ထူးခြားသော လူသား လင်းရွှန်းဖုန်း
Vol. 4 Ch. 33
ချင်းရှောင်းဂိုဏ်း တောင်တံခါးဝ၏ ရှေ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ယှဉ်တွဲ ရပ်နေကြပြီး နှစ်ဦးစလုံး အတော်ပင် ငယ်ရွယ်ပုံရသည်။
အမျိုးသားမှာ ခန့်ညားချောမောပြီး ကိုယ်ကျပ် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ဆံပင်ရှည်ကို ခပ်မြင့်မြင့် စည်းနှောင်ထားသည်။ သူသည် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး လူငယ်ဗိုလ်ချုပ် တစ်ယောက်၏ တက်ကြွသော စိတ်ဓာတ်မျိုး ထွက်ပေါ်နေသည်။
အမျိုးသမီးမှာ လှပသော မျက်နှာလေးရှိပြီး အစိမ်းရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ ရေကဲ့သို့ နူးညံ့သိမ်မွေ့သည်။ သူမက လွယ်အိတ်တစ်လုံး လွယ်ထားပြီး ဘေးနားရှိ အပြာရောင် ဝတ်စုံနှင့် အမျိုးသားကို ကြည့်နေကာ မျက်လုံးများထဲတွင် ကြင်နာမှုများ ပြည့်နှက်နေသည်။
အပြာရောင်ဝတ်စုံနှင့် လူငယ်မှာ သိုင်းပညာရှင် ပထမလူ (ဝူကျွမ်းယွမ်) လီရန် ဖြစ်ပြီး အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ သူ့ဝမ်းကွဲညီမ ကျောက်လင်းလုံ ဖြစ်သည်။
"အစ်ကို... ပထမဆုံး ရောက်ရောက်ချင်း ဒီလို လှမ်းအော်လိုက်တာ နည်းနည်း မများလွန်လွန်းဘူးလား... ဂိုဏ်းကြီးတွေဆိုရင်တော့ ဟုတ်တာပေါ့... သူတို့မှာ ကိုယ်ပိုင် ဂုဏ်သိက္ခာတွေ ရှိကြတယ်... ဒါပေမဲ့ လင်းရွှန်းဖုန်း မရှိတော့တဲ့ ချင်းရှောင်းဂိုဏ်းမှာ တပည့်ငယ်လေးတွေပဲ ကျန်တော့တာ... အစ်ကို့ရဲ့ ဂုဏ်သတင်းကို ကြောက်ပြီး မတိုက်ရဲဘဲ ဖြစ်နေဦးမယ်..."
ကျောက်လင်းလုံက သာယာငြိမ့်ညောင်းသော အသံလေးဖြင့် ပြောလိုက်သော်လည်းလီရန်က ဂရုမစိုက်သောလေသံဖြင့်…
"သိုင်းပညာရှင်တွေအတွက် ယှဉ်ပြိုင်မှုဆိုတာ ရှောင်လွှဲလို့ မရဘူး... ငါ ဒီလို ပြောလိုက်မှတော့ ချင်းရှောင်းဂိုဏ်းမှာ ယောက်ျားတွေ ရှိသေးရင် တိုက်ပွဲကို ရှောင်မှာ မဟုတ်ဘူး... ပြီးတော့ ငါက သိုင်းဖလှယ်ရုံပဲလေ... အသေအကြေ တိုက်မှာမှ မဟုတ်တာ..."
သူ့ညာဘက်လက် အနည်းငယ် လှုပ်ရှားသွားပြီး လက်ထဲမှ ငွေရောင် လှံရှည်က နေရောင်အောက်တွင် အေးစက်စွာ တောက်ပသွားသည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် တောင်ပေါ်လမ်း တစ်ကွေ့မှ လူအုပ်ကြီး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီရန်၏ နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး ခန့်ညားသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အမူအရာ ပေါ်လာလေသည်။
ယန်ကျွယ်တိန်က ရှေ့ဆုံးမှ ဦးဆောင်လာပြီး တောင်တံခါးဝ ရှေ့တွင် ရပ်တန့်ကာ လီရန်ကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
"မင်းက လီမျိုးနွယ်... ပြီးတော့ သိုင်းပညာရှင် ပထမလူ... မင်းက ဘယ် လီမိသားစုကလဲ..."
တာ့လီမင်းဆက်က သိုင်းပညာကို အလွန် တန်ဖိုးထားသည်။ သိုင်းပညာရှင် ပထမလူ (ဝူကျွမ်းယွမ်) ဖြစ်လာရန်မှာ ထူးခြားသော ပါရမီရှိရုံသာမက အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံမှုလည်း လိုအပ်သည်။ သာမန် ဆင်းရဲသားဘဝမှ လာသော သိုင်းပညာရှင် ပထမလူ ဟူ၍ တစ်ခါမှ မရှိဖူးချေ။
လီရန်က ခေါင်းမော့၍ ပြန်ဖြေလိုက်သည်။
"လင်းချွမ်းက လီမိသားစုပါ..."
ယန်ကျွယ်တိန် ရုတ်တရက် သဘောပေါက်သွားချေပြီ။
"ဪ... မင်းက စစ်သူကြီးချုပ် မိသားစုက မျိုးဆက်သစ်လေးကိုး... ငါတို့ မင်းကို ငိုအောင် လုပ်လိုက်ရင် မင်းမိဘတွေကို တိုင်ဦးမလား..."
ထိုစကားကို ကြားလိုက်ရသောအခါ လီရန်၏ အပြုံး ပျောက်ကွယ်သွားကာ အကြည့်များ အေးစက်သွားသည်။
"ကျွန်တော် လင်းချွမ်းကနေ တောင်ဘက်အထိ တစ်လျှောက်လုံး တိုက်ခိုက်လာတာ ဂိုဏ်းပေါင်း ၁၁ ဂိုဏ်းရှိပြီ... ဘယ်သူမှ ကျွန်တော့်ကို ငိုအောင် မလုပ်နိုင်ခဲ့ဘူး... ခင်ဗျားသာ ကျွန်တော့်ကို နိုင်အောင် တိုက်နိုင်ရင် ကျွန်တော် အပြစ်မယူတဲ့အပြင် ဆုတောင် ချပေးဦးမယ်... ပြီးတော့ ဒီအိုဟောင်းနေတဲ့ တောင်တံခါးဝကို ပြင်ဖို့ပါ ကူညီပေးမယ်..."
"ကောင်းပြီ... မင်း ပြောတာနော်... မန်အာ... မင်း အလှည့်ပဲ..."
ယန်ကျွယ်တိန်က ချက်ချင်း သဘောတူလိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ဝူမန်အာ ချက်ချင်း ရှေ့ထွက်လာသည်။
သူ ထွက်လာသည်ကို မြင်သောအခါ ကျောက်လင်းလုံ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
သို့သော် လီရန်၏ မျက်လုံးများမှာမူ အရောင်လက်လာပြီး မေးလိုက်သည်။
"လူထွားကြီး... မင်း ငါနဲ့အတူ စစ်တပ်ထဲ ဝင်ပြီး ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုတွေ ရယူချင်လား..."
ဝူမန်အာက ခေါင်းကုတ်၍
"မဝင်ချင်ပါဘူး... ကျွန်တော် ဂိုဏ်းချုပ်အစ်ကို နောက်ကိုပဲ တစ်သက်လုံး လိုက်မှာ..."
လီရန်၏ နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး ပြုံးလိုက်ကာ…
"ဒါဆို အရင်ဆုံး တိုက်ကြတာပေါ့..."
ဝူမန်အာ ခေါင်းညိတ်လိုက်ပြီး လီရန်ရှိရာသို့ ဆက်လက် လျှောက်သွားသည်။
ဝူမန်အာ၏ မိုက်ရူးရဲဆန်မှုကို မြင်လိုက်ရသဖြင့် လီရန်၏ မျက်လုံးထဲတွင် မနှစ်မြို့သည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူ စကားထပ်မပြောတော့ဘဲ ခြေလှမ်းကျဲ တစ်လှမ်းဖြင့် ဝူမန်အာ၏ ရှေ့သို့ ရောက်လာသည်။ လက်ထဲမှ ငွေရောင် လှံရှည်က ဘေးတိုက် ဝှေ့ယမ်းသွားပြီး လေထုကို ခွဲလျက် ဝူမန်အာ၏ ခါးဆီသို့ တည့်တည့် ဝင်ရောက်လာသည်။
ဘုန်း...
ဝူမန်အာက လက်ကို မြှောက်၍ ငွေရောင်လှံရှည်ကို ဖမ်းဆုပ်လိုက်ရာ လီရန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူ ဆက်မတွေးရသေးမီမှာပင် ကြီးမားသော ခွန်အားတစ်ခု ဝင်ရောက်လာပြီး သူ့ကို ဟန်ချက်ပျက်စေကာ ရှေ့သို့ ယိုင်သွားစေသည်။
ဝူမန်အာ၏ အခြားလက်တစ်ဖက် မြောက်တက်လာသည်ကို မြင်လိုက်ရသဖြင့် လီရန် ချက်ချင်း လက်လွှတ်လိုက်ပြီး ပျံလွှားငှက်တစ်ကောင်ကဲ့သို့ နောက်သို့ ခုန်ဆုတ်လိုက်ရာ ကျောက်လင်းလုံ၏ အနောက်သို့ ရောက်သွားပြီး လှေကားထစ်များပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းပြီးနောက် ဝူမန်အာကို တုန်လှုပ်စွာ ကြည့်လိုက်မိသည်။ ဝူမန်အာ၏ ခွန်အားမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေပြီး ဤမျှ သန်မာသော ခွန်အားပိုင်ရှင်မျိုး သူ တစ်ခါမှ မကြုံဖူးချေ။
"မင်းနာမည် ဘယ်လိုခေါ်လဲ..."
လီရန် အသံနက်ကြီးဖြင့် မေးလိုက်ပြီး ပေါ့ဆရဲခြင်း မရှိတော့ပေ။
ဝူမန်အာက တုံးအအ ရယ်မော၍ ပြန်ဖြေလိုက်သည်။
"ကျွန်တော့်နာမည် ဝူမန်အာ ပါ..."
"မျိုးရိုးက ဝူ လား... ဒါဆို ဖြစ်နိုင်တာက..."
လီရန် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝူမန်အာက ငွေရောင်လှံရှည်ကို သူ့ထံ ပြန်ပစ်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။
သူ လက်မြှောက်၍ လှံကို ဖမ်းလိုက်ရာ လက်ကြားထဲမှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
ဤကြောက်မက်ဖွယ် ခွန်အားက သူ့သံသယကို ပိုမို ခိုင်မာသွားစေသည်။
ထိုအချိန်တွင် ဝူမန်အာ ရုတ်တရက် ခြေထောက်များကို ကားလိုက်ပြီး အနည်းငယ် ကွေးညွှတ်ကာ ညာဘက်လက်ဝါးကို ခါးတွင် ကပ်ထားလိုက်သည်။ မြင်သာထင်သာရှိသော ချီစွမ်းအင် လှိုင်းများ ခန္ဓာကိုယ် ဘေးပတ်လည်တွင် လှည့်ပတ်နေပြီး မျက်နှာထား ပြောင်းလဲသွားကာ ယခင်ကနှင့် လုံးဝ မတူတော့သော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။
လီရန်က ဝူမန်အာ၏ အော်ရာ ပြောင်းလဲမှုကို ခံစားလိုက်ရသော်လည်း မကြောက်ရွံ့ပေ။ ထိုအစား သူက လှံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ထိပ်တိုက် ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။
လှေကားထစ်များ၏ အောက်ခြေတွင် ဝင်းအသစ်မှ တပည့်များလည်း တိုက်ပွဲကို ကြည့်ရှုနေကြသည်။ သူတို့အားလုံး ခမ်းနားထည်ဝါသော ဝူမန်အာကို ကြည့်၍ အလွန် အံ့သြနေကြသည်။
ဝူမန်အာ ထိုသို့သော မျက်နှာထားမျိုး လုပ်ပြသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
လီရန်က ဟိန်းဟောက်လိုက်ပြီး ကျောဘက်မှ နေမင်းကြီး၏ အလင်းရောင်နှင့်အတူ ပေပေါင်းများစွာအမြင့်သို့ ခုန်တက်လိုက်သည်။ သူ့ အတွင်းအားက ရုပ်ခန္ဓာနှင့် ငွေရောင်လှံရှည်ကို လွှမ်းခြုံထားပြီး ကောင်းကင်မှ ဆင်းသက်လာသော အေးစက်သည့် အလင်းတန်းတစ်ခုအလား ထင်မှတ်ရစေသဖြင့် ဝူမန်အာ၏ အနောက်မှ တပည့်များကို မျက်တောင်ခတ်သွားစေသည်။
ထိုတစ်ခဏချင်းမှာပင် ဝူမန်အာက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
ကောင်းကင်ကိုးခုနတ်လက်ဝါး!
ကျားများ ကျားသစ်များ ဟိန်းဟောက်နေသကဲ့သို့ နားကွဲလုမတတ် အသံကြီးကို တပည့်များ ခံစားလိုက်ရပြီး အားကောင်းသော ချီစွမ်းအင် လှိုင်းတစ်ခု သူတို့ထံ တိုးဝင်လာသဖြင့် မသိစိတ်ဖြင့် နောက်ဆုတ်လိုက်မိကြသည်။
ချန်ချန်ဟိုင် မျက်လုံးများကို မှေးလိုက်ရာ လီရန်တစ်ယောက် ဝူမန်အာ၏ လက်ဝါးကြောင့် လွင့်ထွက်သွားသည်ကို အချိန်မီ မြင်လိုက်ရသည်။
လီရန် သွေးအန်ပြီး ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားကာ ဝင်းအသစ်အတွင်းရှိ အိမ်တစ်လုံးနှင့် အရှိန်ပြင်းစွာ ဝင်ဆောင့်မိပြီး အိမ်အမိုးစွန်း ပြိုကျသွားကာ ဖုန်မှုန့်များ ထောင်းထောင်းထသွားသဖြင့် အနီးနားရှိ တပည့်များ လန့်ဖျပ်သွားကြသည်။
တစ်ကွက်တည်းနှင့် အနိုင်အရှုံး ပေါ်သွားခြင်း ဖြစ်သည်!
သူတို့အားလုံး ချင်းရှောင်းဂိုဏ်းသားများ ဖြစ်သော်လည်း ယန်ကျွယ်တိန် အပါအဝင် တပည့်များ အားလုံး ဝူမန်အာ၏ စွမ်းအားကြောင့် ကြောက်ရွံ့သွားကြသည်။
ယန်ကျွယ်တိန်သည် ကြောက်စိတ်များ ကျန်ရစ်နေပြီး လီချင်းချိုးကို ရုတ်တရက် ကျေးဇူးတင်သွားမိသည်။ အကယ်၍ လီချင်းချိုးသာ စောစောက ရပ်ခိုင်းခြင်း မရှိခဲ့လျှင် ပြီးတော့ ဒီကောင်လေးသာ ကောင်းကင်ကိုးခုနတ်လက်ဝါးကို ထုတ်သုံးလိုက်လျှင် သူ ခံနိုင်မှာ မဟုတ်ပေ။ ဒဏ်ရာရတာက သေးသေးမွှားမွှား ကိစ္စ၊ မျက်နှာပျက်ရမယ့် ကိစ္စက အကြီးကြီး ဖြစ်သွားမည်။
"အစ်ကို!"
ကျောက်လင်းလုံက သနားစဖွယ် အော်ဟစ်လိုက်ကာ သူမ ဂါဝန်ကို မလျက် လှေကားထစ်များ အတိုင်း အလျင်အမြန် ဆင်းလာခဲ့သည်။
ဝူမန်အာ လက်ဝါးကို ပြန်ရုတ်သိမ်းလိုက်ရာ ရုတ်သိမ်းလိုက်သည့်အဟုန်က ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားပြီး ချီစွမ်းအင်များ ပြန်လည် ဆုတ်ခွာသွားသဖြင့် သူ့ ဝတ်ရုံ ပြင်းထန်စွာ လှုပ်ခါသွားသည်။ ကျောပြင်ကိုကြည့်ရသည်မှာ တပည့်များကို ပြိုင်ဘက်ကင်း ဆရာသခင် တစ်ပါး၏ အော်ရာမျိုး ခံစားလိုက်ရစေသည်။
"ဒါ အဆင့်မြင့် သိုင်းပညာလား... တကယ်ကို မယုံနိုင်စရာပဲ..."
ကျန်းယွီက တပည့်များ၏ အနောက်တွင် ရပ်လျက် ထိုမြင်ကွင်းကို အံ့သြတကြီး ကြည့်နေသည်။ သူသည်လည်း သိုင်းပညာ လေ့ကျင့်ချင်စိတ် ပြင်းပြလာသော်လည်း ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်သည်။
ဝူမန်အာက အောက်ဘက်ရှိ လွင့်ပျံနေသော ဖုန်မှုန့်များကို ငုံ့ကြည့်လိုက်ပြီး တည်ကြည်သော မျက်နှာထားမှာလည်း ရေခဲတောင် အရည်ပျော်ကျသကဲ့သို့ ပျောက်ကွယ်သွားသည်။ သူ ယန်ကျွယ်တိန်ဘက်သို့ လှည့်၍ သတိကြီးစွာ မေးလိုက်သည်က…
"ကျွန်တော် ရိုက်တာ နာသွားလား..."
ယန်ကျွယ်တိန် သတိပြန်ဝင်လာပြီး သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သိုင်းပညာရှင် ပထမလူ (ဝူကျွမ်းယွမ်)သာ ဒီနေရာမှာ သေသွားရင် ပြဿနာ တက်တော့မယ်။
သူ တောင်အောက်သို့ အမြန်ပြေးဆင်းသွားရာ အခြားတပည့်များက ဝူမန်အာကို ဝိုင်းရံ၍ သူ့ခွန်အားကို ချီးကျူးနေကြသည်။
ထိုအချိန်၌။
ဝင်းအတွင်းတွင်ရှိနေသော လီတုန်းယွဲ့လည်း တပည့်များ၏ ဆွေးနွေးသံများကို ကြားနေရသည်။
"ဂိုဏ်းချုပ်အစ်ကို... မန်အာရဲ့ စိတ်က ရိုးရှင်းလွန်းတယ်... သူ့ခွန်အားသူ မသိဘူး... နောက်ဆို သူ့ကို ပေါ့ပေါ့ဆဆ တိုက်ခိုက်ခွင့် ပေးလို့ မဖြစ်ဘူး..."
လီချင်းချိုး ခေါင်းညိတ်လိုက်သော်လည်း သိပ်ပြီး မစိုးရိမ်ပေ။ လီရန်၏ အသက်ရှူသံကို သူ ကြားနေရပြီး မြန်ဆန်နေသော်လည်း အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။
"သွားကယ်လိုက်ပါ..."
လီချင်းချိုး ပြောလိုက်ရာ လီတုန်းယွဲ့ ချက်ချင်း ထရပ်လိုက်ပြီး ယွမ်လီကို သူ့ထံ အပ်ကာ ဝင်းထဲမှ အလျင်အမြန် ထွက်သွားလေသည်။
လီရန် အိပ်မက်မက်နေ၏။ အိပ်မက်ထဲတွင် သူသည် စစ်မြေပြင်၌ တိုက်ခိုက်နေပြီး တားဆီးမရအောင် ဖြစ်နေသည်။ ရုတ်တရက် သူ့ရှေ့တွင် လူဘီလူးကြီး တစ်ကောင် ပေါ်လာပြီး သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ခုခံရန်စွမ်းအားမဲ့သွားသည်။
သူ အသတ်ခံရတော့မည့် ဆဲဆဲတွင် ရုတ်တရက် လန့်နိုးလာသည်။
မျက်လုံးဖွင့်၍ လေကို ရှူသွင်းလိုက်ပြီး မသိစိတ်ဖြင့် ထရန် ကြိုးစားလိုက်သော်လည်း တစ်ကိုယ်လုံးမှ စူးရှသော နာကျင်မှုကြောင့် လေအေးကို ရှူရှိုက်လိုက်မိကာ ထ၍ မရတော့ပေ။
"အစ်ကို... သတိရလာပြီလား..."
ကျောက်လင်းလုံ၏ အံ့အားသင့်သော အသံက ဘေးနားမှ ထွက်ပေါ်လာသည်။ လီရန် လှည့်ကြည့်လိုက်ရာ ကျောက်လင်းလုံ ကုတင်ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ နောက်ကျောဘက်ရှိ ပြတင်းပေါက်မှ နေဝင်ချိန် အလင်းရောင် ဖြာကျနေသည်။
နေဝင်ရီတရော အချိန် ရောက်နေပြီ ဖြစ်၏။
လီရန် အံကြိတ်၍ မေးလိုက်သည်။
"ဒါ ဘယ်နေရာလဲ..."
"ချင်းရှောင်းဂိုဏ်းထဲမှာပါ... လီတုန်းယွဲ့ဆိုတဲ့ မိန်းကလေးက အပ်စိုက်ပြီး ကုပေးထားတာ..."
ကျောက်လင်းလုံက ပြန်ဖြေလိုက်ပြီး လီရန် နိုးလာသည်ကို မြင်ရသဖြင့် စိတ်သက်သာရာ ရသွားပုံ ပေါ်သည်
"အစ်ကို... နောက်ဆို ဒီလောက် မပေါ့ဆပါနဲ့... ချင်းရှောင်းဂိုဏ်းက လူတွေ သဘောကောင်းလို့ တော်သေးတာပေါ့... တခြားဂိုဏ်းသာ ဆိုရင် ကုပေးချင်မှ ကုပေးမှာ..."
လီရန် ဒဏ်ရာရသွားသော်လည်း သူမက ချင်းရှောင်းဂိုဏ်းကို အပြစ်မမြင်ဘဲ လီတုန်းယွဲ့၏ ကူညီမှုအတွက် ကျေးဇူးတင်နေသည်။
လီရန်က မဲ့ပြုံး ပြုံးလိုက်ပြီး ေ
"ငါ ဘယ်မှာ ပေါ့ဆခဲ့လို့လဲ... အဲဒီကောင်ကမှ ကြောက်စရာ ကောင်းလွန်းတာ... လူမှ ဟုတ်ရဲ့လား... ကောလာဟလတွေအရ လီရှန်က ဝူမျိုးနွယ်စုဟာ စစ်သည်တော်တွေ ဖြစ်လာဖို့ နှစ်ပေါင်း တစ်ရာလောက် သုတေသန လုပ်ခဲ့ကြတယ်တဲ့... မွေးကင်းစ ကလေးတွေကိုတောင် အလွန် ပြင်းထန်တဲ့ ခန္ဓာသန့်စင်ဆေးရည်ထဲ စိမ်ပြီး ခံနိုင်ရည် ရှိအောင် လုပ်ခဲ့ကြတာ... သူတို့ အောင်မြင်သွားပုံ ရပါတယ်..."
"လီရှန်က ဝူမျိုးနွယ်စု ဟုတ်လား... သူတို့က လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက မျိုးပြုတ်သွားပြီ မဟုတ်လား... ဝူမန်အာက ဝူမျိုးနွယ်စုရဲ့ မျိုးဆက် ဆိုတာ အစ်ကို ဘယ်လိုလုပ် သေချာနေတာလဲ..."
ကျောက်လင်းလုံက ဇဝေဇဝါဖြင့် မေးလိုက်သည်။
လီရန် သွားများကို စေ့လိုက်ပြီး သူ့ခန္ဓာကိုယ် ပြိုကွဲတော့မည့်အလား ခံစားနေရသော်လည်း အတင်း ဟန်လုပ်၍ ပြုံးကာ
"လင်းရွှန်းဖုန်း ကြောင့်လေ... ငါ့အဖေ ပြောဖူးတယ်... လင်းရွှန်းဖုန်းက သူများကိစ္စ ဝင်ပါရတာ ကြိုက်တယ်တဲ့... သူက လီရှန်က ဝူမျိုးနွယ်စုနဲ့ ပတ်သက်မှုတချို့ ရှိခဲ့တယ်... ဝူမျိုးနွယ်စု အသတ်ခံရတယ်လို့ ကြားတော့ လင်းရွှန်းဖုန်း ကိုယ်တိုင် အဲဒီကို သွားခဲ့တယ်... ဝူမန်အာကို တစ်နေရာရာကနေ တွေ့ခဲ့တာ ဖြစ်လောက်တယ်..."
ကျောက်လင်းလုံ ရုတ်တရက် သဘောပေါက်သွားပြီး ရေရွတ်လိုက်သည်။
"လင်းရွှန်းဖုန်းက တကယ့်ကို ထူးခြားတဲ့ လူသားပါပဲ... သူ ကျန်းဟူလောကထဲ စရောက်တုန်းက တိုင်းခန်းလှည့်လည်နေတဲ့ ဧကရာဇ်မင်းမြတ်နဲ့ မိတ်ဆွေ ဖြစ်ခဲ့ပြီး ဧကရာဇ်ရဲ့ လေးစားမှုကို ခံခဲ့ရတယ်လို့ ပြောကြတယ်... သူသာ လက်ခံခဲ့ရင် ရာထူး အလျင်အမြန် တက်နိုင်ပေမဲ့ သူ့ရဲ့ ရည်မှန်းချက်က ကျန်းဟူလောကမှာပဲ ရှိခဲ့တာ..."
"ဟုတ်တယ်... သူက ထူးခြားတဲ့ လူသားပဲ.. ပြောရရင် ငါ့ရဲ့ လီမိသားစုကလည်း သူနဲ့ ပတ်သက်မှု ရှိတယ်..."
လီရန်က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အကြည့်များ ရှုပ်ထွေးသွားသည်။
"ဘယ်လို ပတ်သက်မှုလဲ..."
ကျောက်လင်းလုံက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လီရန်က ခေါင်းအနည်းငယ် ခါလိုက်ပြီး ပြောပြလိုစိတ် မရှိပေ။
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟေး... ရှင်က တကယ်ပဲ သိုင်းပညာရှင် ပထမလူ (ဝူကျွမ်းယွမ်) ဟုတ်ရဲ့လား... ဝူကျွမ်းယွမ်က စာလေ့လာဖို့ လိုလို့လား..."
ထိုစကားကို ကြားသော် လီရန်နှင့် ကျောက်လင်းလုံ လှည့်ကြည့်လိုက်ရာ မိန်းကလေးငယ် နှစ်ဦးက ပြတင်းပေါက် အပြင်ဘက်မှ သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူတို့မှာ လီစီကျင်နှင့် ရွှီနင်းတို့ ဖြစ်ကြသည်။ စကားလှမ်းပြောလိုက်သူမှာ လီစီကျင် ဖြစ်ပြီး လီရန်ကို စူးစမ်းသလို ကြည့်နေသည်။
လီရန်က ဟန်လုပ်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဒါပေါ့... ဝူကျွမ်းယွမ်လည်း စာပေ စာမေးပွဲ ဖြေဖို့ လိုတာပေါ့... ဒါပေမဲ့ စာပေပညာရှင် ပထမလူ လောက်တော့ မခက်ပါဘူး... ငယ်ငယ်ကတည်းက သိုင်းကျင့်တာအပြင် စာလည်း လေ့လာခဲ့ရတာ... ညီမလေးတို့လို တောင်ပေါ်မှာ ဆော့ကစားဖို့ လွတ်လပ်ခွင့် မရခဲ့ဘူး..."
ဒီနေ့ သူ တောင်ပေါ် တက်လာတုန်းက လီစီကျင်နှင့် ရွှီနင်းတို့ကို တွေ့ခဲ့ပြီး လမ်းမေးခဲ့ဖူးသည်။
လီစီကျင်က
"စာပေသမား အစ်ကိုကြီး... အစ်ကို့ သိုင်းပညာက ကျန်းဟူလောကမှာ ဘယ်အဆင့်လောက် ရှိလဲ..."
"ပထမတန်းစား သိုင်းသမား တော်တော်များများကို အစ်ကို လွယ်လွယ်လေး အနိုင်ယူခဲ့ဖူးတယ်... ဒါပေမဲ့ အထွတ်အထိပ် အဆင့်ကို ရောက်ဖို့တော့ အများကြီး လိုပါသေးတယ်..."
"ဒါဆို ညီမရဲ့ ပဉ္စမဂိုဏ်းတူအစ်ကိုက အထွတ်အထိပ် ပညာရှင် ဖြစ်နေပြီပေါ့..."
လီစီကျင်က အံ့သြစွာ မေးလိုက်သည်။
လီရန် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သညခ။
"ညီမရဲ့ ပဉ္စမဂိုဏ်းတူအစ်ကိုက ဒီနှစ် ဘယ်နှနှစ် ရှိပြီလဲ..."
ဝူမန်အာ၏ အသံကို သူ ပြန်သတိရလိုက်ပြီး ကလေးဆန်မှု အနည်းငယ် ပါနေသည်ကို သတိပြုမိလိုက်သည်။
"သူ ၁၅ နှစ် ပြည့်ပြီးရုံပဲ ရှိသေးတယ်..."
လီစီကျင်က မျက်တောင်ခတ်ရင်း ပြန်ဖြေလိုက်သည်။
လီရန်၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်သွားပြီး ကျောက်လင်းလုံ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်အနည်းငယ် ဟသွားသည်။
လီစီကျင်မှာ အပြစ်ကင်းစင်ပုံ ရသော်လည်း အမှန်တကယ်တော့ သူမ တိတ်တဆိတ် ကျေနပ်နေခြင်း ဖြစ်သည်။
သူမ ဟန်ဆောင်နေသည်ကို မြင်လိုက်ရသဖြင့် ရွှီနင်း ခေါင်းအနည်းငယ် စောင်းလိုက်ပြီး တည့်တည့် မကြည့်ချင်တော့ပေ။
လီရန် ကုတင်ပေါ်တွင် လဲလျောင်းရင်း မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်လေသည်။
"ငါတော့ သိုင်းပညာရှင် ပထမလူ (ဝူကျွမ်းယွမ်) ဆိုတဲ့ နာမည်ကို အရှက်ခွဲလိုက်မိပြီ..."