← Chapters

အင်မော်တယ်ဆေးလုံး ထောင်ချီ၊ လုရှန်ကျိုး

Vol. 28 Ch. 399

အင်မော်တယ်ဆေးလုံး ထောင်ချီ၊ လုရှန်ကျိုး

Vol. 28 Ch. 399

ပုံသဏ္ဌာန်ပြောင်းဆေးလုံးအကြောင်း သတင်းက မကြာမီ ကောင်းကင်မြို့တော် တစ်ခွင်သို့ ပျံ့နှံ့သွားပြီး ပိုင်ချီသည်လည်း ရေပန်းစားသော ပုဂ္ဂိုလ် ဖြစ်လာသည်။ အင်မော်တယ်နတ်ဘုရားများစွာ သူမကို မျက်နှာလိုမျက်နှာရ လာလုပ်ကြပြီး ကျန်းဇီယုပင်လျှင် ပုံသဏ္ဌာန်ပြောင်းဆေးလုံး တောင်းရန် ကိုယ်တိုင် လာရောက်ခဲ့သည်။ ဤကောင်းကင်ဧကရာဇ်က အမြဲတမ်း မိန်းမရှုပ်သူ တစ်ယောက်ဖြစ်ပြီး သူ့ဖခင်နှင့် လုံးဝ ကွာခြားလှသည်။

ပိုင်ချီ မြှောက်ပင့်မှုများကို ခံယူနေစဉ် ကျန်းချန်ရှန်းကတော့ အခြား အင်မော်တယ်ဆေးလုံးများကို စတင် ဖော်စပ်နေပြီဖြစ်သည်။

သူသည် ပုံသဏ္ဌာန်ပြောင်းဆေးလုံးကို ကျွမ်းကျင်သွားပြီ ဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်း အလုံအလောက် ရှိသရွေ့ အနာဂတ်တွင် အသုတ်လိုက် သန့်စင်နိုင်မည် ဖြစ်သည်။ ယခုအချိန်တွင် အခြား အင်မော်တယ်ဆေးလုံးများကို လေ့လာရပေမည်။

မဟာအဂ္ဂိရတ်တာအိုတွင် အမျိုးမျိုးသော ဆေးဖော်မြူလာများစွာ ပါဝင်သည်။ အချို့သော အင်မော်တယ်ဆေးလုံးများက သံသရာဆေးလုံးကဲ့သို့ပင် အမြင်အာရုံကို ကျယ်ပြန့်စေသည်။ ၎င်းသည် သက်ရှိများနှင့် ကျင့်ကြံသူများကို မွေးကင်းစ အခြေအနေသို့ ပြန်လည် ရောက်ရှိစေနိုင်သည်။ ထို့အပြင် သူတို့၏ ဉာဏ်ရည်ကိုလည်း မွေးကင်းစ အခြေအနေသို့ သယ်ဆောင်သွားပေးသည်။

ဆန္ဒပြည့်ဝဆေးလုံးသည် ပင်မဆေးလုံး တစ်လုံးနှင့် လက်အောက်ခံ ဆေးလုံးတစ်လုံး ပေါင်းစပ်ထားခြင်း ဖြစ်သည်။ လက်အောက်ခံဆေးလုံးကို စားသုံးပြီးနောက် ပင်မဆေးလုံး စားသုံးသူ၏ စကားကို နားထောင်ရမည် ဖြစ်သည်။ သူတို့သည် ပင်မဆေးလုံး သုံးစွဲသူ၏ ညွှန်ကြားချက် အားလုံးကို လိုက်နာလိုစိတ် အလိုအလျောက် ဖြစ်ပေါ်လာလိမ့်မည်။

လက်အောက်ခံဆေးလုံး သုံးစွဲသူသည် ဆေးလုံးကြောင့် ဖြစ်ပေါ်လာသော ပြဿနာ ဖြစ်သည်ကိုပင် သတိထားမိမည် မဟုတ်ချေ။

နှလုံးသားတံဆိပ်ခတ်ဆေးလုံးသည် စားသုံးသူ၏ စိတ်ကို တံဆိပ်ခတ်ပိတ်လှောင်ထားမည် ဖြစ်သည်။ ဖြေဆေး မရှိဘဲနှင့် တံဆိပ် ပြေသွားမည့်နေ့ ဘယ်တော့မှ ရှိလာမည် မဟုတ်ပေ။ ၎င်းသည် ကျွမ်းကျင်သူများကို တိုက်ခိုက်ရန် ခွန်အားပင် မရှိသော ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပေးနိုင်သည်။

ကျောက်ဖြစ်ဆေးလုံးသည် စားသုံးသူများကို ကျောက်တုံး ဖြစ်သွားစေမည်။ ကျောက်ဖြစ်သွားပြီးနောက် ရေနှင့် ထိတွေ့သောအခါ သူတို့၏ ဝိညာဉ်များ ကွယ်ပျောက်သွားလိမ့်မည်။

ကမ္ဘာပြောင်းပြန်ဆေးလုံးအတွက်မူ စားသုံးသူများသည် သူတို့ ခံစားရသော အတွေ့အကြုံများ ပြောင်းပြန် ဖြစ်သွားမည် ဖြစ်ပြီး ဆက်သွယ်ပြောဆိုသော စကားလုံးများ၏ အဓိပ္ပာယ်သည်လည်း ပြောင်းပြန် ဖြစ်သွားမည်။

မဟာအဂ္ဂိရတ်တာအိုသည် အမှန်တကယ်ပင် အရာအားလုံး အကျုံးဝင်ပေသည်။ အချို့သော ဆေးလုံးများက ကျန်းချန်ရှန်း၏ အမြင်တွင် အလွန် ယုတ်မာသော်လည်း ကောင်းမွန်စွာ အသုံးပြုပါက ယုတ်မာသော ဆေးလုံးများလည်း ဆန်းကြယ်သော အာနိသင်များ ရှိနိုင်သည်။ ကောင်းပုံရသော ဆေးလုံးတစ်လုံးသည်လည်း ရန်သူကို နှိပ်စက်ရန် ဆေးလုံး ဖြစ်လာနိုင်သည်။

ဆေးပညာသည် အင်မော်တယ်ကျင့်ကြံခြင်းကို လိုက်စားရန် ကောင်းမွန်သော လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များက ချီစွမ်းအင် စုဆောင်းရန် မလိုအပ်ပေ။ သူတို့က စုဆောင်းခြင်း လုပ်ငန်းစဉ်ကို သက်သာစေရန် ဆေးလုံးများကို အားကိုးနိုင်ပြီး ကောင်းကင်ကပ်ဘေးမှ လွတ်မြောက်ရန် ဆေးလုံးများကို အားကိုးနိုင်သည်။

ဆေးပညာ လေ့လာမှု၌ နစ်မြုပ်နေစဉ် အချိန်များလည်း လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

ပိုင်ချီ ပြန်ရောက်လာသောအခါ ကျန်းချန်ရှန်း ဆေးလုံးများ သန့်စင်နေဆဲ ဖြစ်သည်။ သူ့ မျက်နှာပေါ်တွင် အစစ်အမှန်သမာဓိမီး၏ မီးတောက်များ တဖျပ်ဖျပ် လှုပ်ရှားနေသည်။ သူ ဈာန်ဝင်စားသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကာ မျက်လုံးများ ဖွင့်ထားသော်လည်း သူ့ အခြေအနေက ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသဖြင့် ပိုင်ချီ စကားစပြောရဲခြင်း မရှိပေ။

ထို့ကြောင့် ပိုင်ချီက မဟာတာအိုမူလနတ်ဘုရားပလ္လင်ဆီသို့ တိတ်တဆိတ် လျှောက်သွားပြီး တရားထိုင်တော့သည်။

ပုံသဏ္ဌာန်ပြောင်းလဲပြီးနောက် သူမ ဝမ်းလျားထ်ုး မှောက်အိပ်၍ မရတော့ကြောင်း ခံစားလိုက်ရသည်။ သူမ ပိုမို သိက္ခာရှိရမည် ဖြစ်ပြီး လူသားအမျိုးသမီးတစ်ဦး၏ ကိုယ်နေဟန်ထားကို သင်ယူရပေမည်။

အဆုံးမဲ့လေဟာနယ်အတွင်း၌ ကောင်းကင်သင်္ဘောတစ်စင်း လျင်မြန်စွာ ရှေ့သို့ ရွေ့လျားနေသည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မှောင်မိုက်နေသောကြောင့် အဆုံးမဲ့အမှောင်ထုထဲ၌ အလွန်နှေးကွေးနေသယောင်ထင်ရသည်။

လုရှန်ကျိုးနှင့် လီချန်ဟိုင်တို့ မျှော်စင်ပေါ်တွင် ရပ်နေကြပြီး ပေတစ်သောင်းခန့် မြင့်မားသော ပုံရိပ်တစ်ခုက သူတို့နောက်ရှိ တောင်တန်းများကြားတွင် ရပ်နေသည်။ ထိုသူ၏ ဆံပင်နက်များက ရူးသွပ်စွာ ကခုန်နေပြီး အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသဖြင့် ရှေးဟောင်းနတ်ဆိုးဘုရားတစ်ပါးနှင့် တူနေသည်။ ထိုသူက ခေါင်းငုံ့ထားသော်လည်း အဆုံးမဲ့ ဖိအားများကို ထုတ်လွှတ်နေသည်။

"မူလကောင်းကင်ဝိညာဉ်သန္ဓေသားရဲ့ နှလုံးခုန်သံက ပိုပိုပြီး ပြင်းထန်လာတယ်.. ငါတို့ ကောင်းကင်တရားရုံးနဲ့ သိပ်မဝေးတော့ဘူးထင်တယ်…"

လုရှန်ကျိုးက တောက်လောင်နေသော အကြည့်ဖြင့် ပြောလိုက်ပြီး သူ့ စကားသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

လီချန်ဟိုင်က သူ့ကို စိုက်ကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ သူ ဘာကြောင့် ရှုံးနိမ့်ထားသူ တစ်ယောက်နှင့် ရင်ဆိုင်ရသလို ဖြစ်နေရသနည်း။

လုရှန်ကျိုးက သူ့တည်နေရာကို ဖုံးကွယ်ထားပြီး တုကူးဝမ်ထျန်းကိုပင် အမှန်တိုင်း မပြောခဲ့သည်ကို တွေးမိသောအခါ ရယ်စရာကောင်းသော ထင်ကြေးတစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။

"သိုင်းအရှင်အဆင့် ကောင်းကင်သင်္ဘောက တကယ် မြန်တာပဲ.. တုကူးထောင် ငါ့ကို မုန်းနေလောက်ရောပေါ့.."

လုရှန်ကျိုး ရုတ်တရက် ပြုံးလိုက်မိသည်။ ပင်မမြို့တော် ဖျက်ဆီးခံလိုက်ရသည်ကို တုကူးထောင် တွေ့ရှိသွားမည့် အချိန်ကို တွေးမိကာ မပျော်ဘဲ မနေနိုင်အောင် ဖြစ်နေမိတော့သည်။

လီချန်ဟိုင်က….

"သိုင်းနတ်ဘုရားနယ်မြေနဲ့ ရန်သူဖြစ်သွားမှာ မကြောက်ဘူးလား…”

"ငါပစ်မှတ်ထားနေတာက တုကူးထောင်... သိုင်းနတ်ဘုရားနယ်မြေ မဟုတ်ဘူး… သိုင်းနတ်ဘုရားနယ်မြေက သဘာဝကျကျ ငါ့ဘက်ပါလာလိမ့်မယ်.. ဘာပဲဖြစ်ဖြစ် ငါက သိုင်းနတ်ဘုရားနယ်မြေကို သစ္စာမဖောက်သေးဘူးလေ…"

စကားဆုံးသည်နှင့် လုရှန်ကျိုး တစ်စုံတစ်ခုကို သတိထားမိလိုက်သကဲ့သို့ စူးရှသော အကြည့်ဖြင့် ရှေ့သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

ထိုအချိန်၌ အဝေးမှ အခြား ကြယ်တာရာကောင်းကင်တစ်ခုတွင် ကောင်းကင်စစ်သည်များနှင့် ဗိုလ်ချုပ်များ ကောင်းကင်တိမ်တိုက်ပင်လယ်ပေါ်တွင် စီးနင်းလာကြပြီးနောက်၌ ချန်မျိုးနွယ်စုမှ သိန်းနှင့်ချီသော သိုင်းပညာရှင်များ လိုက်ပါလာကြသည်။

ကောင်းကင်ဧကရာဇ်က နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး အင်မော်တယ်နတ်ဘုရားများ ဝန်းရံလျက် ရှိသည်။ အင်မော်တယ်နတ်ဘုရားတိုင်းက သူတို့၏ နောက်တွင် ခမ်းနားသော အရှိန်အဝါနှင့် ရုပ်တုတစ်ခုစီ စုစည်းထားကြပြီး အားလုံး၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုနှင့် စိတ်လှုပ်ရှားထိတ်လန့်မှုများ ပြည့်နှက်နေသည်။

လွန်ခဲ့သော တစ်နာရီခန့်က…

ကောင်းကင်ဧကရာဇ် တာအိုဘိုးဘေး၏ အမိန့်ကို လက်ခံရရှိခဲ့ပြီး ပြင်ပကမ္ဘာမှ အစွမ်းထက်သော ရန်သူတစ်ဦး တိုက်ခိုက်လာကြောင်းနှင့် ကောင်းကင်တရားရုံးကို တိုက်ပွဲအတွက် ပြင်ဆင်ရန် ပြောကြားခဲ့သည်။

တာအိုဘိုးဘေး ကိုယ်တိုင် စကားပြောလာသဖြင့် ရန်သူက သာမန်မဟုတ်သည်မှာ သေချာသည်။

ရှုထျန်းကျီက သူတော်စင်စစ်သေနာပတိ လေးဦးအနက် ဤနေရာ၌ ရှိနေသော တစ်ဦးတည်းသောသူ ဖြစ်သည်။ သူက တပ်မတော် တစ်ခုလုံးကို ဦးဆောင်ထားပြီး သူ့ အမိန့်အောက်တွင် ကောင်းကင်စစ်သည်နှင့် ဗိုလ်ချုပ် ၁ သိန်းတို့က တပ်ဖွဲ့များစတင် ဖွဲ့စည်းကြသည်။ ရာပေါင်းများစွာသော ကြယ်တာရာအရှင်များ နေရာအနှံ့ ပြန့်ကျဲနေပြီး အတူတကွ စုဝေးရန် ပြင်ဆင်နေကြသည်။

ချန်မျိုးနွယ်စုသည်လည်း သူတို့၏ အစီအရင်ကို စတင် ပြင်ဆင်နေကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကံတရားအစီအရင် လေ့ကျင့်မှုက မရှိမဖြစ် လိုအပ်လာသည်။ အနန္တကမ္ဘာဂိုဏ်းကို စူးစမ်းလေ့လာစဉ်အတွင်း ကောင်းကင်စစ်သည်များနှင့် ဗိုလ်ချုပ်များက ကောင်းကင်တရားရုံး၏ အစီအရင်အစွမ်းကို သက်သေပြခဲ့ကြသည်။

"ရန်သူ ဘယ်မှာလဲ.. သူတို့ရဲ့ အရှိန်အဝါကို ငါ ဘာလို့ အာရုံမခံမိတာလဲ…"

"ရန်သူက အဝေးကြီးမှာ ရှိနေသေးပေမယ့် အရမ်းမြန်တယ်လို့ အဓိပ္ပာယ်ရတယ်…"

"ဒါက ကောင်းကင်တရားရုံးအနေနဲ့ ဒီလောက်ကြီးမားတဲ့ စစ်ပွဲကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတာပဲ…"

"သိုင်းနတ်ဘုရားနယ်မြေက တိုက်ခိုက်တာများလား…"

"ဖြစ်နိုင်ချေများတယ်.. ဒါပေမဲ့ ငါတို့ ကောင်းကင်တရားရုံးက အရင်လို မဟုတ်တော့ဘူး.. သိုင်းနတ်ဘုရားနယ်မြေထက် နိမ့်ချင်မှ နိမ့်တော့မှာ.."

ကောင်းကင်စစ်သည်များနှင့် ဗိုလ်ချုပ် အများစုက ယုံကြည်မှု ရှိကြသည်။ ပထမအချက်မှာ သိုင်းနတ်ဘုရားနယ်မြေ မည်မျှ အစွမ်းထက်သည်ကို သူတို့ မသိကြသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ သူတို့ အမှန်တကယ် ပိုမို သန်မာလာကြပြီး သူတို့၏ အစွမ်းထက်လာမှု အရှိန်အဟုန်က မတက်လှမ်းမီ အချိန်ကထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။

ပထမအသုတ် ကောင်းကင်စစ်သည်များနှင့် ဗိုလ်ချုပ်များ၏ အနိမ့်ဆုံးအဆင့်သည်ပင် သိုင်းဘုရင်နယ်ပယ်တွင်ရှိပြီး မဟာသူတော်စင်နယ်ပယ် အရေအတွက်သည်လည်း ပေါက်ကွဲထွက်မတတ် တိုးများလာသည်။ကောင်းကင်တရားရုံးတွင် နှစ်စဉ်နှစ်တိုင်း သိုင်းဧကရာဇ် တစ်ပါး မွေးဖွားလေ့ရှိသည်။

ကောင်းကင်တရားရုံး၏ ကံတရား ပိုမို အားကောင်းလာသည်နှင့်အမျှ သိုင်းပညာ ဝိညာဉ်စွမ်းအင် ပမာဏလည်း တိုးလာပြီး လူ့ပြည်ကိုပါ သက်ရောက်မှု ရှိစေသည်။ သို့သော် ခွန်းလွန်လွင်ပြင်က ကျယ်ပြောပြီး ကောင်းကင်တရားရုံးကလည်း မင်းဆက်များ၊မျိုးနွယ်စု အများစုနှင့် ဝေးကွာသောကြောင့် မည်သူမျှ ဤအချက်ကို သတိမထားမိကြပေ။

ချန်ယွဲ့ချန်းက နယ်ပယ်အမြင့်ဆုံးဖြစ်သဖြင့် ရှလုရှန်ကျိုး၏ အရှိန်အဝါကို အာရုံခံမိနေပြီ ဖြစ်သည်။

"မြန်လိုက်တာ... အဲဒါ သိုင်းနတ်ဘုရားနယ်မြေရဲ့ ကောင်းကင်သင်္ဘောလား…"

ချန်ယွဲ့ချန်း တိတ်တဆိတ် ထိတ်လန့်သွားသည်။ သိုင်းနတ်ဘုရားနယ်မြေရှိ ကောင်းကင်သင်္ဘောများက အမြန်နှုန်းကြောင့် ကျော်ကြားသည်။ ချန်မျိုးနွယ်စုတွင် ကောင်းကင်သင်္ဘော တစ်စင်းသာ ရှိသော်လည်း လာနေသော ကောင်းကင်သင်္ဘော၏ အမြန်နှုန်းနှင့် ယှဉ်လျှင် များစွာ နိမ့်ကျသည်။

နတ်ဘုရားဇီဟွမ်းက..

"အဖေ... လူဘယ်နှစ်ယောက် ပါသလဲ…"

"မများဘူး... ဒါပေမဲ့ အရမ်းသန်မာတယ်.."

သူ့ကို လန့်ဖျပ်သွားစေသော အရှိန်အဝါ နှစ်ခု ရှိသော်လည်း တာအိုဘိုးဘေး၏ ကျောထောက်နောက်ခံ ရှိသောကြောင့် သူ ထိတ်လန့်မသွားပေ။

တိုင်ရှီးချန်သည်လည်း လုရှန်ကျိုး၏ အရှိန်အဝါကို အာရုံခံမိပြီး မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။

ဒီလို အရှိန်အဝါမျိုးဆိုရင် သေချာပေါက် လူကြီးလူကောင်း တစ်ယောက်ပဲ ဖြစ်ရမယ်….

ခဏကြာပြီးနောက်…

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကောင်းကင်တရားရုံး၏ တပ်မတော်ကို လွှမ်းခြုံသွားပြီး ကောင်းကင်ဧကရာဇ် အပါအဝင် လူတိုင်းကို လှုပ်ခတ်သွားစေသည်။

ကောင်းကင်ဧကရာဇ် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် စိတ်ထဲက ပြောလိုက်သည်။

"အဖေ... ရန်သူကို ကျွန်တော်တို့ နိုင်မယ်မထင်ဘူး…”

သိက္ခာဆိုတာ ဘာလဲ… ကောင်းကင်တရားရုံး၏ ထိခိုက်သေဆုံးမှုကို သိက္ခာထက် သူ ပိုဂရုစိုက်သည်။

ဤအင်မော်တယ်နတ်ဘုရားများက သူ့အတွက် ရတနာများ ဖြစ်ကြသည်။ ကောင်းကင်တရားရုံးက သူတို့၏ အသက်များကို ဖြုန်းတီးပစ်နိုင်သည့် အခြေအနေ မရောက်သေးပေ။

ကျန်းချန်ရှန်း၏ အသံ သူ့စိတ်ထဲ ထွက်ပေါ်မလာသဖြင့် သူ ဟန်ဆောင် တည်ငြိမ်နေရုံသာ တတ်နိုင်တော့သည်။

"ဒီရေပြောင်းလဲခြင်း ကြယ်တာရာအစီအရင်... နိုးထလော့…"

ရှုထျန်းကျီ နတ်ဘုရားလက်နက်ကို မြှောက်၍ အော်ဟစ်လိုက်သည်နှင့် ကောင်းကင်စစ်သည်နှင့် ဗိုလ်ချုပ် ၁ သိန်းတို့သည် ချက်ချင်းပင် စွမ်းအင်များကို လှည့်ပတ်ပြီး အစီအရင် ဖွဲ့စည်းလိုက်ကြသည်။

ကံတရားများ လှိုင်းထန်လာပြီး ချီဓာတ်စစ်စစ်များ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်စစ်သည်နှင့် ဗိုလ်ချုပ်တိုင်း၏ ရုပ်တုများ အလင်းတန်းများ ဖြစ်သွားပြီး မြင့်တက်လာကာ စကြဝဠာနှင့် ကြယ်တာရာ ပုံရိပ်အဖြစ် လျင်မြန်စွာ စုစည်းသွားသည်။ ကြယ်များသည် သက်ဆိုင်ရာ နေရာများသို့ ရောက်ရှိလာပြီး အစီအရင်နှင့် ချိတ်ဆက်ရန် ကံတရားကို လှုံ့ဆော်လိုက်ရာ အစီအရင်၏ အရှိန်အဟုန် မြင့်တက်သွားစေသည်။

ချန်မျိုးနွယ်စုသည်လည်း အစီအရင် ဖွဲ့စည်းထားကာ သူတို့က အခြား အစီအရင်တစ်ခုတွင် ရှိနေကြသည်။

ချန်ယွဲ့ချန်း၏ ပြုပြင်မွမ်းမံမှုများကြောင့် ဤအစီအရင်သည် ပိုမို သတ်ဖြတ်လိုစိတ် ပြင်းထန်လာသည်။

သူတို့၏ ချီဓာတ်စစ်စစ်နှင့် ကံတရားတို့က စကြဝဠာ၏ ပထမဆုံးသော အရိုင်းမြေနှင့် တူညီသည့် ကောင်းကင်နှင့်မြေကြီး ပုံရိပ်အဖြစ် စုစည်းသွားကာ အဝါရောင် လေပြင်းများ တိုက်ခတ်နေပြီး သတ်ဖြတ်လိုစိတ်များ ရောနှောနေသည်။

"မင်းတို့က ကောင်းကင်တရားရုံးကလား …"

လုရှန်ကျိုး၏ မထီမဲ့မြင်ပြုသော အသံ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ချန်ယွဲ့ချန်းနှင့် ချန်မျိုးနွယ်စုမှ ကျွမ်းကျင်သူ အချို့၏ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားသည်။ထိုစဉ် တစ်စုံတစ်ယောက်က အာမေဋိတ်သံဖြင့် ရေရွတ်လိုက်မိသည်။

"လုရှန်ကျိုး..."

ထိုနာမည်ကို ကြားသောအခါ တိုင်ရှီးချန်နှင့် ဟေးဟူတို့ ထိတ်လန့်သွားကြသည်။

လုရှန်ကျိုး၏ နာမည်က ရွှမ်ဟွမ်မဟာကမ္ဘာတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေသည်။ သူသည် ယဲ့ရှန်ခွန်းနှင့် အဆင့်တူသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ထို့အပြင် သူသည် ကြီးပြင်းလာပြီးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

"သူပဲ..."

တိုင်ရှီးချန် ချွေးစေးများ ပြန်လာသည်။

ကျန်းထျန်းမင်က မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။

"လုရှန်ကျိုးက အရမ်းသန်မာလား.."

တိုင်ရှီးချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး…

"သူ့ရဲ့ အဆင့်အတန်းက သိုင်းနတ်ဘုရားနယ်မြေက မဟာကောင်းကင်သူတော်စင်တစ်ပါးနဲ့ ညီမျှတယ်…မဟာကောင်းကင်သူတော်စင် တချို့ထက်တောင် ပိုသန်မာသေးတယ်…သူက အထက်တန်းစား မူလဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အထက်တန်းစား မူလဥပဒေသစွမ်းအားကို ပိုင်ဆိုင်ထားတယ်… ဒဏ္ဍာရီအရဆို အထက်တန်းစား မူလဥပဒေသစွမ်းအားက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားပဲ… အချိန်နဲ့ နေရာလွတ်ကို ထိန်းချုပ်နိုင်ပြီး အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တယ်…"

ထိုစကားကိုကြားသောအခါ အနီးနားရှိ ကောင်းကင်ဗိုလ်ချုပ်များ ထိတ်လန့်သွားကြသည်။

ဒီလောက်ထိ လွှမ်းမိုးနိုင်တာလား…

ထိုအချိန်၌ ကောင်းကင်သင်္ဘောတစ်စင်း အရှိန်ဖြင့် ရောက်ရှိလာပြီး ကောင်းကင်တရားရုံး တပ်မတော်ရှေ့၌ လျင်မြန်စွာ ရပ်တန့်လိုက်သည်။ ကောင်းကင်သင်္ဘော ထိပ်ပိုင်းရှိ တောင်တန်းများကြားတွင် ရပ်နေသော ပေတစ်သောင်းခန့် မြင့်မားသည့် ပုံရိပ်ကို ကောင်းကင်တရားရုံးမှ လူများ သတိထားမိလိုက်ပြီး ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

ကျန်းထျန်းမင် မျက်လုံးပြူးသွားပြီး ထိတ်လန့်တကြား ပြောလိုက်သည်က…

"အဲဒါ သူပဲ!"

ယခင် နိမိတ်အိပ်မက်ကို သူ မမေ့နိုင်ပေ။ ကောင်းကင်တရားရုံး တစ်ခုလုံးကို တစ်ဖက်လူက တစ်ယောက်တည်း ဖိနှိပ်ပြီး သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း ယခင် နိမိတ်အိပ်မက် နှစ်ကြိမ်က မမှန်ကန်ခဲ့သဖြင့် တတိယအကြိမ် မှန်ကန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

"တာအိုဘိုးဘေး ဘယ်မှာလဲ… ဒီလူတွေကို သေခိုင်းချင်တာလား…"

လုရှန်ကျိုး၏ အသံ ထပ်မံ ထွက်ပေါ်လာပြီး လီချန်ဟိုင်က သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"မင်း..."

ဒီကောင်က တကယ်ပဲ...

လီချန်းဟိုင် ဒေါသကြောင့် တုန်ရီနေသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လုရှန်ကျိုးက သူ့ ရင်ဘတ်ကို ရိုက်ချလိုက်ရာ သွေးအန်ပြီး အောက်ဘက်ရှိ တောင်ကြားထဲသို့ ပြုတ်ကျသွားသည်။

လုရှန်ကျိုးက နောက်ထပ် လှုပ်ရှားမှု မပြုလုပ်တော့ပေ။ အစမှ အဆုံးထိ လီချန်းဟိုင်ကို လှည့်ပင် မကြည့်ခဲ့ချေ။

တစ်ဖက်လူက တာအိုဘိုးဘေးကို အော်ဟစ်နေသည်ကို ကြားလိုက်ရသောအခါ ကောင်းကင်တရားရုံးမှ လူများအားလုံး စော်ကားခံရသည်ဟု ခံစားလိုက်ရပြီး သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လိုက်ကြသည်။

"သတ်!"

ရှုထျန်းကျီက လှံကို ဝှေ့ယမ်းပြီး အော်ဟစ်လိုက်သည်။ ဒီရေပြောင်းလဲခြင်း ကြယ်တာရာအစီအရင်သည်လည်း လှိုင်းထန်လာသည်။ ကောင်းကင်စစ်သည်နှင့် ဗိုလ်ချုပ် ၁ သိန်းတို့ကလည်း လှံများကို တပြိုင်နက်တည်း ဝှေ့ယမ်းလိုက်ကြသည်။

ကြယ်တာရာအရှင်များက လက်ဝါးများကို ဦးတည်ရာ တစ်ခုတည်းသို့ တွန်းထုတ်လိုက်ကြသည်။

ဝုန်း...

ကြယ်တာရာပင်လယ် ပုံရိပ်မှ မရေမတွက်နိုင်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ခမ်းနားသော ကြယ်တာရာ ရေစီးကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်သင်္ဘောကို အလွန်လျင်မြန်သော အရှိန်ဖြင့် လွှမ်းခြုံသွားပြီး တားဆီး၍ မရနိုင်ပေ။

ကောင်းကင်သင်္ဘော ရုတ်တရက် တုန်ခါသွားကာ ကောင်းကင်သင်္ဘော ထိပ်ရှိ တောင်တန်းများကြားတွင် မာန်ပါပါ ရပ်နေသော ပေတစ်သောင်း အမြင့်ရှိ ပုံရိပ် ရုတ်တရက် ခုန်တက်လိုက်သည်။ ထို့နောက် ကြီးမားသော ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး လက်သီးထိုးလိုက်သည်နှင့် လွှမ်းမိုးထားသော အစွမ်းကို ထုတ်ဖော်ပြသလိုက်သည်။

လက်သီးလေဟုန်က စကြဝဠာ မုန်တိုင်းနှင့် တူညီပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အရှိန်အဝါဖြင့် ကြယ်တာရာ ရေစီးကြောင်းနှင့် ဝင်တိုက်သွားသည်။

ပြင်းထန်သော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာပြီး လေဟာနယ်အတွင်းရှိ သိုင်းပညာ ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်သွားကာ အရပ်မျက်နှာ အားလုံးသို့ ပြန့်ကျဲသွားသည်။ ကြီးမားသော ဖိအားကို ရင်ဆိုင်ရင်း ကောင်းကင်စစ်သည်များနှင့် ဗိုလ်ချုပ်များ မျက်လုံးများ ကျဉ်းမြောင်းကာ အံကြိတ်ထားလိုက်ကြသည်။

တစ်ဖက်လူက ဒီရေပြောင်းလဲခြင်း ကြယ်တာရာအစီအရင်ကို အမှန်တကယ် ခုခံနေသည်ကို တွေ့သောအခါ ချန်ယွဲ့ချန်း ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

ချန်မျိုးနွယ်စု၏ အစီအရင်သည် အဖြူရောင် အလင်းဓားတစ်လက်အဖြစ် စုစည်းပြီး ခုတ်ပိုင်းချလိုက်သည်။ ကျဆင်းလာသည်နှင့် အလင်းဓားက အဆပေါင်း တစ်သောင်းကျော် ကြီးထွားလာပြီး တပြိုင်နက်တည်း ကျဆင်းလာသော မရေမတွက်နိုင်သည့် အလင်းဓားများအဖြစ် ကွဲထွက်သွားသည်။၎င်းနှင့်ယှဉ်လျှင် ကမ္ဘာငယ်လေး တစ်ခုကဲ့သို့ ကြီးမားသော ကောင်းကင်သင်္ဘောသည်ပင် မပြောပလောက်သယောင် ဖြစ်သွားခဲ့သည်။

ပေတစ်သောင်း အမြင့်ရှိ ပုံရိပ်က ညာဘက်လက်မောင်းကို ဝှေ့ယမ်းပြီး ကြယ်တာရာ ရေစီးကြောင်းကို အတင်းအဓမ္မ ခွဲလိုက်သည်။ ထို့နောက် လှည့်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။

ဘုန်း...

ထောင်ပေါင်းများစွာသော အလင်းဓားများ ချက်ချင်းပင် ကွဲကြေသွားပြီး ပေတစ်သောင်း အမြင့်ရှိ ပုံရိပ် ခုန်ပျံလာကာ ကောင်းကင်တရားရုံးဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။

ချန်ယွဲ့ချန်း သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး လက်ဝါးကို တွန်းထုတ်လိုက်သည်။ ထိုအခါ ချန်ယွဲ့ချန်း၏ ချီဓာတ်စစ်စစ်သည် လျှပ်စီးများ ရောနှောနေသော ခရမ်းရောင် အလင်းလုံးကြီးတစ်ခုအဖြစ် စုစည်းသွားပြီး လျင်မြန်စွာ ကြီးထွားလာသည်။ ကြယ်တစ်လုံးကဲ့သို့ ကြီးမားပြီး ခရမ်းရောင်ကြယ်မှ မရေမတွက်နိုင်သော ခရမ်းရောင် မြားများ ပေါက်ကွဲထွက်လာကာ ပုံရိပ်သောင်းချီကို လွှမ်းမိုးသွားသည်။

လူတစ်ယောက်၏ ခွန်အားက ကြီးမားသော အစီအရင်တစ်ခုနှင့် ယှဉ်နိုင်ပေသည်!

သို့သော်လည်း ခရမ်းရောင် မြားများဆီမှ ပြင်းထန်သော အလင်းရောင် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လျင်မြန်စွာ ကြီးထွားလာသည်။ ၎င်းသည် မရေမတွက်နိုင်သော မြားများကို ချေမှုန်းပစ်လိုက်ပြီး ခရမ်းရောင်ကြယ်ကို ဖိချေကာ လျင်မြန်စွာ ကြီးထွားလာတော့သည်။

All Chapters