← Chapters

တတိယမြောက် ကံကြမ္မာ အခွင့်အရေး

Vol. 4 Ch. 35

တတိယမြောက် ကံကြမ္မာ အခွင့်အရေး

Vol. 4 Ch. 35

ကျန်းကျောက်ရှားနှင့် လီစီဖုန်းတို့ သိုင်းပညာပြိုင်ပွဲ ဝင်ပြိုင်ကြမည့် သတင်းက ချင်းရှောင်းဂိုဏ်း တပည့်များ အားလုံးကို စိတ်လှုပ်ရှားစေခဲ့သည်။ အားလပ်ချိန်များတွင် တပည့်များ၏ သိုင်းပညာ လေ့ကျင့်လိုစိတ်မှာ များစွာ မြင့်တက်လာ၏။

ယန်ကျွယ်တိန်ခင်မျာ သိုင်းပညာပြိုင်ပွဲသို့ မသွားရောက်နိုင်သဖြင့် အလွန် စိတ်ပျက်နေပြီး တိုက်ခိုက်လိုစိတ်များကို "ချင်းရှောင်း၏ နတ်ဘုရားခုနစ်ပါး" အပေါ်တွင် ပုံချလိုက်လေသည်။

ပထမဆုံး မျိုးဆက် တပည့်များ အနေဖြင့် လီချင်းချိုးနှင့် ယန်ကျွယ်တိန်တို့ နှစ်ဦးစလုံးက ထိုတပည့်များကို အဓိက အမာခံများ ဖြစ်လာစေချင်ပြီး အနာဂတ်တွင် စီမံခန့်ခွဲမှု တာဝန်အချို့ကို ယူစေချင်သည်။

ယန်ကျွယ်တိန်ကို သိုင်းပညာပြိုင်ပွဲသို့ မလွှတ်ရသည့် အကြောင်းရင်းမှာ ချင်းဂိုဏ်း၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်။ ထို့အပြင် ကျန်းကျောက်ရှားက ယခင်က တောင်အောက်သို့ ဆင်းဖူးသဖြင့် အတွေ့အကြုံ အချို့ ရှိပြီးသား ဖြစ်ရာ ဤအခွင့်အရေးကို အသုံးချပြီး စွမ်းရည်များကို သွေးသစ်လောင်းပေးနိုင်သည်။

လီစီဖုန်း မရှိသော ဤနွေဦးနှင့် နွေရာသီတွင် တပည့်အရေအတွက် တိုးပွားလာသော်လည်း ဂိုဏ်းတခုလုံး အနည်းငယ် တိတ်ဆိတ်နေသည်ဟု လီချင်းချိုး ခံစားရသည်။

လစဉ်လတိုင်း ကျန်းယွီချွန်း တောင်အောက်သို့ တစ်ခေါက် ဆင်းလေ့ရှိသည်။ တပည့်များ စုဆောင်းခြင်းအပြင် လက်သမားများကိုလည်း တောင်ပေါ်သို့ ဖိတ်ခေါ်ခဲ့သည်။ အနာဂတ်တွင် တပည့်များ အားလုံး စုဝေးနိုင်မည့် ခန်းမဆောင်ကြီး တစ်ခု တည်ဆောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဤကိစ္စကို လီချင်းချိုးကလည်း မကန့်ကွက်ပေ။ ဂိုဏ်း၏ အဆောက်အအုံများကို အမှန်တကယ် ပြုပြင်မွမ်းမံရန် လိုအပ်နေသည်။

လီရန် ထားရစ်ခဲ့သော ရွှေတုံးများမှာ သာမန် ပစ္စည်းများ မဟုတ်ဘဲ လင်းချွမ်းဒေသ၏ လက်ရာများ ဖြစ်သည်။ ရွှေအစစ် မဟုတ်သော်လည်း လက်ရာ အလွန် သေသပ်လှပသည်။

ကျန်းယွီချွန်း တောင်အောက် မြို့ထဲသို့ သွားရောက်ပြီး တစ်တုံးကို ကြေးပြားတွဲ သုံးရာ အပြည့်ဖြင့် ရောင်းချနိုင်ခဲ့သည်။

ချင်းရှောင်းဂိုဏ်းမှ လက်ကျန်ငွေနှင့် ပေါင်းလိုက်လျှင် ခန်းမဆောင်ကြီး တစ်ခု တည်ဆောက်ရန် မခက်ခဲတော့ပေ။ မည်သို့ပင်ဆိုစေ သူတို့က ဇိမ်ခံမှုကို ရှာဖွေနေခြင်း မဟုတ်ပေ။

ဤလုပ်ငန်းစဉ်အတွင်း ကျန်းယွီချွန်း ပြဿနာအချို့ ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းစွာဖြင့် ယန်ကျွယ်တိန် လိုက်ပါသွားခဲ့သည်။

တာလီမင်းဆက်တွင် ကြေးပြားတစ်တွဲလျှင် ကြေးနီပြား တစ်ထောင် တန်ဖိုးရှိပြီး ကြေးနီပြား သုံးဆယ်ဆိုလျှင် ဆန်တစ်အိတ် (ခြောက်ကီလိုဂရမ်ခန့်) ဝယ်ယူရန် လုံလောက်သည်။

နှစ်စဉ်နှစ်တိုင်း ချင်မိသားစုမှ ထောက်ပံ့သော ငွေကြေးနှင့် ပစ္စည်းများ အပြင် ချင်းရှောင်းဂိုဏ်း၏အခြား ကုန်ကျစရိတ်များကို နှုတ်ပြီးနောက် ပိုလျှံငွေ ရှိနေသေးသည်။ သို့သော် ချင်းရှောင်းဂိုဏ်းတွင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ မရှိသေးသဖြင့် ဝင်ငွေ မလုံလောက်ပေ။ တပည့်များမှာ ငယ်ရွယ်လွန်းပြီး သိုင်းပညာ သင်ယူနေဆဲ အဆင့်သာ ရှိသေးသဖြင့် ဂိုဏ်းအတွက် ဝင်ငွေ မရှာပေးနိုင်သေးရာ မည်သို့မျှ မတတ်နိုင်ချေ။ သူတို့က လယ်လုပ်ငန်းနှင့် လုပ်အားပေး လုပ်ငန်းတချို့ကို ကူညီလုပ်ကိုင်ပေးနေသည်ကိုပင် လီချင်းချိုး ကျေနပ်နေရပြီ ဖြစ်သည်။

သိုင်းဂိုဏ်းတွေတောင်မှ ပိုက်ဆံ ရှာရတာပဲ... ဘာပဲပြောပြော လူတွေက စားဖို့ လိုတယ်... လက်နက်တွေက ပိုက်ဆံပေးရတယ်... သိုင်းသင်ဖို့က ပိုက်ဆံ ပိုကုန်တယ်...

နွေရာသီ နေ့တစ်နေ့တွင် လီချင်းချိုးနှင့် လီစီကျင်တို့ မြေအောက် စိတ်ဝိညာဉ်ရေအိုင်တွင် ကျင့်ကြံနေကြသည်။

လီချင်းချိုးက ရေအိုင်ဘေးတွင် တင်ပျဉ်ခွေ ထိုင်နေပြီး ရေအိုင်၏ တစ်ဖက်ကမ်းတွင် မြက်ခင်းပြင်တစ်ခုရှိရာ လီစီကျင်က ထိုနေရာကို သေချာ စောင့်ကြည့်နေသည်။

ဤမြက်ခင်းပြင်သည် သာမန်နေရာ မဟုတ်ဘဲ ဆေးဖက်ဝင် အပင်များ စိုက်ပျိုးထားသော နေရာ ဖြစ်သည်။ မြေအောက် စိတ်ဝိညာဉ်ရေအိုင်မှ ဝိညာဉ်စွမ်းအင်များက ဆေးဖက်ဝင် အပင်များကို ဝိညာဉ်အပင်များ (ဝိညာဉ်စွမ်းအင် ပါဝင်သော အပင်များ) အဖြစ် ပြောင်းလဲပေးနိုင်မလား ဆိုသည်ကို လီချင်းချိုး သိချင်နေသည်။ထို့​ကြောင့် ဤတာဝန်ကို လီစီကျင်အား လွှဲအပ်ထားခြင်း ဖြစ်သည်။

"ဂိုဏ်းချုပ်အစ်ကို... ကျွန်မတို့ အောင်မြင်ပြီ..."

လီစီကျင် အံ့အားသင့်စွာ အော်ပြောလိုက်သဖြင့် လီချင်းချိုး မျက်လုံး ပွင့်သွားသည်။ သူ ချက်ချင်း ထရပ်လိုက်ပြီး ရေအိုင်ကို ခုန်ကျော်ကာ လီစီကျင်ဘေးသို့ ဆင်းသက်လိုက်သည်။

လီစီကျင်က ဆေးဖက်ဝင် အပင်တစ်ပင်၏ ရှေ့တွင် ထိုင်ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်

"ဂိုဏ်းချုပ်အစ်ကို... သေချာ အာရုံခံကြည့်လိုက်ရင် အဲဒီအထဲမှာ ဝိညာဉ်စွမ်းအင် ရှိနေတယ်... ဖျော့တော့တဲ့ ဝိညာဉ်စွမ်းအင်တောင် ထုတ်လွှတ်နေသေးတယ်... ဒါ အစ်ကို ပြောတဲ့ ဝိညာဉ်အပင် ဆိုတာ ဟုတ်လား..."

လီချင်းချိုး ထိုင်ချလိုက်ပြီး သေချာ အာရုံခံကြည့်လိုက်ရာ အမှန်တကယ်ပင် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန် အံ့အားသင့်သွားသည်။

အနာဂတ်တွင် ချင်းရှောင်းဂိုဏ်းသည် ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု အဖြစ် ပြောင်းလဲသွားမည် ဖြစ်ပြီး လောကီ ငွေကြေးနှင့် ပိုက်ဆံများမှာ သေချာပေါက် ပျောက်ကွယ်သွားပေလိမ့်မည်။ ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်အပင်များကသာ အရေးကြီးဆုံး ငွေကြေးများ ဖြစ်လာလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် တပည့်များက ကျင့်ကြံရန်အတွက် ထိုအရာများကို မှီခိုရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်အပင်များ စိုက်ပျိုးခြင်းကို အလွန် ဂရုစိုက်နေရခြင်းဖြစ်သည်။

"တကယ် ကောင်းတယ်... စီကျင်... မင်း အောင်မြင်သွားပြီ... ဒါက ကြီးမားတဲ့ အောင်မြင်မှုပဲ..."

နှစ်သစ်ကူး ကတည်းက လီစီကျင်သည် မြေကမ္ဘာအဆောင်လက်ဖွဲ့ရတနာကျမ်းကို လေ့ကျင့်သည်မှလွဲ၍ ကျန်အချိန်များတွင် ဝိညာဉ်အပင်များ စိုက်ပျိုးရန် အချိန်ကုန်ဆုံးခဲ့ကြောင်း လီချင်းချိုး အမှတ်ရမိလိုက်သည်။ထိုလုပ်ငန်းစဉ်က အလွန် ချောမွေ့ခဲ့ပြီး အနည်းဆုံးတော့ သူ မျှော်လင့်ထားသည်ထက် ပိုမြန်ခဲ့သည်။

သူ ရုတ်တရက် သဘောပေါက်လိုက်မိသည်။

မှော်ပညာရပ်တွေ လက်ဆင့်ကမ်းတာက တာအိုမျိုးဆက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက သော့ချက် မဟုတ်ဘူး... ကံကောင်းခြင်းကသာ အဓိကပဲ...

မြေအောက် စိတ်ဝိညာဉ်ရေအိုင် တစ်ခုတည်းနှင့်ပင် ချင်းရှောင်းဂိုဏ်း၏ လက်ရှိ အင်အားအတွက် အုတ်မြစ် ချပေးနိုင်ခဲ့သည်။ နောက်ထပ် အနည်းငယ် ထပ်တည်ဆောက်နိုင်လျှင် ချင်းရှောင်းဂိုဏ်း အရှိန်အဟုန်ဖြင့် တိုးတက်သွားမည် မဟုတ်ပါလား။

ထိုက်ခုန်းတောင်တန်းကြီးက ကျယ်ဝန်းပြီး သယံဇာတ ကြွယ်ဝသဖြင့် အခြားသော မြေအောက် စိတ်ဝိညာဉ်ရေအိုင်များ ရှိနေကောင်း ရှိနေနိုင်သည်။

"တကယ်လား... ဒါဆို ညီမ မှတ်ထားလိုက်မယ်... အနာဂတ်ကျရင် ညီမလည်း ဂိုဏ်းအကြီးအကဲ ဖြစ်ချင်တယ်..."

လီစီကျင်က ဂုဏ်ယူစွာ ပြောလိုက်သည်။ သူမ အောင်မြင်မှု တစ်ခု ရလိုက်သလို ခံစားလိုက်ရပြီး ဝိညာဉ်အပင်များ စိုက်ပျိုးခြင်းက ပျင်းစရာ မကောင်းဘဲ အတော်လေး အဓိပ္ပာယ် ရှိကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားသည်။

"မင်း ဒါကို ကောင်းကောင်း လုပ်နိုင်ရင်... ပြီးတော့ မင်းရဲ့ မြေကမ္ဘာအဆောင်လက်ဖွဲ့ရတနာကျမ်းနဲ့ဆိုရင်... မင်းက ချင်းရှောင်းဂိုဏ်းမှာ အရေးအပါဆုံး လူ ဖြစ်လာလိမ့်မယ်..."

"ဟီးဟီး... အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး... ဂိုဏ်းချုပ်အစ်ကိုကသာ အရေးအကြီးဆုံးပါ... ချင်းရှောင်းဂိုဏ်းက တခြားလူ မရှိရင် ဖြစ်ပေမဲ့ အစ်ကို မရှိရင်တော့ မဖြစ်ဘူး..."

"ဟားဟား... ငါတို့ ခုနစ်ယောက်စလုံး မရှိရင် မဖြစ်တာ နေမှာပါ..."

သူတို့နှစ်ဦး အပြန်အလှန် ချီးကျူးရင်း စိတ်အခြေအနေ ကောင်းမွန်နေကြသည်။ ခေတ္တမျှ စကားပြောပြီးနောက် ဒုတိယမြောက် ဝိညာဉ်အပင် ရှိမရှိ သိနိုင်ရန် အခြား ဆေးဖက်ဝင် အပင်များကို ဆက်လက် စစ်ဆေးကြသည်။

ကံမကောင်းစွာဖြင့် ဒုတိယမြောက် ဝိညာဉ်အပင် မရှိတော့ပေ။ သို့သော် သူတို့ စိတ်မပျက်ကြချေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အပင် တစ်ပင် ရှိနေခြင်းကပင် ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြောင်း သက်သေပြနေသောကြောင့် ဖြစ်သည်။

...

ဝိညာဉ်အပင် အောင်မြင်စွာ စိုက်ပျိုးနိုင်သည့် သတင်းက ချင်းရှောင်းဂိုဏ်း အတွင်း၌ ပျံ့နှံ့မသွားသော်လည်း လီချင်းချိုး၏ စိတ်အခြေအနေ တိုးတက်လာသည်။ နောက်ရက် အနည်းငယ် အတွင်း လူတိုင်းကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တတ်သဖြင့် တပည့်များမှာ မြှောက်ပင့်ခံရသလို ခံစားကြရပြီး သူ့တွင် ဘာပျော်စရာကိစ္စ ရှိနေသလဲဟု တွေးတောနေကြသည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာသည်။

လီချင်းချိုး တောအုပ်ထဲတွင် ရပ်လျက် တပည့်များ ကျင့်ကြံနေသည်ကို ကြည့်ရှုနေသည်။ သူ့ရှေ့ရှိ ကွက်လပ်တွင် အမြင့် မတူညီသော သစ်တိုင်ပေါင်း ဒါဇင်နှင့်ချီ၍ စိုက်ထူထားသည်။ ချန်ချန်ဟိုင်က သစ်တိုင်များပေါ်တွင် နင်းလျက် လျင်မြန်စွာ ခုန်ပျံသွားရာ သူ့ လှုပ်ရှားမှုများက ပေါ့ပါးသွက်လက်ပြီး ဘေးနားတွင် စောင့်ဆိုင်းနေသော တပည့် ရှစ်ယောက်ကို မကြာခဏ အံ့သြသွားစေသည်။

ဤသည်မှာ ချန်ချန်ဟိုင် ကိုယ်တိုင် တည်ဆောက်ထားသော ကိုယ်ဖော့ပညာ လေ့ကျင့်ရေးကွင်း ဖြစ်သည်။ သူက တပည့်များကို ကိုယ်ဖော့ပညာ မည်သို့ လေ့ကျင့်ရမည်ကို သင်ကြားပေးရန် တာဝန်ယူထားသည်။ ဤသည်မှာ ချန်ချန်ဟိုင်၏ ပထမဆုံး သင်ခန်းစာ ဖြစ်ပြီး လီချင်းချိုး ကိုယ်တိုင် လာရောက် ကြည့်ရှုခြင်း ဖြစ်သည်။ လောလောဆယ်အထိတော့ ရလဒ် ကောင်းမွန်နေသေးသည်။

သူခိုးဘုရင်က တော်တော် ကျွမ်းကျင်သားပဲ...

အိမ်ရှေ့စံ၏ အမဲလိုက်ခရီးစဉ်ကို လွဲချော်ခဲ့ပြီးနောက် ချန်ချန်ဟိုင် ထိုအကြံအစည်ကို လက်လျှော့လိုက်သည်။ ထို့အပြင် ချင်းရှောင်းဂိုဏ်းအပေါ် ပြင်းပြသော စူးစမ်းလိုစိတ် ရှိနေသဖြင့် ဂိုဏ်းသားတစ်ဦး ဖြစ်လာခဲ့သည်။

သူ့ပါရမီနှင့် ဉာဏ်ပညာမှာ အတော်ကောင်းမွန်သော်လည်း အထူးကံကြမ္မာ ပါမလာပေ။

ချန်ချန်ဟိုင်၏ ပါရမီနှင့် ဉာဏ်ပညာက အတော်အတန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီး အင်မော်တယ် ကျင့်စဉ်ကို လေ့ကျင့်ရန် အရည်အချင်း ပြည့်မီကြောင်း သက်သေပြနေသည်။ လောလောဆယ်တွင် လီချင်းချိုး သူ့ကို စောင့်ကြည့်နေဆဲ ဖြစ်သည်။

ချန်ချန်ဟိုင်က အပြင်ပန်းတွင် ယုံကြည်မှု ရှိပုံရသော်လည်း တကယ်တမ်းတွင် အလွန် စိတ်လှုပ်ရှားနေသည်။ သူ ရည်မှန်းချက်ကြီးစွာဖြင့် ချင်းရှောင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ယန်ကျွယ်တိန်နှင့် ရင်ဘောင်တန်းနိုင်သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချင်သည်။ ထို့ကြောင့် အလျှော့မပေးဘဲ တပည့်များကို သင်ကြားပေးရန် နှစ်မြှုပ်ထားသည်။

အကြိမ်ကြိမ် သရုပ်ပြပြီးနောက် ချန်ချန်ဟိုင်က တပည့်များကို တစ်ယောက်ပြီး တစ်ယောက် တက်ရောက် စမ်းသပ်စေပြီး သူက အောက်မှ လိုက်ပါကာ အချိန်မရွေး ဖမ်းထိန်းပေးရန် အဆင်သင့် ပြင်ထားသည်။

ဤသဘောထားကို လီချင်းချိုးက သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး ချန်ချန်ဟိုင်က ထိုမြင်ကွင်းကို မျက်လုံးထောင့်မှ တစ်ဆင့် မြင်လိုက်ရသဖြင့် ယုံကြည်မှုကို များစွာ မြှင့်တင်ပေးလိုက်သလိုခံစားနေရသည်။

ထိုစဉ်

လီချင်းချိုး၏ မျက်လုံးများ ရှေ့တွင် အချက်ပြစာသား တစ်ခု ပေါ်လာသည်။

[သင်သည် ချင်းရှောင်းဂိုဏ်းကို သိုင်းလောကတွင် ပထမဆုံးအကြိမ် နာမည်ကျော်ကြားသော နေရာသို့ ပို့ဆောင်ပေးခဲ့ပြီး ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့သည့်အတွက် ကံကြမ္မာမဲ နှိုက်ခွင့် တစ်ကြိမ် ပေးအပ်သည်။]

ဟေ...

ကျန်းကျောက်ရှားနဲ့ လီစီဖုန်းတို့ အောင်မြင်သွားတာလား...

လီချင်းချိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ တပည့်များကို အပြင်ထွက်၍ လေ့လာခိုင်းခြင်းသည် မှန်ကန်သော လမ်းကြောင်း ဖြစ်ပုံရသည်။ တစ်သီးပုဂ္ဂလ နေထိုင်ခြင်းက မျိုးဆက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားရုံသာ ဖြစ်ပေလိမ့်မည်။

ဒီတစ်ကြိမ်တွင် သူ အလိုချင်ဆုံး ဖြစ်သော ကံကြမ္မာမဲ နှိုက်ခွင့် ရရှိခဲ့သည်။ ဤအခွင့်အရေးကို ယွမ်လီလေး အတွက် ချန်ထားပေးရန် သူ ဆုံးဖြတ်ပြီး ဖြစ်သည်။

"မပျက်စီးနိုင်သော စစ်ဘုရင်ခန္ဓာ"ဆိုသည့် စကားလုံးက တွေးကြည့်ရင်တောင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ။

အခြားတပည့်များတွင် အထူးကံကြမ္မာ မရှိသဖြင့် ဝူမန်အာ၏ ကျားခန္ဓာဆင်အင်အား ကို သူ စိတ်မဝင်စားပေ။

ဝူမန်အာသည် ယခုအခါ ကြောက်မက်ဖွယ် ကောင်းနေသော်လည်း အသက်လုတိုက်ရသော တိုက်ပွဲ ဖြစ်လာပါက လီချင်းချိုး အနေဖြင့် ထိုကဲ့သို့ ပြိုင်ဘက်မျိုးကို ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ဖြင့် ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်။

လီချင်းချိုး ပြုံး၍ ချန်ချန်ဟိုင်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။ သူ့ အပြုအမူက ချန်ချန်ဟိုင်ကို များစွာ အားပေးရာ ရောက်ပြီး ပိုမို ကြီးမားသော တွန်းအားကို ပေးစွမ်းလိုက်သည်။

ချန်ချန်ဟိုင်၏ ရိုးရာသိုင်းပညာ အကြောင်း လေ့လာပြီးနောက် အခြားသော လေ့ကျင့်ရေးကွင်းများ၊ ငါးကန်များ၊ မြင်းခြံများနှင့် လယ်မြေများကိုပါ စစ်ဆေးရန် လိုအပ်သေးသည်။ ထိုနေရာများက ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးရန် စောင့်ဆိုင်းနေကြသည်။

လူတွေက သဘာဝအရ ပျင်းရိတတ်ကြတယ်... ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ လီချင်းချိုး ရောက်ရှိလာခြင်းက တပည့်တွေကို ကြီးကြပ်ရာ ရောက်ရုံသာမက သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဂိုဏ်းချုပ် မြင်တွေ့သွားပါလား ဆိုတဲ့ ယုံကြည်မှုနဲ့အတူ စိတ်ဓာတ်ခွန်အားပါ ဖြစ်စေတယ်...

တပည့်တွေ များလာလေလေ၊ လီချင်းချိုး ပိုမို အလုပ်များလာလေလေ ဖြစ်သည်။ သူနှင့် ဂိုဏ်းအပေါ် ထားရှိသော သူတို့၏ သစ္စာရှိမှုက အတက်အကျ ရှိနိုင်ပြီး သူ ရှိနေခြင်းက သူတို့၏ သစ္စာရှိမှုကို သက်ရောက်မှု ရှိစေသည်။ ဤအချက်က သူ့ကို လက်အောက်ငယ်သားများအပေါ် စီမံခန့်ခွဲခြင်း အတတ်ပညာအပေါ် ပိုမို စိတ်ဝင်စားလာစေသည်။

လက်ရှိတွင် ချင်းရှောင်းဂိုဏ်းအတွက် စည်ပင်ဝပြောမည့် လက္ခဏာများ ပြသနေပြီး ကြီးမားသော ပြဿနာများ မရှိသေးပေ။

...

တစ်လတာ အလျင်အမြန် ကုန်ဆုံးသွားပြီး နွေရာသီ ကုန်ဆုံးတော့မည် ဖြစ်သည်။

ကျန်းကျောက်ရှားနှင့် လီစီဖုန်းတို့ နောက်ဆုံးတွင် ပြန်ရောက်လာကြသော်လည်း ကျန်းကျောက်ရှားမှာ ပြင်းထန်စွာ ဒဏ်ရာရထားသည်။ သူ့ကို လီစီဖုန်းနှင့် အဝါရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးတို့က သစ်သားထမ်းစင်ဖြင့် တောင်ပေါ်သို့ ထမ်းခေါ်လာကြခြင်း ဖြစ်သည်။

လီချင်းချိုး ဝင်းထဲသို့ ရောက်လာသောအခါ လီတုန်းယွဲ့က ကျန်းကျောက်ရှားကို ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ဖြင့် ကုသပေးနေသည်။

လီချင်းချိုး၏ မျက်နှာထား မဲမှောင်နေသည်ကို မြင်လိုက်ရသဖြင့် အခြားတပည့်များက သူ့အတွက် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။

လီစီဖုန်းက လီချင်းချိုးဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်နှာတွင် နစ်နာနေသည့် အမူအရာ ပေါ်နေပြီး မျက်လုံးများ နီရဲနေသည်။

"ဘာဖြစ်တာလဲ..." လီချင်းချိုး မေးလိုက်သည်။

ကျန်းကျောက်ရှားက မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရောက်နေပြီလေ... ဘယ်လိုလုပ် ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သတိလစ်နေရတာလဲ...

ငါတို့ ရန်သူတွေရဲ့ ဝိုင်းရံတာ ခံလိုက်ရပြန်ပြီလား...

လီစီဖုန်းက အံကြိတ်၍ "ကျွန်တော်တို့ ပြန်လာတဲ့ လမ်းမှာ ကောင်းကင်ဓားဂိုဏ်းရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ်... ဂိုဏ်းချုပ်က တတိယအစ်ကို့ လက်ချက်နဲ့ ရှုံးသွားလို့ ရန်ငြိုးထားပြီး ကျွန်တော်တို့ကို ထိုက်ခုန်းတောင်မှာ ကြားဖြတ်တိုက်ဖို့ တပည့်အများအပြား စုဆောင်းခဲ့တာ..."

ကောင်းကင်ဓားဂိုဏ်း ဟုတ်လား...

လီချင်းချိုးက ယန်ကျွယ်တိန်ကို လှမ်းကြည့်လိုက်ရာ ယန်ကျွယ်တိန်၏ မျက်နှာထားမှာ "ကောင်းကင်ဓားဂိုဏ်း" ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် အနည်းငယ် ပြောင်းလဲသွားသည်။

ယန်ကျွယ်တိန်က ချက်ချင်းပင် "ကောင်းကင်ဓားဂိုဏ်းက ကုကျိုးက ဂိုဏ်းကြီး ခုနစ်ဂိုဏ်းထဲက တစ်ခုပဲ... နှစ်ပေါင်း ၂၀၀ သမိုင်းကြောင်း ရှိတယ်... သူတို့ရဲ့ အထွတ်အထိပ် ပညာရပ် ကောင်းကင်ဓားသိုင်းက ကမ္ဘာပေါ်မှာ သေစေနိုင်စွမ်း အမြင့်ဆုံး ဓားသိုင်းပဲ... ကောင်းကင်ဓားဂိုဏ်းက လူထုကြားမှာ လှုပ်ရှားကြတယ်... မြစ်ကြောင်းတစ်လျှောက်က မြို့တွေ ရွာတွေမှာ အခိုင်အမာ နေရာယူထားကြတယ်... သူတို့ရဲ့ တပည့်အရေအတွက်က တွက်ချက်လို့ မရနိုင်ဘူး... သူတို့က တခြား ကျန်းဟူဂိုဏ်းတွေနဲ့ တစ်နှစ်ပတ်လုံး တိုက်ခိုက်နေကြပြီး ခုနစ်စဉ်တောင်ထိပ်မဟာမိတ်အဖွဲ့ ထက်တောင် ပိုပြီး ဗိုလ်ကျစိုးမိုးကြသေးတယ်..."

"နေပါဦး... ကျန်းကောင်လေးက ကောင်းကင်ဓားဂိုဏ်းချုပ်ကို အနိုင်ယူလိုက်တယ်လို့ မင်း ပြောလိုက်တာလား..."

ယန်ကျွယ်တိန်က လီစီဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ချန်ချန်ဟိုင်သည်လည်း လူအုပ်၏ အပြင်ဘက်တွင် ရပ်နေရင်း တိတ်တဆိတ် ထိတ်လန့်သွားသည်။ ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် ကျန်းကျောက်ရှားရဲ့ ပြိုင်ဘက် မဟုတ်ဘူးတဲ့လား။

ချန်ချန်ဟိုင်သည် သူခိုးဘုရင်ဟု လူသိများသော်လည်း ကောင်းကင်ဓားဂိုဏ်းချုပ် ဆိုသည်မှာ သူ ထိတွေ့၍ မရနိုင်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဟု သူ သတ်မှတ်ထားသည်။

လီစီဖုန်း မော့ကြည့်လိုက်ပြီး "ဒါကတော့ သေချာတာပေါ့... ကျွန်တော့် တတိယအစ်ကိုက ကောင်းကင်ဓားဂိုဏ်းချုပ်ကို ကွက်ပေါင်း ၃၀ အတွင်း အနိုင်ယူလိုက်တာ... ဒါတင် မကသေးဘူး... သူက သိုင်းပညာရှင် တစ်ဒါဇင်ကျော်ကိုလည်း အနိုင်ယူခဲ့သေးတယ်... နံပါတ်တစ် သိုင်းပညာရှင်ကိုပဲ ရှုံးခဲ့တာ... အကယ်၍ သူသာ အတွင်းအား မကုန်ခမ်းသွားရင် နံပါတ်တစ် သိုင်းပညာရှင်ကို ရှုံးချင်မှ ရှုံးမှာ... ဒါပေမဲ့ တတိယအစ်ကို နာမည်ရသွားပါပြီ... ဂိုဏ်းတော်တော်များများက မိတ်ဖွဲ့ဖို့ ကမ်းလှမ်းလာကြပြီး သိုင်းပညာရှင် အများအပြားနဲ့ တွေ့ဆုံခဲ့ရတယ်..."

ယန်ကျွယ်တိန်က ဆက်မေးလိုက်သည်။

"ဘယ်သူက နံပါတ်တစ် သိုင်းပညာရှင် ဖြစ်သွားတာလဲ..."

"ယွီကျစ်ယီ ဆိုတဲ့ အဘိုးကြီး တစ်ယောက်..."

"ဪ... စီနီယာယွီကိုး... သူက တကယ်ပဲ တောထွက်လာခဲ့တာပဲ... အံ့သြစရာ မရှိပါဘူး..."

ယန်ကျွယ်တိန် ရုတ်တရက် သဘောပေါက်သွားပြီး မျက်နှာတွင် လေးစားမှုများ ပေါ်လာသည်။

ကျန်းကျောက်ရှား၏ အခြေအနေ အဆင်ပြေကြောင်းနှင့် အသက်အန္တရာယ် မရှိကြောင်း လီချင်းချိုး အာရုံခံမိလိုက်သည်။ သူ မျက်မှောင်ကြုတ်၍ လီစီဖုန်းကို စိုက်ကြည့်ကာ

"ခေါင်းစဉ် မလွှဲနဲ့... မင်းတို့ ဘယ်လိုလုပ် ဒဏ်ရာရလာတာလဲ ဆိုတာ ပြော..."

ကောင်းကင်ဓားဂိုဏ်းချုပ်တောင် ကျန်းကျောက်ရှားရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုမှတော့ ရှုပ်ထွေးမှု တစ်ခုခု ရှိနေမှာ သေချာတယ်။

လီစီဖုန်း တွန့်ဆုတ်သွားပြီး အမှန်တိုင်း ပြောသင့် မပြောသင့် မဝေခွဲနိုင် ဖြစ်နေသည်။

ထိုအချိန်တွင် သူတို့နှင့်အတူ တောင်ပေါ်သို့ လိုက်ပါလာသော အဝါရောင် ဝတ်စုံနှင့် အမျိုးသမီးက ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"သူ ဒဏ်ရာရရတာ ကျွန်မကြောင့်ပါ... ဟိုလူယုတ်မာအိုကြီးချန် က ကျွန်မ မောင်လေးကို ဖမ်းထားပြီး အခွင့်အရေးရှာ အဆိပ်ခတ်ဖို့ အတင်းအကျပ် ခိုင်းခဲ့လို့ ကောင်းကင်ဓားဂိုဏ်းက အခွင့်ကောင်း ယူသွားနိုင်ခဲ့တာပါ... ကျွန်မမှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး... ကျွန်မက သိုင်းပညာ မတတ်တဲ့ သာမန် အမျိုးသမီး တစ်ယောက်ပါ... အဖေနဲ့အတူ တည်းခိုခန်း ဖွင့်ထားတာပါ... အဖေ ဆုံးသွားပြီးနောက် မောင်လေးနဲ့ နှစ်ယောက်တည်း အတူတူ နေထိုင်ခဲ့ရတာ... အခု မောင်လေးက လူယုတ်မာအိုကြီး ချန် ရဲ့ လက်ချက်နဲ့ သေသွားပြီ ဆိုတော့ ကျွန်မမှာ ဒီလောကကြီးထဲ ဆက်နေဖို့ မျက်နှာလည်း မရှိတော့သလို ဆန္ဒလည်း မရှိတော့ပါဘူး..."

ပြောပြီးသည်နှင့် သူမ ရုတ်တရက် လှည့်ထွက်သွားပြီး အနောက်ဘက်ရှိ တိုင်လုံးဆီသို့ ပြေးဝင်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားလိုက်လေသည်။

All Chapters