← Chapters

ချင်းရှောင်း ဓားပျံတစ်ဆယ့်သုံးလက်

Vol. 4 Ch. 38

ချင်းရှောင်း ဓားပျံတစ်ဆယ့်သုံးလက်

Vol. 4 Ch. 38

နေဝင်ရီတရော အချိန်တွင် လီချင်းချိုး ဝင်းအတွင်းရှိ စားပွဲတွင် ထိုင်လျက် မြေပဲခွာစားနေသည်။ ဤမြေပဲများကို ချင်းရှောင်းဂိုဏ်းတွင် စိုက်ပျိုးထားခြင်း ဖြစ်ပြီး လှော်ပြီးသောအခါ မွှေးကြိုင်နေသည်။

ရွှီနင်းကတော့ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး မျက်နှာဆူပုတ်နေသဖြင့် လီချင်းချိုး တစ်ယောက်တည်း တိတ်တဆိတ် ရယ်မောလိုက်မိသည်။ ဒီကောင်မလေးက သူ့ကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့ ရှုံးသွားတော့ နည်းနည်း စိတ်ဓာတ်ကျနေရှာတယ်။

လူတွေရဲ့ စိတ်နှလုံးသား ဆိုတာ ခန့်မှန်းရ ခက်တယ်၊ ခန့်မှန်းရ ခက်တယ်။

ချန်ချန်ဟိုင်က လီချင်းချိုးဘေးတွင် ဝင်ထိုင်လိုက်ပြီး အသံတိုးတိုးဖြင့်… "ဂိုဏ်းချုပ်၊ လူတိုင်းကို ပိုက်ဆံရမယ့် နည်းလမ်းတွေ စဉ်းစားခိုင်းထားတယ် မဟုတ်လား၊ အဲဒီ ရာထူးကြီးတဲ့ အရာရှိတွေနဲ့ မှူးမတ်တွေရဲ့ ပစ္စည်းဥစ္စာတွေကို ကျွန်တော် သွားခိုးရင်ရော ဘယ်လိုလဲ။"

လီချင်းချိုး သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့်… "မင်း ဘာတွေ တွေးနေတာလဲ၊ ဒါ ပြဿနာရှာတာ မဟုတ်ဘူးလား၊ ငါ ပြောနေတာက မှန်ကန်တဲ့ လမ်းကြောင်း၊ ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ ဖန်တီးယူတာမျိုးကို ပြောတာ။"

ထိုစကားကို ကြားလိုက်ရသဖြင့် ချန်ချန်ဟိုင် အတော်လေး စိတ်ပျက်သွားပြီး "ဖန်တီးယူရုံနဲ့ ချမ်းသာနိုင်မယ်ဆိုရင် လယ်သမားတွေ အချမ်းသာဆုံး ဖြစ်နေတာ ကြာပြီပေါ့။"

"အေး၊ မင်းက လယ်သမားလောက်တောင် အသုံးမကျဘူး။"

ချန်ချန်ဟိုင် အလွန် ဒေါသထွက်သွားပြီး ထွက်သွားလေသည်။

လီချင်းချိုး ဂရုမစိုက်ပေ။ ချင်းရှောင်းဂိုဏ်းသည် လောကကြီး သတ်မှတ်ထားသော ဖြောင့်မတ်သည့် ဂိုဏ်း ဖြစ်ရန် မလိုသော်လည်း ကောက်ကျစ်စဉ်းလဲသော သို့မဟုတ် ယုတ်မာသော အရာများကိုလည်း မလုပ်ဆောင်နိုင်ပေ။

ချင်းရှောင်းဂိုဏ်းသည် လောကီလှည့်စားမှုများမှ ကင်းဝေးပြီး သက်ရှိသတ္တဝါ အပေါင်း၏ လေးစားမှုကို ခံရကာ သာမန်အချိန်များတွင် တရားမျှတမှုကို စောင့်ထိန်းပြီး အကျပ်အတည်း ကာလများတွင် ဒီရေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသည့် အင်မော်တယ် ကျင့်စဉ် လိုက်စားသော တာအိုဂိုဏ်းတစ်ခု ဖြစ်လာရန် သူ မျှော်လင့်ထားသည်။

သေချာတာပေါ့၊ အဲဒီပန်းတိုင်က အရမ်း ဝေးကွာနေသေးတယ်၊ ချင်းရှောင်းဂိုဏ်းက အရင်ဆုံး အသက်ရှင်ရပ်တည်နိုင်ဖို့ လိုတယ်။

တခဏကြာပြီးနောက် တပည့်များ ဟင်းပွဲများ စတင် လာချကြသည်။ ထိုအချိန်တွင် ချင်ယဲ့ ပြန်ရောက်လာပြီး သူနှင့်အတူ နောက်ထပ် လူတစ်ယောက် ပါလာသည်၊ ထိုသူမှာ အဖြူရောင်ဧကရာဇ်အိမ်တော်မှ ကျန်းခွေ့ထျန်း ဖြစ်သည်။

လီချင်းချိုးနှင့် ရွှီနင်းတို့ တောင်ပေါ်တက်လာစဉ်က သူတို့နှစ်ဦးကို ကျော်တက်လာခဲ့ခြင်း ဖြစ်သည်။ ကျန်းခွေ့ထျန်း ရောက်လာသည်ကို မြင်လိုက်ရသော်လည်း လီချင်းချိုး မအံ့သြပေ။ သို့သော် သူက ဝမ်းသာအားရ ဟန်ဆောင်ကာ မတ်တတ်ရပ်လိုက်ပြီး "ဂိုဏ်းတူဦးလေးကျန်း၊ ဘယ်လေ တိုက်လို့ရောက်လာတာပါလိမ့်…လာပါ၊ စကားပြောကြရအောင်။"

ရွှီနင်းနှင့် ဘေးပတ်လည်ရှိ တပည့်များ လှည့်ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။ ဒီလူက ဂိုဏ်းချုပ်ရဲ့ ဂိုဏ်းတူဦးလေးတဲ့လား….

ကျန်းခွေ့ထျန်း၏ မျက်နှာထားက အနည်းငယ် ထူးဆန်းနေသည်။ သူသည် ပြီးခဲ့သော တစ်ခေါက် လာတုန်းကလောက် ရဲတင်းခြင်း မရှိတော့ဘဲ အနည်းငယ် နေရခက်နေပုံပင် ရသည်။

သူ ချင်ယဲ့နောက်မှ လိုက်၍ စားပွဲဆီသို့ သွားကာ အတင်း ဟန်လုပ်ပြုံးလျက်"ဂိုဏ်းတူတူလေးလီ၊ နှစ်နှစ်တောင် ရှိသွားပြီပဲ၊ ချင်းရှောင်းဂိုဏ်းက အများကြီး ပြောင်းလဲသွားတာပဲ၊ မင်းရဲ့ ဆရာသခင် ပြန်ရောက်နေတာများလား။"

လီချင်းချိုး မဖြေရသေးမီ ရွှီနင်းက မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

"ရှင် ဘာကို ဆိုလိုတာလဲ…ဒါတွေကကျွန်မ ဆရာ့ရဲ့ စွမ်းဆောင်မှု မဖြစ်နိုင်ဘူးလား။"

အခြားတပည့်များလည်း ကျန်းခွေ့ထျန်းကို မကျေနပ်စွာ ကြည့်လိုက်ကြသည်။ သူတို့က ချင်းရှောင်းဆရာသခင်နှင့် ပတ်သက်၍ ပြဿနာ ရှိနေခြင်း မဟုတ်ဘဲ သူတို့အားလုံး ငယ်ရွယ်လွန်းသဖြင့် ပြင်ပလူများ၏ အထင်သေးမှုကို မကြာခဏ ခံရသောကြောင့် ဖြစ်သည်။ ဂိုဏ်းချုပ် လီချင်းချိုးသည်လည်း ငယ်ရွယ်သူ ဖြစ်ပြီး ကျန်းခွေ့ထျန်း၏ စကားများက လီချင်းချိုးကို ထိုးနှက်လိုက်ကြောင်း ထင်ရှားသည်။ သူတို့က ဒါကို သည်းခံနိုင်ပါ့မလား။

လီချင်းချိုးက တပည့်များကို သိုင်းပညာ ကိုယ်တိုင် သင်ကြားမပေးသော်လည်း သူတို့အပေါ် ကြင်နာပြီး ဟာသနှော ပြောတတ်သဖြင့် တပည့်များအကြား အလွန် လူချစ်လူခင် များသည်။ သူတို့ လေးစားရသော ဂိုဏ်းချုပ်ကို ပြင်ပလူများက အထင်သေးတာကို သူတို့ ဘယ်လို ခွင့်ပြုနိုင်မှာလဲ။

ဒါက ဂိုဏ်းချုပ်ကို မလေးစားတာတင် မကဘူး၊ သူတို့ကိုပါ နှိမ်ရာ ရောက်တယ်။

ဂိုဏ်းချုပ် ပြောဖူးတယ်၊ တပည့်တိုင်းက ဒီနေ့ ချင်းရှောင်းဂိုဏ်း အောင်မြင်မှုအတွက် ပါဝင်ကူညီခဲ့ကြတယ်တဲ့။

ကျန်းခွေ့ထျန်းက ရွှီနင်း၏ ပြန်လှန်မေးခွန်းထုတ်မှုကြောင့် အနည်းငယ် ရှက်သွားသော်လည်း ကောင်မလေးကို အပြစ်မယူပေ။

"ဆရာသခင် ချင်းရှောင်း မပြန်လာသေးဘူးလား။"

"ဟုတ်တယ်၊ ကျွန်တော်အရွယ် ရောက်ကတည်းက ဒီဆရာသခင်ကို မမြင်ဖူးဘူး၊ ကျွန်တော့် ဆရာလည်း ပြန်မလာသေးဘူး၊ ချင်းရှောင်းဂိုဏ်း ဒီနေ့ ဒီလို အခြေအနေ ရောက်လာတာက ဂိုဏ်းသားအားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ၊" ဟု လီချင်းချိုးက ပြန်ဖြေလိုက်သည်။

သူ လုံးဝ ဒေါသမထွက်ပေ။ သူ့အမြင်တွင် ကျန်းခွေ့ထျန်း၏ သဘောထားက ချင်းရှောင်းဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အလွန် အောင်မြင်ကြောင်း သက်သေပြနေသဖြင့် အောင်မြင်မှု တစ်ခု ရရှိသလို ခံစားလိုက်ရသည်။

သူ ကျန်းခွေ့ထျန်းကို အရှက်မခွဲဘဲ နွေးထွေးစွာ ထိုင်ခိုင်းလိုက်ပြီး နှုတ်ဆက်စကားများ စတင် ပြောဆိုလိုက်သည်။

ချင်ယဲ့က ထိုနေရာတွင် မနေပေ။ သူက သစ်သားတုတ်ကို နံရံတွင် ထောင်ထားလိုက်ပြီး ထင်း စတင် ခွဲလေသည်။ သူက အမြဲတမ်း ဒီလိုပင်၊ စကားနည်းပြီး သူ့အလုပ်သူ တိတ်တဆိတ် လုပ်တတ်သည်။

လီချင်းချိုးနှင့် ခေတ္တမျှ စကားပြောပြီးနောက် ကျန်းခွေ့ထျန်း နောက်ဆုံးတွင် နေရခက်မှု လျော့ပါးသွားသည်။ သူက ပွင့်လင်းသော လူတစ်ယောက် ဖြစ်ပြီး စောစောက ဖြစ်ပျက်ခဲ့သည်ကို ဖုံးကွယ်မထားပေ။

"ချင်ယဲ့ ဆိုတဲ့ ကောင်လေးက တကယ်ကို အံ့မခန်းပါပဲ၊ ငါက မောက်မာပြီး သူ့ကို လက်တစ်ဖက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့မိတယ်၊ ဒါပေမဲ့ သူ့လက်ချက်နဲ့ ရှုံးသွားတယ်၊ သူက မင်းတပည့်လို့ ကြားတယ်၊ မင်း သူ့ကို ဘယ်လို သင်ပေးလိုက်တာလဲ။"

ကျန်းခွေ့ထျန်းက အဖြူရောင်ဧကရာဇ်အိမ်တော်မှ လာသော်လည်း ပထမတန်းစား သိုင်းပညာရှင် မဟုတ်ပေ။ စစ်သည်တစ်သောင်း မိစ္ဆာနှိမ်တုတ်သိုင်းကို လေ့ကျင့်ထားသော ချင်ယဲ့က သူ့ကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူလိုက်ခြင်းမှာ လီချင်းချိုးအတွက် သိပ်မအံ့သြစရာ ကောင်းလှပေ။

အကယ်၍ သေရေးရှင်ရေး တိုက်ပွဲသာ ဆိုလျှင် ချင်ယဲ့က ကျန်းခွေ့ထျန်း၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

စစ်သည်တစ်သောင်း မိစ္ဆာနှိမ်တုတ်သိုင်းသည် တိုက်ပွဲအတွက် အထူး ဖန်တီးထားသော တုတ်သိုင်းပညာ ဖြစ်ပြီး အတွင်းအားကို အသုံးပြုနိုင်သည့် ထူးခြားသော အတွင်းစိတ်ကျင့်စဉ်လည်း ပါဝင်သဖြင့် အလွန် သေစေနိုင်စွမ်း ရှိသည်။

လီချင်းချိုးက ခေါင်းခါပြီး "ကျွန်တော့်မှာ အဲဒီလောက် အရည်အချင်း မရှိပါဘူး၊ ထိပ်တန်း သိုင်းပညာရှင် တစ်ယောက် တောင်ပေါ် တက်လာပြီး ခဏလောက် နေသွားဖူးတယ်၊ သူက ချင်ယဲ့ကို အကြံဉာဏ်တချို့ ပေးသွားတာပါ။"

"ထိပ်တန်း သိုင်းပညာရှင် ဟုတ်လား၊ ဘယ်သူလဲ။"

ကျန်းခွေ့ထျန်း မျက်လုံးပြူးသွားပြီး မေးလိုက်မိသည်။

"ထိပ်တန်း သိုင်းပညာရှင်တွေက ဘယ်လောက် စွမ်းအားကြီးလဲ၊ သူတို့နဲ့ ပထမတန်းစား သိုင်းပညာရှင်တွေကြားက ကွာဟချက်က ချောက်ကမ်းပါးကြီး တစ်ခုလိုပဲ၊ ငါနဲ့ ဆိုရင် နှိုင်းယှဉ်စရာတောင် မလိုတော့ဘူး။" သူ ချက်ချင်း နားလည်သွားသည်။

သိုင်းလောကတွင် ထိပ်တန်း ဆရာသခင်များထံမှ သိုင်းပညာ သင်ကြားခွင့် ရရှိပြီး အချိန်တိုအတွင်း သိုင်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်လာသော ဒဏ္ဍာရီများစွာ ရှိသည်။

"အဲဒီ စီနီယာက မပြောဘူး၊ ကျွန်တော်တို့လည်း မေးဖို့ အဆင်မပြေဘူး၊" လီချင်းချိုးက သဘာဝကျကျ ပြန်ဖြေလိုက်ရာ မျက်နှာပေါ်တွင် လှည့်စားသည့် အရိပ်အယောင် လုံးဝ မပေါ်ပေ။

ကျန်းခွေ့ထျန်း အံ့သြသွားပြီး ချင်ယဲ့၏ ကံကောင်းမှုကို ချီးကျူးကာ အနာဂတ်တွင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု ဟောကိန်းထုတ်လိုက်သည်။

သူက ကျန်းကျောက်ရှား အကြောင်း ဆက်လက် မေးမြန်းလိုက်ပြီး ကျန်းကျောက်ရှား မည်သို့ နာမည်ကြီးလာသည်ကို အလွန် သိချင်နေသည်။ လွန်ခဲ့သော နှစ်နှစ်က ချင်းရှောင်းဂိုဏ်းသို့ လာတုန်းက ကျန်းကျောက်ရှားက အလွန် မောက်မာသည်ဟု သူ ခံစားခဲ့ရသော်လည်း အမှန်တကယ် စွမ်းရည်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"တတိယဂျူနီယာညီလေးက လောလောဆယ် သိုင်းကျင့်ဖို့ တံခါးပိတ် ကျင့်ကြံနေတယ်၊ ကျွန်တော်တို့ သူ့ကို မတွေ့ရတာ ရက်အတော်ကြာပြီ၊ ဒါနဲ့ ဂိုဏ်းတူဦးလေးကျန်း၊ ဘာကိစ္စနဲ့ ကျွန်တော်တို့ကို လာတွေ့တာလဲ၊" လီချင်းချိုးက ရှင်းပြပြီးနောက် မေးလိုက်သည်။

ကျန်းခွေ့ထျန်းက သူ့ကို မှော်လက်နက် တစ်ခု ပေးခဲ့ဖူးသဖြင့် သူ ကျန်းခွေ့ထျန်းအပေါ် အမြင်ကောင်း ရှိသည်။

မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရောက်ပြီးတာတောင်မှ အဲဒီ မှော်လက်နက်ရဲ့ တားမြစ်ပိတ်ဆို့မှုတွေကို မဖျက်စီးနိုင်သေးဘူး၊ ဒါက သာမန် လက်နက် မဟုတ်ဘဲ ရတနာ တစ်ခု ဆိုတာ သေချာတယ်။

ကျန်းခွေ့ထျန်းက … "မကြာသေးမီက ကုကျိုးမှာ ပုန်ကန်မှု တစ်ခု ဖြစ်ခဲ့တယ်၊ ပြည်နယ်နဲ့ ခရိုင်တွေက စစ်တပ်တွေက သူပုန်တွေကို မနှိမ်နင်းနိုင်ဘဲ ခရိုင်မြို့တွေကို တစ်မြို့ပြီး တစ်မြို့ လက်လွတ် ဆုံးရှုံးနေရတယ်၊ အဖြူရောင်ဧကရာဇ်အိမ်တော်က ပြည်နယ်မြို့တော်မှာ ရှိတော့ ပြည်နယ်အတွက် သူ့တာဝန်သူ ကျေပွန်ရမှာပေါ့၊ ငါက အနီးနား ခရိုင်မြို့က စစ်တပ်နဲ့ ပူးပေါင်းပြီး သူတို့ကို သိုင်းပညာ သင်ပေးဖို့ စေလွှတ်ခံလိုက်ရတာ၊ ကျန်းကျောက်ရှားရဲ့ အောင်မြင်မှုတွေ ကြားလိုက်ရလို့ မင်းတို့ကို လာကြည့်တာပါ၊ မင်းတို့ အဆင်ပြေနေတာ မြင်ရတော့ငါ လုံးဝ စိတ်အေးသွားပြီ။"

လီချင်းချိုးက ဤပုန်ကန်မှုအကြောင်း အတော်လေး သိချင်နေသဖြင့် မေးခွန်းအနည်းငယ် ထပ်မေးလိုက်ရာ ကျန်းခွေ့ထျန်းကလည်း ဖုံးကွယ်မထားပေ။

တကယ်တော့ ပုန်ကန်မှု ဖြစ်နေတာ ကုကျိုး တစ်ခုတည်း မဟုတ်ဘဲ တခြား ပြည်နယ်သုံးခုမှာလည်း မငြိမ်မသက် ဖြစ်နေခြင်း ဖြစ်သည်။ ပြည်နယ်လေးခုစလုံး အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေရသည်။ ဓားပြများက လူထုကို လှုံ့ဆော်ပြီး ဒုက္ခသည်များကို စစ်တပ်ထဲ ဝင်ရောက်စေကာ မြို့များနှင့် နယ်မြေများကို နေရာအနှံ့ တိုက်ခိုက် သိမ်းပိုက်နေကြသည်။ မြို့ထဲသို့ ဝင်ရောက်ပြီးနောက် မဆင်မခြင် ပြုမူကြပြီး လုယက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှု မျိုးစုံကို ကျူးလွန်ကြသည်။ လမ်းပေါ်တွင် အမျိုးသမီးများကိုပင် စော်ကားကြသည်။ နှစ်နှစ် ကြာပြီးနောက် ဤကပ်ဘေးကြီးက ထိန်းချုပ်၍ မရရုံသာမက ပိုမို ပြင်းထန်လာခဲ့သည်။

နန်းတွင်းက ယခုအခါ ဒေသအသီးသီးတွင် ဆုငွေများ ထုတ်ပြန်ထားပြီး ဓားပြများကို နှိမ်နင်းရာတွင် ပါဝင်ရန် သိုင်းလောက သူရဲကောင်းများကို ဖိတ်ခေါ်ထားကာ ရက်ရက်ရောရော ဆုလာဘ်များ ပေးမည်ဟု ကမ်းလှမ်းထားသည်။

"ဂိုဏ်းချုပ်အစ်ကို၊ ကျွန်တော်တို့လည်း ဓားပြတွေကို သွားနှိမ်နင်းကြရင် မကောင်းဘူးလား။" ကျန်းယွီချွန်းက လီချင်းချိုးအနားသို့ ရုတ်တရက် ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လီချင်းချိုး မငြင်းဆန်ရသေးမီ ကျန်းခွေ့ထျန်းက စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ပြီး "မသွားနဲ့၊ မင်းတို့က အရမ်း ငယ်သေးတယ်၊ မင်းတို့ရဲ့ သိုင်းပညာ လေ့ကျင့်မှုအပေါ်ပဲ အာရုံစိုက်ကြ၊ ကမ္ဘာကြီးက ပရမ်းပတာ ဖြစ်သွားမှာ မဟုတ်ဘူး၊ အရှင်မင်းမြတ်က(Sage) ဒီကိစ္စကို သိပြီးသား၊ အများဆုံး ခြောက်လအတွင်း နေရာအနှံ့က မငြိမ်မသက်မှုတွေကို ငြိမ်းသတ်နိုင်လိမ့်မယ်။"

"Sage" ဆိုသည်မှာ အရာရှိများနှင့် သာမန်ပြည်သူများက ဧကရာဇ်ကို ခေါ်ဝေါ်သော ဂုဏ်ပြုနာမ်စား ဖြစ်သည်။

လီချင်းချိုးသည်လည်း တပည့်များကို ပါဝင်ပတ်သက်စေလိုခြင်း မရှိပေ။ သူတို့က ငယ်ရွယ်လွန်းပြီး ဤနေရာမှ ဖရိုဖရဲ အခြေအနေများတွင် ပါဝင်ပတ်သက်ခြင်းက သူတို့၏ စိတ်ကို ကောင်းကျိုး ဖြစ်စေမည် မဟုတ်ပေ။ ထို့အပြင် သူတို့က အစိုးရနှင့် ဆက်ဆံရဦးမည်။

အနာဂတ်မှာ ချင်းရှောင်းဂိုဏ်းက မငြိမ်မသက် ဖြစ်နေတဲ့ အချိန်တွေမှာ သာမန်ပြည်သူတွေကို ကယ်တင်ဖို့ တောင်အောက် ဆင်းနိုင်ပေမဲ့ အဲဒါက လက်ရှိ ချင်းရှောင်းဂိုဏ်းတော့ မဟုတ်သေးဘူး။

"ခြောက်လတောင်လား၊ အဲဒီလောက် မြန်တာလား။" ကျန်းယွီချွန်းက အံ့သြစွာ မေးလိုက်သည်။

ကျန်းခွေ့ထျန်း နှာခေါင်းရှုံ့လိုက်ပြီး

"ဒါက သဘာဝကျပါတယ်၊ အရင်တုန်းက နန်းတွင်းမှာ ဧကရာဇ်ကို လမ်းမှားရောက်အောင် လုပ်ခဲ့တဲ့ သစ္စာဖောက် အရာရှိတွေ ရှိခဲ့တယ်၊ သူတို့ကို ကွပ်မျက်လိုက်ပြီ၊ ငါတို့တာ့လီမင်းဆက်က တည်ထောင်တာ နှစ်ပေါင်း ၃၀ ပဲ ရှိသေးတယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောတဲ့ ခေတ်ကာလ မရောက်သေးဘူး၊ နောက်ထပ် နှစ်အနည်းငယ် ကြာရင် မင်းတို့ ကောင်းချီးတွေကို ခံစားရလိမ့်မယ်။"

ကျန်းခွေ့ထျန်းက လက်ရှိ ဧကရာဇ်အပေါ် ဤမျှ ယုံကြည်မှု ရှိနေလိမ့်မည်ဟု လီချင်းချိုး လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထင်းခွဲနေသော ချင်ယဲ့က ကျန်းခွေ့ထျန်းဘက်သို့ မလှည့်ကြည့်ဘဲ မနေနိုင်တော့ပေ၊ သူ့ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ သူ ကျန်းခွေ့ထျန်းကို လုံလောက်အောင် ပြင်းပြင်းထန်ထန် မရိုက်ခဲ့မိသဖြင့် သတိမဝင်သွားခြင်း ဖြစ်မည်ဟု နောင်တရနေမိသည်။

ဟင်းပွဲများ ရောက်လာသောအခါ လီချင်းချိုးက ကျန်းခွေ့ထျန်းကို အတူစားရန် ဖိတ်ခေါ်လိုက်ပြီး သိုင်းလောက အကြောင်းများ ပြောပြရန် တောင်းဆိုလိုက်သည်။ နန်းတွင်း ကိစ္စများနှင့် ယှဉ်လျှင် တပည့်များက သိုင်းလောက ဖြစ်ရပ်များကို ပို၍ စိတ်ဝင်စားကြသည်။

ကျန်းခွေ့ထျန်းက အရာအားလုံးကို ပြန်လည် ပြောပြရာ ပြောရင်းနှင့် ပိုမို စိတ်လှုပ်ရှားလာသည်။

သူက သိုင်းပညာရှင် ပထမလူ (ဝူကျွမ်းယွမ်) လီရန် အကြောင်းကိုပင် ထည့်ပြောလိုက်သေးသည်။

လီရန်က ကောင်းကင်ဓားဂိုဏ်းကို စိန်ခေါ်တုန်းက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ပြီး ဂိုဏ်းသားတွေရဲ့ လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ် ဆိုပဲ။ ဒါက လင်းချွမ်းက လီမိသားစုကို ဒေါသထွက်စေခဲ့ပြီး ကောင်းကင်ဓားဂိုဏ်းက အခုဆိုရင် နေရာပေါင်းစုံက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အခြေအနေ ဆိုးနေပြီ။

"ကျန်းကျောက်ရှားကို ရှုံးနိမ့်ပြီးတဲ့နောက် သူတို့ရဲ့ ဂုဏ်သတင်းက ပျက်စီးသွားပြီ၊ ပြီးတော့ လင်းချွမ်းက လီမိသားစုရဲ့ ဖိနှိပ်မှုကို ခံနေရတယ်၊ ကောင်းကင်ဓားဂိုဏ်း အနေနဲ့ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း စာရင်းဝင်အဖြစ် ဆက်လက် ရပ်တည်ဖို့ ခက်ခဲလိမ့်မယ်လို့ ငါ ထင်တယ်။" ကျန်းခွေ့ထျန်းက ဝမ်းသာအားရ ပြောလိုက်သည်။

ထို​သတင်းက တပည့်များကို စိတ်လှုပ်ရှားစေခဲ့သော်လည်း လီချင်းချိုးက သူတို့ကို ကြိုတင် သတိပေးထားသဖြင့် ကျန်းကျောက်ရှားနှင့် ကောင်းကင်ဓားဂိုဏ်းကြားက ရန်ငြိုးကို ထည့်မပြောကြပေ။

ကျန်းခွေ့ထျန်း ရောက်ရှိလာခြင်းက ချင်းရှောင်းဂိုဏ်းကို သက်ဝင်လှုပ်ရှားစေသည်။ နောက်တစ်နေ့တွင် ယန်ကျွယ်တိန်ကို မြင်လိုက်ရသောအခါ ကျန်းခွေ့ထျန်း ပို၍ပင် အံ့အားသင့်သွားသည်။ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် သိကျွမ်းလာသည်မှာ ကြာပြီ ဖြစ်သကဲ့သို့ ခံစားလိုက်ရပြီး ကျန်းခွေ့ထျန်းက နောက်ထပ် နှစ်ရက် ထပ်နေခဲ့သည်။

ကျန်းခွေ့ထျန်း ယူဆောင်လာသော သတင်းကြောင့် ချင်းရှောင်းဂိုဏ်း တပည့်များ တောင်ပေါ်တွင် သိုင်းပညာ လေ့ကျင့်ရသည့် အချိန်ကို ပိုမို တန်ဖိုးထားလာကြသည်။

စာမျက်နှာများ လှန်လိုက်သကဲ့သို့ နေ့ရက်များ ကုန်ဆုံးသွားသည်။

ဆောင်းဦးရာသီ ကုန်ဆုံးပြီး ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည်။ ဆောင်းနှင်းများ စတင် ကျဆင်းလာလေပြီ။

ဤနေ့တွင် ကျန်းကျောက်ရှား မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ တောင်တစ်ဝက်တွင် ရှိနေသော လီချင်းချိုးက ဓားဆန္ဒတစ်ခုကို အာရုံခံလိုက်မိသည်။ သူ ဓားဆန္ဒနောက်သို့ လိုက်သွားရာ ကျန်းကျောက်ရှားကို တွေ့လိုက်ရသည်။

ကျန်းကျောက်ရှားက ရေကန်တစ်ခုပေါ်တွင် ရပ်နေပြီး သူ၏ ခြေထောက်အောက်ရှိ ရေခဲမဖုံးသော ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ပျံ့နှံ့နေသည်။

ဓားဆန္ဒ ဆိုသည်မှာ မှော်ဆန်သော အရာတစ်ခု ဖြစ်သည်။ ၎င်းက အော်ရာတစ်ခုနှင့် တူသော်လည်း ထိတွေ့၍ ရသော စွမ်းအားတစ်ခု ပါရှိသည်။ မူလဓားရူး ကံကြမ္မာနှင့် မွေးဖွားလာသော လီချင်းချိုးသည် ဓားဆန္ဒကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်နှင့် အသိအမှတ်ပြုနိုင်ခဲ့သည်။

ကျန်းကျောက်ရှား၏ ဓားဆန္ဒမှာ အလွန် ပြင်းထန်ပြီး သူ့ကို အဖိုးတန် ဓားတစ်လက်ကဲ့သို့ ခံစားရစေကာထက်ရှမှု အပြည့်အဝ ပေါ်လွင်နေသည်။

ငါက ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို အဓိကထား ကျင့်ကြံနေတာ၊ ငါ့မှာ တတိယဂျူနီယာညီလေးနဲ့ တူညီတဲ့ ကံကြမ္မာ ရှိနေရင်တောင် ငါ့ဓားသိုင်းက သူ့လောက် မကောင်းဘူး။

လီချင်းချိုး ရေကန်ဘေးတွင် ရပ်လျက် ကျန်းကျောက်ရှားကို စိုက်ကြည့်ရင်း ကိုယ့်ဘာသာ တွေးနေမိကာ မျက်နှာတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။

ကျန်းကျောက်ရှား၏ အဆင့်တက်လှမ်းမှုသည် ကျင့်ကြံမှု အဆင့်တွင်သာ မကဘဲ သူ၏ ဓားသိုင်းပညာတွင်လည်း တိုးတက်လာခြင်း ဖြစ်သည်။

ဆရာတစ်ယောက်၏ လမ်းညွှန်မှု မပါဘဲ သူ့ ဓားဆန္ဒက အလိုအလျောက် ဖွံ့ဖြိုးလာပြီး ဓားသိုင်းပညာတွင် သူ၏ ထူးခြားသော ပါရမီကို ပြသနေသည်။

နှင်းပွင့်များက ပန်းပွင့်များကဲ့သို့ ကျဆင်းနေပြီး ကျန်းကျောက်ရှားအပေါ်သို့ မကျရောက်မီမှာပင် အဖြူရောင် မီးခိုးငွေ့များအဖြစ် အရည်ပျော်သွားကြသည်။ ဤအချိန်တွင် ကျန်းကျောက်ရှားသည် ကောင်းကင်ဘုံသား တစ်ဦးအဖြစ် ပြောင်းလဲတော့မည့်အလား လူသားဆန်ခြင်း မရှိတော့ပေ။

ရုတ်တရက်။

ကျန်းကျောက်ရှား လက်ကို မြှောက်လိုက်ပြီး လက်ချောင်းများကို ဓားအဖြစ် အသုံးပြုကာ လီချင်းချိုးထံသို့ ထိုးစိုက်လိုက်သည်။ ဓားချီစွမ်းအင်များ သူ့လက်ချောင်းထိပ်များမှ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပစ်ခတ် ထွက်ပေါ်လာသည်။

လီချင်းချိုး အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ညာဘက်လက်ဖြင့် ငွေအပ်တစ်ချောင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။ ငွေအပ် ပျံသန်းသွားပြီး လေထဲတွင် ကျန်းကျောက်ရှား၏ ဓားချီနှင့် တိုက်မိသွားသည်။ ငွေအပ် အပိုင်းပိုင်း ကြေမွသွားပြီး ဓားချီလည်း ပျောက်ကွယ်သွားလေသည်။

ကျန်းကျောက်ရှား မျက်လုံးများကို မှေးလိုက်ပြီး "ဂိုဏ်းချုပ်အစ်ကို၊ အစ်ကို့ရဲ့ စွမ်းရည်က ပိုသန်မာလား၊ အပ်စိုက်ပညာက ပိုသန်မာလား၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ဓားချီက ပိုသန်မာလား ဆိုတာ ကျွန်တော် မပြောတတ်တော့ဘူး။"

လီချင်းချိုးက စိတ်မရှည်ဟန်ဖြင့်…. "ငါသာ တုံ့ပြန်တာ နှေးသွားရင် ခုနက မင်းရဲ့ ဓားချီနဲ့ သေသွားလောက်ပြီ။"

"မဖြစ်နိုင်ပါဘူး၊ ကျွန်တော့် ဓားချီက ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်နေပြီ၊ ကျွန်တော် စိတ်ကြိုက် ထိန်းချုပ်လို့ ရတယ်၊ အစ်ကို့ရှေ့တည့်တည့်မှာ သတ်မလို ဖြစ်နေရင်တောင် ကျွန်တော် ချက်ချင်း ရပ်တန့်အောင် လုပ်နိုင်တယ်။" ကျန်းကျောက်ရှား၏ လေသံတွင် မောက်မာမှု အရိပ်အယောင် အနည်းငယ် ပါနေသည်။

လီချင်းချိုး၏ နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး…. "ဒါဆို မင်း လက်စားချေချင်သေးလား။"

ကျန်းကျောက်ရှား သူ့ကို အတော်ကြာအောင် စိုက်ကြည့်ပြီးမှ

"ကျွန်တော့်ကို ဝိုင်းရံတိုက်ခိုက်တဲ့ ကောင်းကင်ဓားဂိုဏ်းက ပညာရှင်တွေထဲမှာ ဓားသမား တစ်စု ပါတယ်၊ သူတို့က ကျွမ်းကျင်မှု မြင့်မားပြီး အဖွဲ့လိုက် လုပ်ဆောင်မှု ကောင်းမွန်တော့ ကျွန်တော့်ကို ဒုက္ခ အများကြီး ပေးခဲ့တယ်၊ ဂိုဏ်းထဲက တပည့် ၁၃ ယောက်ကို ရွေးပြီး ဓားသိုင်းပညာ ကိုယ်တိုင် သင်ပေးဖို့ စီစဉ်ထားတယ်၊ အနာဂတ်မှာ သူတို့ကို ဦးဆောင်ပြီး ချင်းရှောင်းဂိုဏ်းကို ခြိမ်းခြောက်တဲ့ ရန်သူ အားလုံးကို ချေမှုန်းပစ်မယ်။"

"နာမည်တောင် ပေးပြီးပြီ၊ ချင်းရှောင်း ဓားပျံတစ်ဆယ့်သုံးလက် "

All Chapters