← Chapters

မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်

Vol. 4 Ch. 31

မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်

Vol. 4 Ch. 31

ဆောင်းရာသီ၏ ခါးသီးလှသော အအေးဒဏ်ကြောင့် ချင်းရှောင်းဂိုဏ်းဝင်းအတွင်း၌ နှင်းထုများ ဖုံးလွှမ်းနေပြီး ထိုအအေးဓာတ်က လူတို့၏ နှလုံးသားထဲထိ စိမ့်ဝင်နေ၏။

ချင်ကျွယ် ပြောပြသော သတင်းကို ကြားလိုက်ရပြီးနောက် လီချင်းချိုးနှင့်ကျန်းယွီချွန်းတို့၏ မျက်နှာထားများ ပျက်ယွင်းသွားကြသည်။

ဝူပေါင်ယွီ ထိုကဲ့သို့ သေဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

ဝူပေါင်ယွီက ချင်းရှောင်းဂိုဏ်းတွင် ကြာရှည်စွာ နေထိုင်ခဲ့ခြင်း မရှိသော်လည်း သူတို့နှင့်အတူ နေ့ရောညပါ အတူတကွ ရှိခဲ့ကြသဖြင့် ဝူပေါင်ယွီ သေဆုံးမှုက သူတို့အပေါ် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုကို အတိုင်းအတာတစ်ခုအထိ ဖြစ်ပေါ်စေခဲ့သည်။

အထူးသဖြင့် ဝူပေါင်ယွီကို တောင်ပေါ်သို့ ဖိတ်ခေါ်ခဲ့ပြီး သူနှင့် အများဆုံး ပြောဆိုဆက်ဆံခဲ့သူ ကျန်းယွီချွန်းမှာ ဝူပေါင်ယွီ၏ ဆိုးရွားသော သေဆုံးမှုသတင်းကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားလေသည်။

ယန်ကျွယ်တိန်က တုံ့ပြန်မှု အမြန်ဆုံး ဖြစ်သည်။ သူက တမင်တကာ မျက်ခုံးပင့်လျက် အံ့အားသင့်စွာ မေးလိုက်သည်။

"မိစ္ဆာဂိုဏ်း အစောင့်အရှောက်တဲ့လား... အဲဒါ ထိပ်တန်းအဆင့် ပညာရှင်လေ... သူဘာ့ကြောင့် နန်းတော်ထဲကို တစ်ယောက်တည်း ဝင်စီးလောက်အောင် မိုက်မဲရတာလဲ..."

သူ့​မေးခွန်းက ချင်ကျွယ်၏ အာရုံကို ဖမ်းစားသွားသည်။ ချင်ကျွယ်က ချင်ယဲ့ထံမှ အကြည့်ကိုခွာ၍ ယန်ကျွယ်တိန်ဘက်သို့ လှည့်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်... ကျွန်တော်လည်း သတင်းကြားကြားချင်း တော်တော်လေး နားမလည်နိုင် ဖြစ်သွားတာ... တချို့ကတော့ သူ လမ်းမှားရောက်ပြီး စိတ်ဖောက်ပြန်သွားတာလို့ ပြောကြတယ်... လက်ရှိ ဧကရာဇ်က နန်းတက်ပြီးတာနဲ့ မိစ္ဆာလမ်းစဉ် လိုက်သူတွေကို ရှင်းလင်းဖို့ အမိန့်ပေးခဲ့တာဆိုတော့ မိစ္ဆာဂိုဏ်း လက်ကျန်တွေက ဧကရာဇ်ကို အကြီးအကျယ် မုန်းတီးနေကြမှာပေါ့..."

"ပြောရမယ်ဆိုရင်တော့ဗျာ... ကျန်းဟူလောကမှာ နာမည်ကြီးတဲ့ အဲဒီ ရှေးဟောင်းသိုင်းသမားကြီးတွေက တကယ်ကို ကြောက်စရာ ကောင်းလွန်းပါတယ်... နန်းတော်ဆိုတာ အစောင့်အကြပ်တွေ ထူထပ်တဲ့ နေရာလေ... အဲဒါကို သူက နန်းတော်တံခါးမကြီးကနေ အတင်း ဝင်စီးပြီး ဧကရာဇ်ရဲ့ အိပ်ဆောင်အထိ ရောက်အောင် သတ်ဖြတ်ဝင်ရောက်သွားနိုင်ခဲ့တယ်... တကယ်ကို မယုံနိုင်စရာပဲ... အဲဒီညက နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး ကောင်းကင်ကာကွယ်ရေးတပ်ဖွဲ့တောင်မှ သူ့ကို နိုင်အောင် တော်တော်လေး ကြိုးစားလိုက်ရတယ်လို့ ကြားတယ်... သူက လူတစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်ရဲတဲ့ သတ္တိမျိုး ရှိတာပဲ... အဲဒီလိုလူမျိုးသာ စစ်မြေပြင်မှာ ရှိနေမယ်ဆိုရင် ကျွန်တော်တို့ တာ့လီမင်းဆက်အတွက် ဆုလာဘ်ကြီး တစ်ခု ဖြစ်လာမှာ... နှမြောစရာ ကောင်းတာက သူက မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားတာပဲ..."

"ဝူပေါင်ယွီက မကောင်းမှုတွေ အများကြီး လုပ်ခဲ့တာဆိုတော့ သေသင့်ပါတယ်လေ... ကျွန်တော် စိုးရိမ်တာက ဧကရာဇ်မင်းမြတ် ထိတ်လန့်သွားပြီး သိုင်းလောကကို နောက်တစ်ကြိမ် ထပ်ပြီး သန့်စင်ရေး လုပ်မှာကိုပဲ..."

စကားဆုံးသောအခါ ချင်ကျွယ်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။

ကျန်းယွီချွန်း၏ စိတ်မကောင်းဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် လီချင်းချိုးက ဝင်မေးလိုက်သည်။

"ဒါ့အပြင် ကျန်းဟူလောကမှာ တခြား ထူးခြားဖြစ်စဉ်တွေ ရှိသေးလား..."

ချင်ကျွယ်က လီချင်းချိုးဘက်သို့ လှည့်၍ ပြုံးလိုက်ပြီး

"ရှိတာပေါ့ဗျာ... ကျန်းဟူလောကဆိုတာ သတင်းအသစ်အဆန်းတွေ ဘယ်တုန်းက ပြတ်လို့လဲ... ချင်းဂိုဏ်းနဲ့ ခုနစ်စဉ်တောင်ထိပ်မဟာမိတ်အဖွဲ့တို့ တိုက်ပွဲ ဖြစ်တော့မယ်လို့ ကြားတယ်... ဒီချင်းဂိုဏ်းက ရည်မှန်းချက်ကြီးပြီး ဒုတိယမြောက် မိစ္ဆာဂိုဏ်း ဖြစ်လာနိုင်ခြေ ရှိတယ်..."

ချင်ယဲ့က ယန်ကျွယ်တိန် သူ့ကို ကြည့်နေသည်ကို သတိထားမိသဖြင့် တံမြက်စည်းကို ကမန်းကတန်း ကောက်ကိုင်လိုက်ပြီး လီချင်းချိုးတို့ဘက်သို့ ကျောပေးကာ ဆက်လက်၍ နှင်းများကိုလှည်းကျင်းနေသည်။ သို့သော်လည်း သူ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျနေသည်။

သူ့ မျက်ရည်များ နှင်းပြင်ပေါ်သို့ ကျဆင်းသွားပြီး ဝူပေါင်ယွီ၏ သေဆုံးမှုကဲ့သို့ပင် မည်သည့် သဲလွန်စမျှ ကျန်ရစ်ခြင်း မရှိတော့ချေ။

တစ်ခဏမျှ စကားစမြည် ပြောပြီးနောက် လီချင်းချိုးက အခွင့်ကောင်းယူ၍ ယန်ကျွယ်တိန်ကို ဧည့်ခံခိုင်းထားခဲ့ကာ ကျန်းယွီချွန်းနှင့်အတူ ထွက်လာခဲ့သည်။

အခန်းထဲသို့ ပြန်ရောက်၍ လီချင်းချိုး တံခါးပိတ်လိုက်သည်နှင့် ကျန်းယွီချွန်း သူ့ကိုယ်သူ ပါးရိုက်လိုက်လေသည်။

လီချင်းချိုးက သူ့ဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်၍

"မင်း ဘာလုပ်တာလဲ..."ဟု မေးလိုက်သည်။

ကျန်းယွီချွန်းက အံကိုတင်းတင်းကြိတ်၍

"ကျွန်တော်သာ သူ့ကို ချင်းရှောင်းဂိုဏ်းဆီ မခေါ်လာခဲ့ရင် ခရိုင်ဝန် သူ့ကို တွေ့သွားမှာ မဟုတ်ဘူး... သူလည်း နန်းတော်ထဲကို ဝင်စီးမှာ မဟုတ်ဘူး... ဂိုဏ်းချုပ်အစ်ကို... သူက ကျွန်တော်တို့အပေါ် သံသယ ကင်းအောင် လုပ်ပေးဖို့အတွက် သေလမ်းကို ရွေးသွားခဲ့တာ... သူသေသွားပြီဆိုတော့ သူ အသက်ရှင်တုန်းက ဘယ်သူနဲ့ ပတ်သက်ခဲ့တယ် ဆိုတာကို ဘယ်သူမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး..."

လီချင်းချိုးက ခေါင်းခါလိုက်ပြီး

"အဲဒီအချိန်တုန်းက မင်း ဒီလောက်အထိ ဘယ်လိုလုပ် ကြိုမြင်နိုင်မှာလဲ... ပြီးတော့ သူ ချင်းရှောင်းဂိုဏ်းကို မရောက်လာခဲ့ရင်တောင် နောက်ဆုံးကျရင် နန်းတော်ဆီ သွားမှာပဲလို့ ငါ ထင်တယ်... အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာမှာပါ... သူ ဘာလို့ တခြားသူတွေရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့လဲဆိုတာ မင်း မေ့သွားပြီလား... သူက ရှုံးချင်လို့ မဟုတ်ဘူး... သူ့ရဲ့ ပြိုင်ဘက်ကင်း ပညာရပ်တွေကို လက်ဆင့်ကမ်းချင်လို့... ပြီးတော့ တောင်ပေါ်မှာ ရှိနေတဲ့ အချိန်တုန်းက သူ့ဆီမှာ အသက်ဓာတ် ကင်းမဲ့နေပြီး စိတ်ဓာတ်ကျနေတာကို မင်း သတိမထားမိဘူးလား... ဘယ်အရာကမှ သူ့ကို အံ့သြအောင်၊ ပျော်ရွှင်အောင် မလုပ်နိုင်ခဲ့ဘူး..."

ထိုစကားကို ကြားပြီးနောက် ကျန်းယွီချွန်း၏ မျက်နှာထား အနည်းငယ် ပျော့ပြောင်း သွားသော်လည်း စိတ်ထဲတွင် လေးလံနေဆဲပင်။

ဤသည်မှာ သူ့အဖို့ သိကျွမ်းသူ တစ်ဦး၏ သေဆုံးမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ပြီး အလွန် ဆိုးရွားသော သေဆုံးမှု ဖြစ်နေသည်။ ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသော်လည်း မည်သို့ ဖွင့်ထုတ်ရမည်ကို မသိခဲ့ပေ။

လီချင်းချိုးက တည်ကြည်လေးနက်စွာငြဖ့်

"ဒုတိယဂိုဏ်းတူညီလေး... ချင်းရှောင်းဂိုဏ်းက အရမ်း အားနည်းလွန်းသေးတယ်... ကိစ္စရပ်တော်တော်များများမှာ ငါတို့ ဘာမှ မတတ်နိုင်ဘူး... ငါတို့ လုပ်နိုင်တာက ပိုပြီး သန်မာလာအောင် ကြိုးစားပြီး တခြားသူတွေရဲ့ ကြေကွဲစရာ ဇာတ်လမ်းမျိုး ငါတို့ဆီမှာ ထပ်မဖြစ်အောင် ကာကွယ်ဖို့ပဲ..."

ကျန်းယွီချွန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

သူတို့နှစ်ယောက် စကားအနည်းငယ် ထပ်ပြောပြီးနောက် ကျန်းယွီချွန်း ထွက်ခွာသွားသည်။

လီချင်းချိုး တစ်ယောက်တည်း အခန်းထဲတွင် ကျန်ရစ်ခဲ့ကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်နှာထားမှာ တည်ကြည် ခက်ထန်လာသည်။

ဝူပေါင်ယွီ၏ သေဆုံးမှုက သူ့ကို အမှန်တကယ် တုန်လှုပ်စေခဲ့ပါသည်။ကျန်းကျောက်ရှားက မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ တက်လှမ်းပြီးမှသာ ဝူပေါင်ယွီကို အနိုင်ယူနိုင်ခဲ့ပြီး ထိုစဉ်က ပြိုင်ပွဲသဘောသာ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိထားရမည်။ သေဖို့ ဆုံးဖြတ်ထားသော ဝူပေါင်ယွီဆိုလျှင် သေချာပေါက် ပို၍ သန်မာပေလိမ့်မည်။

နန်းတော်ထဲတွင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်နှင့် ယှဉ်နိုင်သော သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်သူ ရှိနေသည်တဲ့လား။

ထို့နောက် သူက ဤသို့ဖြစ်ခဲ့သည်မှာ ပုံမှန်ပင် ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။ ကမ္ဘာပေါ်တွင် တန်ခိုးအာဏာ အကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဧကရာဇ်အနေဖြင့် တာ့လီမင်းဆက် အတွင်းရှိ အသန်မာဆုံး ပညာရှင်များကို စုစည်းထားနိုင်မည်မှာ မလွဲဧကန်ပင်။

ပညာရှင်တိုင်း တောတောင်တွေထဲမှာ ပုန်းအောင်းနေချင်ကြတာမှ မဟုတ်တာ။

သိုင်းပညာနဲ့ ခွန်အားကို လိုက်စားကြတာက ဂုဏ်ဒြပ်နဲ့ စည်းစိမ်ဥစ္စာအတွက် မဟုတ်ဘူးလား။

လီချင်းချိုး ပို၍ သန်မာလာရန် အသည်းအသန် လိုလားလာသည်။ ကမ္ဘာကြီး ပရမ်းပတာ ဖြစ်နေချိန်တွင် နန်းတွင်း၏ ဓားသွားက ချင်းရှောင်းဂိုဏ်းအပေါ် ဘယ်အချိန် ကျရောက်လာမည်ကို ဘယ်သူ သိနိုင်မည်နည်း။

အခန်းထဲတွင် တစ်ပတ်ခန့် ကြာအောင် တစ်ကိုယ်တည်း နေပြီးနောက် ပြန်ထွက်လာခဲ့ပြီး တပည့်များနှင့်အတူ နှစ်သစ်ကူးပွဲတော်အတွက် ပြင်ဆင်လေသည်။

ဤသည်မှာ သူ ဂိုဏ်းချုပ်ဖြစ်လာပြီးနောက် ချင်းရှောင်းဂိုဏ်းတွင် ကျင်းပသော ဒုတိယမြောက် နှစ်သစ်ကူးပွဲတော် ဖြစ်ပြီး သူ့စိတ်ခံစားချက်ကြောင့် တပည့်များအပေါ် သက်ရောက်မှု မရှိစေလိုပေ။

နွေဦးပွဲတော် အတွင်းတွင် ချင်ကျွယ်က အခွင့်အရေးရှာ၍ တပည့်များ ထပ်လိုချင်သလားဟု လီချင်းချိုးကို မေးမြန်းခဲ့ပြီး ချင်မိသားစုဘက်က နောက်ထပ် တစ်သုတ် ပို့ပေးနိုင်ကြောင်း ပြောဆိုခဲ့သော်လည်း သူ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

ပွဲတော် ပြီးဆုံးသွားသောအခါ ချင်ကျွယ်က အစေခံများကို ခေါ်ဆောင်၍ တောင်အောက်သို့ ဆင်းသွားပြီး ချင်းရှောင်းဂိုဏ်းသည်လည်း ပုံမှန် နေ့စဉ်ဘဝသို့ ပြန်ရောက်သွားသည်။

ထိုည၌ ချင်ယဲ့ကို တောအုပ်ထဲသို့ ခေါ်သွားပြီး ဟွမ်ယွမ်ကျမ်းစာ ပထမအဆင့်၏ စိတ်ဝိညာဉ် ကျင့်စဉ်ကို သင်ကြားပေးလိုက်သည်။ ထိုအချိန်အတွင်း လီချင်းချိုးက ဝူပေါင်ယွီအကြောင်းကို ထည့်မပြောခဲ့ပေ။

ဝူပေါင်ယွီ သေဆုံးသွားကြောင်း သိရသည့် အချိန်မှစ၍ ချင်ယဲ့ နှုတ်ဆိတ်သွားပြီး ပုံမှန် တက်ကြွလန်းဆန်းမှုမျိုး မရှိတော့ချေ။ လီချင်းချိုးက သူ စိတ်ဒဏ်ရာ ရသွားမည်ကို စိုးရိမ်သဖြင့် သူ့ကို နှစ်သိမ့်သည့် အနေဖြင့် ကျင့်စဉ်ကို လက်ဆင့်ကမ်း သင်ကြားပေးလိုက်ခြင်း ဖြစ်သည်။

လဝက်ခန့် ကြာပြီးနောက်…

လီချင်းချိုး နောက်ဆုံးတွင် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေသည်။သူသည် ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်ကြောင့် ဂိုဏ်းထဲတွင် ကျင့်ကြံမှု အမြန်ဆုံးသူ ဖြစ်လာပြီး မြေအောက် စိတ်ဝိညာဉ်ရေအိုင်ထဲတွင်လည်း အချိန်အကြာဆုံး နေထိုင်ခဲ့သူ ဖြစ်သည်။

တတိယအဆင့်မှ စတုတ္ထအဆင့်သို့ တက်လှမ်းခြင်းက ယခင် အဆင့်သုံးဆင့် ပေါင်းစည်းထားသည်ထက် ပိုမို ကြီးမားသော တိုးတက်မှုကို ယူဆောင်လာပေးပြီး သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကိုလည်း သက်သာသွားစေသည်။

ကျန်းကျောက်ရှားက မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ မတက်လှမ်းနိုင်သေးသော်လည်း ဓားတာအို ဂါထာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ဓားထိန်းချုပ်ခြင်းပညာ!

ထိုနေ့က တောအုပ်ထဲတွင် ကျန်းကျောက်ရှား ဓားရှည်တစ်လက်ပေါ်တွင် ရပ်လျက် လေထဲ၌ တွဲလွဲခိုနေသည်ကို လီချင်းချိုး မြင်လိုက်ရသောအခါ အတော်အတန်ကြာအောင် အံ့အားသင့်သွားမိသည်။

ကောင်းကင်ကိုးခုနတ်လက်ဝါးက အထင်ကြီးလောက်စရာ ဖြစ်သော်လည်း သူ့လမ်းစဉ်နှင့် မကိုက်ညီသဖြင့် မသင်ယူခဲ့ပေ။ သို့သော် ကျန်းကျောက်ရှား ဖန်တီးလိုက်သော ဓားထိန်းချုပ်ခြင်းပညာကိုမူ သူ အမှန်တကယ် သင်ယူလိုသည်။

သင်ယူလိုသော ဂိုဏ်းချုပ်အစ်ကို၏ တောင်းဆိုမှုကို ကျန်းကျောက်ရှားက မငြင်းဆန်ခဲ့ဘဲ အလွန်ပင် ပျော်ရွှင်သွားသည်။ထို့အပြင် အသိအမှတ်ပြု ခံရသကဲ့သို့ ခံစားလိုက်ရပြီး ယန်ကျွယ်တိန်၏ ဖန်တီးမှုကို ကျော်လွှားနိုင်ပြီဟုလည်း ခံစားလိုက်ရသည်။

ဆောင်းရာသီ နှင်းများ အပြည့်အဝ အရည်ပျော်သွားသောအခါ ထိုက်ခုန်းတောင်တန်းကြီးက နွေဦးကို ကြိုဆိုလိုက်ပြီး ရှင်သန်ခြင်း အသက်ဓာတ်များ မြေပြင်နှင့် တောင်တန်းများအနှံ့ ပျံ့နှံ့သွားလေသည်။

ဤနေ့တွင် လေနုအေး တစ်ချက် တောင်တန်းများကြား ဖြတ်သန်း တိုက်ခတ်လာသည်။

မြေရိုင်းကွက်လပ် တစ်ခုတွင် ချန်ချန်ဟိုင်က ပေါက်ပြားကို မှီလျက် ဘေးချင်းကပ် တောင်ထိပ်ပေါ်ရှိ လူတစ်ယောက်ကို စိုက်ကြည့်နေသည်။ ထိုသူမှာ လီချင်းချိုး ဖြစ်ပြီး လင်းယုန်တစ်ကောင် သူ့ခေါင်းပေါ်တွင် ပျံဝဲနေသည်။

ချင်းရှောင်းဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း ချန်ချန်ဟိုင်အတွက်တော့ ချင်းရှောင်းဂိုဏ်းနှင့် ပတ်သက်၍ ပိုမို ရှုပ်ထွေးလာသည်ဟု ခံစားနေရသည်။

ဒီကိုယ်ဖော့ပညာက ဘာလို့ ပျံသန်းနေတာနဲ့ တူနေရတာလဲ...

ဒီက လင်းယုန်တွေကရော ဘာလို့ အတွင်းအား ရှိနေရတာလဲ...

ပြီးတော့ ဒီဂိုဏ်းကကလေးတွေ ဘာလို့ ဒီလောက် ခွန်အားကြီးနေရတာလဲ...

အထူးသဖြင့် ဂိုဏ်းချုပ်ကို နားမလည်နိုင်ဆုံး ဖြစ်နေသည်။ ဂိုဏ်းချုပ် ပြင်ပသိုင်းပညာ လေ့ကျင့်သည်ကို သူ တစ်ခါမှ မမြင်ဖူးချေ။ ဂိုဏ်းချုပ်က ပျောက်ချင်ရင် ပျောက်သွားတတ်ပြီး မဟုတ်လျှင် တရားထိုင်နေတတ်ကာ အင်မော်တယ်တစ်ပါးကဲ့သို့ ပြုမူနေတတ်သည်။

"သူခိုးဘုရင်... အပျင်းမထူနဲ့..."

မလှမ်းမကမ်းမှ ယွီလင်က လှမ်းအော်လိုက်သည်။ "သူခိုးဘုရင်" ဟူသော စကားလုံးကြောင့် ချန်ချန်ဟိုင်၏ နဖူးပေါ်မှ သွေးကြောများ ထောင်တက်လာသည်။ ဒီကလေးတွေက သူ့ကို ဒီနာမည်ခေါ်ပြီး စနောက်ကျီစယ်ရတာ သိပ်ကြိုက်ကြသည်။

ခမ်းနားထည်ဝါလှသော သူခိုးဘုရင် တစ်ယောက်ခင်မျာ မြေတူး၊ ထင်းခွေ လုပ်နေရသည့် အဖြစ်သို့ ရောက်နေရသည်။ ဤသတင်းသာ ပြန့်သွားရင် ရယ်စရာကြီး ဖြစ်နေတော့မည်။

"အေးပါကွာ... သိပါပြီ..."

ချန်ချန်ဟိုင်က စိတ်မရှည်စွာ ပြောလိုက်သည်။ သူ မသိစိတ်ကြောင့် တောင်ထိပ်ဘက်သို့ လှမ်းကြည့်လိုက်ရာ လီချင်းချိုးနှင့် လင်းယုန်ငှက်တို့ ပျောက်ကွယ်သွားချေပြီ။

ဒါတွေကို ကျင့်သားရနေပြီ ဖြစ်သဖြင့် ခေါင်းအနည်းငယ်သာ ခါလိုက်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။

ထိုအချိန်၌ လီချင်းချိုးနှင့် သူ့ကိုယ်ပိုင်မူလချီဖြင့် ပြုစုပျိုးထောင်ထားသော လင်းယုန်ပျိုလေးတို့ တောအုပ်ထဲတွင် လျင်မြန်စွာ ရွေ့လျားရင်း တစ်ယောက်နှင့်တစ်ယောက် အမီလိုက်နေကြသည်။

ဤလင်းယုန်ပျိုလေးကို မြေအောက် စိတ်ဝိညာဉ်ရေအိုင်ထဲသို့ ခေါ်သွားဖူးသည်။ ထိုအချိန်မှစ၍ ၎င်း၏ ခန္ဓာကိုယ်မှာ အလွန် လျင်မြန်စွာ ကြီးထွားလာပြီး မွေးချင်းများထက် နှစ်ဆခန့် ပိုကြီးလာရာ အတော်လေးကို ပုံကြီးချဲ့လွန်းရာ ကျနေသည်။

တောအုပ်ထဲတွင် ပျံသန်းနေသည့်တိုင် ၎င်း၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွက်လက်နေပြီး ရှုပ်ထွေးနေသော သစ်ကိုင်းများကို ရှောင်တိမ်းကာ လန့်ဖျပ်သွားသော ငန်းတစ်ကောင်ကဲ့သို့ လျင်မြန်လှသည်။

လီချင်းချိုး လေကျင့်စဉ်ကို ထုတ်သုံးလိုက်သော်လည်း လင်းယုန်ငှက်နှင့် ယှဉ်ပေါင်တန်းနိုင်ရုံသာ ရှိသည်။

တောင်ပေါ်လမ်းအတိုင်း ငါးလီခန့် ရှေ့ဆက်သွားပြီးနောက် လီချင်းချိုး ရပ်တန့်လိုက်သည်။ ထိုအချိန်မှာပင် သူ လေချွန်လိုက်ရာ လင်းယုန်ပျိုလေး ဦးတည်ချက် ပြောင်းသွားပြီး သစ်ပင်ကြီး တစ်ပင်ကို ပတ်ကာ သူ့ထံသို့ ပျံသန်းလာပြီးနောက် နောက်ဆုံးတွင် သူ့ပခုံးပေါ်၌ နားလိုက်သည်။

၎င်း၏ အရွယ်အစားမှာ လီချင်းချိုး၏ ခန္ဓာကိုယ် အထက်ပိုင်းနှင့် ယှဉ်နိုင်နေပြီ ဖြစ်သဖြင့် သူ ခေါင်းစောင်း၍ ကြည့်လိုက်ရသည်။

"ရှောင်ပါး... မင်း ပုံမှန်အတိုင်း လျှော့စားလို့ မရဘူးလား... မင်းက လေးလွန်းနေပြီ... ငါ မင်းကို မသယ်နိုင်တော့ဘူး..."

လီချင်းချိုးက ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြုံး၍ မေးလိုက်သည်။

ရှောင်ပါး ဆိုသည်မှာ ဤလင်းယုန်၏ အမည် ဖြစ်သည်။ သူက ရှောင်ပါးကို ဂျူနီယာညီလေး၊ ညီမလေးများ၏ ညီငယ်လေးသဖွယ် ဖြစ်လာစေချင်ပြီး အနာဂတ်တွင် သူတို့ကို ကာကွယ်ပေးစေချင်သည်။

ရှောင်ပါးက ခေါင်းကို ဘယ်ညာ ခါယမ်းပြလိုက်ရာ အလွန် ရယ်စရာ ကောင်းနေသည်။

သူတို့ ဆက်လက် ထွက်ခွာလာကြပြီး နာရီဝက်ခန့် လမ်းလျှောက်လာပြီးနောက် ကျန်းကျောက်ရှားနှင့် လီစီကျင်တို့ စောင့်ဆိုင်းနေသော တောင်ကြား စမ်းချောင်းတစ်ခုဆီသို့ ရောက်ရှိလာကြသည်။

ကျန်းကျောက်ရှားက စမ်းချောင်းဘေးရှိ ကျောက်တုံးပေါ်တွင် တရားထိုင်နေပြီး လီစီကျင်မှာမူ ဘေးနားရှိ ကွက်လပ်တစ်ခုတွင် ထိုင်ကာ အဝါရောင် စာရွက်များနှင့် စုတ်တံများကို သူမ၏ ရှေ့တွင် ဖြန့်ခင်းထားသည်။ သို့သော် မင်ရည်များမှာ သွေးကဲ့သို့ နီရဲနေသည်။

ထိုအချိန်တွင် လီစီကျင်မှာ နှုတ်ခမ်းဆူထားပြီး အကြီးအကျယ် စိတ်ပျက်နေပုံ ရသည်။

"ဘာဖြစ်လို့လဲ... အခက်အခဲ တွေ့နေတာလား..."

လီချင်းချိုး၏ အသံထွက်ပေါ်လာပြီး လီစီကျင် လှည့်ကြည့်လိုက်သောအခါ သူမ၏ ဂိုဏ်းချုပ်အစ်ကို တောအုပ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်အစ်ကို... ဒီ မြေကမ္ဘာအဆောင်လက်ဖွဲ့ရတနာကျမ်းက ခက်လွန်းတယ်... အခြေခံအကျဆုံး အဆောင်လက်ဖွဲ့တောင် ညီမ မလုပ်တတ်ဘူး..."

လီစီကျင်က သူမ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် အားပါးတရ ကုတ်ဖဲ့ရင်း ညည်းတွားလိုက်ရာ ဆံပင်များ ရှုပ်ပွသွားလေသည်။

သူမ ပြောသော မြေကမ္ဘာအဆောင်လက်ဖွဲ့ရတနာကျမ်း ဆိုသည်မှာ လီချင်းချိုး ယခင်က ရရှိထားသော ဆုလာဘ်တစ်ခု ဖြစ်ပြီး ယန်ကျွယ်တိန် ဂါထာတစ်ခု ဖန်တီးလိုက်သည့်အတွက် ပွင့်လာခြင်း ဖြစ်သည်။

လူတစ်ယောက်၏ စွမ်းအင်က အကန့်အသတ် ရှိသဖြင့် မတူညီသော ဂါထာများနှင့် ပညာရပ်များကို ဆက်တိုက် သင်ယူနေရန် မဖြစ်နိုင်ပေ။

အခြားသော ဂျူနီယာ ညီညီမများတွင် လျှောက်လှမ်းရမည့် လမ်းစဉ် ကိုယ်စီ ရှိနေကြသဖြင့် အတော်ကြာအောင် စဉ်းစားပြီးနောက် လီချင်းချိုးက အငယ်ဆုံးဖြစ်သော လီစီကျင်ကို မြေကမ္ဘာအဆောင်လက်ဖွဲ့ရတနာကျမ်းအား လေ့လာစေခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဂိုဏ်းထဲတွင် မည်သူမျှ ထိုကျမ်းကို နားမလည်ကြသဖြင့် လီစီကျင်ကို ဖြည်းဖြည်းချင်း သုတေသန ပြုခိုင်းထားလိုက်သည်။

လီချင်းချိုးက ပြုံးလိုက်ပြီး

"ဒါဆို သေချာ စဉ်းစားကြည့်လေ... အဆောင်လက်ဖွဲ့တွေကို သုတေသန လုပ်ရတာက တိုက်ခိုက် သတ်ဖြတ်နေရတာထက် ပိုမသက်သာဘူးလား..."

လီစီကျင်က နှုတ်ခမ်းဆူလိုက်ပြီး

"ညီမက ညည်းကြည့်တာပါ... လက်မလျှော့ချင်ပါဘူး..."

အတိတ်က လီစီဖုန်း ဒဏ်ရာရခဲ့ခြင်းက သူမကို များစွာ တွန်းအား ဖြစ်စေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း သူမ၏ အကျင့်စရိုက် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး လုံ့လဝီရိယရှိစွာ ကျင့်ကြံလာကာ ယခင်ကကဲ့သို့ ဆော့ကစားခြင်း မရှိတော့ချေ။

လီချင်းချိုးက သူမဘေးတွင် ဝင်ထိုင်လိုက်ပြီး မြေကမ္ဘာအဆောင်လက်ဖွဲ့ရတနာကျမ်း အကြောင်းကို စတင် ဆွေးနွေးလိုက်သည်။ မေးခွန်းအနည်းငယ် မေးပြီးနောက် သူမ အရှိန်ရသွားပြီဖြစ်သည်။

ထိုအခါမှသာ သူမ လုံးဝ တိုးတက်မှု မရှိသည်တော့ မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ အနည်းဆုံးတော့ ဂိုဏ်းချုပ်အစ်ကို မေးသော မေးခွန်းများက သူမအတွက် အလွန် ရိုးရှင်းလွန်းနေသည်ဟု ထင်နေမိသည်။

လီစီကျင် လီချင်းချိုးကို လှောင်ပြောင်နေသည်ကို နားထောင်ရင်း သူတို့ဘက်သို့ ကျောပေးထားသော ကျန်းကျောက်ရှားမှာ မနေနိုင်ဘဲ ပြုံးလိုက်မိလေသည်။

လီချင်းချိုး သူတို့နှင့်အတူ နာရီဝက်ခန့် နေပြီးနောက် တောင်ပေါ်သို့ ဆက်တက်သွားသည်။

ယနေ့တွင် လီတုန်းယွဲ့နှင့် လီစီဖုန်းတို့ မြေအောက် စိတ်ဝိညာဉ်ရေအိုင်သို့ သွားကြသည်။ထို့ကြောင့် ကျင့်ကြံခြင်း မပြုလုပ်ဘဲ ရှားပါးသော အနားယူချိန်ကို ခံစားနေခြင်း ဖြစ်သည်။

တဖြည်းဖြည်းချင်း ချင်းရှောင်းဂိုဏ်း တည်ရှိရာ တောင်ပေါ်သို့ ရောက်လာခဲ့သည်။ တောင်တစ်ဝက်သို့ ရောက်သောအခါ လူတစ်စုကို တွေ့လိုက်ရပြီး ထိုသူများမှာ ဖုန်းတိုင်နှင့် ရုံးတော်အမှုထမ်း ကိုးဦးမှလွဲ၍ တခြားသူ မဟုတ်ကြပေ။

ဖုန်းတိုင်နှင့်အမှုထမ်းတို့ကိုကြည့်ရတာ ငြင်းခုံနေကြပုံရပြီး တောင်ပေါ်သို့ တက်မလာကြသေးချေ။

သူတို့ လီချင်းချိုးကို လျင်မြန်စွာ တွေ့သွားကြသည်။ လီချင်းချိုး အနားရောက်လာသည်နှင့် ဖုန်းတိုင်က ရုတ်တရက် လျှောက်လာပြီး လီချင်းချိုးရှေ့တွင် ဒူးထောက်လိုက်ရာ ရုံးတော်အမှုထမ်း ကိုးဦးကလည်း လိုက်ပါ ဒူးထောက်ကြလေသည်။

"စီနီယာရှောင် သေဆုံးသွားရတာ ကျွန်တော့်ကြောင့်ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ ဂိုဏ်းချုပ်..."

ဖုန်းတိုင်က အံကြိတ်၍ ပြောလိုက်ပြီး သူ့ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

All Chapters