← Chapters

ရွှီဝမ်ရှန်း

Vol. 5 Ch. 75

ရွှီဝမ်ရှန်း

Vol. 5 Ch. 75

~အစပိုင်းတွင် ဝမ်ဟုန် ကွယ်လွန်သွားပြီ ဖြစ်၍ ရှုယင်ရှန်းနှင့် သမီးနှစ်ယောက်သည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာသွားလိမ့်မည်ဟု စုယွီ ထင်မှတ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ရက်အနည်းငယ် ကြာသောအခါ ဆေးလုံးမျှော်စင် အပြင်ဘက်တွင် သူမနှင့် သမီးနှစ်ယောက်ကို ပြန်တွေ့လိုက်ရလေသည်။

စုယွီကို မြင်လိုက်ရသောအခါ ရှုယင်ရှန်းသည် ဖြူဖျော့နွမ်းနယ်နေသော မျက်နှာဖြင့် ဒူးထောက်ချလိုက်သည်။

"ဆေးပညာရှင် စု... ရှင်က ကျွန်မ တွေ့ဖူးသမျှ လူတွေထဲမှာ အစွမ်းအထက်ဆုံးပါ... ကျေးဇူးပြုပြီး ကျွန်မတို့ကို ခိုလှုံခွင့် ပေးပါ... ကျွန်မတို့ သွားစရာ နေရာ မရှိတော့လို့ပါ"

သွားစရာ မရှိဘူး ဟုတ်လား။ စုယွီ၏ မျက်ခွံများ လှုပ်ရှားသွား၏။ မည်မျှ ကြီးမားသော ပြဿနာ ဖြစ်မည်ကို သူ စဉ်းစားနေမိသည်။

ဖြစ်ပုံမှာ...

ဝမ်ဟုန် မရှိတော့သဖြင့် ရှုယင်ရှန်းသည် ဝင်ငွေရမည့် အလုပ် ရှာမတွေ့တော့ပေ။ ယခင်က ကနဦးအဆင့် မှော်လက်နက် တစ်ခု ရောင်းချထား၍ ရရှိသော ဝိညာဉ်ကျောက်တုံးများမှာ သူမနှင့် သမီးနှစ်ယောက် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် ရက်အနည်းငယ် နေထိုင်ရန် လုံလောက်ရုံသာ ရှိသည်။ ယခု ဒုက္ခ ဖြစ်နေရှာပြီ။

တခြား သွားစရာ နေရာ မရှိတော့သဖြင့် ရှုယင်ရှန်းသည် သမီးများနှင့်အတူ စုယွီ၏ ရှေ့မှောက်တွင် ဒူးထောက် အသနားခံနေခြင်း ဖြစ်သည်။

စုယွီ သူမကို ကြည့်လိုက်ပြီးနောက် မိခင်၏ ဘေးတွင် ဒူးထောက်လျက် သူ့အား တောင်းပန်တိုးလျှိုးနေကြသော အပြစ်ကင်းစင်သည့် ကလေးမလေး နှစ်ဦးကို ကြည့်လိုက်သည်။

ခေတ္တမျှ တွေးတောပြီးနောက် စုယွီက ပြောလိုက်သည်။

"ခင်ဗျားက ချီစွမ်းအင် စုစည်းခြင်း ပဉ္စမဆင့် ကျင့်ကြံသူ တစ်ဦးပဲ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာ အရေးမပါဘူး ဆိုပေမဲ့ မြို့ပြင် ရောက်သွားရင် လမ်းဘေးရောက်မယ့် အဆင့်တော့ မဟုတ်ပါဘူး... ကလေးတွေကို ခေါ်ပြီး မိဘတွေအိမ် ပြန်လို့ ရတာပဲဗျာ"

ထိုအခါ၊ ရှုယင်ရှန်းက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောတော့သည်။ သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများ ရောပြွမ်းနေသည်။

"ကျွန်မက မိဘမဲ့ပါ... ခင်ပွန်းသည်က ကျွန်မကို အင်မော်တယ် မြို့တော်ဆီ ခေါ်လာခဲ့တာပါ"

"အခု ခင်ပွန်းသည် မရှိတော့တော့ ကျွန်မ... ကျွန်မ ဘယ်သွားရမလဲ မသိတော့ဘူး... ပြီးတော့ ကျွန်မက မန္တန်တွေလည်း နားမလည်ဘူး..."

ရှုယင်ရှန်းက မျက်ရည်များ ပြည့်နေသော မျက်ဝန်းများဖြင့် စုယွီကို မော့ကြည့်ပြီး ထပ်မံ တောင်းပန်လိုက်သည်။

"ကျေးဇူးပြုပြီးပါ ဆေးပညာရှင် စု... ရှင့်ရဲ့ ကျွန်မ အဖြစ် နေပါ့မယ်... ရှောင်ရှီ နဲ့ ရှောင်ဇီ တို့ စားစရာနဲ့ နေစရာ ရှိရင် ပြီးပါပြီ"

‘ဝမ်ဟုန်က နုနယ်လှပတဲ့ အမျိုးသမီးလေးကို စောင့်ရှောက်ထားတာကိုး။’

သူမက ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း ဘာမှ နားမလည်ပေ။

‘ကလေး ထိန်းတာနဲ့ ဝမ်ဟုန်ရဲ့ နေ့စဉ် နေထိုင်မှု ဘဝကို ပြုစုပေးတာကလွဲရင် ဘာမှ မလုပ်တတ်ဘူး။ ဒါကြောင့်လည်း ဝမ်ဟုန်ရဲ့ အနိုင်ကျင့်မှုတွေကို ဘယ်တော့မှ မခုခံခဲ့ဘဲ သည်းခံနေခဲ့တာ ဖြစ်မယ်။’

ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီက ပြောလိုက်သည်။

"လိုက်ခဲ့ပါ"

သူသည် ရှုယင်ရှန်းနှင့် သမီးနှစ်ယောက်ကို ဆေးလုံးမျှော်စင်ထဲသို့ ခေါ်ဆောင်သွား၏။ ယွီချန်ချင်း၊ ရှုသယ်ရှန်းနှင့် ခန်းယွင်နျန် တို့သည် သူတို့ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြပြီး မျက်နှာထားများ ထူးဆန်းနေကြသည်။

ဒါ ဘာသဘောလဲ။

စုယွီ ရှင်းပြလိုက်မှ သူတို့ သုံးဦး၏ မျက်နှာထားများ ပုံမှန် ပြန်ဖြစ်သွားကြသည်။ သူက တည်ငြိမ်စွာ ကြေညာလိုက်သည်။

"လတ်တလော ဆေးလုံးမျှော်စင်ရဲ့ စီးပွားရေး အခြေအနေ ကောင်းမွန်နေပါတယ်... လုပ်စရာ အလုပ်ကြမ်းတွေလည်း ရှိနေတော့ သူတို့ သုံးယောက်ကို ဒီမှာ ခဏ ပေးနေလိုက်ကြရအောင်"

"မိတ်ဆွေ ရှု က အလုပ်ကြမ်းတွေ လုပ်လို့ ရတယ်... ကလေးမလေး နှစ်ယောက်ကတော့ ဝိညာဉ်အမြစ်တွေ ရှိနေတာ တွေ့ရတယ်... အဆင့်နိမ့် ဝိညာဉ်အမြစ်တွေ ဆိုပေမဲ့ အဘိုးအို ရှု နဲ့ အဘိုးအို ခန်း တို့ဆီမှာ ပညာသင်ခိုင်းလိုက်ရင် အဆင်ပြေမယ် ထင်တယ်"

"ခင်ဗျားတို့ နှစ်ယောက်စလုံးက တစ်ကိုယ်တည်းသမားတွေပဲနော်... အသက်ကြီးလာတဲ့ အချိန်မှာ ဘေးနား တပည့်တွေ ရှိနေတာ ကောင်းပါတယ်ဗျ"

ယွီချန်ချင်း၏ အကြည့်သည် ရှုယင်ရှန်း၏ ခန္ဓာကိုယ် အချိုးအစားကို အကဲခတ်နေပြီး မိမိကိုယ်နှင့် နှိုင်းယှဉ်ကာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။

နည်းနည်းလေး ပိုကြီးတာပါပဲဟာ။

တစ်ဖက်တွင်မူ ရှုသယ်ရှန်းနှင့် ခန်းယွင်နျန် တို့သည် ထိုစကားကို ကြားရသောအခါ မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားသွားကြသည်။

မှန်ပေသည်။

သူတို့ နှစ်ဦးစလုံး အသက် ၇၀ ကျော်နေကြပြီ ဖြစ်ရာ အိုမင်းလာပြီ ဖြစ်ကြောင်း ဝန်ခံရပေမည်။

အကယ်၍ သူတို့ ဘေးနားတွင် တပည့်များ ရှိနေပါက အိုမင်းမစွမ်း ဖြစ်ချိန်တွင် ပြုစု စောင့်ရှောက်မည့် သားသမီးများ ရှိနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။

အကူအညီ လိုအပ်သည့် အချိန်တိုင်း သူတို့ကို အားကိုးနိုင်ပေမည်။

"ကောင်းပါပြီ... ကျွန်တော်တို့ ..သူတို့ကို တပည့် အဖြစ် လက်ခံလိုက်ပါ့မယ်"

ရှုသယ်ရှန်းနှင့် ခန်းယွင်နျန် တို့က ဝမ်းမြောက်ဝမ်းသာ ပြန်လည် ဖြေကြားလိုက်ကြသည်။

ကလေးမလေး နှစ်ယောက်၏ မူလ နာမည်မှာ ဝမ်ရှောင်ရှီနှင့် ဝမ်ရှောင်ဇီ တို့ ဖြစ်ကြသည်။ သို့သော် ဝမ်ဟုန်၏ အနိုင်ကျင့်တတ်သော အကျင့်စရိုက်ကို သတိရပြီး စုယွီ သူ့အပေါ် ရွံရှာမိသဖြင့် ကလေးမလေးများ၏ မျိုးရိုးနာမည်ကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။

သူတို့၏ မိခင် ရှုယင်ရှန်း၏ မျိုးရိုးအတိုင်း ရှုရှောင်ရှီနှင့် ရှုရှောင်ဇီ ဟု ပြောင်းလဲ မှည့်ခေါ်လိုက်သည်။

ရှုယင်ရှန်းသည် ကျိုးနွံမှုနှင့် ယဉ်ပါးနေသူ ဖြစ်သဖြင့် မငြင်းဆန်ပါပေ။

မိခင်နှင့် သမီးနှစ်ယောက်ကို အဘိုးအို ရှု နှင့်အတူ ဆေးလုံးမျှော်စင်တွင် နေထိုင်ရန် စီစဉ်ပေးပြီးနောက် စုယွီနှင့် ယွီချန်ချင်း တို့သည် နောက်ဖေး ခြံဝင်းသို့ သွားကြသည်။

"မင်းရဲ့ ဆေးပညာ စွမ်းရည်က မကြာသေးခင်က တိုးတက်လာတာ တွေ့ရတယ်... ဒါပေမဲ့ မလုံလောက်သေးဘူး... အသိသာဆုံး အားနည်းချက်က မင်းရဲ့ နတ်ဘုရား အာရုံ မလုံလောက်တာပဲ"

"ဒါကြောင့် နောက်တစ်ဆင့် အနေနဲ့ မင်းရဲ့ နတ်ဘုရား အာရုံ ကို သန့်စင်ပေးမယ်"

ထိုနေ့တွင် ဆေးဖော်စပ်ခြင်းမှလွဲ၍ စုယွီသည် ဆေးလုံးမျှော်စင်တွင်သာ နေထိုင်ပြီး ယွီချန်ချင်းကို ဆေးပညာ လမ်းညွှန်ပေးခဲ့သည်။

သူသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် သူ၏ စွမ်းအားကြီးမားသော နတ်ဘုရား အာရုံ ကို အသုံးပြု၍ ယွီချန်ချင်းကို ဖိအားပေးကာ သူမ၏ နတ်ဘုရား အာရုံ ဖြင့် ပြန်လည် ခုခံစေခဲ့သည်။ ဤနည်းဖြင့် သူမသည် အကြိမ်ကြိမ် ပင်ပန်းနွမ်းနယ်သွားပြီး ပြန်လည် နာလန်ထူလာကာ ထပ်မံ ပင်ပန်းနွမ်းနယ်သွားပြန်သည်။

ဤလေ့ကျင့်မှု လုပ်ငန်းစဉ် သံသရာမှ တဆင့် သူမ၏ နတ်ဘုရား အာရုံ သည် တဖြည်းဖြည်းချင်း ပိုမို သန်မာလာခဲ့သည်။

လမ်းကြားထဲမှ အိမ်နီးချင်းများသည် ဝမ်ဟုန်၏ ကံကြမ္မာကို ကြားသိပြီးနောက် အနည်းငယ် ကြောက်ရွံ့နေကြသည်။

လန်ရှီနှင့် လန်ကုန်း တို့ ညီအစ်မသည် စုယွီက ရှုယင်ရှန်းနှင့် သမီးနှစ်ယောက်ကို ခေါ်ယူ စောင့်ရှောက်ထားကြောင်း ကြားသိရသောအခါ သူ့ကို အမြင်တစ်မျိုးဖြင့် ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် စုယွီသည် ပုံမှန်အားဖြင့် မူးယစ်နတ်မိမယ် မျှော်စင်မှ ဖောက်သည်များနှင့် မတူဘဲ အလွန် သိုသိပ်သူ တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်...၊

ရှုယင်ရှန်းက တကယ်ပဲ ဆွဲဆောင်မှု ရှိတာကိုး။

ဘေးအိမ်က လက်နက်သွန်းလုပ်သူက ဒီသတင်း ကြားတော့ စုယွီကို မနာလို ဝန်တိုသည့် မျက်လုံးတွေနှင့် ကြည့်ပြီး သူ့နေရာ ဝင်ချင်နေပုံကို ကြည့်ပါဦး။

သို့သော်၊ စုယွီသည် ထိုကိစ္စများကို စိတ်မဝင်စားပေ။ သူ၏ တာအို နှလုံးသားသည် ခိုင်မာလျက် ရှိပြီး အရာအားလုံးသည် ပုံမှန်အတိုင်း လည်ပတ်နေသည်။

သူသည် စွမ်းအင် အားလုံးကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားသည်။

နေ့စဉ် ပုံမှန် လုပ်ရိုးလုပ်စဉ်များကို လိုက်နာ ဆောင်ရွက်လျက် ရှိသည်။

အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၊ ၁၀၈ ကွက် မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ်၊ ရွှမ်မင် ထူထဲသော မြေကမ္ဘာ သိုင်းကျမ်း၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် အခြား ကျင့်စဉ်များ၊ မန္တန်များ၏ ကျွမ်းကျင်မှုသည် တည်ငြိမ်စွာ တိုးတက်နေလေသည်။

အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ ကျွမ်းကျင်မှုသည် ၁၀၀ ရာခိုင်နှုန်းသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ စုယွီ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ တိုးပွားလာနေသည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်သည် မဝေးတော့ပေ။

လအနည်းငယ် ကြာပြီးနောက်၊အမှန်တရား ခန်းမဆောင်မှ ဘဏ္ဍာစိုး ဟူရှို့သည် ထပ်မံ ပေါ်လာပြန်၏။ သူသည် စုယွီကို ခန်းမဆောင်သို့ ခေါ်ဆောင်သွားပြီး ဆရာသခင် ပိုင်ယွဲ့၏ တတိယ တပည့် ရွှီဝမ်ရှန်းနှင့် တွေ့ဆုံစေခဲ့သည်။ ကောလာဟလများအရ ရွှီဝမ်ရှန်းသည် အလွန် ချောမော ခန့်ညားသည်ဟု ဆိုကြသော်လည်း စုယွီကမူ မိမိသည် အနည်းဆုံးတော့ သူနှင့် ယှဉ်နိုင်သည်ဟု ခံစားမိလေသည်။

ရွှီဝမ်ရှန်းသည် စုယွီထက် သိပ်မကြီးပေ။ အသက် ၄၀ ခန့်သာ ရှိသေးသည်။

သူ၏ ကျင့်ကြံမှု အဆင့်မှာမူ ကောလာဟလများ ပြောသကဲ့သို့ အခြေခံ တည်ဆောက်ခြင်း အစောပိုင်း အဆင့် မဟုတ်ပေ။

သူသည် အခြေခံ တည်ဆောက်ခြင်း သတ္တမ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အရေးကြီးဆုံး အချက်မှာ ရွှီဝမ်ရှန်းသည် ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင်နှင့် လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်နေခြင်းပင်။

စုယွီနှင့် တွေ့ဆုံသောအခါ ရွှီဝမ်ရှန်းသည် အမှန်တရား ခန်းမဆောင်၏ ထိပ်ဆုံး ထိုင်ခုံတွင် ထိုင်နေပြီး လက်ဖက်ရည် သောက်ရင်း လျစ်လျူရှုထားသော မျက်နှာထားဖြင့် စုယွီကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။

"စုယွီ... ဒုတိယအဆင့် ကနဦးအဆင့် ဆေးပညာရှင်... ချီစွမ်းအင် စုစည်းခြင်း နဝမဆင့်"

"ဒါပေမဲ့ မင်းက မင်းပြောသလို ယွီမိသားစုရဲ့ ဆေးပညာရှင်တော့ မဟုတ်ဘူးပဲ"

စုယွီ မျက်ခုံးပင့်လိုက်ပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်။

"ခန်းမဆောင် သခင် ဘာကို ဆိုလိုတာလဲ၊ ကျွန်တော် သိပ်နားမလည်ပါဘူး"

ရွှီဝမ်ရှန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောသည်။

"မင်းမှာ ပါရမီ ရှိတယ်... ဒါကြောင့် ငါ မင်းကို အခွင့်အရေး တစ်ခု ပေးချင်တယ်... ငါ့ဘက်ကနေ ရပ်တည်ပြီး ငါ့အတွက် ဆေးဖော်ပေးပါ... အကျိုးဆုလာဘ် အနေနဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်လုံး ပေးမယ်... အကယ်၍ မင်း အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့ရင် ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင် အမွေအနှစ်ကို ထပ်ဆုချမယ်"

စုယွီက ခေါင်းခါလိုက်ပြီး ပြောသည်။

"တောင်းပန်ပါတယ် ခန်းမဆောင် သခင်... ကျွန်တော် လောလောဆယ် အဲ့ဒီလို ရည်ရွယ်ချက် မရှိပါဘူး... ပြီးတော့ ကျွန်တော်က အမှန်တရား ခန်းမဆောင်ရဲ့ ခိုလှုံသူ တစ်ဦး ဖြစ်နေပြီပဲ... အမှန်တရား ခန်းမဆောင် အတွက် အလုပ်လုပ်ပေးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား"

ရွှီဝမ်ရှန်းက စုယွီကို စူးစိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ ဘာဆိုလိုတာလဲ မင်း သိပါတယ်"

စုယွီက ငြင်းဆန်သော အနေဖြင့် ခေါင်းကိုသာ ခါလိုက်သည်။

"ဒါဆိုရင်လည်း... ဟူရှို့... ဧည့်သည်ကို ပြန်ပို့လိုက်ပါ"

ရွှီဝမ်ရှန်းက လက်ကာပြလိုက်ပြီး စုယွီကို ဒုက္ခမပေးခဲ့ပေ။

သို့သော် စုယွီ ထွက်ခွာသွားပြီးနောက် ရွှီဝမ်ရှန်းက ဟူရှို့ကို ပြောလိုက်သည်။

"နောက်နောင် သူ့ကို ဘာတာဝန်မှ မပေးနဲ့တော့... ပြီးတော့ သူ အမှန်တရား ခန်းမဆောင်ကို မဝင်သရွေ့ ဘာပစ္စည်းမှ လဲလှယ်ခွင့် မပေးနဲ့"

ဟူရှို့က လေးစားစွာဖြင့် အမိန့်ကို နာခံပြီး ထွက်ခွာသွားလေသည်။

ရွှီဝမ်ရှန်းသည် အမှန်တရား ခန်းမဆောင်၏ ပင်မ တံခါးပေါက်မှ တဆင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို တွေးတော ငေးမောကြည့်ရှုနေမိသည်။

ဤအချိန်တွင် သူ၏ အစ်ကိုကြီးနှင့် ဒုတိယ အစ်မတို့ နှစ်ဦးစလုံး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် မရှိကြပေ။ သူ၏ ဆရာပင်လျှင် မရှိပေ။ အဓိက နယ်မြေမှလွဲ၍ ဝိညာဉ် ခန်းမဆောင်နှင့် တိုက်ပွဲ ခန်းမဆောင် အပါအဝင် အခြား နယ်မြေများကို သူ ထိန်းချုပ်ထားသည်။

ဤ အာဏာရှိခြင်း ခံစားမှုတွင် သူ နက်ရှိုင်းစွာ ယစ်မူးနေမိသည်။

စုယွီကဲ့သို့သော အရေးမပါသည့် လူပုဂ္ဂိုလ်များကို သူ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကာလ အတွင်း ထိုကဲ့သို့သော လူစားမျိုးကို သူ များစွာ တွေ့ကြုံခဲ့ရသောကြောင့် ဖြစ်သည်။

အချို့က ကျောရိုးမဲ့ ကောင်များ ဖြစ်ကြပြီး အချို့ကမူ ခေါင်းမာကြသည်။

သို့သော် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် မည်မျှပင် ခေါင်းမာသူ ဖြစ်ပါစေ အမှန်တရား ခန်းမဆောင်၏ ရှေ့မှောက်တွင် အားကိုးရာမဲ့ ဖြစ်ရစမြဲပင်။

ဒူးထောက် အညံ့ခံမလား... ဒါမှမဟုတ် အမှန်တရား ခန်းမဆောင်ရဲ့ ဩဇာလွှမ်းမိုးမှု အောက်ကနေ ထွက်သွားမလား။

"အစ်ကိုကြီး... ဒုတိယ အစ်မ... ဟက်"

သူ့အထက်ရှိ လူနှစ်ဦးကို တွေးတောမိသောအခါ ရွှီဝမ်ရှန်း၏ မျက်ဝန်းနက်နက်တွင် မထီမဲ့မြင် ပြုမှုနှင့် ပြင်းထန်သော ဆုံးဖြတ်ချက်များ ထကြွလာ၏။

နှစ်ပေါင်းများစွာ သူသည် သူတို့ ရှေ့တွင် မည်သည့် ခြိမ်းခြောက်မှု အရိပ်အယောင်မျှ မပြခဲ့ပေ။

သို့သော် သူသာ ဩဇာ ကြီးမားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့လျှင်...။

ရွှီဝမ်ရှန်းသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"အမှန်တရား ခန်းမဆောင်က အဓိက သော့ချက်ပဲ"

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သည် နေရာ တစ်ခုတည်းသာ ရှိသော်လည်း သူတို့ သုံးဦး ရှိနေသည်။

သူနှင့် သူ၏ အစ်ကို၊ အစ်မ။

ဒါဆိုရင် ဘယ်သူက အပယ်ခံရမလဲ။

All Chapters