ရှင်ပြန်ထမြောက်ခြင်းကပ်ဘေး.. ကောင်းကင်မူလဝိဉာဉ်သန္ဓေသား၏ တိုက်ခိုက်မှု…
Vol. 28 Ch. 397
ကျန်းရှန် ထွက်ခွာသွားခြင်းကို ကောင်းကင်တရားရုံးတွင် လူသိရှင်ကြား မကြေညာခဲ့ပေ။ အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်ဟူသော သူ့အထောက်အထားက ကောင်းကင်တရားရုံး၏ လျှို့ဝှက်ချက်တစ်ခု အမြဲ ဖြစ်ခဲ့ပြီး လူနည်းစုသာ သိရှိကြသည်။
ကျန်းချန်ရှန်း ဆက်လက် ကျင့်ကြံနေခဲ့သည်။ သူ ကျန်းရှန်အတွက် လုပ်ပေးနိုင်သည်များကို လုပ်ပေးခဲ့ပြီး ဖြစ်သည်။ ကျန်တာကတော့ ကလေးအပေါ်တွင်သာ မူတည်တော့သည်။
အနာဂတ်တွင် မည်သူမျှ ကျန်းချန်ရှန်းကို နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။
စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် ယန်မျိုးနွယ်စုမှ သိုင်းပညာရှင်များ ပိုမို များပြားလာပြီး အများစုမှာ မျိုးဆက်သစ် လူငယ်များ ဖြစ်ကြသည်။
သို့သော် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေတွင် မရေမတွက်နိုင်သော ယုံကြည်သူများ ရှိသဖြင့် သူတို့ရောက်ရှိလာခြင်းက မည်သည့် လှိုင်းဂယက်မျှ မဖြစ်ပေါ်စေခဲ့ပေ။
အချိန်များ ကုန်ဆုံးသွားခဲ့ပြန်သည်။
အဆုံးမဲ့သမုဒ္ဒရာ၊ ထျန်းကျန့်တောင်တွင်…
ယဲ့ကျန်း လိုဏ်ဂူထဲတွင် တရားထိုင်နေပြီး အဝတ်အစား ဖိုသီဖတ်သီဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ဝင်ပေါက်တွင် ရပ်နေပြီး သူ လေ့ကျင့်နေသည်ကို ကြည့်နေသည်။
"ခင်ဗျား ထပ်စောင့်နေစရာ မလိုတော့ဘူး..ကျွန်တော် ကတိပေးလိုက်ရင်တောင် ခင်ဗျား လိုချင်တာ ရမှာ မဟုတ်ဘူး… ဘာလို့လဲဆိုတော့ အဲဒါက အရမ်းဝေးကွာလွန်းလို့ပဲ..”
ယဲ့ကျန်းက စွမ်းအင်လှည့်ပတ်နေရင်း ပြောလိုက်သည်။
ထိုအခါ အဘိုးအိုက …
"ဘာလို့လဲ.. အထက်ဘုံကို ပြန်သွားနိုင်တဲ့ အရည်အချင်း မင်းမှာ မရှိဘူးလို့တော့ မပြောနဲ့နော်…"
ကမ္ဘာကြီး ပိုကြီးလာသည်ကို သူ သိသော်လည်း ခွန်းလွန်လွင်ပြင်ကို အဆုံးမဲ့လေဟာနယ်ထဲသို့ တာအိုဘိုးဘေး ပို့ဆောင်လိုက်သည်ကို သူမသိပေ။ အထက်ဘုံမှ လူများက အထက်ဘုံသို့ ပြန်လည် တက်လှမ်းနိုင်သည်ဟု သူ ယုံကြည်နေဆဲ ဖြစ်သည်။
"တကယ်ပါပဲ... ကျွန်တော် မတတ်နိုင်ဘူး။"
ယဲ့ကျန်း ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
ပြန်လည်ဝင်စားခြင်းမျိုးနွယ်စုက သေဆုံးသွားသော ယဲ့ကလန် မျိုးနွယ်စုဝင်များကို ပြန်လည်ရှင်သန်စေချင်သည်။ ဘာပဲပြောပြော ထိပ်တန်းကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်များက ပုပ်သိုးသွားမည် မဟုတ်ပေ။ ယဲ့ကလန်၏ သင်္ချိုင်းကို တွေ့ရှိသရွေ့ ကျွမ်းကျင်သူ အလောင်း အများအပြားကို ရရှိနိုင်မည်ဖြစ်သည်။ ထိုလူများ ပြန်လည်ရှင်သန်လာသည်နှင့် သူ့အတွက် လက်စားချေပေးမည်ဟု ထိုအဘိုးအိုက ကတိပေးနေသည်။
အစပထမတွင် ယဲ့ကျန်း စိတ်ဝင်စားခဲ့သော်လည်း ယဲ့ဘိုးဘေးက သူ့ကို စည်းရုံးရန် အပြင်းအထန် ကြိုးစားခဲ့သည့်အပြင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေရှိ ပြန်လည်ဝင်စားခြင်းမျိုးနွယ်စုအကြောင်း စုံစမ်းပြီးနောက် ဤမျိုးနွယ်စုကို မယုံကြည်နိုင်ကြောင်း သူ ခံစားလိုက်ရသည်။
အဝတ်အစား ဖိုသီဖတ်သီဝတ်ဆင်ထားသောအဘိုးအို တိတ်ဆိတ်နေပြီး လက်မလျှော့ချင် ဖြစ်နေသည်။
ပြန်လည်ဝင်စားခြင်းမျိုးနွယ်စုမှ လူများက သိုင်းဧကရာဇ်များ ဖြစ်ကြပြီး ကိုယ်ပိုင် ရည်မှန်းချက်များ ရှိကြသည်။ သူတို့က အစကတည်းက ကမ္ဘာကြီးကို ဝါးမြိုပြီး လွှမ်းမိုးချင်ခဲ့ကြသည်။ သို့သော် တာအိုဘိုးဘေး ဘယ်ကမှန်းမသိ ပေါ်ထွက်လာပြီး သူတို့ကို ဆွံ့အသွားစေသည့် အရှိန်အဟုန်ဖြင့် ကမ္ဘာကြီးကို အုပ်စိုးလိုက်သည်။
သူတို့အနေဖြင့် ကောင်းကင်တရားရုံး၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် မဖြစ်နိုင်သဖြင့် အထက်ဘုံသို့ အာရုံစိုက်လာကြခြင်း ဖြစ်သည်။
အထက်ဘုံနှင့် အဆက်အသွယ် ထူထောင်နိုင်သရွေ့ အထက်ဘုံကို မလွှမ်းမိုးနိုင်လျှင်ပင် အခြားတစ်နေရာတွင် ကြီးစိုးနိုင်မည်ဖြစ်သည်။ သို့သော် သူတို့အပေါ်ထားရှိသော ယဲ့ကျန်း၏ သဘောထားမှာ အလွန် ပေါ့တန်လှသည်။
ဖိုသီဖတ်သီ အဘိုးအိုက သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ယဲ့ကျန်းက သူ့ကို ရုတ်တရက် ကြည့်လိုက်ပြီး …
"ခင်ဗျားရဲ့ နောက်ခံကို ခင်ဗျား တကယ် သိရဲ့လား.. ခင်ဗျားရဲ့ ဖြစ်တည်မှုက ကောင်းကင်တာအိုရဲ့ ကြင်နာမှုလား၊ ဒါမှမဟုတ် လူလုပ်ကြံစည်မှု မဟုတ်ဘူးဆိုတာ သေချာရဲ့လား။"
ဖိုသီဖတ်သီ အဘိုးအို မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ကြည့်လိုက်ကာ "မင်း ဘာသိထားလို့လဲ…”ဟုမေးလိုက်သည်။
ယဲ့ကျန်းက ခေါင်းခါပြီး…
"ကျွန်တော် မသိဘူး။ ဒါပေမဲ့ လူတိုင်းက ကျွန်တော့်လောက် အကျိုးသင့်အကြောင်းသင့် မရှိကြဘူး.. ခင်ဗျားရဲ့ အဆင့်အတန်းကို သေချာအောင် မလုပ်ရင် ခင်ဗျား ဘယ်လောက်ပဲ ရည်မှန်းချက်ကြီးကြီး အလကားပဲ ဖြစ်သွားလိမ့်မယ်… ခင်ဗျားအတွက်အကျိုးယုတ်တဲ့အပြင်သူများတွေကိုတောင် အကျိုးပြုသွားနိုင်သေးတယ်.."
ဖိုသီဖတ်သီ အဘိုးအို တိတ်ဆိတ်သွားသည်။
သူသည် ယဲ့ကျန်း၏ နှလုံးသားကို ထွင်းဖောက်မြင်ချင်သကဲ့သို့ စိုက်ကြည့်နေသော်လည်း မအောင်မြင်ပေ။
ယဲ့ကျန်းကလည်း သူ့ကို ဂရုမစိုက်တော့ပေ။
ပြန်လည်ဝင်စားခြင်းမျိုးနွယ်စုက စကားထဲ ထည့်ပြောရလောက်အောင် မတန်ပေ။
အကယ်၍ သူတို့ အထက်ဘုံတွင် ရှိနေလျှင် သူသည် ထိုကဲ့သို့သော အင်အားစုမျိုးကို လှည့်ကြည့်မည်ပင် မဟုတ်။
သူ ဖိုသီဖတ်သီ အဘိုးအိုကို ယဉ်ကျေးနေရခြင်း အကြောင်းရင်းမှာ ကုသိုလ်ရမှတ် ရယူချင်သောကြောင့် ဖြစ်သည်။
အနာဂတ်မှာ ကောင်းကင်တရားရုံးကို ဝင်ချင်ရင် ကုသိုလ်ရမှတ် မရှိလို့ ဘယ်ဖြစ်မလဲ…
နောက်ဆုံးတွင် ဖိုသီဖတ်သီ အဘိုးအို ထွက်ခွာသွားပြီး ယဲ့ကျန်း ဆက်လက် လေ့ကျင့်နေလိုက်သည်။ ဒီလူ သူ့ကို ပြန်လာရှာဦးမည်ဟု သူ ယုံကြည်သည်။
"ရှင်ပြန်ထမြောက်ခြင်း နိယာမက သိုင်းလောကမှာ ဘေးဒုက္ခ ဖြစ်စေနိုင်တယ်လို့ ငါ အမြဲ ခံစားရတယ်…"
ယဲ့ဘိုးဘေး ပေါ်လာပြီး လေထဲတွင် လည်ပတ်နေရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကမ္ဘာ ၃၀၀၀ မှာ ဘယ်သိုင်းဧကရာဇ်ရဲ့ ရုပ်ခန္ဓာမဆို ထာဝရ တည်တံ့နိုင်တယ်.. သင်္ချိုင်းတွေ အားလုံးပေါင်းလိုက်ရင် အလောင်း ဘယ်လောက်ရှိမလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်. အဲဒါတွေအားလုံး ရှင်ပြန်ထမြောက်လာရင် သိုင်းနတ်ဘုရားနယ်မြေကို တုန်လှုပ်သွားစေဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး.."
ယဲ့ဘိုးဘေး ညည်းတွားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ မလောပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် သူက သေပြီးသားဖြစ်ပြီး မိစ္ဆာဝိညာဉ်အဖြစ် အကျိန်စာ တိုက်ခံထားရပြီးသားပဲလေ…
မြေရိုင်းတစ်ခုပေါ်တွင် ကျန်းဂျန်၊ လင်းဟောက်ထျန်းနှင့် ပင်းအန်းတို့ အနားယူနေကြသည်။ ကျန်းဂျန်က ဆီတစက်စက်ကျနေသော ဧရာမ သားရဲပေါင်တစ်ချောင်းကို ကင်နေသဖြင့် ပင်းအန်း သွားရည်ကျနေသည်။
သူတို့ခေါင်းပေါ်တွင် ကြယ်များ မရှိဘဲ ညကောင်းကင်နှင့် တူညီသော ဧရာမ လမင်းကြီး တွဲလျားကျနေသည်။
လင်းဟောက်ထျန်းက လက်ထဲတွင် မြေပုံတစ်ခု ကိုင်ထားပြီး မျက်မှောင်ကြုတ်နေသည်။
"ဒါက ဘာကြီးလဲ…ငါ ကြည့်နေတာ ကြာပြီ..နားကို မလည်နိုင်ဘူး.."
ကျန်းဂျန်က အသားကင်ဆီမှ မျက်လုံးမခွာဘဲ .. "မင်းမှာ ရှေးဟောင်းသိုင်းဧကရာဇ်ရဲ့ မှတ်ဉာဏ်တွေ ရှိရင်တောင် ငါတို့က အခု မဟာကန္တာရထဲမှာမှ မဟုတ်တာ..ဒီတော့ ငါတို့ နားမလည်နိုင်တဲ့ အရာတွေ အများကြီး ရှိတာပေါ့..ဉပမာ ငါတို့ခေါင်းပေါ်က လမင်းကြီးလိုမျိုးပေါ့ကွာ..ဒါကြီးက အရမ်းကြီးမားပေမဲ့ ငါတို့နဲ့ အဝေးကြီးမှာ ရှိနေတယ်…သူ့ရဲ့ ပုံစံအစစ်က ဘယ်လောက်ကြီးမလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်…"
သူတို့ အနန္တကမ္ဘာမုခ်ဉီးမှတစ်ဆင့် ဤကမ္ဘာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ယခုလိုရောက်လာခြင်းမှာ ကောင်းကင်တရားရုံး၏ တရားဝင် စစ်ဆင်ရေး မဟုတ်ဘဲ ကိုယ်ပိုင် အခွင့်အရေး ရှာဖွေခြင်းသာ ဖြစ်သည်။
ကောင်းကင်တရားရုံးက ကိုယ်ပိုင် ငွေကြေးစနစ်ကို တည်ထောင်ထားပြီး ဖြစ်သည်။ ကောင်းကင်တရားရုံး၏ တရားဝင် စစ်ဆင်ရေး မဟုတ်လျှင် အနန္တကမ္ဘာမုခ်ဉီးသို့ တစ်ဦးတည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင်ရောက်ရန် ငွေကြေးပမာဏ အတော်အတန် ပေးဆောင်ရမည် ဖြစ်သည်။ ထိုသို့ သတ်မှတ်ရခြင်းမှာ အင်မော်တယ်နတ်ဘုရားများ အောင်မြင်မှု ရရှိစေရန် ပိုမို ကြိုးစားလာစေရန် ဖြစ်သည်။
"ငါတို့ အခု ဘယ်ရောက်နေတယ်လို့ မင်း ထင်လဲ.. ငါတို့သာ ဒီကမ္ဘာက ထွက်သွားရင် ခွန်းလွန်လွင်ပြင်ကို ပြန်ရောက်ဖို့ ဘယ်လောက်ကြာမလဲ..”
လင်းဟောက်ထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်တော့ ကျန်းဂျန်က မျက်လုံးလှန်ကြည့်လိုက်ပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ခွန်းလွန်လွင်ပြင် ဘယ်နားမှာလဲဆိုတာ မင်း သိလို့လား.."
ထိုအခါ လင်းဟောက်ထျန်းက သက်ပြင်းချလိုက်သည်။
"ဟုတ်သားပဲ.. ငါတို့က ခွန်းလွန်လွင်ပြင် ဘယ်နားမှာလဲဆိုတာတောင် မသိကြဘူး… ပြောပါဦး... တာအိုဘိုးဘေးက ဘယ်လိုလုပ် လမ်းကြောင်းကို ဆုံးဖြတ်ပြီး ခွန်းလွန်လွင်ပြင်နဲ့အတူ လွတ်မြောက်လာနိုင်တာလဲ.."
ကျန်းဂျန်က မီးပုံကို စိုက်ကြည့်ရင်း … "ငါ ဘယ်လိုသိမလဲ.. သူ့အဆင့်ကို မရောက်မချင်း ငါတို့ သိမှာ မဟုတ်ဘူး..”
ထိုကဲ့သို့ပင် လင်းဟောက်ထျန်းက ပျင်းရိစွာဖြင့် မေးခွန်းတစ်ခုပြီးတစ်ခု မေးနေတော့သည်။
အချိန်အတော်ကြာပြီးနောက်...
ကျန်းဂျန် အသားကင်ကို ဖယ်လိုက်တော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်သည်။
လင်းဟောက်ထျန်းနှင့် ပင်းအန်းတို့လည်း အတူတူပင်။ ကြယ်ကြွေများ အုပ်စုလိုက် သူတို့ခေါင်းပေါ်မှ ဖြတ်သန်းသွားပြီး မပျောက်ကွယ်မီ မိုးကုပ်စက်ဝိုင်း အဆုံးသို့ ဦးတည်သွားကြသည်ကို တွေ့လိုက်ရသည်။
စက္ကန့်အနည်းငယ် ကြာသောအခါ မြေပြင် တုန်ခါသွားပြီး မိုးကုပ်စက်ဝိုင်းဆီမှ လေပြင်းများ တိုက်ခတ်လာကာ ဖုန်မှုန့်များကို သယ်ဆောင်လာသည်။
လင်းဟောက်ထျန်းက လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သည်။ အသားကင် ညစ်ပတ်သွားမည် စိုးသဖြင့် လေနှင့် ဖုန်မှုန့်များကို တားဆီးရန် စစ်မှန်သော ချီစွမ်းအင်ဖြင့် တံတိုင်းတစ်ခု ဖန်တီးလိုက်လေသည်။
ကျန်းဂျန် တုန်လှုပ်သွားသည်။ အကန့်အသတ်မရှိဟု ထင်ရသော သိုင်းစိတ်ဝိဉာဉ် စွမ်းအင် အတက်အကျကို သူ ခံစားလိုက်ရသည်။ သူနှင့် လင်းဟောက်ထျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
"မြန်မြန်စား.. ဗိုက်ဝရင် အလုပ်လုပ်ဖို့ အချိန်တန်ပြီ…"
လင်းဟောက်ထျန်းက စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။ သူက ဓားကို ဆွဲထုတ်၍ အသားတစ်တုံးကြီး လှီးဖြတ်ကာ ပင်းအန်းထံ ပစ်ပေးလိုက်တော့ပင်းအန်း ပြုံးဖြဲဖြဲ လုပ်လိုက်သည်။ ပင်းအန်းက အပူကို လုံးဝ မကြောက်ဘဲ ပါးစပ်ထဲသို့ ထိုးထည့်ကာ အကြိမ်အနည်းငယ် ဝါးပြီးနောက် မျိုချလိုက်ရာ လူပုံသဏ္ဌာန်ရှိသော်လည်း ကြမ်းတမ်းသော သားရဲတစ်ကောင်နှင့် တူနေသည်။
စက္ကန့် ၂၀ မပြည့်ခင်မှာပင် သူတို့သုံးယောက် အရိုးကြီး တစ်ချောင်း ချန်ထားခဲ့ပြီး ကြယ်ကြွေများ ကျဆင်းသွားရာ အရပ်သို့ ပျံသန်းသွားကြသည်။
ဤသို့ဖြစ်ပျက်နေသည်မှာ ဒီကမ္ဘာတစ်ခုတည်း မဟုတ်ပေ။
အနန္တကမ္ဘာမုခ်ဉီးက လက်ရှိတွင် အင်မော်တယ်နတ်ဘုရားများ စူးစမ်းလေ့လာရန် နေရာပေါင်း ဒါဇင်နှင့်ချီ၍ ချိတ်ဆက်ထားသည်။
ကျိဝူကျွင်း၊ မူလင်းလော့၊ ယဲ့ရွှမ်၊ ဓားနတ်ဘုရား၊ ကျန်းထျန်းမင်နှင့် အခြားသူများသည်လည်း စွန့်စားခန်းများကိုနှစ်သက်သူများ ဖြစ်ကြသည်။
ကောင်းကင်တရားရုံးမှ အင်မော်တယ်နတ်ဘုရားများက သူတို့၏ ကိုယ်ပိုင် ဇာတ်လမ်းများနှင့် ဒဏ္ဍာရီများကို ဖန်တီးနေကြသည်။ လူတိုင်းက သူတို့ဘဝ၏ ဇာတ်လိုက်များ ဖြစ်ကြပြီး တာအိုဘိုးဘေးကလည်း သူတို့နှင့် တဖြည်းဖြည်း ဝေးကွာလာသည်။ ဤသည်မှာ ကောင်းကင်တရားရုံးကြီး လွတ်လပ်မှုဆီသို့ ဦးတည်ရွေ့လျားနေသည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြန်သည်။
ကျန်းချန်ရှန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ နောက်ထပ် ၆၂ နှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းပေါင်းစုံ ပေါ်ပေါက်လာကတည်းက တံခါးပိတ်ကျင့်ကြံရာမှ မျက်လုံးဖွင့်လိုက်တိုင်း ကောင်းကင်တရားရုံးတွင် ကြီးမားသော ပြောင်းလဲမှုများကို ကျန်းချန်ရှန်း ခံစားမိနေသည်။ အရာအားလုံးသ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်ဟုပင် ဆိုနိုင်သည်။
ဒီကာလအတွင်း နတ်ဘုရားအစေခံ အရေအတွက် နှစ်ဆ တိုးလာပြီး ကောင်းကင်တရားရုံး၏ ကံတရား အတိုင်းအတာသည်လည်း များစွာ ကျယ်ပြန့်လာကာ ပထမ ကောင်းကင်ကိုးဆင့်သည်ပင် သက်ဝင်လှုပ်ရှားလာသည်။
ကောင်းကင်တရားရုံး ပိုမို အားကောင်းလာသည်နှင့်အမျှ တရားရုံးစည်းမျဉ်းများကို ချိုးဖောက်သော အင်မော်တယ်နတ်ဘုရားများ ပိုများလာသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့အများစုမှာ အပြစ်ပေါ့ပါးကြသည်။ အောက်ဘုံနှင့် ပတ်သက်၍မူ လောလောဆယ်တွင် အင်မော်တယ်နတ်ဘုရားများက သေမျိုးများကို အနိုင်ကျင့်သည့် ဖြစ်ရပ်မျိုး မရှိသေးပေ။
ကျန်းဇီယုက လူသားမင်းဆက်အားလုံးနှင့် အဆက်အသွယ် ထူထောင်ရန် အင်မော်တယ်နတ်ဘုရားများကို စေလွှတ်ခဲ့သည်။
ကောင်းကင်တရားရုံးက မင်းဆက်များနှင့် လူမျိုးစုများကြား ပဋိပက္ခများကို မတားဆီးသော်လည်း အင်မော်တယ်နတ်ဘုရားများ ရွံရှာဖွယ်ရာ ပြုလုပ်ခြင်း သို့မဟုတ် မကောင်းမှုပြုရန် ပူးပေါင်းကြံစည်ခြင်းများ ရှိပါက ကောင်းကင်တရားရုံးသို့ တိုင်ကြားနိုင်မည့် နည်းလမ်းများ ရှိသည်။
အမိန့်အာဏာ တည်ဆောက်ခြင်းသည် သေမျိုးများအား အင်မော်တယ်နတ်ဘုရားများကို ပိုမို အသိအမှတ်ပြုလာစေသည်။
ကျန်းချန်ရှန်း၏ နံ့သာတိုင်ရမှတ်များ ပိုမို လျင်မြန်စွာ တိုးတက်လာပြီး သန်း ၁၀၀ အမှတ်အသားကို ချိုးဖျက်ရန် မဝေးတော့ပေ။ ထို့ပြင် သူ့ကံတရားရမှတ်များသည်လည်း သန်းတစ်ထောင် ကျော်လွန်သွားပြီ ဖြစ်သည်။ ကောင်းကင်တရားရုံးက သူ့ကံတရားကို ရရှိထားပြီး ကောင်းကင်တရားရုံး၏ ကံတရား ပိုမို အားကောင်းလေ သူ့ကံတရား ပိုမို အားကောင်းလေ ဖြစ်သည်။
ကျန်းချန်ရှန်းဘက်က နောက်တစ်ကြိမ်တွေ့ကြုံရမည့် အတိဒုက္ခအတွက် ယုံကြည်မှု ရှိနေပြီး အဆင့်တက်မည့်နေ့ကို စောင့်မျှော်နေသည်။
ကျန်းချန်ရှန်း ထျန်းကျင်းမှ လူများကို ကြည့်လိုက်ပြီး ကောင်းကင်အမွေခံခေတ် စတင်သည်မှာ ၁၆၆ နှစ် ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဆိုလိုသည်မှာ သူ့ အသက် ၁၀၅၀ ရှိပြီ ဖြစ်သည်။
အချိန်ကုန်တာ အရမ်းမြန်တယ်…
အင်မော်တယ် ဖြစ်လာကတည်းက အချိန်ကုန်ဆုံးမှု ယခင်ကထက် ပိုမြန်သည်ဟု သူ ခံစားရသည်။ ဤသည်မှာ အင်မော်တယ်များ၏ စိုးရိမ်ပူပန်မှုများထဲမှ တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့နောက် သူဂရုစိုက်သော လူများကို စတင် ကြည့်ရှုလိုက်သည်။ သူတို့အားလုံး အဆင်ပြေကြပြီး လောလောဆယ်တွင် ကြီးမားသော ဒုက္ခများနှင့် မကြုံတွေ့ရသေးပေ။
ကျန်းရှန်က သွေးကမ္ဘာသို့ ရောက်ရှိခါစ ဖြစ်သော်လည်း သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေပြီ ဖြစ်သည်။ ထိုနေရာတွင် သူသည် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မခံစားရဘဲ သူ့သတ်ဖြတ်လိုစိတ်ကို လွှတ်ထုတ်ထားနိုင်သည်။
သို့သော် ကျန်းရှန် ရောက်ရှိလာခြင်းက သွေးကမ္ဘာရှိ ကျွမ်းကျင်သူများ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အရိုးဝိညာဉ်ဧကရီကလည်း ကျန်းရှန်ကို ကာကွယ်ရန် အာဏာရှင်ဆန်သော သဘောထားကို အသုံးပြုခဲ့သည်။
သို့သော်လည်း ကျန်းရှန်က သွေးကမ္ဘာရှိ ကျွမ်းကျင်သူများကို နောက်ကျသည်ဖြစ်စေ၊ စောသည်ဖြစ်စေ ရင်ဆိုင်ရမည်ဟု ကျန်းချန်ရှန်း ခံစားမိသည်။
ဒါက ကျန်းရှန် လျှောက်လှမ်းရမည့် လမ်းဖြစ်သည်။ လူသားများသည် မထိန်းချုပ်နိုင်သော အခက်အခဲများကို ရင်ဆိုင်ရစမြဲပင်။
ကျန်းချန်ရှန်း အကြည့်ကို ပြန်ရုပ်သိမ်းပြီး သူ့တာအိုအသီးအပေါ် အာရုံစိုက်လိုက်သည်။
ကျင့်ကြံခြင်းက အမြဲတမ်း ထိပ်တန်းဦးစားပေးပင်…
မကြာသေးမီက ကျင့်ကြံခြင်း ကာလသည် ကံတရားနိယာမနှင့် ပတ်သက်သော နားလည်မှုကို နက်ရှိုင်းစေခဲ့ပြီး သူကိုယ်တိုင် တွက်ချက်ရန် စတင် ကြိုးစားလိုက်သည်။
အင်မော်တယ်နတ်ဘုရားများကို လက်ချောင်းများဖြင့် တွက်ချက်နိုင်ပြီး အရာအားလုံးကို သိရှိနိုင်သည်။ ဤသည်မှာ သူ လက်ရှိ လိုက်စားနေသော နယ်ပယ်ဖြစ်သည်။
တွက်ချက်နေစဉ် ကျန်းချန်ရှန်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
ကံတရားကြိုးမျှင်တစ်ခု သူ့ဆီ ဦးတည်လာနေသည်။
သူ သေချာ အာရုံခံကြည့်သော်လည်း အလွန် ဝေဝါးနေသည်။
သူ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရပြီး လုရှန်ကျိုး၏ ပြန်လည်ဝင်စားခြင်း အမှတ်အသားကို ချက်ချင်း လိုက်ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်း လုရှန်ကျိုးနှင့် လီချန်ဟိုင်တို့ ကောင်းကင်သင်္ဘောတစ်စင်းကို စီးနင်း၍ အဆုံးမဲ့လေဟာနယ်ဘက်သို့ ဦးတည်လာနေကြပြီး ထိုလမ်းကြောင်းကလည်း ခွန်းလွန်လွင်ပြင် ရှိရာ ဖြစ်နေသည်။
တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး…
ကျန်းချန်ရှန်း စိတ်ထဲတွင် ကောင်းကင်မူလဝိဉာဉ်သန္ဓေသားကို တွေးမိလိုက်သည်။
ကောင်းကင်မူလဝိဉာဉ်သန္ဓေသားက သူ့ကို ရှာတွေ့နိုင်တာများလား…
ထို့ကြောင့် သူ့အသိစိတ်ကို လုရှန်ကျိုးနှင့် လီချန်ဟိုင်နောက်သို့ ချက်ချင်း လိုက်ပါသွားစေခဲ့သည်။
သူ့အသိစိတ် ကောင်းကင်သင်္ဘောဆီ ရောက်သောအခါ ဧရာမ သတ္တဝါကြီး တစ်ကောင်ကို မျှော်လင့်ထားသည့်အတိုင်း တွေ့လိုက်ရသည်။ ကျန်းထျန်းမင်၏ နိမိတ်ပြ အိပ်မက်ထဲမှ သူပင် ဖြစ်သည်။ ၎င်းသည် ပေပေါင်းသောင်းချီ မြင့်မားပြီး ကောင်းကင်သင်္ဘော၏ နက်ရှိုင်းသော နေရာတွင် ပုန်းကွယ်နေသည်။ ကောင်းကင်သင်္ဘောပေါ်ရှိ ပင်လယ်ရေသည် သိုင်းစိတ်ဝိဉာဉ် စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သာမန်ရေ မဟုတ်ပေ။
"ဒီကောင် ဘာလုပ်ချင်တာလဲ.. ငါ့ကို စိန်ခေါ်မလို့လား..”
ကျန်းချန်ရှန်း တိတ်တဆိတ် စူးစမ်းချင်စိတ် ဖြစ်မိသည်။ ဒီကောင်းကင်မူလဝိဉာဉ်သန္ဓေသားသည် အမှန်တကယ် စွမ်းအားကြီးသော်လည်း သူ့ကို ရှုံးနိမ့်စေနိုင်လောက်သည်အထိ မဟုတ်ပေ။
သူ့အသိစိတ်က သိုင်းနတ်ဘုရားနယ်မြေမှ အင်အားစုများ ပါမပါ ကြည့်ရှုရန် ကောင်းကင်သင်္ဘောကို စတင် ရှာဖွေလိုက်သည်။
သို့သော် သူတို့နှစ်ယောက်မှလွဲ၍ ကောင်းကင်သင်္ဘော တစ်ခုလုံးတွင် သိုင်းပညာရှင် ထောင်ဂဏန်းခန့်သာ ရှိသည်။ ထိုသိုင်းပညာရှင်များက လုရှန်ကျိုး၏ လူယုံများ ဖြစ်ကြသည်မှာ ထင်ရှားပြီး လုရှန်ကျိုးနှင့် နီးကပ်သော ကံတရား ဆက်နွှယ်မှု ရှိကြသည်။
ထို့ကြောင့် ကျန်းချန်ရှန်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ကျယ်ပြောသော လေဟာနယ်နှင့် ရွှမ်ဟွမ်ကမ္ဘာကြီးကို ဖြတ်ကျော်ရန် အချိန်များစွာ ယူရလိမ့်မည်။
"မင်းရဲ့ ကောင်းကင်မူလဝိဉာဉ်သန္ဓေသား ဘယ်လောက် စွမ်းလဲဆိုတာ ငါ ကြည့်ချင်သေးတယ်…”
ကျန်းချန်ရှန်း တိတ်တဆိတ် တွေးလိုက်ပြီး သူ့နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ရှင်သန်ခြင်းဆုလာဘ်တစ်ခု သူ့ဆီ ရောက်လာသည်ကို သူ မြင်ယောင်နေမိပြီ ဖြစ်သည်။
သူ အခြားအရာတစ်ခုကိုလည်း သတိထားမိလိုက်သည်။ သူ ငေးငိုင်နေစဉ် ရွှမ်ဟွမ်ကမ္ဘာကြီးအောက်ရှိ ကမ္ဘာအများအပြား စစ်ပွဲအတွင်း ကျရောက်နေသည်ကို တွေ့လိုက်ရပြီး အထူးသဖြင့် အိမ်နီးချင်းကမ္ဘာများ ဖြစ်သည်။ သူတို့အားလုံး အချင်းချင်း တိုက်ခိုက်နေကြသော်လည်း ရှေးဟောင်းဂိုဏ်းများ၏ အရိပ်အယောင် မတွေ့ရပေ။
အင်မော်တယ်နတ်ဘုရားများကြား ဆွေးနွေးမှုများကိုလည်း သူ တွေးမိလိုက်သည်။
ကောင်းကင်တရားရုံးသည်လည်း အနန္တကမ္ဘာမုခ်ဉီးမှတစ်ဆင့် ရွှမ်ဟွမ်ကမ္ဘာကြီးမှ အင်အားစုများနှင့် ပိုမို တွေ့ဆုံလာခဲ့သည်။ ဒီကိစ္စနှစ်ခုက ဆက်စပ်ကောင်း ဆက်စပ်နေနိုင်သည်။