ကံတရား
Vol. 28 Ch. 401
အပြစ်စီရင်ရာစင်မြင့်အကြောင်း နားလည်ပြီးနောက် ကျန်းချန်ရှန်း ချက်ချင်း ထုတ်မသုံးသေးပေ။ လုရှန်ကျိုးနှင့် ကျန်လူများကို ကျန်းဇီယု စီစဉ်ပေးပြီးသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။
အခြားတစ်ဘက်တွင် လုရှန်ကျိုး ကောင်းကင်စစ်သည် ဖြစ်လာပြီးနောက် ကျန်းဇီယုက သူ့ကို တိုင်ရှီးချန်၏ လက်အောက်တွင် ထားရှိရန် စီစဉ်လိုက်သည်။ ဤစီစဉ်မှုနှင့် ပတ်သက်၍ လုရှန်ကျိုး နစ်နာသည်ဟု မခံစားရပေ။ ဘာပဲဖြစ်ဖြစ် သူက အတိတ်တုန်းက ကောင်းကင်တရားရုံး၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့သူ ဖြစ်သည်။ သူ့ကိုယ်ပိုင်စွမ်းအားကြောင့် မကြာမီ ရာထူးတိုးလာမည် ဖြစ်ပြီး တာအိုဘိုးဘေး သူ့ကို မကြာမီ အထင်ကြီးလာလိမ့်မည်ဟု ယုံကြည်ထားသည်။
လုရှန်ကျိုး၏ လက်အောက်ငယ်သားများက နဂါးငွေ့တန်းတစ်ခုကို လွှမ်းမိုးနိုင်သော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့၏ စုပေါင်းစွမ်းအားက ချန်မျိုးနွယ်စု တစ်ခုလုံးကို စိန်ခေါ်ရန်ပင် လုံလောက်သည်။ သို့သော် ကျန်းဇီယုက သူတို့ကို ကောင်းကင်စစ်သည်များ ဖြစ်လာစေရန် အလျင်မလိုပေ။ အစားထိုးအနေဖြင့် သူတို့အတွက် အခြား အစီအစဉ်များ ရှိသည်။
လီချန်းဟိုင် ထွက်ပြေးချင်သော်လည်း လုရှန်ကျိုး၏ လက်အောက်ငယ်သားများထံ၌ ဖမ်းဆီးခြင်း ခံလိုက်ရသည်။ လုရှန်ကျိုးက ကျန်းဇီယုကို လီချန်းဟိုင်ကို သိသလားဟု မေးမြန်းခဲ့သော်လည်း ကျန်းဇီယု ခေါင်းခါခဲ့သည်။ နောက်ဆုံးတွင် လီချန်းဟိုင်က တာအိုဘိုးဘေးကို လူသိရှင်ကြား စော်ကားခဲ့သဖြင့် ထောင်သွင်းအကျဉ်းချခံလိုက်ရသည်။
ဒါတွေကို လုရှန်ကျိုး ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။
သူ နှစ်ပေါင်းများစွာ တွေးတောနေခဲ့သော ပြဿနာ မရှိတေယ့ပေ။ လီချန်းဟိုင်က တာအိုဘိုးဘေးနှင့် ဘာမှ မပတ်သက်ခဲ့ချေ။
တာအိုဘိုးဘေးက လီချန်းဟိုင်ကို မျက်စိကျလို့များ အသက်ချမ်းသာပေးခဲ့တာလား။
သူနှင့် နှစ်ပေါင်းများစွာ ဆက်ဆံပြီးနောက် လီချန်းဟိုင်၏ စိတ်နေသဘောထားကို လုရှန်ကျိုး နားလည်ခဲ့သည်။ သူသည် အမှန်တကယ်ပင် ဖြောင့်မတ်သော နှလုံးသားရှိသည့် ရိုးသားသူ တစ်ယောက်ဖြစ်သည်။ထို့အပြင် အလွန် ခေါင်းမာပြီး ကိစ္စအချို့တွင် သူ့ကိုပင် ပြန်လည် ဆန့်ကျင်ရဲသူ ဖြစ်သည်။
တာအိုဘိုးဘေးက လီချန်းဟိုင်ကို လူကောင်းတစ်ယောက် ဖြစ်လို့ ခွင့်လွှတ်ပေးခဲ့တာများလား…
လုရှန်ကျိုး ထိုသို့သာ တွေးနိုင်တော့သည်။ နောက်ပိုင်းတွင် ကုသိုလ်နှင့် ကံအကျိုးပေးများ တည်ရှိနေကြောင်း သူ သိလာရသည်။ အင်မော်တယ်တာအိုက ဤသို့သောမြင်ကွင်းမရသည့် ကံတရားများကို ထောက်လှမ်းနိုင်သည်။
ကောင်းကင်အကျဉ်းထောင်၌….
ဝုန်း...
ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး ဆံပင်စုတ်ဖွာနေသော လီချန်းဟိုင်ကို အကျဉ်းခန်းထဲသို့ ပစ်သွင်းလိုက်သည်။
အကျဉ်းခန်းထဲရောက်သည်နှင့်သူ အခက်အခဲကြားမှ တွားသွားတက်လာပြီး နံရံကို မှီကာ အသက်ပြင်းပြင်း ရှူနေသည်။
အကျဉ်းခန်းအတွင်း၌ အလင်းရောင် မှိန်ဖျော့နေပြီး နံရံများက စိုစွတ်နေသည်။ လီချန်းဟိုင်၏ ခေါင်းအထက်တွင် ပြတင်းပေါက်ငယ်လေး တစ်ခု ရှိပြီး ကောင်းကင်ပြာပြာတွင် ကြိုးကြာငှက်များ တန်းစီ ပျံသန်းနေကြသည်မှာ အလွန် လှပသော မြင်ကွင်းလေး တစ်ခု ဖြစ်သည်။
"နောက်ဆုံးတော့ ဒီအခြေအနေ ရောက်လာတာပဲ..."
လီချန်းဟိုင်၏ နှလုံးသား စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွားသည်။
သူ့သူငယ်ချင်းတဖြစ်လဲ အလေးစားဆုံးသူဖြစ်သော လုရှန်ကျိုးတယောက် တာအိုဘိုးဘေးထံ အညံ့ခံလိုက်သည်ကို မြင်လိုက်ရသောအခါ သူ မျှော်လင့်ချက်မဲ့သွားပြီး ဤကမ္ဘာကြီးတွင် မျှော်လင့်ချက် မရှိတော့သလို ခံစားလိုက်ရသည်။
တရားမျှတမှု ဆိုသည်မှာ ဟာသသက်သက်သာ ဖြစ်သည်…
"မင်းရဲ့ အရှိန်အဝါက နည်းနည်း ရင်းနှီးနေသလိုပဲ..”
မျက်နှာချင်းဆိုင် အကျဉ်းခန်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံကို လီချန်းဟိုင် ကြားလိုက်သောအခါ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားသည်။
သူ နားကြားမှားသည်ဟုပင် သံသယ ဝင်သွားခဲ့သည်။
"မင်းရဲ့ နယ်ပယ်က အရမ်းမြင့်တယ်… ရွှမ်ဟွမ်မဟာကမ္ဘာက ဖြစ်ရမယ် ဟုတ်လား… ဟေး... မင်း အသက်ရှင်သေးရဲ့လား…"
မျက်နှာချင်းဆိုင် အကျဉ်းခန်းထဲတွင် တရားထိုင်နေသော မိုပုနီ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ဒီလူ ရိုက်နှက်ခံရလွန်းလို့ ရူးသွားတာများလား..
အထက်ပိုင်းနယ်ပယ်က လူတစ်ယောက်အတွက် ရှက်စရာကောင်းလိုက်တာ..
"မို... ပုနီ?"
လီချန်းဟိုင်က တုန်ရီနေသော အသံဖြင့် မေးလိုက်ကာ အကျဉ်းခန်းတံခါးဝသို့ ရုတ်တရက် တွားသွားပြီး မျက်နှာချင်းဆိုင် အကျဉ်းခန်းမှ အမှောင်ထုကို စိုက်ကြည့်ကာ သစ်သားတိုင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
"ဟင်... လီချန်းဟိုင်... မင်း မသေသေးဘူးလား။"
မိုပုနီ အံ့သြတကြီး အော်ဟစ်လိုက်ပြီး သူလည်း အသံလာရာနောက်သို့ လိုက်၍ တံခါးဝသို့ ချက်ချင်း ရောက်ရှိလာသည်။ ညီအစ်ကိုများ အချင်းချင်း တွေ့လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားကြပြီး ရှုပ်ထွေးမှုများ ပြည့်နှက်သွားကြသည်။
ဘာတွေ ဖြစ်နေတာလဲ…
"ဘာတွေ ဖြစ်ကုန်တာလဲ.."
သူတို့ နှစ်ယောက် တပြိုင်နက်တည်း မေးလိုက်ပြီး ကြောင်အသွားကြသည်။
စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အားရပါးရ ရယ်မောလိုက်ကြသဖြင့် အနီးနား အကျဉ်းခန်းများမှ အကျဉ်းသားများ မကျေမနပ် ဖြစ်သွားကြသည်။
နာရီအနည်းငယ် ကြာပြီးနောက်…
သူတို့ နှစ်ယောက် အကျဉ်းခန်း တံခါးရှေ့တွင် ထိုင်နေကြပြီး လီချန်းဟိုင်၏ မျက်နှာထားမှာ အလွန် ရှုပ်ထွေးနေသည်။
မိုပုနီက သက်ပြင်းချလိုက်ပြီး….
"ငါ ဝန်မခံချင်ပေမယ့် သ်ိုင်းနတ်ဘုရားနယ်မြေက အောက်ပိုင်းနယ်ပယ်က စကြဝဠာကို အရင် စွန့်ပစ်ပြီး အဲဒီက သိုင်းကမ္ဘာတွေကို ဖျက်ဆီးချင်ခဲ့တယ်ဆိုတာ အမှန်ပဲ… တာအိုဘိုးဘေးက သူတို့ကို ကယ်တင်ဖို့ပဲ လုပ်ဆောင်ခဲ့တာ… ဒါ့အပြင် ကောင်းကင်တရားရုံးရဲ့ စည်းမျဉ်းတွေက အရမ်း တရားမျှတတယ်… ဒီမှာရှိတဲ့ အကျဉ်းသား အများစုက ကိုယ်ကျင့်တရားပျက်ယွင်းပြီး သာမန်လူတွေရဲ့ တိုင်ကြားခြင်း ခံရတဲ့ ကောင်းကင်စစ်သည်တွေ၊ မြေကမ္ဘာနတ်ဘုရားတွေနဲ့ တောင်စောင့်နတ်ဘုရားတွေချည်းပဲ…. ဒီလိုကိစ္စမျိုးက ရွှမ်ဟွမ်မဟာကမ္ဘာမှာ လုံးဝ မဖြစ်နိုင်ဘူး… သိုင်းနတ်ဘုရားနယ်မြေရဲ့ ကောင်းကင်သူတော်စင် တစ်ပါးကို သာမန်လူတွေ တိုင်ကြားနိုင်တယ်လို့ မင်း ကြားဖူးလား… ပြီးတော့ သူ့ကို ရာထူးကနေ ဆွဲချနိုင်တယ်လို့ရော ကြားဖူးလား…"
"ကောင်းကင်သူတော်စင်ကို မပြောနဲ့... သာမန်လူတစ်ယောက်က တုနှိုင်းမဲ့နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ကိုတောင် ဖြုတ်ချလို့ မရဘူး..”
ဖမ်းဆီးထိန်းသိမ်းခံရသည်မှာ နှစ်များစွာ ကြာပြီးနောက် မိုပုနီ အခက်အခဲ မရှိတော့ပေ။ လေ့ကျင့်ခြင်းအပြင် ကောင်းကင်မြို့တော်၏ ပြောင်းလဲမှုများကိုလည်း လေ့လာနေပြီး ကောင်းကင်မြို့တော်အပေါ် သူ့အမြင်များ တဖြည်းဖြည်း ကောင်းမွန်လာသည်။ သို့သော် လီချန်းဟိုင် သေဆုံးခြင်းကို တွေးမိသောအခါ သည်းမခံနိုင်ဖြစ်ခဲ့ရသည်။
ယခု လီချန်းဟိုင် အသက်ရှင်နေသေးသဖြင့် မိုပုနီ၏ တာအိုဘိုးဘေးအပေါ် မကျေနပ်ချက်များ ပျောက်ကွယ်သွားသည်။ သဘာဝကျကျပင် သူ၏ ရင်ထဲမှ စကားများကို စတင် ပြောဆိုလာသည်။
သူက လီချန်းဟိုင်နှင့် မတူပေ။ ထိုတိုက်ပွဲတွင် သေဆုံးခဲ့သော သိုင်းပညာရှင် သန်းပေါင်းများစွာထဲ၌ လီချန်းဟိုင်ကိုသာ သူ ဂရုစိုက်သည်။
လီချန်းဟိုင်က အံကြိတ်ပြီး ….
"ဒါပေမဲ့ သူ သိုင်းပညာရှင်တွေ အများကြီးကို မသတ်ခဲ့သင့်ဘူး... ပြီးတော့ ညီမလေး ချန်း..."
မိုပုနီက သူ့စကားကို ဖြတ်ပြောလိုက်သည်။
"အင်အားစုတွေ ပဋိပက္ခဖြစ်နေချိန်မှာ ဘယ်လိုလုပ် သတ်ဖြတ်ခြင်း မရှိဘဲ နေမလဲ… မင်းဘဝမှာ ဘယ်သူ့ကိုမှ မသတ်ဖူးဘူးလို့ မပြောနဲ့နော်… ချန်ချီအတွက်တော့ မင်း တွေးပူလွန်းနေပါပြီ…ချန်မျိုးနွယ်စုက လုံးဝ ပျက်စီးမသွားဘူး… ချန်မျိုးနွယ်စု ရှိနေတုန်းပဲ… ချန်ချီတောင် အရင်တုန်းက ငါ့ကို လာလည်သေးတယ်…"
"ဘာ... ညီမလေးချန် အသက်ရှင်သေးတယ် ဟုတ်လား။"
လီချန်ဟိုင် မျက်လုံးပြူးကာ မေးလိုက်ရင်း အသက်ရှူသံများ မြန်ဆန်လာသည်။
မိုပုနီပ မျက်လုံးလှန်ကြည့်လိုက်ပြီး….
"ထင်တဲ့အတိုင်းပဲ... ညီအစ်ကိုတွေက မိန်းမလောက် အရေးမပါဘူးပေါ့…တကယ် ဝမ်းနည်းစရာပဲ…”
ထိုသို့ ပြောလိုက်သော်လည်း သူ ပျော်ရွှင်နေသည်မှာ သိသာထင်ရှားသည်။ သူ့ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်မသွားပေ။
"ချန်ချီက ကောင်းကင်တရားရုံးရဲ့ အဖွဲ့ဝင် ဖြစ်နေပြီ... မင်းက ကောင်းကင်တရားရုံးရဲ့ အကျဉ်းသား ဖြစ်နေတယ်။ အခု သူ့အကြောင်း မတွေးနဲ့… ကောင်းကောင်းနေပြီး အမြန်ဆုံး ထွက်ရဖို့ စဉ်းစား… ဒါမှမဟုတ်ရင်လည်း မင်း ဆက်ပြီး ခေါင်းမာနေလို့ ရပါတယ်…သိုင်းနတ်ဘုရားနယ်မြေရဲ့ စည်းမျဉ်းတွေကို မျက်ကန်းယုံကြည်ဖို့အတွက် မင်း အကျဉ်းသား ဆက်လုပ်ပြီး တစ်နေ့ကျရင် မင်းရဲ့ ချစ်လှစွာသော ညီမလေးချန် ထောင်ဝင်စာ လာပို့မယ့်ရက်ကို စောင့်နေလိုက်ပေါ့.."
မိုပုနီက ထူးဆန်းသော လေသံဖြင့် ပြောလိုက်ရာ သူ့စကားများက အမှန်တကယ်ပင် သေစေလောက်ပြီး လီချန်းဟိုင်ကို အလွန်အမင်း နာကျင်စေသည်။
ညနေခင်း ကောင်းကင်ယံ၌ သွေးရောင် သဲမုန်တိုင်းများ ကမ္ဘာကို လွှမ်းခြုံထားသည်။ သဲကန္တာရထဲတွင် အဆောက်အအုံ ဆယ်ခုအောက်သာ ရှိသော ရွာတစ်ရွာ ရှိသည်။ ကျန်းဂျန်၊ လင်းဟောက်ထျန်းနှင့် ပင်းအန်းတို့ ရွာထဲရှိ မျက်မမြင် အဘိုးအိုတစ်ဦးနှင့် စကားပြောနေကြသည်။
အဘိုးအို၏ မျက်လုံးကို ညစ်ပတ်နေသော မီးခိုးရောင် အဝတ်ဟောင်းဖြင့် ပတ်ထားပြီး အဝတ်အစားများ စုတ်ပြဲနေကာ ဆံပင်များက မြက်ခြောက်များကဲ့သို့ခြောက်သွေ့ပွယောင်းနေသည်။ထိုအဘိုးအိုက မီးခြစ်ဆံချောင်းကဲ့သို့ ပိန်လှီနေသော်လည်း အရှိန်အဝါမှာ အလွန် သန်မာသည်။ ကျန်းဂျန်နှင့် အခြားသူများပင် သူ့ရှေ့တွင် မဆင်မခြင် မလုပ်ရဲကြပေ။
"ဒီတားမြစ်နယ်မြေက တစ်ချိန်တုန်းက အစွမ်းထက် ကျွမ်းကျင်သူ နှစ်ယောက် တိုက်ခိုက်ခဲ့တဲ့ နေရာပဲ… သူတို့က နှစ်ပေါင်းသောင်းချီ တိုက်ခိုက်ခဲ့ကြပြီး ဒီနေရာကို သိုင်းတာအိုနဲ့ ကင်းကွာသွားစေခဲ့တယ်…နှစ်ဖက်စလုံး အတူတကွ ပျက်စီးသွားပြီးနောက် သူတို့ကြားက နာကြည်းမှုတွေကို ဖျောက်ဖျက်လို့ မရခဲ့ဘူး.. နောက်ပိုင်းမှာ ဒီနေရာကို ဝင်လာပြီးရင် ထွက်ပြေးဖို့ ခက်ခဲသွားတယ်…အချိန်ကြာလာတာနဲ့အမျှ ဒီနေရာက ကမ္ဘာပေါင်း ၃၀၀၀ ရဲ့ တားမြစ်နယ်မြေ ဖြစ်လာခဲ့တာပဲ.."
အဘိုးအိုက ကျန်းဂျန်နှင့် အခြားသူများ နားမလည်နိုင်သော လေသံဖြင့် သက်ပြင်းချလိုက်သည်။
ကျန်းဂျန်က…
"ဒီနေရာက အန္တရာယ်ရှိတဲ့ နေရာတစ်ခုဆိုရင် ခင်ဗျားက ဘာလို့ မထွက်သွားချင်တာလဲ.."
ရွာထဲတွင် အဘိုးအို တစ်ယောက်တည်း ရှိနေခြင်းက ထူးဆန်းသည်။
သို့သော် ဤအဘိုးအိုက အမှားလုပ်မိ၍ ရောက်ရှိလာသော ကောင်းကင်စစ်သည် တစ်သိုက်ကို ကယ်တင်ဖူးသဖြင့် ကောင်းကင်တရားရုံးဘက်က သူ့အပေါ် ကောင်းမွန်သော အမြင်ရှိပြီး သိပ်သတိမထားကြပေ။
အဘိုးအိုက…
"ငါ့မှာ ကိုယ်ပိုင်ကံတရား ရှိတယ်… ငါက ဘယ်သူ့ကိုမှ ကာကွယ်ပေးဖို့ သတိပေးနေတာမဟုတ်ဘူး.. ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောပြရုံပါပဲ… တကယ်လို့ မင်းတို့ ဝင်ရောက်စူးစမ်းချင်တယ်ဆိုရင် ငါတားလဲမထူးဘူး…မင်းတို့သုံးယောက် ဝင်သွားဖို့ ဆုံးဖြတ်ပြီးသားမလား…"
ထိုစကား ကြားသောအခါ လင်းဟောက်ထျန်း တဟားဟား ရယ်မောလိုက်ပြီး ….
"စီနီယာက လူကဲခတ်တော်သားပဲ.. ကျွန်တော်တို့ ဘေးကင်းကင်းနဲ့ ထွက်ပြေးနိုင်မယ်လို့ ထင်လား.."
"တချို့လူတွေတော့ဖြစ်နိုင်တယ်…... ဒါပေမဲ့ တခြားလူတွေတော့ မဖြစ်နိုင်ဘူး.."
အဘိုးအို၏ စကားကြောင့် လင်းဟောက်ထျန်းနှင့် ကျန်းဂျန်တို့ မျက်မှောင်ကြုတ်သွားကြသည်။ ဤသည်မှာ သူတို့အားလုံး သေဆုံးမည်ဟူသော ကောက်ချက်ထက် ပိုမို စိုးရိမ်စရာ ကောင်းသည်။
သူတို့ သုံးယောက် တိတ်ဆိတ်သွားစဉ် ပင်းအန်းက စိတ်မရှည်ဟန်ဖြင့်
"ဝင်မယ်... ဝင်မယ်..."ဟု အော်ဟစ်နေလေတော့သည်။
အဘိုးအိုက ပင်းအန်းကို စိုက်ကြည့်ပြီး….
"သေသင့်တဲ့သူတွေ အသက်ရှင်ခဲ့တယ်။ ပျောက်ကွယ်သွားသင့်တဲ့ အရာတွေ ဆက်လက် တည်ရှိနေတယ်။ ဒါက ကံတရားပဲ။ တကယ်လို့ မင်း ကံတရားကို ယှဉ်ပြိုင်ဖို့ ကြိုးစားရင် မင်း ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ဘူး။"
ကျန်းဂျန်၏ မျက်မှောင်ကြုတ်မှု ပိုနက်ရှိုင်းလာကာ အံကြိတ်၍…
"စီနီယာ... ကျေးဇူးပြုပြီး ရှင်းပြပေးပါ။"
"ငါလည်း ထာဝရ ကျိန်စာသင့်နေတဲ့အတွက် ကုန်လွန်ခဲ့တဲ့ ကံတရားကို မသိတော့ပါဘူး… မင်းတို့ သွားကြပါ…”
အဘိုးအိုက ခေါင်းခါလိုက်ပြီး တုန်ရီစွာ မတ်တတ်ရပ်ကာ ဘေးနားရှိ စုတ်ပြတ်နေသော အိမ်ထဲသို့ ဝင်သွားခဲ့သည်။
လင်းဟောက်ထျန်းက မတ်တတ်ရပ်လိုက်ပြီး…
"ငါတစ်ယောက်တည်း ဝင်သွားရင် မကောင်းဘူးလား။"
သူသည် ပုံမှန်အားဖြင့် ပေါ့ပေါ့နေတတ်သော်လည်း အဘိုးအို၏ စကားများက သူ့ညီအစ်ကိုများ သူ့ရှေ့တွင် သေဆုံးသွားသည်ကို မမြင်ချင်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်သည်။
ကျန်းဂျန်လည်း မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ပင်းအန်းကို နေခဲ့ခိုင်းလိုက်။ ငါတို့ နှစ်ယောက်ပဲ သွားကြမယ်…"
"သွားမယ်... သွားမယ်..."
သူတို့ မတ်တတ်ရပ်လိုက်သည်ကို ပင်းအန်း မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ သူကပင် အရင်ဆုံး လေထဲသို့ ခုန်တက်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားလေတော့သည်။
ထိုအခါ လင်းဟောက်ထျန်းနှင့် ကျန်းဂျန်တို့ မျက်နှာ ဖြူဖျော့သွားပြီး အလျင်အမြန် လိုက်ဖမ်းကြတော့သည်။
လုရှန်ကျိုး ကောင်းကင်တရားရုံးသို့ ဝင်ရောက်ပြီး ငါးနှစ်အကြာတွင် နောက်ထပ် အပြစ်စီရင်ရာစင်မြင့်တစ်ခု ရှိလာခဲ့သည်။ ကျန်းချန်ရှန်းက အပြစ်စီရင်ရာစင်မြင့်ကို နတ်ဘုရားခန့်အပ်လွှာ၏ ကံတရားနှင့် ချိတ်ဆက်လိုက်ပြီး အပြစ်စီရင်ရာစင်မြင့်ကို ကြီးကြပ်ရန်နှင့် အသုံးပြုရန် နတ်ဘုရားအခွင့်အာဏာ ပေးအပ်လိုက်သည်။
အပြစ်စီရင်ရာစင်မြင့် ပေါ်လာခြင်းသည် ကောင်းကင်တရားရုံး၏ လေထုကို ပိုမို တင်းမာသွားစေသည်။ အနည်းဆုံးတော့ ယခင် ပြစ်ဒဏ်များနှင့်ဆိုလျှင် သူတို့၏ အမှားများမှ သင်ခန်းစာယူရန် အခွင့်အရေး ရှိသေးသည်။ သို့သော် အပြစ်စီရင်ရာစင်မြင့်ပေါ် တက်လိုက်သည်နှင့် ပြန်လည်ဝင်စားရန် အခွင့်အရေး မရှိတော့ဘဲ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျက်စီးသွားပေလိမ့်မည်။
ထိုသတင်း စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ မီးတောက်အရှင် ဤသတင်းကို ကြားသောအခါ တိတ်တဆိတ် ထိတ်လန့်သွားသည်။ အပြစ်စီရင်ရာစင်မြင့်က သူ့အတွက် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသည်။ အနာဂတ်တွင် မကောင်းမှု မလုပ်ရန်နှင့် ကောင်းမှုကုသိုလ်များ စုဆောင်းရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။
ထိုသို့တွေးနေသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။ အပြစ်ရှိသော ယုံကြည်သူများသည်လည်း အပြစ်စီရင်ရာစင်မြင့်ပေါ်သို့ တွန်းပို့မခံရစေရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေကြသည်။
အပြစ်စီရင်ရာစင်မြင့် ထားရှိပြီးနောက် ကျန်းချန်ရှန်းက တာအိုကျင့်စဉ်၏ ၁၂ အဆင့်သို့ တက်လှမ်းရန် နောက်တစ်ကြိမ် တံခါးပိတ်ကျင့်ကြံလိုက်သည်။
ထိုနှစ်တွင် ကျန်းဇီယုက အင်မော်တယ်နတ်ဘုရား တစ်သိုက်ကို ဝိညာဉ်စွမ်းအင်ကမ္ဘာသို့ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့သည်။ လုရှန်ကျိုးလည်း သူတို့နှင့်အတူ လိုက်ပါသွားသည်။ ထိုကဲ့သို့သော ကျွမ်းကျင်သူ တစ်ဦး လိုက်ပါသွားသဖြင့် အင်မော်တယ်နတ်ဘုရားများ ပိုမို ယုံကြည်မှု ရှိလာကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့က အမည်မသိ အင်အားစုတစ်ခုနှင့် ကမ္ဘာတစ်ခုလုံးကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
လုရှန်ကျိုး၏ ကောင်းကင်သင်္ဘောကိုလည်း သိမ်းဆည်းလိုက်ပြီး ကောင်းကင်တရားရုံး၏ ကောင်းကင်သင်္ဘော ဖြစ်လာသည်။ ၎င်း၏ အမြန်နှုန်းက ကောင်းကင်တိမ်တိုက်ပင်လယ်အောက် မနိမ့်ကျပေ။
ဒီနေ့၊ ကောင်းကင်အကျဉ်းထောင်တွင်…
အကျဉ်းခန်းတံခါး ပွင့်သွားပြီး မိုပုနီ ထွက်လာသည်။ သူသည် ကောင်းကင်စစ်သည်များ ဘေးတွင် ရပ်ကာ ဖမ်းဆီးခံထားရဆဲ ဖြစ်သော လီချန်းဟိုင်ကို ပြုံးပြလိုက်သည်။
"ချန်းဟိုင်... ငါ အရင်ထွက်နှင့်မယ်…လုရှန်ကျိုးကို သွားကြည့်ရဦးမယ်.. အခု ငါတို့အားလုံး အဆင့်တူ ကောင်းကင်စစ်သည်တွေ ဖြစ်နေပြီ.. ဟားဟား!"
မိုပုနီ၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ပြီး လီချန်းဟိုင်သည် သူ့အတွက် ဒေါသထွက်သလို ဝမ်းလည်းသာနေသည်။
အနည်းဆုံးတော့ သူ အသက်ရှင်သေးသည်။
"ချန်းဟိုင်... ငါ မင်းကို အပြင်မှာ စောင့်နေမယ်… မင်းရဲ့ စိတ်ကို ပြောင်းလဲပြီး ခေါင်းမမာပါနဲ့တော့.."
မိုပုနီ လက်ဝှေ့ယမ်းပြပြီး ကောင်းကင်စစ်သည်များနောက် လိုက်ပါသွားခဲ့သည်။
လီချန်းဟိုင်၏ စိတ်အခြေအနေ ရှုပ်ထွေးသွားသည်။ သူလည်း ထွက်ချင်သော်လည်း တာအိုဘိုးဘေးက သိုင်းပညာရှင် များစွာကို သတ်ဖြတ်ခဲ့သည်ကို လက်ခံရန် ခက်ခဲနေသည်။ သူ အချစ်ကို တောင့်တသော်လည်း သူ့ရင်ထဲတွင် ကိုယ်ပိုင် တရားမျှတမှု ရှိနေပြီး မိန်းမများ၏ ထိန်းချုပ်မှုကို ခံမည် မဟုတ်ပေ။
"ငါ စိတ်အေးအေးထားပြီး စဉ်းစားသင့်တယ် ထင်တယ်..."
လီချန်းဟိုင် တိတ်တဆိတ် တွေးလိုက်သည်။ တာအိုဘိုးဘေးက မှားယွင်းနေသည် ဆိုသော်လည်း သိုင်းနတ်ဘုရားနယ်မြေကရော မမှားဘူးလား။ သို့သော် တာအိုဘိုးဘေး မရှိလျှင် သိုင်းနတ်ဘုရားနယ်မြေ၏ အမှားများကို ဘယ်သူ အပြစ်ပေးနိုင်မလဲ…
စဉ်းစားလေလေ သူ ပိုစိတ်ရှုပ်လေလေပင်။ထို့ကြောင့် တရားထိုင်ပြီး လုရှန်ကျိုး သင်ပေးခဲ့သော ဆန်းကြယ်သည့် အန္တိမပညာရပ်ကို စတင် ကျင့်ကြံလိုက်သည်။ ဤသည်က သူ့ကို စိတ်ပျက်အားငယ်မှုများစွာမှ သက်သာရာ ရစေသည်။
အခြားတစ်ဘက်တွင်….
လင်းရှောင်နန်းတော်၌ ကျန်းဇီယု၏ မျက်နှာထား အလွန် အရုပ်ဆိုးနေသည်။ သူက ချန်းလီကို စိုက်ကြည့်ပြီး လေးနက်သော အသံဖြင့်…
"စုံစမ်းပါ... သူတို့ကို ရှာကိုရှာရမယ်.."
"စစ်သေနာပတိ တိချန် ကိုယ်တိုင် အပြေးသွားနေပါပြီ… အရှင်မင်းကြီး...မစိုးရိမ်ပါနဲ့..."
"မစိုးရိမ်နဲ့ဟုတ်လား… ဘယ်လိုလုပ် မစိုးရိမ်ဘဲနေနိုင်မှာလဲ… ပင်းအန်းရဲ့ ကံတရား ပျောက်ကွယ်သွားပြီ ဒါပေမဲ့ ကျန်းဂျန်နဲ့ လင်းဟောက်ထျန်းရဲ့ ကံတရားက ရှိနေတုန်းပဲ.. ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း နားလည်လား…"
ကျန်းဇီယု ဒေါသတကြီး ပြောလိုက်သဖြင့် ချန်းလီ ချွေးစေးများ ပြန်လာတော့သည်။