ချုပ်တည်းခြင်းဂါထာ၊ ပါရမီရှင်များ၏ တိုက်ပွဲ
Vol. 28 Ch. 403
တောင်တန်းများကြားတွင် လင်းဟောက်ထျန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်ရှုလိုက်သည်။ တောင်တန်း တစ်ခုလုံး သွေးရောင် သဲမုန်တိုင်းများ ဖုံးလွှမ်းနေပြီး ကောင်းကင်ယံတွင် အရွယ်အစား အမျိုးမျိုးသော ဝဲကတော့များ တွဲလဲကျနေသည်။
မျက်မမြင် အဘိုးအိုနောက်သို့ လိုက်၍ တားမြစ်နယ်မြေထဲ ဝင်လာပြီးနောက် သူ မျက်ခြည်ပြတ်သွားခဲ့သည်။ ပင်းအန်း ပျောက်ဆုံးသွားစဉ်ကကဲ့သို့ပင် အဘိုးအို မည်သည့်နေရာသို့ ရောက်သွားသည်ကို လုံးဝ ရှာမတွေ့တော့ပေ။
“တောက်... ဒါ ဘယ်လို ကမ္ဘာမျိုးလဲကွာ..”
လင်းဟောက်ထျန်း ဒေါသထွက်လွန်းသဖြင့် ကျိန်ဆဲလိုက်မိသည်။ သူ ညာဘက်ခြေထောက်ကို ဆောင့်နင်းလိုက်ရာ သူ့ချီစွမ်းအင် အစစ်အမှန်များ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာ အသီးသီးသို့ လှိုင်းပုတ်ခတ်သွားကာ ပတ်ဝန်းကျင်ရှိ တောင်တန်းများကို တုန်ခါသွားစေသည်။ လေထုထဲရှိ လေစီးကြောင်း ဝဲကတော့များကတော့ တွန့်လိမ်သွားသော်လည်း ပျောက်ကွယ်မသွားပေ။
သူ့စိတ်သူ ငြိမ်သက်အောင် အစွမ်းကုန် ကြိုးစားလိုက်ပြီး ပတ်ဝန်းကျင်ရှိ ပုံမှန်မဟုတ်သော အခြေအနေများကို ဂရုတစိုက် အာရုံခံလိုက်သည်။
ခဏကြာသောအခါ လူတစ်စု အရှိန်ပြင်းစွာ ပျံသန်းလာကြသည်။ ဦးဆောင်လာသူမှာ ကောင်းကင်တရားရုံး၏ သူတော်စင် စစ်သူကြီး လေးပါးထဲမှ တစ်ပါးဖြစ်သော တိချန်း ဖြစ်ပြီး သူ့နောက်တွင် ကောင်းကင်စစ်ဗိုလ်ချုပ်များနှင့် ကြယ်တာရာ အရှင်သခင်များ ပါလာကြသည်။ သူတို့ လင်းဟောက်ထျန်း၏ ရှေ့သို့ အမြန် ဆင်းသက်လိုက်ကြပြီး အခြေအနေကို မေးမြန်းလိုက်ကြသည်။
လင်းဟောက်ထျန်းက မည်သည်ကိုမျှ ဖုံးကွယ်မထားခဲ့ပေ။ ဖြစ်ပျက်ခဲ့သည်များကို ကြားသောအခါ တိချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် အင်မော်တယ်နတ်ဘုရားများကို လူစုခွဲ၍ ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်ရန် စီစဉ်လိုက်သည်။
“စိတ်မပူပါနဲ့... ကောင်းကင်အရှင်ချန်းက အရှင်မင်းကြီးကို သွားရှာနေပြီ... အရှင်မင်းကြီးက တာအိုဘိုးဘေးကို သေချာပေါက် သွားရှာမှာပါ...”
တိချန်းက နှစ်သိမ့်လိုက်သည်။ လင်းဟောက်ထျန်းတို့ကို သူတကယ်လေးစားမိသည်။ အနန္တကမ္ဘာမုခ်ဉီး ပေါ်ပေါက်လာကတည်းက သူတို့ သုံးယောက် ကောင်းကင်တရားရုံးအတွက် များစွာ အကျိုးပြုခဲ့သည်။ နေရာဒေသ တစ်ခုက မည်မျှပင် အန္တရာယ်များပါစေ သူတို့ စူးစမ်းလေ့လာရဲကြသည်။ ထို့ကြောင့် ကောင်းကင်တရားရုံးတွင် သူတို့၏ ဂုဏ်သတင်းမှာ ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်။
လင်းဟောက်ထျန်း ခေါင်းညိတ်လိုက်သော်လည်း စိတ်ပူနေဆဲပင်။
ကျန်းဂျန်ကတော့ ခရမ်းရောင်တိမ်တိုက်နန်းတော် တံခါးရှေ့တွင် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ဒူးထောက်နေသည်။ ပင်းအန်း ဖြစ်ပျက်ခဲ့သည်များကို သူ့အဘိုးအား အမြန် ပြောပြလိုက်ပြီး သူ့အဘိုး ဝင်ရောက် ကူညီလိမ့်မည်ဟု မျှော်လင့်နေသည်။
သို့သော်လည်း ကျန်းချန်ရှန်းထံမှ မည်သည့်အဖြေမှ မရသဖြင့် သူ့ရင်ထဲ ဟာတာတာ ဖြစ်သွားရသည်။
ထိုစဉ် တံခါးများ ပွင့်လာပြီးကျက်သရေရှိသော ပုံရိပ်တစ်ခု လမ်းလျှောက် ထွက်လာသည်။ ၎င်းမှာ လူအသွင်ပြောင်းထားသော ပိုင်ချီ ဖြစ်သည်။ သူမ ကျန်းဂျန် အနားသို့ ရောက်လာပြီး ပါးစပ်ကို အုပ်၍ ပြုံးလိုက်ကာ…“အဆင်ပြေသွားပါပြီ... စိတ်မပူပါနဲ့တော့... သခင်ကြီး ကိုယ်တိုင် လှုပ်ရှားလိုက်ပြီ...”
ကျန်းဂျန် ထိတ်လန့်သွားသည်။ သူ ယခင်က အာရုံခံမိခဲ့သော ကျယ်ပြန့်သော အော်ရာကို ပြန်တွေးမိလိုက်သည်။
ဖြစ်နိုင်တာက အဲဒါ အဘိုးများလား...
စိတ်သက်သာရာ ရသွားသဖြင့် ပျောက်ဆုံးနေသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပြန်ပေါ်လာကာ သူ့နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်လေသည်။
ပိုင်ချီက… “အပြင်ထွက်ပြီး စူးစမ်းလေ့လာတာ ကောင်းတဲ့ကိစ္စပါ... ဒါပေမဲ့ ကိုယ့်စွမ်းရည် ဘောင်အတွင်းကနေပဲ လုပ်ဆောင်သင့်တယ်... တဇွတ်ထိုး မလုပ်ရဘူး... သခင်ကြီးက အမြဲတမ်း အချိန်မီ ရောက်လာနိုင်မှာ မဟုတ်ဘူးလေ...”
ကျန်းဂျန်၏ အပြုံး ပျောက်ကွယ်သွားပြီး ရှက်ရွံ့သော အမူအရာတစ်ခု အစားထိုး ဝင်ရောက်လာသည်။
သူ မတ်တပ်ထရပ်၍ ပိုင်ချီကို ဦးညွှတ်လိုက်ကာ… “ကျွန်တော် နားလည်ပါပြီ...”
“အတူတူ ဆင်းသွားကြတာပေါ့... တိုက်ဆိုင်လိုက်တာ... ငါလည်း သတ္တမမြောက် ကောင်းကင်ဘုံကို သွားမလို့...”
ပိုင်ချီက ပြုံး၍ ပြောလိုက်တော့ ကျန်းဂျန် ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက်စလုံး တိမ်တိုက်များပေါ်မှ ခုန်ဆင်းသွားကြသည်။
အာကာသအချိန် ကမောက်ကမ ဖြစ်မှုထဲတွင် မျက်မမြင် အဘိုးအိုမှာ အခက်အခဲများကြားမှ တောင့်ခံထားရဆဲ ဖြစ်သည်။ သူ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ကြောက်မက်ဖွယ်ရာ စွမ်းအားကို မချေဖျက်နိုင်ခဲ့ပေ။
ကျန်းချန်ရှန်း၏ အကူအညီဖြင့် ပင်းအန်း၏ ရုပ်ခန္ဓာကိုယ်မှာ ထူးဆန်းသော နိယာမစွမ်းအားနှင့် ပေါင်းစပ်နေပြီး အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်။
ကျန်းချန်ရှန်း အစိုးရိမ်ဆုံးအရာမှာ ပင်းအန်း၏ မွေးရာပါ ချို့ယွင်းချက် ပြန်ကောင်းလာပြီး သာမန်လူတစ်ယောက် ဖြစ်လာနိုင်မလား ဆိုသည်ပင်။
မိနစ်များနှင့် စက္ကန့်များ ကုန်ဆုံးနေသည်။
နောက်ဆုံးတွင် မျက်မမြင် အဘိုးအို လက်လျော့လိုက်သည်။ သူ စွမ်းအင် လှည့်ပတ်ခြင်း မပြုလုပ်သည့်အခါ ကြောက်မက်ဖွယ်ရာ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲတွင် မွှေနှောက်ဖျက်ဆီးခြင်း ရပ်တန့်သွားသည်ကို တွေ့ရှိလိုက်ရသည်။
“ဒီလူရဲ့ သိုင်းမူလစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းက ဒီအဆင့်ထိ ရောက်နေပြီလား... မဟုတ်ဘူး... ဒါ သိုင်းမူလစွမ်းအင် မဟုတ်ဘူး... သူက သိုင်းပညာရှင် မဟုတ်ဘူး...”
မျက်မမြင် အဘိုးအို၏ မျက်လုံးထဲရှိ သွေးနီရောင် မျက်လုံးနှစ်လုံး ပျောက်ကွယ်သွားပြီး မီးကျွမ်းထားသော အခြေအနေသို့ ပြန်ရောက်သွားသည်။ ထို့နောက် သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
အချိန် မည်မျှ ကြာသွားသည်ကို မည်သူမျှ မသိကြပေ။
နောက်ဆုံးတွင် ကျန်းချန်ရှန်း ရပ်တန့်လိုက်ကာ ပင်းအန်းသည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားလေပြီ။
သူ မျက်မမြင် အဘိုးအိုဘက်သို့ လှည့်ကြည့်ပြီး ….
“ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးသွားပြီ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ငါအကြံပေးချင်တယ်...”
သူ မျက်မမြင် အဘိုးအိုကို ဆွဲကိုင်၍ အပြင်သို့ ပစ်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တားမြစ်နယ်မြေထဲရှိ ကောင်းကင်တရားရုံး လူများကို ပြန်ဆုတ်ကြရန် အသံပေးပို့လိုက်သည်။
ပင်းအန်း နိုးလာရန် အချိန်အကြာကြီး လိုဦးမည် ဖြစ်ရာ ကျန်းချန်ရှန်း၏ ကိုယ်ပွားက ဤနေရာ၌ စောင့်နေရန် ပြင်ဆင်လိုက်သည်။ ပင်းအန်းကို ကူညီရာတွင် မှော်စွမ်းအင် များစွာ မကုန်ခမ်းခဲ့သော်လည်း ကိုယ်ပွား၏ မှော်စွမ်းအင်မှာ ပြည့်ဝနေဆဲပင်။
မျက်မမြင် အဘိုးအိုထံမှ သတင်းပေါက်ကြားသွားမည်ကို သူ မကြောက်ပေ။ ဤလူ၏ ကံတရားက တားမြစ်နယ်မြေနှင့် ချည်နှောင်ခံထားရပြီး ဖြစ်သဖြင့် ဤကမ္ဘာမှ ထွက်ခွာ၍ မရနိုင်ချေ။ ထို့ပြင် ဤကမ္ဘာက သိုင်းတာအိုနှင့် သက်ဆိုင်ခြင်း မရှိပေ။
မျက်မမြင် အဘိုးအိုကို မောင်းထုတ်ပြီးနောက် ကျန်းချန်ရှန်း၏ ကိုယ်ပွားက ပင်းအန်း ရှေ့တွင် ဝင်ထိုင်ကာ မျက်လုံးမှိတ်လျက် စောင့်ဆိုင်းနေလိုက်သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌ ကျန်းချန်ရှန်း ရှင်သန်ခြင်းဆုလာဘ်၏ မှတ်ဉာဏ်များကို လက်ခံရရှိနေကာ သူ့ရှေ့တွင် အသိပေးချက် တစ်ခုရှိနေသည်။
“ ကောင်းကင်အမွေခံခေါတ်၏ ၂၁၇ နှစ်တွင် ပြည်နှင်ဒဏ်ခံ ဝိညာဉ် ဝမ်တိုင်ချူးက သင့်ရဲ့ ပထမဆုံးတပည့် ပင်းအန်းကို တိုက်ခိုက်ခဲ့သည်။ သင် အချိန်မီ ဝင်ရောက်တားဆီး၍ ကံတရားကို ဖြတ်တောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် အင်မော်တယ်ကျင့်ကြံခြင်းကျိန်စာတခုဖြစ်သော ချုပ်တည်းခြင်းဂါထာကို ရရှိသည်။”
‘ချုပ်တည်းခြင်းဂါထာ’ ဟူသော အမည်က ယခင်ဘဝက တရုတ်ပြည်မှ လာခဲ့သော ကျန်းချန်ရှန်းအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
တရုတ်ပြည်၏ နံပါတ်တစ် ဒဏ္ဍာရီလာ သူရဲကောင်းဖြစ်သော စွန်းဝူခုန်း ဤဂါထာကြောင့် အညံ့ခံခဲ့ရဖူးသည်။
ဂါထာနှင့်ပတ်သတ်သော အချက်အလက်များကို လက်ခံရယူပြီးနောက် ကျန်းချန်ရှန်း ချုပ်တည်းခြင်းဂါထာကို စတင် ကျင့်ကြံလေသည်။
သူ့အမွေဆက်ခံခဲ့သော မှတ်ဉာဏ်များအရ ချုပ်တည်းခြင်းဂါထာအတွက် အသုံးပြုမည့် ရွှေကွင်းကို သူ့ကိုယ်ပိုင်မှော်စွမ်းအင်မှ ဖွဲ့စည်းနိုင်သည်။ အကယ်၍ ပိုကောင်းသော ပစ္စည်းများ ရှိပါက ချုပ်နှောင်အားမှာ ပို၍ပင် ပြင်းထန်မည် ဖြစ်သည်။
ကျန်းချန်ရှန်းအတွက် လောလောဆယ်တွင် ချုပ်တည်းခြင်းဂါထာကို မလိုအပ်သေးသော်လည်း ကြိုတင် တတ်မြောက်ထားပါက အနာဂတ်တွင် အသုံးဝင်လာနိုင်သည်။
လအနည်းငယ် ကြာသောအခါ ကျန်းချန်ရှန်း ချုပ်တည်းခြင်းဂါထာ၏ အစပျိုး အဆင့်များကို သဘောပေါက်သွား၏။ သို့သော်လည်း သူ ဆက်လက် မကျင့်ကြံတော့ပေ။ ထိုအစား ကောင်းကင်မြစ်ဆီသို့ လာခဲ့ပြီး ကောင်းကင်မူလဝိဉာဉ်သန္ဓေသားကို ကြည့်လိုက်သည်။
ကောင်းကင်မူလဝိဉာဉ်သန္ဓေသား၏ ကောင်းကင်နိယာမကျောက်တုံးကို စိတ်ဝင်စားနေသည်မှာ ကြာပြီ ဖြစ်သည်။ ကောင်းကင်မူလသန္ဓေသားကျောက်တုံးကို ရုပ်ခန္ဓာကိုယ် ထောက်ပံ့ရန်အတွက်သာ အသုံးပြုပြီး ကောင်းကင်နိယာမကျောက်တုံးမှာ ကျွမ်းကျင်သူများ၏ စွမ်းရည်များကို ပုံတူကူးယူရန် သော့ချက် ဖြစ်သည်။ ဤကောင်းကင်မူလဝိဉာဉ်သန္ဓေသားက သူ့ကို မယှဉ်နိုင်သော်လည်း ၎င်း၏ တိုက်ခိုက်ရေး ခွန်အားမှာ အလွန် သန်မာနေဆဲပင်။
လုရှန်ကျိုးက လက်ရှိတွင် တာဝန်တစ်ခုဖြင့် ကောင်းကင်တရားရုံး နောက်သို့ လိုက်ပါသွားပြီး ကောင်းကင်မူလဝိဉာဉ်သန္ဓေသားမှာ ကောင်းကင်မြစ်ပေါ်တွင် နေရစ်ကာ တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။
ကောင်းကင်မူလဝိဉာဉ်သန္ဓေသားကို လုရှန်ကျိုးက ထိန်းချုပ်ထားပြီး ကိုယ်ပိုင် ဉာဏ်ရည် မရှိသော်လည်း လေ့ကျင့်ချင်စိတ် အလိုအလျောက် ရှိနေသည်။ ဆိုလိုသည်မှာ ကောင်းကင်မူလဝိဉာဉ်သန္ဓေသားက ဆက်လက် သန်မာလာနိုင်သည်ဟု အဓိပ္ပာယ်ရသည်။
သူ့စိတ်ဝိဉာဉ်ဆန္ဒက ကောင်းကင်မူလဝိဉာဉ်သန္ဓေသား အတွင်းသို့ ဝင်ရောက်သွားသောအခါ ၎င်းမှာ အနည်းငယ် တုန်ခါသွားပြီး ကြောက်မက်ဖွယ်ရာ မျက်လုံးတစ်စုံ ၎င်း၏ မည်းနက်နေသော မျက်နှာပေါ်မှ ပေါက်ကွဲထွက်လာကာ လျင်မြန်စွာ ပြန်မှိန်ဖျော့သွားသည်။
ကောင်းကင်မူလဝိဉာဉ်သန္ဓေသားကို လုရှန်ကျိုး ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လုရှန်ကျိုးက ကျန်းချန်ရှန်း၏ ပုံစံအမှန်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် ကောင်းကင်မူလဝိဉာဉ်သန္ဓေသားတွင် မျက်နှာမပါဘဲ မည်းနက်နေခြင်း ဖြစ်သည်။
အချိန်ကြာမြင့်ပြီးနောက် ကျန်းချန်ရှန်း သူ့စိတ်ဝိဉာဉ်ဆန္ဒကို ပြန်ရုပ်သိမ်းလိုက်ပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်လာခဲ့သည်။
“ကောင်းကင်နိယာမကျောက်တုံး... ဖန်ဆင်းခြင်းနိယာမ...”
ကျန်းချန်ရှန်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။ကောင်းကင်မူလဝိဉာဉ်သန္ဓေသားတွင် ကောင်းကင်နိယာမကျောက်တုံး မရှိတော့သော်လည်း သူ ကြုံတွေ့ဖူးသမျှ နိယာမစွမ်းအားများထက် ပိုမိုနူးညံ့သော နွေးထွေးသည့် နိယာမစွမ်းအား တစ်မျိုး ရှိနေသည်။
ကောင်းကင်နိယာမကျောက်တုံးကို ဖန်ဆင်းခြင်းနိယာမများဖြင့် ဖွဲ့စည်းထားသည်ဟု သူ သံသယ ရှိနေသည
ဖန်ဆင်းခြင်း ဆိုတာ ဘာလဲ…… ဖန်ဆင်းခြင်းဆိုသည်မှာ တည်ရှိမှု အားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အကယ်၍ အမှန်တကယ်သာ ဖန်ဆင်းခြင်းနိယာမ ဖြစ်ခဲ့လျှင် ကောင်းကင်နိယာမကျောက်တုံးက ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးနိုင်သည်ဆိုခြင်းမှာ စိတ်ကူးမယဉ်နိုင်စရာ မဟုတ်တော့ပေ။
ဖန်ဆင်းခြင်းနိယာမ ဆိုသည်မှာ အသက်ကို ဖန်ဆင်းသော နိယာမ ဖြစ်သည်။
ကျန်းချန်ရှန်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုမျှ နက်နဲသော နိယာမကို နားလည်သဘောပေါက်နိုင်စွမ်း မရှိသေးချေ။ လက်ရှိတွင် နိယာမများကို ချောင်းကြည့်ရုံသာ တတ်နိုင်သေးသည်။ သို့သော် ကျန်းချန်ရှန်း စိတ်ပျက်မသွားပေ။ ထိုအစား သူ ဆက်လက် ကျင့်ကြံလိုက်၏။
အချိန်များ ကုန်ဆုံးသွားပြီး နိယာမများကို နားလည်သဘောပေါက်ရန် အချိန် အလုံအလောက် ရှိနေသည်။ သက်တမ်းက မည်မျှပင် ရှည်လျားပါစေ ရည်မှန်းချက် မရှိလျှင် ပျင်းစရာကောင်းရုံသာ ဖြစ်လိမ့်မည်။
၄၂ နှစ် အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြန်သည်။
မူလက ဝိဉာဉ်စွမ်းအင်ကမ္ဘာနှင့် ဝေးကွာသော နေရာတွင် ရှိနေသည့် ကောင်းကင်လှေသည်လည်း ကောင်းကင်အရှင်ပိုင် ဦးဆောင်မှုဖြင့် နောက်ဆုံးတွင် ဦးတည်ရာသို့ ရောက်ရှိလာသည်။
ကောင်းကင်အရှင်ပိုင်က ဆံပင်တစ်မျှင်ကို သူ့ရင်ခွင်ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်သည်ကို ကြည့်ရင်း လုရှန်ကျိုး တိတ်တခိုး စူးစမ်းချင်စိတ် ဖြစ်ပေါ်နေသည်။
“ဝိဉာဉ်စွမ်းအင်ကမ္ဘာကို သူ ဘယ်လို ရှာတွေ့တာလဲ... အဲဒီဆံပင်ရဲ့ မူလဇစ်မြစ်က ဘာလဲ...”
လမ်းတစ်လျှောက်လုံးတွင် ကောင်းကင်အရှင်ပိုင်က ဦးတည်ချက် မပြောင်းဘဲ လမ်းညွှန်ပြသခဲ့သည်မှာ လုရှန်ကျိုးကို အံ့အားသင့်စေခဲ့သည်။
အဆုံးမဲ့လေဟာနယ်ထဲတွင် လမ်းပျောက်သွားရန် လွယ်ကူလှသည်။ သိုင်းနတ်ဘုရားနယ်မြေတောင်မှ ဤနေရာရှိ လမ်းကြောင်းကို အပြည့်အဝ နားမလည်နိုင်ပေ။ အဆုံးမဲ့လေဟာနယ်ထဲတွင် လမ်းကြောင်းများကို မှတ်မိနေခြင်းက အသုံးမဝင်ချေ။ အဆုံးမဲ့လေဟာနယ်ထဲတွင် အချိန်ကြာမြင့်စွာ နေမိသရွေ့ လမ်းပျောက်သွားရန် လွယ်ကူပေသည်။
သူ ထပ်မမေးရဲသဖြင့် ၎င်းမှာ တာအိုဘိုးဘေး၏ နည်းလမ်း ဖြစ်မည်ဟုသာ တွေးလိုက်ရ၏။
ကောင်းကင်လှေက တိမ်ပင်လယ် အလွှာပေါင်းစုံကို ဖြတ်သန်းသွားပြီး ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသော ခမ်းနားထည်ဝါသည့် ကမ္ဘာတစ်ခု အင်မော်တယ်နတ်ဘုရားများ ရှေ့တွင် ပေါ်လာသည်။
ထိုစဉ် ပုံရိပ်တစ်ခု ရိပ်ခနဲ ပြေးထွက်လာသည်။ ၎င်းမှာ ကျန်းချန်ရှန်း တားဆီးခဲ့ဖူးသော ကူချန် ဖြစ်သည်။
ကူချန်က ကောင်းကင်လှေပေါ်သို့ ဆင်းသက်လိုက်ပြီး ပြုံးလျက် လက်နှစ်ဖက် ဆုပ်ကာ အားလုံးကို နှုတ်ဆက်လိုက်သည်။
“ကျွန်တော်က ကူချန် ပါ... ဝိဉာဉ်စွမ်းအင်ကမ္ဘာ ကိုယ်စား ကြိုဆိုပါတယ်... ကောင်းကင်တရားရုံးကို စောင့်နေတာ ကြာပါပြီ...”
နှစ်ပေါင်းများစွာ ကြာပြီးနောက် တာအိုဘိုးဘေး သူတို့ကို မဆက်သွယ်သလို မည်သူ့ကိုမျှလည်း မလွှတ်ခဲ့ပေ။ ဤသည်က တာအိုဘိုးဘေး သူတို့ကို တမင်သက်သက် လှည့်စားနေသည်ဟု ထင်မြင်စေခဲ့သည်။ သူတို့ ခွန်းလွန်လွင်ပြင်ကို ထပ်သွားသင့် မသွားသင့် တုံ့ဆိုင်းနေခဲ့ကြသည်။ ကံကောင်းသည်မှာ ကောင်းကင်တရားရုံးမှ လူများ နောက်ဆုံးတွင် ရောက်လာကြလေပြီ။
“ကျွန်ုပ်က ကောင်းကင်တရားရုံးရဲ့ ကောင်းကင်အရှင် ပိုင်ရှင်းလုပါ... ကောင်းကင်တရားရုံး ကိုယ်စား ဝိဉာဉ်စွမ်းအင်ကမ္ဘာနဲ့ မဟာမိတ်ပြုဖို့ ဒီကို ရောက်လာခဲ့တာပါ...”
ကောင်းကင်အရှင်ပိုင်က ဦးညွှတ်၍ ပြုံးလိုက်သည်။တစ်ဘက်လူ၏ သဘောထားမှာ အတော်အတန် ကောင်းမွန်သည်ကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲရှိ ဖိအားများ လျော့ကျသွားသည်။ မည်သို့ပင်ဆိုစေ သူတို့က မသိနားမလည်သော ကမ္ဘာတစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည် မဟုတ်ပါလော။
ကူချန်က ကောင်းကင်အရှင်ပိုင်နှင့် စကားစမြည် စတင်ပြောဆိုပြီး သူတို့ သွားသင့်သည့် နေရာကို ညွှန်ပြလိုက်သည်။
သူတို့ စကားပြောနေစဉ် ကူချန်၏ အာရုံက လုရှန်ကျိုးအပေါ်တွင် ရှိနေသည်။
လုရှန်ကျိုးက သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ အစစ်အမှန် တစ်ယောက် ဖြစ်ပြီး သူ ထုတ်လွှတ်သော ဖိအားမှာ အလွန် ပြင်းထန်လှသည်။
“မဟာတာအိုလမ်းစဉ်သစ်မှာ ဒီလို ကျွမ်းကျင်သူမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး...” ကူချန်၏ စိတ်နှလုံး နာကျင်သွားရသည်။
ကောင်းကင်လှေက ဝိဉာဉ်စွမ်းအင်ကမ္ဘာ အတွင်းသို့ ဝင်ရောက်သွားပြီး အံ့ဖွယ်အရာများစွာကို မြင်တွေ့လိုက်ရသည်။ ဥပမာအားဖြင့် မိုးထိအောင် မြင့်မားသော နေရာတွင် ချိတ်ဆွဲထားသည့် ရေတံခွန်များက တိမ်တိုက်များကြားမှ စီးကျလာပြီး ပြိုင်ဘက်ကင်းစွာ ခမ်းနားထည်ဝါလှသည်။ ကောင်းကင်ယံတွင် လွတ်လပ်စွာ ကခုန်နေသော လေဝိဉာဉ်များစွာလည်း ရှိနေသေးသည်။
ဝိဉာဉ်စွမ်းအင်ကမ္ဘာက ကောင်းကင်တရားရုံး၏ အင်မော်တယ်နတ်ဘုရားများ မျှော်လင့်ထားသည်ထက် ပိုကောင်းနေသည်။ ၎င်းက သန့်ရှင်းသော နယ်မြေတစ်ခု ဖြစ်ပုံရသည်။
တိုင်ရှီးချန်က လုရှန်ကျိုး၏ ဘေးတွင် ရပ်လျက် သက်ပြင်းချလိုက်သည်။
“အဆုံးမဲ့လေဟာနယ်ထဲမှာ ဒီလောက် လှပတဲ့ နေရာမျိုး ရှိမယ်လို့ မထင်ထားမိဘူး... ဒီလိုနေရာမျိုးက ရွှမ်ဟွမ်မဟာကမ္ဘာမှာတောင် တွေ့ရခဲတယ်...”
“ဒါပေါ့... လေဟာနယ်က ကျယ်ပြောပြီး အကန့်အသတ် မရှိဘူးလေ... သိုင်းတာအိုက အခုချိန်မှာ ရှေးရိုးစွဲ ဖြစ်နေပေမဲ့ ရွှမ်ဟွမ်မဟာကမ္ဘာမှာပဲ တည်ရှိနေတာပါ... တကယ်တော့ ကမ္ဘာ ၃၀၀၀ ဆိုတာ မူလက ချဲ့ထွင်ထားတာပဲ... အတိတ်က သိုင်းတာအို ဆိုတာ ကမ္ဘာငယ်လေး တစ်ခုသာ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဆက်လက် ချဲ့ထွင်လာခဲ့တာ... ဒီလိုနဲ့ ဒီနေ့ခေတ် သိုင်းတာအို ဆိုတာ ဖြစ်လာတာပေါ့... ဒါပေမဲ့ သိုင်းနတ်ဘုရားနယ်မြေက နှစ်သန်းပေါင်းများစွာ အတွင်း မချဲ့ထွင်တော့ဘူး... ဒီအရာက သိုင်းတာအိုရဲ့ အကန့်အသတ် ဖြစ်ကောင်း ဖြစ်နိုင်တယ်...”
လုရှန်ကျိုးက တည်ငြိမ်စွာ ပြောလိုက်ရင်း သူ့စိတ်နေသဘောထား အလွန် လျင်မြန်စွာ ပြောင်းလဲသွားပြီး သိုင်းတာအိုကို စတင် မထီမဲ့မြင် ပြုလာပြီ ဖြစ်သည်။ ခွန်းလွန်လွင်ပြင်က ရွှမ်ဟွမ်မဟာကမ္ဘာကို အစားထိုးပြီး ကောင်းကင်တရားရုံးက သိုင်းနတ်ဘုရားနယ်မြေကို အစားထိုးကာ ခေတ်သစ်တစ်ခု တည်ထောင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။
သိုင်းတာအိုက ရှေးဟောင်းပညာရပ်များ၏ အုပ်ချုပ်မှုကို ဖြုတ်ချခဲ့သည်ဆိုလျှင် အင်အားစုသစ်များ၏ ဖြုတ်ချမှုကို ဘာလို့ မခံရနိုင်စရာ ရှိသနည်း။
သဘောတရားအရ လူ့လောက၏ ကံတရားသည် သိုင်းနတ်ဘုရားနယ်မြေ၏ ရောင်ပြန်ဟပ်မှု တစ်ခု ဖြစ်သည်။ သို့သော်လည်း သိုင်းနတ်ဘုရားနယ်မြေက အချိန်အကြာကြီး တည်ရှိနေခဲ့သဖြင့် သူတို့သာလျှင် အရာအားလုံးကို ဆုပ်ကိုင်ထားသင့်သော ကောင်းကင်ဘုံ ဖြစ်သည်ဟု လူများကို ခံစားရစေသည်။
“မှန်တယ်... ရွှမ်ဟွမ်မဟာကမ္ဘာက အဆုံးမဲ့လေဟာနယ်နဲ့ ယှဉ်ရင် မကြီးမားပါဘူး... ကျွန်တော်တို့ ကမ္ဘာအများအပြားကို ရှာဖွေတွေ့ရှိထားပြီးပြီ... ရွှမ်ဟွမ်မဟာကမ္ဘာမှာ မွှေနှောက်ဖျက်ဆီးခဲ့တဲ့ ရှေးဟောင်းဂိုဏ်းတွေတောင်မှ အဆုံးမဲ့လေဟာနယ်ထဲမှာ သူတို့ ကိုယ်ပိုင်ကမ္ဘာ ရှိကြတယ်... သိုင်းတာအိုရဲ့ နိဂုံးက ရောက်လာတော့မှာပါ...”
ကူချန်က ပြုံးပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်တော့ လုရှန်ကျိုးက လှောင်ပြုံး ပြုံးလျက် မေးလိုက်သည်။
“ဒါဆို ဘယ်အရာက သိုင်းတာအိုကို အစားထိုးနိုင်မှာလဲ...”
ကူချန်က သူ့ကို ကြည့်ပြီး …
“အနာဂတ်မှာ ကျွန်တော်တို့ သိရမှာပါ... အုပ်ချုပ်သူ အာဏာပိုင်ကို မဖြုတ်ချခင် အဲဒီ ပြဿနာတွေကို အရင် မစဉ်းစားသင့်ဘူး... အနာဂတ်မှာ ကျွန်တော်တို့ အတူ ယှဉ်တွဲနေထိုင်လို့ ရကောင်း ရနိုင်ပါတယ်...”
အတူ ယှဉ်တွဲနေထိုင်မယ်... ဟုတ်လား...
လုရှန်ကျိုး ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ကောင်းကင်အရှင်ပိုင်က ခေါင်းစဉ်ကို ချက်ချင်း ပြောင်းလိုက်ပြီး ဝိဉာဉ်စွမ်းအင်ကမ္ဘာ၏ အခြေအနေကို မေးမြန်းလိုက်သည်။ သူက ဝိဉာဉ်စွမ်းအင်ကမ္ဘာ၏ အာဏာ တည်ဆောက်ပုံကို နားလည်ချင်သည်။
ခဏကြာအောင် စကားပြောပြီးနောက် ကူချန်က ပြုံး၍ ….“ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံတာ ဆိုတော့ အချင်းချင်း နားလည်နိုင်အောင် ပညာချင်း ဖလှယ်ကြရင် မကောင်းဘူးလား... တိုက်ပွဲက အသိသာဆုံး စွမ်းဆောင်ရည်ပဲလေ... ခင်ဗျားတို့ကြားထဲမှာ ပါရမီရှင်တွေများ ပါလာမလား မသိဘူး...”