာလဲ"
စုယွီ အံ့ဩနေမိသည်။
မကြာမီ၊ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို စုယွီ သိရှိလိုက်ရသည်။ ဝိညာဉ် စိုက်ခင်း ငှားရမ်းခများ မြင့်မားနေဆဲ ဖြစ်သဖြင့် ဝမ်ဟုန်သည် အဆင်မပြေ ဖြစ်လာပြီး အခြား စိုက်ခင်း လုပ်ကိုင်သူများနှင့် တိုင်ပင်ကာ ငှားရမ်းခ လျှော့ချပေးရန် ဝိညာဉ် ခန်းမဆောင်သို့ ဆန္ဒပြ တောင်းဆိုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အစီအစဉ် မစရသေးမီမှာပင် ဝမ်ဟုန်ခမျာ သေမိန့်ကျသွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲ ခန်းမဆောင်မှ အစောင့်တပ်ဖွဲ့ဝင်များက သူ့ကို အိမ်တိုင်ရာရောက် လာဖမ်းသွားကြသည်။
အမိန့်ပေးသူမှာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် လက်ရှိ မျက်နှာပြနေသော ဆရာသခင် ပိုင်ယွဲ့၏ တတိယ တပည့်၊ အမှန်တရား ခန်းမဆောင် သခင် ရွှီဝမ်ရှန်း ဖြစ်လေသည်။
ဝိညာဉ် ခန်းမဆောင် သခင် အကြီးအကဲ ထျန်းဖူနှင့် တိုက်ပွဲ ခန်းမဆောင် သခင် နတ်မိမယ် ဖုန်းလင် တို့သည် လက်ရှိ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် မရှိကြပေ။
ဒါ တော်တော် လွန်လွန်းသည်။
"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က... တစ်သီးပုဂ္ဂလ ကျင့်ကြံသူတွေရဲ့ ဈေးမြို့တော် ဆိုပေမဲ့... နောက်ဆုံးကျတော့ ဆရာသခင် ပိုင်ယွဲ့ ပိုင်တာပါပဲလား"
"ဒီမှာ နေရတာက သူများ အိမ်ရိပ်အောက်မှာ နေရသလိုပဲ... ကိုယ့်ကံကြမ္မာ ကိုယ် မဖန်တီးနိုင်ဘူး"
အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ စုယွီ၏ စိတ်ထဲတွင် ရတက်မအေးဖြစ်လာရ၏။
ဆရာသခင် ပိုင်ယွဲ့၏ တတိယ တပည့်သည် သူ ထင်ထားသည်ထက် ပိုမို ရက်စက် ကြမ်းကြုတ်ပုံ ရလေသည်။ ဝမ်ဟုန်၏ အသက်ကို သေးငယ်သော ကိစ္စလေး တစ်ခုဖြင့် ယူပစ်လိုက်သည်။
ရက်အနည်းငယ် ကြာသောအခါ စုယွီ၏ စိတ်ထဲတွင် အတွေးသစ် တစ်ခု အမြစ်တွယ်လာသည်။
"ငါ နောက်ဆုံး ထွက်ပေါက် တစ်ခု ကြိုတင် ပြင်ဆင်ထားရမယ်”