အစွမ်းထက်သော လုရှန်ကျိုး၊ နတ်ဘုရားလိုဏ်ဂူများ ရောက်ရှိလာခြင်း
Vol. 28 Ch. 404
ကူချန်၏ အကြံပြုချက်ကြောင့် အင်မော်တယ်နတ်ဘုရားများ၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။ ဤမျှလောက် ချောမွေ့လိမ့်မည် မဟုတ်ကြောင်း သူတို့ ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်၏။ မဟာမိတ်ပြုခြင်း ဆိုသည်မှာ စည်းကမ်းသတ်မှတ်ချက်များ လိုအပ်သည်။ ထိုသတ်မှတ်ချက်များကို မည်သို့ ဖြည့်ဆည်းမည် ဆိုသည်က သူတို့၏ ခွန်အားအပေါ်တွင် မူတည်ပေလိမ့်မည်။
“ကောင်းပြီလေ... ငါ တိုက်မယ်...”
လုရှန်ကျိုးက ဦးဆုံး စကားပြောလိုက်သူ ဖြစ်ကာ ကူချန်ကို ရန်စသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
သိုင်းနတ်ဘုရားနယ်မြေ၏ ဤပါရမီရှင်က မည်သူ့ကိုမျှ မကြောက်ဖူးပေ။
ကူချန် မျက်မှောင်ကြုတ်လိုက်ပြီး … “ရယ်စရာပဲ... ခင်ဗျားကို ပါရမီရှင်လို့ ယူဆလို့ ရသေးလို့လား... ခင်ဗျား ဘယ်နယ်ပယ်မှာလဲ...”
သူ့အမြင်တွင် လုရှန်ကျိုးက ရင့်ကျက်နေပြီဖြစ်သော ပါရမီရှင် တစ်ယောက် ဖြစ်ပြီး မျိုးဆက်သစ်ထဲမှ သေချာပေါက် မဟုတ်ပေ။
လုရှန်ကျိုးက ပြုံးပြီး… “ငါက ကောင်းကင်တရားရုံးရဲ့ ကောင်းကင်စစ်သည် တစ်ပါးပဲ... ငါ့ရာထူးက နိမ့်ပါတယ်... ကောင်းကင်တရားရုံးကို မဝင်ခင်တုန်းကတော့ ငါက သိုင်းနတ်ဘုရားနယ်မြေရဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့တယ်... ငါ့နာမည် လုရှန်ကျိုး... မင်း စုံစမ်းကြည့်လို့ ရပါတယ်...”
လုရှန်ကျိုး….
ကူချန်၏ မျက်လုံးအိမ်များပြူး ကျယ်သွားသည်။ သူ စိတ်လှုပ်ရှားသွားပြီး ထိတ်လန့်တကြား မေးလိုက်မိသည်။
“လုရှန်ကျိုး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ခင်ဗျား သိုင်းနတ်ဘုရားနယ်မြေကို သစ္စာဖောက်ခဲ့တာလား...”
ထင်ရှားသည်မှာ ဝိဉာဉ်စွမ်းအင်ကမ္ဘာသည်လည်း သိုင်းနတ်ဘုရားနယ်မြေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အမြဲ ပိုင်ဆိုင်ထားခဲ့သည်။ သို့သော်လည်း သူတို့က ရှေးဟောင်းဂိုဏ်းများလောက် မာနမကြီးသလို စစ်ပွဲ စတင်ရန်လည်း မဝံ့ရဲကြပေ။
“မင်းပြောသလိုပဲ... သိုင်းတာအိုရဲ့ နိဂုံးက ရောက်လာတော့မှာလေ... ငါက မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်ရုံပါပဲ...”
လုရှန်ကျိုးက မာနထောင်လွှားပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်ရာ ကူချန်ကို ပို၍ပင် မှင်သက်သွားစေသည်။
အင်မော်တယ်နတ်ဘုရားများ သူ့ကို ကြည့်သော အကြည့်များ ပြောင်းလဲသွားကြပြီ..ပထမဆုံးအကြိမ်အဖြစ် သူတို့ သူ့ကို ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်နေသည်ဟု ခံစားလိုက်ကြရသည်။
ပြောရမည် ဆိုလျှင် ရန်သူ့စခန်းထဲ၌ ဤကဲ့သို့သော လူမျိုး ရှိနေပါက လူများကို ဒေါသဖြင့် အံကြိတ်မိအောင် သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။ သို့သော်လည်း ကိုယ့်လူ ဖြစ်နေပါက ရန်သူကို လှောင်ပြောင် ရန်စနေသည်ကို ကြည့်ရခြင်းက သူတို့၏ စိတ်ဝိဉာဉ်ထဲထိ ထိုးဖောက်သွားသော လန်းဆန်းမှုကို ပေးစွမ်းလေသည်။
လုရှန်ကျိုးက ကူချန်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး …“ငါ့နာမည်ကို ကြားဖူးမှတော့ မင်း ယှဉ်ပြိုင်ရဲသေးရဲ့လား... မင်း မကျေနပ်ရင် မင်းတို့ဆီက ပါရမီရှင်တွေ အကုန်လုံး ငါ့ကို ဝိုင်းတိုက်ခိုင်းလိုက်... မလုံလောက်သေးဘူး ထင်ရင် မင်းတို့ကမ္ဘာရဲ့ အတော်ဆုံး တိုက်ခိုက်ရေးသမားကို လွှတ်လိုက်...”
သူက ပါရမီရှင် တစ်ယောက်တင် မဟုတ်ဘဲ ရင့်ကျက်သော သိုင်းနတ်ဘုရားအရှင် တစ်ပါး ဖြစ်သည် မဟုတ်ပါလော။
ကောင်းကင်တရားရုံးသို့ မဝင်ရောက်မီ အဆုံးမဲ့လေဟာနယ်ထဲတွင် ကမ္ဘာများစွာ ပုန်းအောင်းနေကြောင်း သူ သိထားခဲ့သော်လည်း မျက်လုံးဖွင့်ပြီး မကြည့်ခဲ့မိခြင်းသာ ဖြစ်သည်။
ကူချန် မျက်မှောင်ကြုတ်လိုက်မိသည်။ လမ်းခုလတ်တွင် ရပ်တန့်ရန် ခက်ခဲနေချေပြီ။ လုရှန်ကျိုး မည်မျှ အစွမ်းထက်ကြောင်း သူ သိသည်။
ကျန်းထျန်းမင်က လုရှန်ကျိုးကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
ဘယ်လောက် မာနကြီးလိုက်သလဲ...
သူ သဘောကျတယ်...
ကောင်းကင်အရှင်ပိုင်က မျက်နှာသေဖြင့် … “ရိုင်းပျမနေနဲ့... ပညာချင်း ဖလှယ်မလား မဖလှယ်ဘူးလားဆိုတာ သူတို့သဘောပဲ... ငါတို့က ဒီကို ဧည့်သည်အနေနဲ့ ရောက်လာတာ...”
လုရှန်ကျိုး ပခုံးတွန့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ကူချန်က တိတ်တခိုး သက်ပြင်းချလိုက်ပြီး ကောင်းကင်အရှင်ပိုင်နှင့် ဆက်လက် စကားပြောလိုက်ကာ ယှဉ်ပြိုင်ခြင်း အကြောင်း ထပ်မပြောတော့ချေ။
လုရှန်ကျိုး၏ ခွန်အားပြသမှုက ကောင်းကင်တရားရုံးဘက်မှ စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးလိုက်ပြီး လူတိုင်း မသိမသာ ခေါင်းမော့ရင်ကော့နေကြသည်။
ကျယ်ပြန့်သော ကြယ်တာရာ ကောင်းကင်ယံတွင် မိုးမခရွက်ကဲ့သို့ ကောင်းကင်လှေ တစ်စင်း ရှေ့သို့ ရွေ့လျားနေပြီး လှေပေါ်တွင် သစ်ပင်ပန်းမန်များ ပေါများကြွယ်ဝသော တောင်များနှင့် မြစ်များပါရှိသည့် ကမ္ဘာတစ်ခုလည်း ရှိနေသည်။
တုကူးထောင် နန်းတော်တစ်ခုထဲတွင် စာလိပ်တစ်ခုကို ကိုင်လျက် ထိုင်နေပြီး သူ့လက်များ တုန်ရီနေကာ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အပြုံးတစ်ခု ဖုံးလွှမ်းနေသည်။
“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... လုရှန်ကျိုး... ထင်ထားတဲ့အတိုင်း မင်း သိုင်းနတ်ဘုရားနယ်မြေကို စွန့်ပစ်လိုက်တာပဲ... ငါ ကိုယ်တိုင် မင်းကို သတ်ပြီး မင်းကို ရွေးချယ်ခဲ့တာ အမှားတစ်ခု ဖြစ်ကြောင်း သိုင်းနတ်ဘုရားနယ်မြေကို သက်သေပြမယ်...”
တုကူးထောင် တစ်ယောက်တည်း ရေရွတ်လိုက်ပြီး သူ့လေသံတွင် သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားနိုင်ချေ။
သူသည် သိုင်းအရှင်သခင် တစ်ပါး ဖြစ်ပြီး သူ့ခွန်အားမှာ လုရှန်ကျိုးထက် မြင့်မားသည်။ ယခင်က လုရှန်ကျိုးကို တိုက်ခိုက်ချင်ခဲ့သော်လည်း သူ့အထက်မှ တစ်စုံတစ်ယောက်က ကာကွယ်ပေးလိုခဲ့သည်။
ဤအကြောင်းကို သိသွားကြသည့်အခါ အထက်လူကြီးများ၏ တုံ့ပြန်မှုကို သူ မျှော်လင့်နေမိသည်။ သေချာပေါက် စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။
ရယ်စရာပဲ…..
အရည်အချင်းရှိသူကို မျက်နှာသာပေးသော စည်းမျဉ်းကို ပြောင်းလဲပစ်သင့်ပြီ..
ပြီးခဲ့တဲ့အကြိမ်က ယဲ့ရှန်ခုံး၊ အခုကျတော့ လုရှန်ကျိုး...။ အထက်လူကြီးတွေ ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ ဆိုတာ တုကူးထောင် နားမလည်နိုင် ဖြစ်ရသည်။
သူ စာလိပ်ကို ချပြီး မော့ကြည့်လိုက်တော့ နန်းတော်တံခါး ပွင့်နေသဖြင့် သူ့ရှေ့ရှိ ကြယ်တာရာ ကောင်းကင်ယံကို ကြည့်လိုက်သည်။ ကမ္ဘာများ ဖြတ်သန်းသွားနေပြီး ကောင်းကင်လှေက လေဟာနယ်ထဲသို့ ရွက်လွှင့်နေသည်။
တုကူးထောင် မျက်လုံးများ မှိတ်လိုက်ပြီး သူ့ဦးတည်ရာကို စောင့်ဆိုင်းနေလိုက်သည်။
ချုပ်တည်းခြင်းဂါထာကို ကျင့်ကြံပြီးနောက် ကျန်းချန်ရှန်း တံခါးပိတ် ကျင့်ကြံခြင်း ပြန်လုပ်လိုက်ပြန်သည်။
သူ နှစ်ကာလများကို ဂရုမစိုက်ဘဲ အချိန်ကို ကုန်ဆုံးခွင့် ပြုလိုက်သည်။
ကျန်းဂျန်နှင့် လင်းဟောက်ထျန်းတို့ တိချန်းနှင့်အတူ ပြန်ရောက်လာပြီးနောက် ကြာကြာ မနေဘဲ စူးစမ်းလေ့လာရန် အခြား အမည်မသိ နေရာတစ်ခုသို့ ထွက်ခွာသွားကြပြန်သည်။
လူ့လောကတွင်လည်း အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။ ၎င်းမှာ ယဲ့ကျန်း၏ နှစ် ၅၀၀ ထောင်ဒဏ် ပြည့်မြောက်သွားခြင်း ဖြစ်သည်။ သူ့ကို ချိပ်ပိတ်ထားသော ကန့်သတ်ချက်မှာ အချိန်ကျသည်နှင့် ပျောက်ကွယ်သွားသော်လည်း သူ တောင်ပေါ်မှ ချက်ချင်း ဆင်းမလာခဲ့ပေ။ ထိုအစား သူ လိုဏ်ဂူထဲတွင် ဆက်လက် ကျင့်ကြံနေလိုက်သည်။
ကျန်းဇီယုက သူ့ကို ဖိတ်ခေါ်ရန် လူလွှတ်ခဲ့ပြီး ကောင်းကင်စစ်သည် အဖြစ် ခန့်အပ်ခဲ့ကာ ကောင်းကင်တရားရုံးသို့ သူ လာမည့်နေ့ကို စောင့်ဆိုင်းနေသည်။
ယဲ့ကျန်း ကောင်းကင်တရားရုံးသို့ သွားရန် အလျင်မလိုခြင်းမှာ သူ အဆင့်တက်တော့မည် ဖြစ်သောကြောင့်ပင်။ သူသည် မူလကောင်းကင်အဓိပတိနယ်ပယ်ကို ကျော်လွန်ပြီး တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
တစ်နေ့တွင် ခရမ်းရောင်တိမ်တိုက်နန်းတော် အတွင်း၌ ကျင့်ကြံနေသော ကျန်းချန်ရှန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အရိပ်အယောင် တစ်ခု သူ့မျက်ဝန်းထဲတွင် ဖြတ်သန်းသွားသည်။
“သိုင်းနတ်ဘုရားနယ်မြေ...”
အနန္တကမ္ဘာမုခ်ဉီးထံမှ အစွမ်းထက်သော အော်ရာများစွာ လာနေသည်ကို သူ အာရုံခံလိုက်မိသည်။ ထင်ရှားသည်မှာ သိုင်းနတ်ဘုရားနယ်မြေမှ ကျွမ်းကျင်သူများ အနန္တကမ္ဘာမုခ်ဉီး ဦးတည်ရာ ကမ္ဘာတွင် ပေါ်လာကြပြီ ဖြစ်သည်။ဤလူများ၏ အော်ရာများမှာ အနည်းဆုံး သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်တွင် ရှိကြသည်။
သိုင်းနတ်ဘုရားနယ်မြေဘက်က ဤမျှ များပြားသော ကျွမ်းကျင်သူများကို တစ်ပြိုင်နက် စေလွှတ်နိုင်သည်မှာ သူ့ကို အံ့အားသင့်စေခဲ့သည်။ ယခင်က သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ကို မြင်တွေ့ရရန်မှာ ရှားပါးလှသည်။ ထို့ပြင် သူတို့အားလုံးမှာ မဟာကောင်းကင်အရှင်များ ဖြစ်နိုင်ကြသည်။
သိုင်းနတ်ဘုရားနယ်မြေက သိုင်းနတ်ဘုရားအရှင်များနှင့် မဟာကောင်းကင်အရှင်များ အားလုံးကို လွှတ်လိုက်တာများလား...
ကျန်းချန်ရှန်း သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ်ထက် ကျော်လွန်သော အော်ရာတစ်ခုကိုလည်း အာရုံခံမိလိုက်သည်။
သူတို့၏ အင်အားစုများကို တွက်ချက်ပြီးနောက် သူ မတ်တပ်ထရပ်လိုက်ပြီး ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။
သူ စောင့်ဆိုင်းနေရင်း လူ့လောကကို လှမ်းကြည့်လိုက်ရာ ထျန်းကျင်းသည် ကောင်းကင်အမွေခံခေါတ်၏ ၂၆၅ နှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူသည်လည်း အသက် ၁၁၄၉ နှစ် ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူ နောက်ဆုံး အဆင့်တက်ခဲ့သည်မှာ ၅၆၁ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး သူ့ကျင့်ကြံခြင်းနယ်ပယ်မှာ တိုးတက်နေဆဲ ဖြစ်သည်။ သူ စတင် အဆင့်တက်ခဲ့စဉ်ကနှင့် ယှဉ်လျှင် သူသည် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေသည်။ လာမည့် တိုက်ပွဲနှင့် ရင်ဆိုင်ရာတွင် သူ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိပေ။
ကျန်းချန်ရှန်း၏ အကြည့်က ယဲ့ကျန်းအပေါ်သို့ ကျရောက်သွားသည်။ ဒီကောင်လေးက အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီး တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်၏ စွမ်းအားကို စုစည်းနေသည်။ ခွန်းလွန်လွင်ပြင်ကို ကျန်းချန်ရှန်း၏ ကံတရားဖြင့် တည်ငြိမ်စေခဲ့သဖြင့် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်၏ စွမ်းအားကို ခံနိုင်ရည် ရှိနေသည်။ လုရှန်ကျိုး ဝင်ရောက်လာကတည်းက ကောင်းကင်တရားရုံး၏ ကံတရားမှာ မိုးထိအောင် မြင့်တက်လာခဲ့ပြီဖြစ်ရာတုနှိုင်းမဲ့လေဟာနယ်နယ်ပယ် မဆိုထားနှင့် သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် တစ်ခု မွေးဖွားလာလျှင်ပင် ကမ္ဘာကြီး ပြိုကွဲသွားစေမည် မဟုတ်ပေ။
“ကောင်းကင်တရားရုံးကို သွားပြီး ကောင်းကင်စစ်သည် လုပ်ချေ... တိုက်ပွဲအတွက် ပြင်ဆင်တော့...”
ကျန်းချန်ရှန်းက ယဲ့ကျန်းထံသို့ အသံပေးပို့လိုက်သည်။
လိုဏ်ဂူထဲတွင် တရားထိုင်နေသော ယဲ့ကျန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူ တောင်ကို ဖောက်ထွက်၍ ကောင်းကင်တရားရုံးဆီသို့ ပျံသန်းသွားလေသည်။
“ကောင်စုတ်လေး... ဘာလို့ ကောင်းကင်တရားရုံးကို ရုတ်တရက် သွားရတာလဲ...”
အံ့သြနေသော ယဲ့ဘိုးဘေး၏ အသံ ယဲ့ကျန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ယဲ့ကျန်း မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ဖြေလိုက်သည်က…“တာအိုဘိုးဘေး ကျွန်တော့်ကို ဆင့်ခေါ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းလို့ပါ...”
ခုလေးတင် အဆင့်တက်ထားသော သူသည် ကိုယ့်ကိုယ်ကိုယ် သက်သေပြရန် မစောင့်နိုင်တော့ပေ။
နှစ် ၅၀၀... နှစ်ပေါင်း ၅၀၀ တိတိ…
သူသည် စိတ်ပျက်အားငယ်မှုများကို သူ့ရင်ထဲတွင် နှစ် ၅၀၀ ကြာအောင် သိမ်းဆည်းထားခဲ့ရသည်။ သူ့ရင်ထဲတွင် တောက်လောင်နေသော မီးတောက်ကို မည်သူ သိနိုင်မည်နည်း…
မကြာမီ ကောင်းကင်တရားရုံး တုန်လှုပ်သွားသည်။ယဲ့ကျန်း ရောက်ရှိလာခြင်းက ကောင်းကင်တရားရုံးကို ကြီးမားသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်စေသည်။ ကံကောင်းသည်မှာ ယဲ့ကျန်းက အချိန်မီ မိတ်ဆက်လိုက်ပြီး ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ကြိုဆိုကာ နတ်ဘုရားများ ခန့်အပ်ခြင်း စာရင်းထဲသို့ ထည့်သွင်းပေးလိုက်သည်။
ယဲ့ကျန်း ရောက်ရှိလာခြင်းနှင့် တုနှိုင်းမဲ့လေဟာနယ်နယ်ပယ်တွင် ရှိနေခြင်း သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကောင်းကင်တရားရုံး၏ အင်မော်တယ်နတ်ဘုရားများကို များစွာ လှုံ့ဆော်ပေးလိုက်သည်။
ပြင်ပကမ္ဘာမှ ကျွမ်းကျင်သူများ ပိုမို ဝင်ရောက်လာကြသဖြင့် သူတို့ ဖယ်ထုတ်ခံရမည်ကို စိုးရိမ်လာကြသည်။ ထို့ကြောင့် သူတို့ လေ့ကျင့်ရာတွင် ပိုမို ကြိုးစားရုံသာ တတ်နိုင်တော့သည်။
“တာအိုဘိုးဘေးက မင်းကို တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းတာလား...”
ကျန်းဇီယု ရှေ့တွင် ရပ်နေသော ယဲ့ကျန်းက ယခုဆို ကောင်းကင်တရားရုံး၏ ငွေရောင် နတ်ဘုရားသံချပ်ကာကို လဲလှယ်ဝတ်ဆင်ထားပြီး အလွန်အမင်း အရှိန်အဝါ ကြီးမားနေသည်။
ယဲ့ကျန်း ခေါင်းညိတ်လိုက်ပြီး အံ့သြတကြီး မေးလိုက်သည်။
“အရှင်မင်းကြီး မသိဘူးလား...”
ကျန်းဇီယု ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို ကြားလိုက်ရပြီး သူ့မျက်နှာထား ဗြောင်းဆန်သွားသည်။
“ငါတို့ သိပြီးသားပါ... သွားကြစို့...”
တစ်နာရီ ကြာသောအခါ ကျန်းဇီယုက ဒုတိယအသုတ် ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်ချုပ်များကို အနန္တကမ္ဘာမုခ်ဉီးဆီသို့ ခေါ်ဆောင်လာသည်။ အခြား တရားဝင် နတ်ဘုရားများလည်း ရောက်လာကြပြီး သူတို့ အနန္တကမ္ဘာမုခ်ဉီးထဲသို့ အတူတူ ဝင်ရောက်ရန် ပြင်ဆင်လိုက်ကြသည်။
“လာမယ့် တိုက်ပွဲမှာ မင်းတို့ ဝင်ပါစရာ မလိုဘူး... ဒါပေမဲ့ တိုက်ပွဲကို အလေးအနက်ထားပြီး ကြည့်ရမယ်... မင်းတို့ စစ်မှန်တဲ့ ခွန်အားကို မြင်တွေ့ရလိမ့်မယ်... ပြီးတော့ ကောင်းကင်တရားရုံးက ဘာနဲ့ ရင်ဆိုင်နေရလဲ ဆိုတာကိုပေါ့...”
ကျန်းဇီယုက တိမ်တိုက်များထဲတွင် ရပ်လျက် အင်မော်တယ်နတ်ဘုရား အားလုံးကို ငုံ့ကြည့်ကာ အားပါးတရ ပြောလိုက်သည်။ ယဲ့ကျန်းက သူ့ဘေးတွင် ရပ်နေပြီး စိတ်လှုပ်ရှားနေသည်။
ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်ချုပ်များက အသက်အောင့်ပြီး အာရုံစိုက်လိုက်ကြသည်။ လုရှန်ကျိုး တိုက်ခိုက်စဉ်က တိုက်ပွဲကို သူတို့ ပြန်သတိရလိုက်ကြသည်။ သို့သော်လည်း ထိုအချိန်က ကြည့်ရှုသူများမှာ ပထမအသုတ် ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။ ဒုတိယအသုတ်မှာမူ တာအိုဘိုးဘေး၏ ခမ်းနားထည်ဝါမှုကို ကြားဖူးရုံသာ ရှိသေးသည်။
ဒီတစ်ကြိမ်များတော့...
လူတိုင်း စိတ်လှုပ်ရှားလာကြသည်။
ကောင်းကင်တရားရုံးသို့ ဝင်ရောက်လာသူ အားလုံးမှာ တာအိုဘိုးဘေး၏ ယုံကြည်ကိုးကွယ်သူများ ဖြစ်ကြသည်။
ကျန်းဇီယုက ကျိဝူကျွင်းကို ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ကျိဝူကျွင်းက ကောင်းကင်စစ်သည်များနှင့် စစ်ဗိုလ်ချုပ်များကို အနန္တကမ္ဘာမုခ်ဉီးထဲသို့ ချက်ချင်း ဦးဆောင် ခေါ်သွားလိုက်သည်။
ယဲ့ကျန်းက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“အရှင်မင်းကြီး... လုရှန်ကျိုး ဘယ်မှာလဲ...”
လုရှန်ကျိုး ကောင်းကင်တရားရုံးသို့ ဝင်ရောက်လာကြောင်း ကြားသိရသောအခါ သူ အံ့သြခြင်း မရှိသော်လည်း စိုးရိမ်ပူပန်မိသည်။ လုရှန်ကျိုးက သိပ်ကို အစွမ်းထက်လွန်းလှသည်။ လုရှန်ကျိုးဆိုသူက သူ့အစ်ကိုနှင့် တစ်တန်းတည်း ရှိသော ဖြစ်တည်မှုမျိုး ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပါဝင်လာခြင်းက သူ့ကို အကျပ်အတည်း ခံစားရစေပြီး ကောင်းကင်တရားရုံး၏ တန်ဖိုးထားခြင်းကို မခံရမည်ကို စိုးရိမ်မိသည်။
ကျန်းဇီယုက ..“သူ တာဝန်တစ်ခုနဲ့ အပြင်ထွက်သွားတယ်...”
သူ ယဲ့ကျန်း၏ အတွေးများကို မြင်သော်လည်း နှစ်သိမ့်မပေးခဲ့ပေ။ ယဲ့ကျန်း သိပ်ပြီး မာနမကြီးစေရန် လုရှန်ကျိုးကို အသုံးပြု၍ လှုံ့ဆော်ပေးလိုသည်။
လုရှန်ကျိုး ဝင်ရောက်လာကတည်းက တိုင်ရှီးချန်တောင်မှ ပိုပြီး ထိန်းသိမ်းလာခဲ့သည်။
ကျန်းဇီယု၏ နောက်တွင် အမျိုးသား ဒါဇင်ပေါင်းများစွာ ရှိပြီး အားလုံးမှာ သူ့သားသမီးများနှင့် မြေးမြစ်များ ဖြစ်ကြသည်။ ဒီတစ်ကြိမ်တွင် သူ့သားသမီးများနှင့် မြေးမြစ်များကိုလည်း ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ထားသည်။
မကြာမီ အင်မော်တယ်နတ်ဘုရား စစ်တပ်ကြီး အနန္တကမ္ဘာမုခ်ဉီး အတွင်းသို့ ဝင်ရောက်သွားပြီး ကောင်းကင်တရားရုံးတခုလုံး တိတ်ဆိတ်သွားသည်။
အနန္တကမ္ဘာမုခ်ဉီးကို ဖြတ်သန်းပြီးနောက် ယဲ့ကျန်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ တောက်ပနေသော ကြယ်တာရာ ကောင်းကင်ယံနှင့် အောက်ဘက်ရှိ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး ဖြစ်သည်။ ဤနေရာရှိ သိုင်းပညာ ဝိဉာဉ်စွမ်းအင်မှာ အလွန် ကြွယ်ဝသဖြင့် သူ့ကို စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်သွားစေသည်။
တစ်သိန်းသော စစ်သည်တော်များမှာ တိုက်ပွဲဝင်ပုံစံဖြင့် စောင့်ဆိုင်းနေကြပြီ ဖြစ်ပြီး တရားဝင် နတ်ဘုရားများလည်း စတင် စောင့်ဆိုင်းနေကြသည်။
ကျိဝူကျွင်းက ပိုင်ချီ၏ ဘေးသို့ ရောက်လာပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“တာအိုဘိုးဘေး တကယ် လှုပ်ရှားတော့မှာလား...”
ပိုင်ချီက အဖိုးတန် သတ္တုများဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်တွင် ထိုင်လျက် နတ်သမီး နှစ်ပါး၏ နှိပ်နယ်မှုကို ခံယူရင်း ပြုံးကာ …. “ဒါပေါ့... မဟုတ်ရင် ကောင်းကင်ဧကရာဇ်မင်းမြတ် နောက်ပြောင်နေတယ်လို့ မင်းထင်လို့လား...”
ကျိဝူကျွင်းက သူမကို အကဲခတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်ပြန်သည်။
“ဒါ တာအိုဘိုးဘေးဆီက သင်လာတာလား...”
ပိုင်ချီ မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်သည်က…“အဓိပ္ပာယ်မရှိတာ... ငါက ပင်ပန်းနေရုံပါ...”
ကျိဝူကျွင်းက သူမ ဘာကြောင့် ပင်ပန်းရသလဲ ဟု မေးချင်သော်လည်း ထိန်းထားလိုက်သည်။ မည်သို့ပင်ဆိုစေ ပိုင်ချီက တာအိုဘိုးဘေး၏ ဘေးနားမှ နာမည်ကြီး လူတစ်ယောက် ဖြစ်သည်။ တာအိုဘိုးဘေး၏ လတ်တလော အခြေအနေကို သူမမှတစ်ဆင့် ဂရုပြုရန် လိုအပ်သေးသည်။
မကြာမီ မူလင်းလော့ နောက်ဘက်မှ ပျံသန်းလာသည်ကို ပိုင်ချီ မြင်သောအခါ ကမန်းကတန်း မတ်တပ်ထရပ်ပြီး မူလင်းလော့အတွက် လမ်းဖယ်ပေးလိုက်ကာ မူလင်းလော့၏ ပခုံးများကိုပင် ကိုယ်တိုင်ကိုယ်ကျ နှိပ်နယ်ပေးလိုက်သေးသည်။
ဤအဖြစ်ပျက်ကိုကြည့်ပြီးကျိဝူကျွင်းမှာ ပြောစရာ စကားမဲ့သွားရသည်။
အမျိုးသမီး အင်မော်တယ် အုပ်စုထဲတွင်မှ ယုယန်ရိက မူလင်းလော့ကို အားကျစိတ်၊ မနာလိုစိတ် အနည်းငယ်ဖြင့် ကြည့်လိုက်သည်။
ကျန်းဇီယုကလည်း သူ့သားသမီးများနှင့် မြေးမြစ်များကို ခေါ်ဆောင်၍ မူလင်းလော့ကို ဂါရဝပြုလိုက်သည်။ မူလင်းလော့က တာအိုဘိုးဘေး၏ ဇနီးဖြစ်ကြောင်း ယဲ့ကျန်း သိလိုက်ရသောအခါ သူလည်း နေမထိထိုင်မသာ ဖြစ်သွားရသည်။
အချိန်ကြာမြင့်ပြီးနောက်...
အစွမ်းထက်သော အော်ရာတစ်ခု မိုးကုတ်စက်ဝိုင်း အဆုံးမှ ထွက်ပေါ်လာပြီး ကောင်းကင်တရားရုံးရှိ လူတိုင်းကို နှောင့်ယှက်လိုက်သည်။
“ဒုက္ခပါပဲ... အဲဒါ နတ်ဘုရားလိုဏ်ဂူ ၇၂ ခု ပဲ...”
ယဲ့ဘိုးဘေးက ယဲ့ကျန်း၏ စိတ်ထဲတွင် အော်ဟစ်လိုက်ပြီး သူ့စကားလုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ယဲ့ကျန်းက သူ့စိတ်ထဲတွင် အမြန် မေးလိုက်သည်။ “နတ်ဘုရားလိုဏ်ဂူ ၇၂ ခုဆိုတာ ဘာလဲ...”
စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ယဲ့ဘိုးဘေးက “သူတို့က ဟိုတုန်းက ယဲ့ရှန်ခုံးကို ဖိနှိပ်ခဲ့တဲ့သူတွေလေ... ၇၂ ယောက်စလုံးက သိုင်းတာအိုစိတ်ဝိဉာဉ်နယ်ပယ် ကျွမ်းကျင်သူတွေ ဖြစ်ပြီး သူတို့ခွန်အားက မဟာကောင်းကင်အရှင် တစ်ပါးထက် မလျော့ဘူး... ဒါပေမဲ့ သူတို့က မဟာကောင်းကင်အရှင်တွေ မဟုတ်ကြဘူး... သူတို့က လူတစ်ယောက်တည်းရဲ့ စကားကိုပဲ နားထောင်ကြတာ...”
“ဘယ်သူလဲ...”
“တုနှိုင်းမဲ့ခွန်းလွန်...”