အင်မော်တယ်လမ်းစဉ်မှ..ဧကရာဇ်တစ်ပါး၏ မျှော်လင့်ချက်
Vol. 28 Ch. 396
"ဘာဖြစ်တာလဲ။"
ကျန်းဇီယုက ချန်ယွဲ့ချန်းဘက်သို့ လှည့်၍ လေးနက်သော အသံဖြင့် မေးလိုက်သည်။
ကျန်းရှန်က အိမ်ရှေ့စံ မဖြစ်ခဲ့သော်လည်း သူသည် သားဦးဖြစ်သဖြင့် ကျန်းဇီယုတွင် သူ့အတွက် အထူးသံယောဇဉ် ရှိနေမြဲဖြစ်သည်။ ကျန်းရှုပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။
ချန်ယွဲ့ချန်းက တစ်ခဏမျှ စဉ်းစားပြီးနောက်… "သူ့ရဲ့ သဘာဝကို အချိန်အကြာကြီး ဖိနှိပ်ထားရာကနေ ရုတ်တရက် လွတ်ထွက်သွားတာ ဖြစ်နိုင်တယ်…သူ့ရဲ့ သွေးသားစည်းတံဆိပ် လှုံ့ဆော်ခံလိုက်ရပြီ…ဘာပဲပြောပြော သူက အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ပဲလေ… သတ်ဖြတ်ခြင်းက သူ့အတွက် အားကောင်းလာမယ့် လမ်းစဉ်ပဲ… ပြင်းပြင်းထန်ထန် လေ့ကျင့်တာနဲ့ ယှဉ်ရင် သူ့အတွက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကနေ ဉာဏ်အလင်းရဖို့ ပိုသင့်တော်တယ်…."
တိုင်ရှီးချန်က သက်ပြင်းချ၍…
"ပြီးခဲ့တဲ့တစ်ခေါက် ရွှမ်ဟွမ်ကမ္ဘာကြီးရဲ့ မဟာယွဲ့မင်းဆက်နဲ့ တိုက်ခိုက်တုန်းက သူ လူတော်တော်များများကို သတ်ခဲ့တယ်..အဲ့ကတည်းက သူ့ရဲ့ အရှိန်အဝါလည်း အများကြီး အားကောင်းလာတယ်… ငါဖြင့် အားကျလိုက်တာ.."
သူသာ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်၏ ပါရမီမျိုး ရှိခဲ့လျှင် သူ့ခွန်အားများ မိုးထိအောင် မြင့်တက်သွားမည် ဖြစ်သည်။
သို့သော် ကျန်းရှန်ကတော့ မတူညီပေ။ ငယ်စဉ်ကတည်းက ပညာသင်ကြားခဲ့မှုကြောင့် လူကောင်းတစ်ယောက် ဖြစ်ချင်ခဲ့သည်။ သူ သတ်ချင်လျှင်ပင် ရန်သူများကိုသာ သတ်မည်ဖြစ်သည်။ သို့သော် သူ့အတွက် သတ်ဖြတ်ရန် ရန်သူ အမြောက်အမြား မရှိသလို စစ်ပွဲကလည်း ထာဝရ မကြာရှည်နိုင်ပေ။ စစ်ပွဲပြီးဆုံးသွားတိုင်း သူ့နှလုံးသားတခုလုံး ဗလာနယ်တစ်ခုထဲသို့ ရောက်ရှိသွားသလိုခံစားရစမြဲပင်။ထိုခံစားချက်က အလွန် နှိပ်စက်ခံရသလို ဖြစ်ပြီး နောက်ဆုံးတော့ ယခုလို လုံးဝ ပေါက်ကွဲထွက်လာတော့သည်။
ချန်းလီက မုတ်ဆိတ်မွေးကို သပ်၍ သုံးသပ်လိုက်သည်။
"အရှင်မင်းကြီး... သူ့အတွက် စစ်မြေပြင်တစ်ခု ရှာပေးရမယ့်ပုံပဲ.. မဟုတ်ရင် သတ်ဖြတ်ခြင်းဆန္ဒက သူ့စိတ်ကို လွှမ်းမိုးသွားပြီး သူ ရူးသွပ်သွားလိမ့်မယ်.. လုံလောက်တဲ့ သတ်ဖြတ်မှုတွေ လုပ်ပြီးရင် ဒီသတ်ဖြတ်ခြင်းဆန္ဒကို သူ ထိန်းချုပ်နိုင်လာလောက်တယ်.."
ကျန်းထျန်းမင်က ခေါင်းညိတ်ပြီး ကျန်းဇီယုကို ကြည့်လိုက်သည်။
ကျန်းဇီယုက အသက်ပြင်းပြင်း ရှူလိုက်ပြီး .. "ငါ နားလည်ပါတယ်.. ဒါပေမဲ့ သူ့ကို ဘယ်နေရာမှာ ထားရမှန်း မသိဘူး.. တာအိုဘိုးဘေး အကြံဉာဏ် ပေးနိုင်ကောင်းပါရဲ့။"
ကျန်းရှန်အတွက် အကန့်အသတ်မရှိ သတ်ဖြတ်နိုင်မည့် နေရာမျိုး သိပ်မရှိပေ။ ပြီးတော့ ခွန်းလွန်လွင်ပြင်မှာ ကောင်းကင်တရားရုံးရဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံလို့လည်း မဖြစ်ပေ။
ကြီးမြတ်သော အရာများကို လုပ်ဆောင်သူများသည် အမြဲတမ်း မေတ္တာတရားနှင့် တရားမျှတမှု ခေါင်းစဉ်ကို အသုံးပြုကြသည်။ သူတို့ အောင်မြင်သရွေ့ သူတို့ ရိုးသားသည်ဖြစ်စေ၊ မရိုးသားသည်ဖြစ်စေ ဒီသဘောတရားကို လေးစားရမည်။ ကောင်းကင်တရားရုံးသည်လည်း ခွန်းလွန်လွင်ပြင်၏ ငြိမ်းချမ်းရေးကို ကာကွယ်ရန် ဤစည်းမျဉ်းကို ကျင့်သုံးနေခြင်း ဖြစ်သည်။
ထိုသို့ပြောပြီးနောက် ကျန်းဇီယု လှည့်ထွက်သွားသည်။
ချန်ယွဲ့ချန်းက… "အဲဒီလိုနေရာမျိုး တကယ်ရှိရင် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် အရမ်းမြန်မြန် ကြီးထွားလာမှာပဲ။ နိဗ္ဗာန်ဖန်ဆင်းခြင်းပညာရပ်ကို တတ်မြောက်ထားတဲ့ ယဲ့ကျန်းနဲ့ ပေါင်းလိုက်ရင်... ကျွတ် ကျွတ်... ခွန်းလွန်လွင်ပြင်မှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်တဲ့ ပါရမီရှင်နှစ်ယောက် ရှိနေပြီပဲ…"
တိုင်ရှီးချန်က ခေါင်းခါ၍ … "ဒါတင် မကသေးဘူး။ ကောင်းကင်ဧကရာဇ်မင်းမြတ်ရဲ့ ပါရမီကလည်း ကြောက်စရာ ကောင်းတယ်။ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်နဲ့ ယဲ့ကျန်းတို့ထက် မနိမ့်ကျဘူးလို့တောင် ငါ ခံစားရတယ်..”
ကျန်းဇီယုက ကောင်းကင်သို့တက်လှမ်းပြီးနောက် လေ့ကျင့်ရေး အစီအစဉ်ကို ပြန်လည် စတင်ခဲ့သည်။ အင်မော်တယ် ဖြစ်လာပြီးနောက် ကျန်းချန်ရှန်း၏ သွေးမျိုးဆက်ပါသူ တစ်ယောက်အနေဖြင့် သူသည်လည်း တစ်ချိန်က ထျန်းကျင်းတွင် နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့သည်။ သူ့ပါရမီများက တိုင်ရှီးချန်ကို တုန်လှုပ်စေခဲ့ပေသည်။
"ဒါပေါ့… အရှင်မင်းကြီးက တာအိုဘိုးဘေးရဲ့ တစ်ဦးတည်းသော သွေးရင်းသားရင်းပဲဟာ…"
ချန်းလီက ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် ကျန်းဇီယု၏ ကြီးပြင်းလာမှုကို မျက်မြင်တွေ့ခဲ့ရပြီး ကျန်းဇီယုကလည်း သူ စိတ်ကူးထားသော ကောင်းကင်ဧကရာဇ် ပုံရိပ်နှင့် အလွန် ကိုက်ညီနေသည်။
သိုင်းလောကတွင် အာဏာရှိသော နေရာ၌ ရှိနေသူများက အသန်မာဆုံး ဖြစ်ရမည်။ သို့မဟုတ်ပါက နောက်ကျသည်ဖြစ်စေ၊ စောသည်ဖြစ်စေ ဖရိုဖရဲ ဖြစ်လာလိမ့်မည်။
အားလုံးက ကောင်းကင်ဧကရာဇ်၏ ပါရမီနှင့် သူ့အစွမ်းအစ အကန့်အသတ်အကြောင်း စတင် ပြောဆိုကြတော့သည်။ လေထုက ကြည်နူးစရာ ဖြစ်လာပြီး ကျန်းရှန်အတွက် စိတ်မပူကြတော့ပေ။ ဘာပဲပြောပြော ကောင်းကင်ဧကရာဇ်က တာအိုဘိုးဘေးကို သွားရှာပြီဆိုတော့ ဒီကိစ္စက ပြီးပြတ်သွားပြီဟု ပြောနိုင်ပေသည်။
ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌...
ကျန်းဇီယု ထွက်သွားသည်နှင့် ကျန်းချန်ရှန်း၏ အကြည့်က ခရမ်းရောင်သလင်းကျောက်ဘူးသီးပေါ်သို့ ကျရောက်သွားသည်။
အကန့်အသတ်မရှိ သတ်ဖြတ်နိုင်မည့် နေရာတစ်ခု...
သွေးကမ္ဘာ!
အရိုးဝိညာဉ်ဧကရီ၏ မှတ်ဉာဏ်များထဲတွင် သွေးကမ္ဘာကို မြင်တွေ့ခဲ့ရသည်။ သွေးကမ္ဘာသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာ နေရာတစ်ခု ဖြစ်သည်။ ထိုနေရာရှိ သွေးချီများက ကျယ်ပြောလှပြီး အားကောင်းကာ မသေမျိုး မိစ္ဆာဝိညာဉ်များ တိုက်ခိုက်ပြီး သန်မာလာစေရန် အသိဉာဏ်ကင်းမဲ့သော သွေးနတ်ဆိုးများကို အဆက်မပြတ် မွေးဖွားပေးနေသည်။ ဤအချက်သည်လည်း မသေမျိုး မိစ္ဆာဝိညာဉ်များ ရွှမ်ဟွမ်ကမ္ဘာကြီးကို မကြာခဏ မတိုက်ခိုက်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
သို့သော် ကျန်းရှန်က သူ့မြေးဖြစ်ပြီး မသေမျိုး မိစ္ဆာဝိညာဉ် မဖြစ်လာနိုင်ပေ။
သူ ဒီကိစ္စကို ဖြေရှင်းပေးမည်ဟု ကျန်းဇီယုကို ကတိပေးခဲ့သော်လည်း သူ့ကို ခေါ်ယူသည့်အချိန်အထိ စောင့်ရမည်ဖြစ်သည်။
အရိုးဝိညာဉ်ဧကရီနှင့် စကားပြောရန် ကျန်းချန်ရှန်း ဆုံးဖြတ်လိုက်သည်။ သွေးကမ္ဘာ၏ မဟာဧကရာဇ် သုံးပါးထဲမှ တစ်ပါးအနေဖြင့် အရိုးဝိညာဉ်ဧကရီသည် အာဏာမရှိသူ မဟုတ်ပေ။သူမ၏ အဆင့်အတန်းက သွေးကမ္ဘာတွင် အလွန်မြင့်မားသည်။
ခရမ်းရောင်သလင်းကျောက်ဘူးသီး အတွင်းရှိ သွေးမှုန့်များက သွေးရောင် အရိုးစုတစ်ခုအဖြစ် စုစည်းသွားသည်။
"မင်းက မိုက်မဲပြီး မင်းရဲ့ အမုန်းတရားတွေကို ထာဝရ သယ်ဆောင်သွားချင်နေတာလား…"
ကျန်းချန်ရှန်း၏ အသံ ထွက်ပေါ်လာသည်။ အရိုးဝိညာဉ်ဧကရီက လူအများအပြားကို သတ်ဖြတ်ခဲ့သူဖြစ်သည်။
အကြောင်းပြချက်က ဘာပဲဖြစ်နေပါစေ ကျန်းချန်ရှန်း သူမကို တန်းပြီး လက်ခံမည် မဟုတ်ပေ။
မီးတောက်အရှင်သည်လည်း အပြစ်များစွာ ကျူးလွန်ခဲ့သည်။ ထို့ကြောင့် သူတို့ ကောင်းကင်တရားရုံးသို့ ဝင်ရောက်လိုလျှင် ပိုမို ကြိုးစားရပေမည်။
သိုင်းလောကတွင် သတ်ဖြတ်ခြင်းမရှိဘဲ အလွန်အစွမ်းထက်သော ဖြစ်တည်မှုကို ရှာဖွေရန် ခက်ခဲသည်။ မည်သည့် ကျွမ်းကျင်သူမဆို လက်တွင် သွေးစွန်းနေကြသည်သာ။ အကယ်၍ နောက်ဆက်တွဲအနေဖြင့် သူတို့ကယ်တင်နိုင်သော သက်ရှိအရေအတွက်က သူတို့သတ်ဖြတ်ခဲ့သော အပြစ်မဲ့သူများထက် ကျော်လွန်ပါက ကောင်းကင်တရားရုံးသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။
ယခု ကျန်းချန်ရှန်းက အရိုးဝိညာဉ်ဧကရီကို အသုံးချချင်နေသည်။ အနာဂတ်တွင် သူမ ကောင်းမွန်သော ပြောင်းလဲမှု ပြုလုပ်လိုလျှင် နှစ်သန်းပေါင်းများစွာ သို့မဟုတ် ထို့ထက်ပိုသော သူမ၏ အောင်မြင်မှုများကို သူ စောင့်ကြည့်ရပေမည်။
အရိုးဝိညာဉ်ဧကရီက ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး လှောင်ပြောင်လိုက်သည်။
"နင်က စကားလုံးတွေ၊ အင်အားတွေနဲ့ ငါ့အမုန်းတရားကို ဖြေရှင်းပေးချင်တာလား.."
သူမ၏ အသံမှာ အလွန်အေးစက်နေသည်။
"မင်း လူပုံစံ ပြန်ရနိုင်မယ်ဆိုရင် အရင်က လုပ်ရပ်တွေအတွက် နောင်တရမလား…”
ထိုစကားကို ကြားသောအခါ အရိုးဝိညာဉ်ဧကရီ၏ အေးစက်သော နှလုံးသား တုန်လှုပ်သွားသည်။
"ဒီပုံစံအတိုင်း ဆက်နေရင် မင်းဘဝရဲ့ အဓိပ္ပာယ်ကို ရှာတွေ့နိုင်မလား.. ဒါမှမဟုတ် အဓိပ္ပာယ်မဲ့ သတ်ဖြတ်နေရုံပဲလား…"
"ရွှမ်ဟွမ်ကမ္ဘာကြီးကို ဝင်တိုက်တိုင်း မင်း ဘာလို့ အသက်ရှင်ကျန်ခဲ့လဲဆိုတာ တွေးဖူးလား… မင်း မသေမျိုး ဖြစ်နေလို့ဆိုတာ တကယ်ပဲလား…အကယ်၍ မင်းက မသေမျိုး ဖြစ်ရင်တောင် ဘာလို့ သိုင်းနတ်ဘုရားနယ်မြေက မင်းကို တံဆိပ်ခတ် မပိတ်လှောင်ခဲ့တာလဲ…"
ထိုစကားကို ကြားသောအခါ အရိုးဝိညာဉ်ဧကရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နင် ဘာပြောချင်တာလဲ …နင် ဘယ်သူလဲ.. ကောင်းကင်သူတော်စင်နိဗ္ဗာန်နဲ့ ဘာပတ်သက်မှု ရှိလဲ…"
"ငါ သူနဲ့ ဘာမှမဆိုင်ဘူး.. ငါက သိုင်းတာအိုနဲ့တောင် မပတ်သက်ဘူး…ရှင်းရှင်းပြောရရင် ငါက သိုင်းတာအိုရဲ့ ရန်သူပဲ.. ဒါပေမဲ့ ဒါက ဓလေ့ထုံးတမ်းစဉ်လာတွေကြားက တိုက်ပွဲတစ်ခုပဲလေ.. ငါက ဘေးလူတစ်ယောက်ရဲ့ ရှုထောင့်ကနေ မင်းရဲ့ မှတ်ဉာဏ်တွေကို လေ့လာကြည့်ရှုနေရုံပါ…"
"နင်က ရှေးဟောင်းဂိုဏ်းတွေကလား…"
မှတ်ဉာဏ် လေ့လာကြည့်ရှုခြင်းအကြောင်း ပြောလိုက်သဖြင့် ရှေးဟောင်းဂိုဏ်းများကို တွေးမိသွားသည်။
"ငါက အင်မော်တယ်လမ်းစဉ်ကပါ.. သိုင်းတာအိုနဲ့ ရှေးဟောင်းအစီအရင်ပညာထက် ပိုရှေးကျတဲ့ ဓလေ့ထုံးတမ်းစဉ်လာပေါ့… သိုင်းတာအိုနဲ့ ရှေးဟောင်းအစီအရင်ပညာ မလုပ်နိုင်တာကို ငါ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်…မင်းသာ အလင်းရောင်ဆီ ပြန်လှည့်လာချင်ရင် မင်း ပုံမှန်အတိုင်း ပြန်ဖြစ်လာအောင် ငါ ကူညီပေးနိုင်ကောင်း ပေးနိုင်တယ်…"
ကျန်းချန်ရှန်း၏ လေသံမှာ အလွန် တည်ငြိမ်နေပြီး အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ဖြစ်နေသည်။
အရိုးဝိညာဉ်ဧကရီက… "ဒီလို ကတိစကားလေးနဲ့ ငါ့ကို နင့်အတွက် အလုပ်လုပ်ပေးစေချင်တာလား။ ငါ့ရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူချင်နေတာလား.. ဒါမှမဟုတ် နင့်ကိုယ်နင် ယုံကြည်မှု လွန်ကဲနေတာလား…"
သူမ စကားဆုံးသည်နှင့် သူမရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
တာအိုနှလုံးသားကိုယ်ပွား ဖြစ်သည်။
တာအိုနှလုံးသားကိုယ်ပွားက ညာဘက်ခြေထောက်ကို ဆောင့်နင်းလိုက်ရာ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ စိတ်ကူး၍ပင် မရနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရေလွှမ်းမိုးသကဲ့သို့ ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။ထိုအခါအရိုးဝိညာဉ်ဧကရီ၏ မျက်လုံးထဲမှ မီးတောက်များ တုန်ခါသွားပြီး လန့်ဖျပ်သွားသည်။
နောက်တစ်စက္ကန့်တွင် တာအိုနှလုံးသားကိုယ်ပွား ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူသည် ကောင်းကင်နှင့်မြေကြီး ပျက်သုဉ်းခြင်းကို အသုံးမပြုဘဲ အရိုးဝိညာဉ်ဧကရီကို ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်သည်။
"မင်းရဲ့ မသေနိုင်တဲ့ အခြေအနေကို တကယ်ပဲ ထိန်းထားနိုင်မယ် ထင်လား။ မင်းကို သေဆုံးသွားအောင် ငါ လုပ်နိုင်ရင် မင်းရဲ့ မသေမျိုး စွမ်းအားကို ဖယ်ရှားပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလား…"
ကျန်းချန်ရှန်း၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။ ဒီတစ်ကြိမ်တွင်မူ အရိုးဝိညာဉ်ဧကရီ တည်ငြိမ်မနေနိုင်တော့ပေ။
ဤသည်မှာ ထိုကဲ့သို့သော စွမ်းအားမျိုးကို သူမ ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ သူမ နှစ်ပေါင်းမည်မျှ နေထိုင်ခဲ့ပြီး ကျွမ်းကျင်သူ မည်မျှနှင့် တွေ့ဆုံခဲ့ဖူးသနည်း။ သူမကို ကြောက်လန့်စေသော ဤကဲ့သို့ စွမ်းအားမျိုး တစ်ခါမျှ မတွေ့ကြုံဖူးပေ။
ခုနက ခံစားချက်က သူမ မေ့ပျောက်နေသော သေခြင်းတရားကို ကြောက်ရွံ့မှုလား။
မျှော်လင့်ချက်ရောင်ခြည်တစ်ခု သူမ၏ နှလုံးသားတွင် တောက်လောင်လာသည်။ သူမက တုန်ရီနေသော အသံဖြင့်…
"ကျွန်မ ရှင့်အတွက် အလုပ်လုပ်ပေးသရွေ့ ကျွန်မကို ကူညီပေးမှာလား.."
"မဟုတ်ဘူး... ငါ့အတွက် အလုပ်လုပ်ပေးတာက မျှော်လင့်ချက်တံခါးကို ဖွင့်ပေးတဲ့ သော့ချက်ပဲ… ပုံမှန်အတိုင်း ပြန်ဖြစ်ချင်ရင် မင်းရဲ့ အပြစ်တွေကို ပြန်ပေးဆပ်ရမယ်… မင်း အပြစ်မဲ့တဲ့ အသက်ဘယ်လောက်ကို သတ်ခဲ့လဲ…အပြစ်မဲ့တဲ့ အသက်ဘယ်လောက်ကို ကယ်တင်ခဲ့လဲ…မင်းရဲ့ ကုသိုလ်က အဓိပ္ပာယ်မဲ့ သတ်ဖြတ်မှုတွေကနေ စုဆောင်းထားတဲ့ ကံတရားကို ချေဖျက်နိုင်တဲ့အခါ မင်း လူပြန်ဖြစ်လာလိမ့်မယ်.. အနာဂတ်မှာ အင်မော်တယ်တောင် ဖြစ်လာနိုင်တယ်.."
ကျန်းချန်ရှန်း၏ အဖြေက အရိုးဝိညာဉ်ဧကရီကို စိတ်ပျက်စေခြင်း၊ ဒေါသထွက်စေခြင်း မရှိဘဲ အံ့သြဝမ်းသာ ဖြစ်သွားစေသည်။
ထိုစကားများကို မကြားရခင်က ကျန်းချန်ရှန်းသည်လည်း ကောင်းကင်သူတော်စင်နိဗ္ဗာန်နှင့် အတူတူပင် ဖြစ်မည်ဟု သူမ ထင်ခဲ့သည်။ အနှစ်သာရမရှိသော စကားများဖြင့် ပြည့်နှက်နေပြီး ဖြောင့်မတ်မှုနှင့် ကိုယ်ကျင့်တရား ကင်းမဲ့သော ဟန်ဆောင်သမား တစ်ယောက်ဟု ထင်ခဲ့မိသည်။
သို့သော် ကျန်းချန်ရှန်းက သူမ၏ အပြစ်များကို ပြန်ပေးဆပ်ရန် မရေမတွက်နိုင်သော နှစ်များကို အသုံးပြုစေချင်သည် ဆိုသောအခါ သူမ မျှော်လင့်ချက် ရှိသလို ခံစားလိုက်ရသည်။
လူပြန်ဖြစ်ချင်သော သူမ၏ အိပ်မက်က အစကတည်းက စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ဒီအခွင့်အရေး သူမရှေ့ ရောက်လာမည်ဟု မယုံရဲခဲ့ပေ။ အကယ်၍ ဒီအခွင့်အရေးအတွက် မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် အခက်အခဲများကို ကျော်ဖြတ်ရန် လိုအပ်သည်ဆိုလျှင် ဒါက အစစ်အမှန်ဖြစ်သည်ဟု သူမ ခံစားရသည်။
အရိုးဝိညာဉ်ဧကရီက အသက်ပြင်းပြင်း ရှူလိုက်ပြီး … "ကျွန်မ ဘာလုပ်ပေးရမလဲ…"
ကျန်းချန်ရှန်း ဘာမျှ ဖုံးကွယ်မထားဘဲ ကျန်းရှန်၏ အထောက်အထားနှင့် လိုအပ်ချက်များကို ထုတ်ဖော်ပြောပြလိုက်သည်။
အရိုးဝိညာဉ်ဧကရီက အံ့အားသင့်စွာ မေးလိုက်သည်။
"အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်က မွေးရာပါ ဆိုးသွမ်းတယ်လေ… ရှင် ဘာလို့ သူ့ကို ကူညီနေတာလဲ။"
ကျန်းချန်ရှန်းကို ပြောဆိုသော သူမ၏ လေသံ ပြောင်းလဲသွားပြီ ဖြစ်သည်။
"သတ်ဖြတ်ခြင်းမှာ ဘက်နှစ်ဘက် ရှိတယ်… ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ရန်သူတွေကို သတ်ဖြတ်သူတွေက သူရဲကောင်း ဖြစ်နိုင်တယ်….ဒါပေမဲ့ ရန်သူ့မျက်လုံးထဲမှာတော့ အဲဒီသူရဲကောင်းက မိစ္ဆာဝိညာဉ်ပဲ… အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင် သေသွားရင်တောင် လူသားအဖြစ် ပြန်လည်ဝင်စားဦးမှာပဲ… ပြီးတော့ အဆုံးရှိမှာ မဟုတ်ဘူး… အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ကို အဆုံးမဲ့ သတ်ဖြတ်ခြင်းထဲ ကျရောက်စေပြီး လူသားတွေကြား ပြည်တွင်းစစ် ဖြစ်ပွားစေမယ့်အစား သူ့ရဲ့ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ပြီး သက်ရှိအားလုံးရဲ့ သူရဲကောင်း ဖြစ်လာအောင် ကူညီပေးတာက ပိုကောင်းပါလိမ့်မယ်…. အဲဒီလို သူရဲကောင်းမျိုး ပေါ်ထွက်လာဖို့ လိုအပ်နေတဲ့ တခြားအင်အားစုတွေ ရှိမယ်လို့ ငါ ယုံကြည်တယ်…"
ကျန်းချန်ရှန်း၏ စကားများက အရိုးဝိညာဉ်ဧကရီကို နှုတ်ဆိတ်သွားစေသည်။ ဤသည်မှာ ထိုကဲ့သို့သော အမြင်မျိုးကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
သူမ၏ အမြင်တွင် အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်သည် သူမနှင့် အတူတူပင် ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ဘယ်တော့မှ စာမျက်နှာသစ် ဖွင့်၍မရနိုင်သော ဆိုးရွားသည့် ဖြစ်တည်မှုများ ဖြစ်သည်။
အရေးကြီးဆုံးမှာ သူတို့လို ဖြစ်တည်မှုများကို ဖယ်ရှား၍ မရနိုင်ခြင်းပင်။ ဤသည်မှာ ကျိန်စာမဟုတ်ဘဲ မျှော်လင့်ချက် ကင်းမဲ့ခြင်း ဖြစ်သည်။
ရက်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူမ သဘောတူလိုက်သည်။
ကျန်းချန်ရှန်းက သူမကို ပြန်မဖြေပေ။ ထိုအစား အလင်းတန်းတစ်ခုကို ကောင်းကင်မှ ဆင်းသက်စေပြီး သူမ၏ အရိုးများထဲသို့ ဝင်ရောက်စေလိုက်သည်။
ဤစွမ်းအားက မသေမျိုး စွမ်းအားကို တွန်းလှန်နိုင်ပြီး သူမ၏ အရိုးများထဲတွင် စွဲထင်သွားကြောင်း သူမ အံ့သြစွာ တွေ့ရှိလိုက်ရသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူက သူမကို အပြည့်အဝ မယုံကြည်ကြောင်း သူမ နားလည်လိုက်သည်။
ကျန်းချန်ရှန်း အရိုးဝိညာဉ်ဧကရီကို လွှတ်ပေးလိုက်ရာ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါက ပိုင်ချီနှင့် ပိုင်လုံတို့ကို နိုးထသွားစေသည်။
ထိုသားရဲနှစ်ကောင် မော့ကြည့်လိုက်သောအခါ အရိုးဝိညာဉ်ဧကရီကို မြင်လိုက်ရပြီး နှလုံးသားများ တုန်လှုပ်သွားကြသည်။
အရိုးဝိညာဉ်ဧကရီက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး ခြေချိတ်ထိုင်သည့် ပုံစံကို ထိန်းသိမ်းထားပြီး မဟာတာအိုမူလနတ်ဘုရားပလ္လင်ပေါ်တွင် ထိုင်နေသော ကျန်းချန်ရှန်း၏ ရှေ့တွင် အလွန် နှိမ့်ချနေပုံရသည်။
ကျန်းချန်ရှန်းကို အနီးကပ် ရင်ဆိုင်နေရသော်လည်း သူ့ပုံစံအစစ်ကို သူမ မမြင်ရသေးပေ။ ထိုအချက်က သူမကို တုန်လှုပ်စေသည်။
အင်မော်တယ်လမ်းစဉ်...
အရိုးဝိညာဉ်ဧကရီ ဘာပြောရမှန်းမသိဘဲ တိတ်ဆိတ်နေသည်။
ထိုအချိန်တွင် ကျန်းရှန်တယောက် ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်းသို့ စိုးရိမ်တကြီး ဝင်ရောက်လာသည်။
အရိုးဝိညာဉ်ဧကရီကို မြင်လိုက်သောအခါ သူ ကြောင်အသွားသည်။
ဒါက ဘယ်လို မိစ္ဆာသတ္တဝါမျိုးလဲ…
"ရှန်အာ... မင်း ဘယ်သွားရမလဲဆိုတာ မင်းအဖေ ပြောပြီးလောက်ပြီထင်တယ်.. သူမနောက် လိုက်သွားလိုက်…"
ကျန်းချန်ရှန်းက ကျန်းရှန်ကို စိုက်ကြည့်လိုက်ပြီး သူ့ဆံပင်သုံးမျှင်သည်လည်း အသံမထွက်ဘဲ ကျန်းရှန်၏ ဆံပင်များကြားတွင် ပုန်းကွယ်သွားသည်။
ကျန်းရှန်က အသက်ပြင်းပြင်း ရှူပြီး ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် နားလည်ပါပြီ.. ဘိုးဘိုး စိတ်ပျက်အောင် မလုပ်ပါဘူး..ကျွန်တော့်ဗီဇကို အနိုင်ယူပြပါ့မယ်.."
ကျန်းချန်ရှန်းက လက်ဝှေ့ယမ်းလိုက်ပြီး အရိုးဝိညာဉ်ဧကရီနှင့် ကျန်းရှန်ကို ပြန်လွှတ်လိုက်သည်။
သူတို့နှစ်ယောက် မျက်စိရှေ့တွင် ဝေဝါးသွားသလို ခံစားလိုက်ရသည်။ မျက်လုံးပြန်ဖွင့်ကြည့်လိုက်သောအခါ အမှောင်လေဟာနယ်ထဲသို့ ရောက်နေပြီ ဖြစ်သည်။
ကျန်းရှန်က အရိုးဝိညာဉ်ဧကရီကို ကမန်းကတန်း ဦးညွှတ်ပြီး …
"ကျန်းရှန်က စီနီယာကို ဂါရဝပြုပါတယ်… နောင်အခါကျရင် စီနီယာကို ဒုက္ခပေးရတော့မှာပဲ…"
ငါ့ကို ဒုက္ခပေးမယ်...
အရိုးဝိညာဉ်ဧကရီ စိတ်မသက်မသာ ဖြစ်သွားသည်။ တစ်ယောက်ယောက်က သူမကို အဲဒီလို ပြောတာ မကြားရသည်မှာ ကြာပြီဖြစ်သည်။
တာအိုဘိုးဘေးကို ကတိပေးခဲ့သော်လည်း သူမ၏ သဘာဝကို ပြောင်းလဲ၍ မရနိုင်ပေ။ သူမအနေဖြင့် ကျန်းရှန်အပေါ် ကြင်နာပြရန် မဖြစ်နိုင်ချေ။
"ငါ့နောက်လိုက်ခဲ့…"
အရိုးဝိညာဉ်ဧကရီ လှည့်ထွက်သွားပြီး လှိုင်းထနေသော သွေးချီများ ပေါက်ကွဲထွက်လာကာ ကျန်းရှန်ကို ရစ်ပတ်၍ လေဟာနယ်၏ နက်ရှိုင်းသော နေရာသို့ ပျံသန်းသွားကြသည်။
အေးစက်သော သွေးချီများ ဝန်းရံခြင်း ခံထားရသော်လည်း ကျန်းရှန်ကတော့ ကြောက်ရွံ့မနေဘဲ စွဲလမ်းနှစ်သက်သော အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။