← Chapters

ဒီရေကို ပြန်လှန်ဖို့ ခွန်အားမဲ့ခြင်း၊ မဟာကပ်ဘေး၏ ဖုံးကွယ်နေသော အန္တရာယ်

Vol. 28 Ch. 402

ဒီရေကို ပြန်လှန်ဖို့ ခွန်အားမဲ့ခြင်း၊ မဟာကပ်ဘေး၏ ဖုံးကွယ်နေသော အန္တရာယ်

Vol. 28 Ch. 402

“ပင်းအန်းက ဉာဏ်ရည်မမီရှာပေမဲ့ သူက ခမည်းတော်ရဲ့ တပည့်ကြီး ဖြစ်သလို တကျင်းနဲ့ ထျန်းကျင်းအတွက် မေ့ဖျောက်မရနိုင်တဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ဖူးတယ်... သူသာ တစ်ခုခု ဖြစ်သွားရင်...”

ကျန်းဇီယု စကားပြောရင်းနှင့် စိတ်ငြိမ်သက်အောင် ကြိုးစားနေရသည်။

ပင်းအန်းနှင့် ပတ်သက်လာလျှင် သူ အမှန်တကယ် စိုးရိမ်ပူပန်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤတာဝန်ကို ထမ်းဆောင်ရန် ပင်းအန်းကို လွှတ်လိုက်သူမှာ သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်…

ချန်းလီ မော့ကြည့်၍ လျှောက်တင်လိုက်သည်က..“အရှင်မင်းကြီး... သူ့ကံတရား ပျောက်ဆုံးသွားတာကို အရှင်မင်းကြီး အာရုံခံမိတယ်ဆိုရင် တာအိုဘိုးဘေးညဘယ်လိုလုပ် မသိဘဲ နေမှာလဲ... တာအိုဘိုးဘေး အရှင်မင်းကြီးကို ဘာညွှန်ကြားချက်မှ မပေးဘူး ဆိုကတည်းက သူ့မှာ ဖြေရှင်းနည်း ရှိပြီးသားမို့လို့ပါ... အဲဒီ ရှေးဟောင်း တားမြစ်နယ်မြေက သိပ်ကို အန္တရာယ်များလွန်းတယ်... ကျွန်တော်တို့သာ အင်မော်တယ်နတ်ဘုရားတွေကို အလောတကြီး ထပ်လွှတ်လိုက်ရင် ကောင်းကင်တရားရုံးအနေနဲ့ ပိုပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရလိမ့်မယ်... ကျန်းဂျန်နဲ့ လင်းဟောက်ထျန်းတို့ ပြန်ထွက်လာတာကို စောင့်ပြီးမှ အစီအစဉ်ဆွဲတာ အကောင်းဆုံးပါပဲ... အခြေအနေက ကျွန်တော်တို့ မျှော်လင့်ထားတာနဲ့ လုံးဝ ကွဲပြားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်...”

ဤစကားကို ကြားသောအခါ ကျန်းဇီယု၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။ အမှန်စင်စစ် သူ အလွန်အမင်း စိုးရိမ်ပူပန်နေမိသဖြင့် ပုံမှန် တည်ငြိမ်မှုကို လက်လွတ် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

သူ ဤမျှလောက် အလျင်လိုနေရခြင်းမှာ ပင်းအန်းက ထူးခြားသောသူ တစ်ယောက် ဖြစ်နေသောကြောင့်လည်းဖြစ်သည်။ သူ ငယ်စဉ်ကတည်းက အငယ်တန်း မျိုးဆက်များထဲတွင် ခမည်းတော်က ပင်းအန်းကို ဂရုအစိုက်ဆုံး ဖြစ်ကြောင်း၊ အကြောင်းမှာ ပင်းအန်းက ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသေးသောကြောင့် ဖြစ်ကြောင်း မူလင်းလော့ ပြောသည်ကို ကြားဖူးခဲ့သည်။

ပင်းအန်းက ကျန်းချန်ရှန်းကို နှောင့်ယှက်ခဲသော်လည်း ကျန်းဇီယုကမူ သူ့မယ်တော်၏ စကားများကို အမြဲ မှတ်သားထားခဲ့သည်။

“မဖြစ်ဘူး... ငါကိုယ်တိုင် သွားမှ ရမယ်...”

ကျန်းဇီယု မတ်တပ်ထရပ်လိုက်ပြီး လင်းရှောင်နန်းတော် အတွင်းမှ ပျောက်ကွယ်သွားလေသည်။ ချန်းလီက ခေါင်းခါရင်း အတင်းဟန်ဆောင် ပြုံးလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။

ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌ ကျန်းဇီယုက ကျန်းချန်ရှန်း၏ ရှေ့တွင် ဒူးထောက်လျက် နဖူးဖြင့် ကြမ်းပြင်ကို ထိကပ်ထားသည်။ သူ့ပုံစံမှာ ကောင်းကင်ဧကရာဇ် ဘွဲ့ထူးဂုဏ်ထူးကို ပိုင်ဆိုင်ထားသူ တစ်ယောက်၏ အရှိန်အဝါမျိုး လုံးဝ မရှိတော့ချေ။

ပိုင်ချီက စိုးရိမ်ပူပန်သော အမူအရာကို ထုတ်ဖော်ပြသလိုက်ပြီး သူမ၏ အကြည့်များက ကျန်းချန်ရှန်းနှင့် ကျန်းဇီယုကြားတွင် ခေါက်တုံ့ခေါက်ပြန် ရွေ့လျားနေသော်လည်း စကားဝင်မပြောရဲပေ။ ပုံမှန်အားဖြင့် သူမက ဟာသလုပ် နောက်ပြောင်တတ်သော်လည်း ယခုကိစ္စမှာ ပင်းအန်းနှင့် သက်ဆိုင်နေသဖြင့် ဝင်မပြောရဲခြင်း ဖြစ်သည်။

ကျန်းချန်ရှန်း မျက်လုံးဖွင့်ကြည့်ပြီး … “ငါ ဒီကိစ္စကို သိပြီးသားပါ... မင်း သွားလို့ရပြီ... လူတိုင်းမှာ ကိုယ်ပိုင် ကံတရား ဆိုတာ ရှိကြတာပဲ... ပင်းအန်းကို ရွေးချယ်ခဲ့တာ မင်းမဟုတ်ဘူး... ကျန်းဂျန် ရွေးခဲ့တာ...”

ကျန်းဇီယု မော့ကြည့်လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားသည်။

“ပြဇာတ်က မနေနဲ့တော့... ထွက်သွား...”

ကျန်းချန်ရှန်းက ဤသို့ ပြောနိုင်သေးသည်ကို မြင်လိုက်ရမှ ကျန်းဇီယုမှာ သက်ပြင်းချနိုင်တော့ပြီး ချက်ချင်း ထွက်ခွာသွားလေသည်။

သူ ထွက်သွားပြီးနောက် ပိုင်ချီက စပ်စုချင်သော လေသံဖြင့် မေးလိုက်သည်။

“ပင်းအန်းရဲ့ အခြေအနေ ဘယ်လိုရှိလဲဟင်... ဘာလို့ သူ့ကံတရားက ပျောက်ဆုံးသွားရတာလဲ...”

ကျန်းချန်ရှန်းက မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး …

“ဒီလောကကြီးမှာ ကံတရားထက် ပိုအစွမ်းထက်တဲ့အရာ အမြဲ ရှိနေစမြဲပဲ...”

သူ၏ အသိစိတ်အာရုံက ပင်းအန်း၏ ပြန်လည်ဝင်စားခြင်း အမှတ်အသားဆီသို့ ရောက်ရှိသွားသည်။

ပင်းအန်းတွင် မဟာတာအိုအသွင်ပြောင်းလဲခြင်းမှ ဖန်ဆင်းပေးထားသော ဆံပင်တစ်မျှင် ရှိနေသော်လည်း ၎င်းက အစွမ်းမပြသေးချေ။ ပြန်လည်ဝင်စားခြင်း အမှတ်အသား မပျောက်ပျက်သွားသေးသည့် အချက်နှင့် ပေါင်းစပ်လိုက်သောအခါ သူ သိပ်ပြီး စိတ်မပူမိတော့ပေ။ သို့သော်လည်း ကျန်းဇီယု ရောက်လာသည် ဖြစ်၍ သူ တစ်ချက် ကြည့်ရှုစစ်ဆေးလိုက်ခြင်း ဖြစ်သည်။

ကျန်းဇီယုတောင်မှ ထိတ်လန့်တကြား ဖြစ်နေလျှင် ကျန်းဂျန်နှင့် လင်းဟောက်ထျန်းတို့ ဆိုလျှင် ပို၍ပင် ထိတ်လန့်နေကြမည်မှာ မလွဲဧကန်ပင်။ သူတို့ သုံးယောက်စလုံး၏ ပြန်လည်ဝင်စားခြင်း အမှတ်အသားများက တစ်နေရာတည်းတွင် ရှိမနေကြပေ။

သူတို့ သုံးယောက် ရှိနေသည့် တားမြစ်နယ်မြေမှာ ရွှမ်ဟွမ်မဟာကမ္ဘာ၏ အခြားတစ်ဘက် အစွန်အဖျားတွင် တည်ရှိပြီး ခွန်းလွန်လွင်ပြင်နှင့် ရွှမ်ဟွမ်မဟာကမ္ဘာ တစ်ခုလုံး ခြားနားနေသည်။

ကျန်းချန်ရှန်း သူတို့ ဤကမ္ဘာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိလိုက်သည်နှင့် ကျန်းဂျန်နှင့် လင်းဟောက်ထျန်းတို့ နောက်သို့ ဦးစွာ လိုက်သွားလိုက်သည်။

ထိုအချိန်၌ သူတို့ နှစ်ယောက်စလုံး ပျက်စီးယိုယွင်းနေသော ရွာတစ်ရွာတွင် ဒူးထောက်နေကြသည်။ သူတို့ မျက်နှာမူထားသော တံခါးမှာ တင်းကျပ်စွာ ပိတ်ထားပြီး မည်သူမျှ ထွက်မလာပေ။ သူတို့ နှစ်ယောက် ဒူးထောက်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်ပုံရသည်။

ကျန်းချန်ရှန်း၏ အသိစိတ်အာရုံက သစ်သားအိမ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ အတွင်း၌ စွမ်းအင် လှည့်ပတ်နေသော အဘိုးအို တစ်ယောက် ရှိနေပြီး သူ့ရှေ့တွင် ထူးဆန်းသော သင်္ကေတများစွာ ပေါ်လောပေါ် ဝဲပျံနေပြီး တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ တောက်ပနေကြသည်။

ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသဖြင့် သူ ဆက်မနေတော့ဘဲ တားမြစ်နယ်မြေဆီသို့ ပျံသန်းသွားလိုက်သည်။

တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ရှုပ်ထွေးပွေလီပြီး ကြမ်းတမ်းသော နိယာမများကို ခံစားလိုက်ရသည်။

လေထုထဲရှိ သိုင်းပညာ ဝိဉာဉ်စွမ်းအင်များတွင်ပင် ပြင်းထန်သော နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေ၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ အလွန်အကျွံ စုပ်ယူမိပါက ရူးသွပ်သွားရန် လွယ်ကူပေသည်။

ထိုနေရာကတားမြစ်နယ်မြေဟု ခေါ်ဆိုထိုက်ပေသည်။ အမှန်တကယ်ပင် အရာတစ်ခုတော့ ရှိနေသည်။

ဤသည်က ကျန်းချန်ရှန်းအတွက် ဤကဲ့သို့သော နေရာမျိုးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ မိုးထိအောင် မြင့်တက်နေသော နာကျည်းမုန်းတီးမှုများက သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် အဆင့်ဖြင့် လက်လှမ်းမီနိုင်သော အရာ မဟုတ်ပေ။

သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ထက် ကျော်လွန်သော ကြောက်မက်ဖွယ်ရာ ဝိဉာဉ်တစ်ခု ဤနေရာ၌ ပုန်းအောင်းနေသည်မှာ သေချာသည်။

သူ လွတ်လပ်စွာ ဝင်ထွက်သွားလာနေစဉ် သူ့အသိစိတ်အာရုံမှာ မည်သို့မျှ ထိခိုက်ခြင်း မရှိချေ။

ဤနေရာရှိ ဟင်းလင်းပြင် နိယာမများမှာ ရှုပ်ထွေးနေပြီး ကျူးကျော်ဝင်ရောက်လာသူများအတွက် လမ်းပျောက်သွားရန် လွယ်ကူလှသည်။ လေထုထဲတွင် ပျံ့နှံ့နေသော နာကျည်းမုန်းတီးမှုများနှင့် ပေါင်းစပ်လိုက်သောအခါ ဤနေရာ၌ ကြာကြာနေမိလျှင် စိတ်ချောက်ချားဖွယ်ရာ ပုံရိပ်ယောင်များ မြင်တွေ့လာရနိုင်သည်။

မကြာမီတွင် ကျန်းချန်ရှန်း ပင်းအန်းကို တွေ့ရှိသွားသည်။

ဤတားမြစ်နယ်မြေ အတွင်း၌ အာကာသအချိန် ကမောက်ကမ ဖြစ်မှုများစွာ ရှိနေပြီး ပင်းအန်းမှာ ထိုအထဲမှ တစ်ခုတွင် ပုန်းအောင်းနေသည်။

သူ့အသိစိတ်အာရုံက အာကာသအချိန် ကမောက်ကမ ဖြစ်မှုထဲသို့ တိုးဝင်သွားသောအခါ ပင်းအန်းကို တွေ့လိုက်ရသည်။

ထိုကလေးမှာ သန္ဓေသားလောင်း တစ်ခုကဲ့သို့ ခန္ဓာကိုယ်ကို ကွေးထားပြီး ထူးဆန်းသော နိယာမစွမ်းအားများက သူ့ကို ဝန်းရံထားသည်။ ကျန်းချန်ရှန်းပင်လျှင် မည်သည့် နိယာမ ဖြစ်ကြောင်း မပြောနိုင်ပေ။

“အေးတယ်... အေးလိုက်တာ...”

ပင်းအန်းက အားနည်းသော အသံဖြင့် ညည်းတွားလိုက်ပြီး သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေရှာသည်။

ကျန်းချန်ရှန်း ထိုစွမ်းအားကို ဂရုတစိုက် အာရုံခံလိုက်တော့ နှိုင်းယှဉ်ပြစရာ မရှိလောက်အောင် အေးစက်လွန်းလှပြီး သူ့အသိစိတ်အာရုံပင်လျှင် အေးခဲသွားသလို ခံစားလိုက်ရသည်။ဤအတိုင်းသာ ဆက်သွားလျှင် ပင်းအန်း အသက်ရှင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ဤစွမ်းအားက ပင်းအန်း၏ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးနေသည်မှာ ထင်ရှားသည်။ ဖြစ်နိုင်တာက...

သူ အင်မော်တယ် ဖြစ်လာပြီးနောက် ပင်းအန်း၏ ဉာဏ်ရည်ကို ကုသပေးရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။ ဤကိစ္စနှင့် ပတ်သက်၍ မဟာအဂ္ဂိရတ်တာအိုကိုသာ မျှော်လင့်ချက် ထားနိုင်တော့သည်။ ကုသပေးနိုင်သော သက်ဆိုင်ရာ အင်မော်တယ်ဆေးလုံးများ အမှန်တကယ် ရှိသော်လည်း ဆေးလုံးအတွက် ပါဝင်ပစ္စည်းများမှာ ရှာဖွေရန် ခက်ခဲလွန်းလှသည်။

သူ့အသိစိတ်အာရုံ မူလခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာသောအခါ ပင်းအန်းကို ကူညီရန် ကိုယ်ပွားတစ်ခုကို ချက်ချင်း စေလွှတ်လိုက်သည်။

ကိုယ်ပွားက မည်သူမျှ သတိမထားမိနိုင်သော အမြန်နှုန်းဖြင့် အနန္တကမ္ဘာမုခ်ဉီး အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထိုကမ္ဘာသို့ ရောက်ရှိသောအခါ သူ ရပ်တန့်မနေတော့ဘဲ ပင်းအန်းရှိရာသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

အခြားတစ်ဘက်တွင်...

စုတ်ပြတ်နေသော ရွာကလေး၌ …

တဲအိမ်တံခါးပွင့်လာပြီး မျက်မမြင် အဘိုးအို တစ်ယောက် ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာသည်နှင့် ကျန်းဂျန်နှင့် လင်းဟောက်ထျန်းတို့ ကမန်းကတန်း မော့ကြည့်လိုက်ကြသည်။

မျက်မမြင် အဘိုးအိုက တုန်ရီစွာ သက်ပြင်းချလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ကာ… “သူ့ကံတရား ရောက်လာပြီမို့လို့ နောက်ပြန်လှည့်လို့ မရတော့ဘူး...”

ဤစကားကို ကြားသောအခါ လင်းဟောက်ထျန်း မတ်တပ်ထရပ်၍ အော်ဟစ်လိုက်သည်။

“ဘာကံတရားလဲ... အဓိပ္ပာယ်မရှိတာ... ကျန်းဂျန်... စီနီယာကို သွားရှာကြစို့... ဒီမှာ ဘာလို့ အချိန်ဖြုန်းနေမှာလဲ...”

ကျန်းဂျန်က သူ့ကို လျစ်လျူရှု၍ အဘိုးအိုကိုသာ စိုက်ကြည့်နေပြီး အံကြိတ်၍…

“စီနီယာ... ကျွန်တော်တို့ကို ကယ်နိုင်မှတော့ သူ့ကို ကယ်ဖို့ နည်းလမ်း ရှိမှာပါ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ထပ်ကူညီပါဦး... ကျွန်တော် သေရမယ် ဆိုရင်တောင် ကျေးဇူးဆပ်ပါ့မယ်...”

အဘိုးအိုက သက်ပြင်းချပြီး… “ငါ မင်းတို့ကို ကယ်ခဲ့တာက မင်းတို့အသက်က ဒီနေရာမှာ ကုန်ဆုံးဖို့ မဟုတ်သေးလို့ပဲ...”

လင်းဟောက်ထျန်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် မြေပြင် ပြင်းထန်စွာ တုန်ခါသွားပြီး ကျယ်ပြန့်သော အော်ရာတစ်ခု တားမြစ်နယ်မြေဘက်မှ ထွက်ပေါ်လာသည်။ လေပြင်းနှင့် သဲမုန်တိုင်းများက ရူးသွပ်စွာ ကခုန်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။

အဘိုးအိုက ခေါင်းလှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးကို အုပ်ထားသော အဝတ်စကို ရုတ်တရက် ဆွဲခွာလိုက်ရာ မျက်လုံးအိမ် မရှိတော့သည့် မီးကျွမ်းထားသော မျက်လုံးပေါက်များကို ဖော်ပြလိုက်သည်။ ထိုမြင်ကွင်းမှာ ထူးကဲစွာ ကြောက်မက်ဖွယ် ကောင်းလှသည်။

တခဏချင်းမှာပင်သွေးရောင်လွှမ်းသော မျက်လုံးအိမ် နှစ်ခုက သူ့မျက်လုံးပေါက်ထဲတွင် ဖွဲ့စည်းလာသည်။ ကျန်းဂျန်နှင့် လင်းဟောက်ထျန်းတို့ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိလိုက်ပြီး ထိတ်လန့်တကြား နောက်ဆုတ်ကာ အကွာအဝေး တစ်ခု ယူလိုက်ကြသည်။

ထိုမျက်လုံးနှစ်လုံးက သူတို့ကို ဖော်ပြမရနိုင်သော အေးစက်မှုနှင့် ဖိနှိပ်မှုကို ယူဆောင်လာသည်။

‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’

အဘိုးအိုက အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး နေရာမှာပင် ပျောက်ကွယ်သွားသည်။

လင်းဟောက်ထျန်းက အံ့သြတကြီးဖြင့် “ဘာတွေ ဖြစ်ကုန်တာလဲ...”မေးလိုက်သည်။

ကျန်းဂျန် အဘိုးအို နောက်သို့ လိုက်သွားချင်သည်ကို မြင်သောအခါ သူ ကမန်းကတန်း ကျန်းဂျန်ကို ဆွဲထားပြီး … “ငါတို့ ခွန်အားနဲ့ ပင်းအန်းကို ကယ်နိုင်မှာ မဟုတ်ဘူး... မင်းပြန်သွားပြီး စီနီယာကို ရှာချေ... ငါ သူ့နောက် လိုက်သွားမယ်...”

“ငါ သွားရမယ် ဆိုရင်တောင် အဆင်ပြေပါတယ်...”

“ရူးနေတာ ရပ်ပြီး ငါပြောတာ နားထောင်စမ်းပါ...”

လင်းဟောက်ထျန်းက အမိန့်ပေးသံဖြင့် ပြောလိုက်သည်။ သူ ကျန်းဂျန်ကို တွန်းထုတ်လိုက်ပြီးနောက် တားမြစ်နယ်မြေဘက်သို့ တစ်ယောက်တည်း ပျံသန်းသွားလေ၏။

ကျန်းဂျန် အံကြိတ်လိုက်ပြီး အနန္တကမ္ဘာမုခ်ဉီး ရှိရာသို့ ချက်ချင်း ပျံသန်းသွားလိုက်သည်။

အာကာသအချိန် ကမောက်ကမ ဖြစ်မှုထဲတွင် ရွှေရောင်အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။

ကျန်းချန်ရှန်း၏ ကိုယ်ပွားက ပင်းအန်းထံသို့ မှော်စွမ်းအင်များ ထည့်သွင်းပေးနေသော်လည်း သူ့မှော်စွမ်းအင်ဖြင့် ပင်းအန်းကို ဆွဲထုတ်၍ မရနိုင်ကြောင်း မကြာမီ သတိပြုမိလိုက်သည်။ ထူးဆန်းသော နိယာမစွမ်းအားက ထူးကဲစွာ အစွမ်းထက်လွန်းနေသဖြင့် ပင်းအန်းအနေဖြင့် ဤစွမ်းအားကို ပိုမိုလွယ်ကူစွာ လက်ခံနိုင်စေရန် မှော်စွမ်းအင်ကို အသုံးပြု၍ ကူညီပေးရုံသာ တတ်နိုင်တော့သည်။

တိုက်ဆိုင်စွာပင် ဤစွမ်းအားက ပင်းအန်းကို ပြုပြင်ပြောင်းလဲပေးနေသော်လည်း ပင်းအန်းဘက်က ခံနိုင်ရည် မရှိဖြစ်နေခြင်း ဖြစ်သည်။

သူ့မှော်စွမ်းအင် အထောက်အပံ့ဖြင့် ပင်းအန်းမှာ နွေးထွေးမှုကို ခံစားလိုက်ရပြီး ဆက်လက် တုန်ယင်ခြင်း မရှိတော့ပေ။

သူ အားယူ၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးပြီးသား ဝေဝါးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် အပြုံးတစ်ခု ပြုံးလိုက်ပြီး “ဆရာ... ဆရာ...”ဟု မြည်တမ်းနေရှာသည်။

ပုံမှန်အတိုင်းပင် ကျန်းချန်ရှန်းက သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး မျက်လုံးမှိတ်ကာ အေးချမ်းစွာ စောင့်ဆိုင်းနေရန် ပြောလိုက်သည်။

“ရပ်လိုက်...”

ပေါက်ကွဲသံကဲ့သို့ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး မလှမ်းမကမ်းရှိ အမှောင်ထုထဲတွင် မျက်မမြင် အဘိုးအို ပေါ်လာသည်။ သူ့မျက်လုံးများက ရက်စက်သော တစ္ဆေတစ်ကောင်ကဲ့သို့ သွေးရောင်လွှမ်းနေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျန်းချန်ရှန်းက သူ့ကို လျစ်လျူရှုထားလိုက်သည်။

မျက်မမြင် အဘိုးအိုက ဒေါသတကြီးဖြင့်… “မင်းက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ... အဲဒါက ကပ်ဘေးတစ်ခု ယူဆောင်လာလိမ့်မယ်... ရပ်လိုက်...”

သူ လက်ကို မြှောက်၍ ကျန်းချန်ရှန်းကို ရိုက်ချလိုက်သည်နှင့် လှိုင်းထန်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာ၏။ ဤသည်က သိုင်းမူလစွမ်းအင် မဟုတ်သော အထူးစွမ်းအင် တစ်မျိုး ဖြစ်သော်လည်း ကျန်းချန်ရှန်းနှင့် ထိတွေ့လိုက်သည်နှင့် အရည်ပျော်သွားလေသည်။

“ထွက်သွား... နောက်တစ်ခါ ထပ်တိုက်ခိုက်မယ် ဆိုရင် ငါယဉ်ကျေးနေမှာ မဟုတ်တော့ဘူး...”

ကျန်းချန်ရှန်းက အေးစက်စွာ ပြောလိုက်သည်။ ဤလူက ကောင်းကင်တရားရုံးကို ကူညီခဲ့ဖူးသည် ဆိုသော အချက်သာ မရှိပါက သူ့တိုက်ခိုက်မှုများကို သည်းခံနေမည် မဟုတ်ချေ။

မျက်မမြင် အဘိုးအို တုန်လှုပ်သွားသည်။ ထိုလက်ဝါးရိုက်ချက်က သာမန်ဟု ထင်ရသော်လည်း ကံတရား၏ စွမ်းအား ပါဝင်နေ၏။ သို့တိုင်အောင် တစ်ဘက်လူကို မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။

“မင်း ဘယ်သူလဲ... မင်းက သူ့ရဲ့ ကျောထောက်နောက်ခံလား... ဒါဆို မင်းက ကောင်းကင်တရားရုံးရဲ့ တာအိုဘိုးဘေး ဆိုတာများလား... သေသင့်တဲ့ လူတစ်ယောက်ကို ဘာလို့ ကယ်တင်ပြီး ဒီအခြေအနေထိ ရောက်အောင် ခေါ်လာရတာလဲ...”

မျက်မမြင် အဘိုးအိုက အံကြိတ်ပြီး မေးလိုက်ပြီး သူ့လေသံတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

ကောင်းကင်တရားရုံး၏ တာအိုဘိုးဘေးက အစွမ်းထက်ကြောင်း သူ ကြားဖူးသော်လည်း အလေးအနက် မထားခဲ့မိပေ။ တစ်ဘက်လူက ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

ကျန်းချန်ရှန်းက သူ့ဘက်သို့ ကျောပေးထားလျက် … “ဟုတ်တယ်... ငါက သူ့ဆရာပဲ... ငါသာ သူ့ကို ကယ်ချင်တယ် ဆိုရင် ဘယ်သူမှ ငါ့ကို တားလို့မရဘူး...”

မျက်မမြင် အဘိုးအို နှုတ်ဆိတ်သွားသည်။ ကျန်းချန်ရှန်း၏ ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများက သူ့မျက်နှာပေါ်သို့ ကျရောက်နေပြီး သူ့မျက်နှာထား ပြောင်းလဲသွားပုံကို ထင်ဟပ်နေသည်။

“ဒီအတိုင်း ဆက်လုပ်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မင်း သိရဲ့လား... မင်း စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး... မင်း ခံနိုင်ရည် ရှိမှာလည်း မဟုတ်ဘူး...”

မျက်မမြင် အဘိုးအိုက ဖြည်းညင်းစွာ ပြောလိုက်ပြီး သူ့စကားလုံးများတွင် နာကျင်မှုများ ပြည့်နှက်နေသည်။

ကျန်းချန်ရှန်း ပြန်မဖြေသည်ကို မြင်သောအခါ သူ ဆက်ပြောလိုက်ပြန်သည်။

“လွန်ခဲ့တဲ့ အချိန်အကြာကြီးတုန်းက ငါလည်း မင်းလိုပဲ... သေသင့်တဲ့ လူတစ်ယောက်ကို ကယ်ခဲ့ပြီး သူ ကြီးထွားလာအောင် ကူညီပေးခဲ့တယ်... ပြီးတော့ အဲဒါက သိုင်းတာအို ကပ်ဘေးကို ဖြစ်စေခဲ့ပြီး ကမ္ဘာ ၃၀၀၀ မှာ ပြင်းထန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်... ငါ့အတွက်တော့ ဒီနေရာမှာ ထာဝရ အကျဉ်းချခံလိုက်ရပြီး ဒီကမ္ဘာကနေ ထွက်ခွာလို့ မရတော့ဘူး... သူက ကံတရားကို ရန်လိုပြီး လောကကြီးက အရာအားလုံးကို ဖျက်ဆီးချင်နေတယ်... သူပိုင်ဆိုင်မယ့် ကိုယ်ပိုင်ကံတရားကို ဖန်တီးချင်ခဲ့တာ ငါ့အမှားပဲ...”

ဤအကြောင်း ပြောရင်းနှင့် သူ့မျက်လုံးများက တည်ငြိမ်ခိုင်မာလာသည်။ သူ ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်၍ မျက်ခုံးနှစ်ခုကြားသို့ လက်ချောင်းဖြင့် ဖိနှိပ်လိုက်ရာ သွေးရောင် မျက်လုံးနှစ်လုံးဆီမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။

“မင်း ဒီလိုလုပ်ရတဲ့ တန်ဖိုးကို မသိဘူး... ပြီးတော့ မင်းရဲ့ ဆန္ဒကို ငါ မပြောင်းလဲနိုင်ဘူးဆိုတာလည်း ငါသိတယ်... ဒါဆိုရင်တော့ ငါတို့အားလုံးကို ဖျက်ဆီးပြီး သက်ရှိအားလုံးအတွက် ကြီးမားတဲ့ ကပ်ဘေး အန္တရာယ်ကို ဖယ်ရှားပစ်ရုံပဲ ရှိတော့တယ်...”

မျက်မမြင် အဘိုးအို၏ မျက်နှာထားက ရုပ်ပျက်ဆင်းပျက် ဖြစ်ကာ ကြောက်မက်ဖွယ် ကောင်းလာပြီး သွေးချီစွမ်းအင်များ သူ့မျက်လုံးမှ ပျံ့လွင့်ထွက်လာသည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ဝဲကတော့တစ်ခုကဲ့သို့ တွန့်လိမ်သွားပြီး ထူးကဲစွာ ကြောက်မက်ဖွယ် ကောင်းသော အော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။

ရွှစ်...

အလင်းတန်း တစ်တန်းက မျက်မမြင် အဘိုးအို၏ ရင်ဘတ်ကို ထိုးဖောက်သွားရာ လျင်မြန်လွန်းလှသဖြင့် သူ ပြန်လည် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ သူ မျက်လုံးပြူးကျယ်၍ ကြည့်လိုက်သောအခါ ချန်းမျိုးနွယ်စု၏ ချီလက်ချောင်းသိုင်းကို ထုတ်သုံးထားသည့် ပုံစံဖြင့် ရှိနေသော ကျန်းချန်ရှန်းကို တွေ့လိုက်ရသည်။

မျက်မမြင် အဘိုးအို၏ မျက်နှာထား ဗြောင်းဆန်သွားသည်။ သူ ချက်ချင်း ရပ်တန့်လိုက်ပြီး နေရာမှာပင် တင်ပျဉ်ခွေ ထိုင်ကာ သူ့ခန္ဓာကိုယ်ထဲရှိ လွှမ်းမိုးချုပ်ကိုင်ထားသော မှော်စွမ်းအင်ကို ခုခံရန် စွမ်းအင် လှည့်ပတ်လိုက်ရသည်။

မှော်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် မွှေနှောက် ဖျက်ဆီးနေသဖြင့် သူ စုစည်းထားသော စွမ်းအားများ ပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းသည်မှာ လုံလောက်အောင် သန်မာသဖြင့် သူ့ခန္ဓာကိုယ်ကို ချက်ချင်း ထိန်းချုပ်မှု မလွတ်သွားခြင်း ဖြစ်သည်။

ကျန်းချန်ရှန်းက ချီလက်ချောင်း သုံးချက် ထပ်မံ ပစ်လွှတ်လိုက်ပြီး မျက်မမြင် အဘိုးအို၏ သွေးကြောပေါက် သုံးခုကို ပိတ်ဆို့လိုက်သည်။ ဤသွေးကြော သုံးခုမှာ မျက်မမြင် အဘိုးအို၏ ခွန်အားများ စုစည်းရာ နေရာများ ဖြစ်သည်။

ထိုအရာအားလုံး လုပ်ပြီးနောက် သူ ပင်းအန်းကို ကူညီရန် ပြန်အာရုံစိုက်လိုက်သည်။

မျက်မမြင် အဘိုးအိုမှာ ထိတ်လန့်တကြား တုန်ရီနေသည်။ “ဒါ ဘယ်လို စွမ်းအားမျိုးလဲ... ကံတရားကို ဘယ်လိုလုပ် ဖယ်ရှားပစ်နိုင်တာလဲ...”

သူ စွမ်းအင်ကို မည်သို့ပင် လှည့်ပတ်နေစေကာမူ သူ့ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော စွမ်းအားကို မစုစည်းနိုင်တော့ချေ။

All Chapters