မှော်လက်နက် ထိန်းချုပ်ခြင်းလျှို့ဝှက်ချက်၊ရောဂါကုသခြင်းနှင့် လူများကို ကယ်တင်ခြင်း…
Vol. 4 Ch. 40
ဂိုဏ်းချုပ်နှင့် အကြီးအကဲလီတို့ ဆေးပညာ ကျွမ်းကျင်ကြောင်း တပည့်အများအပြား သိထားကြသော်လည်း ချင်းရှောင်းဂိုဏ်း အနေဖြင့် ဆေးပညာမှတစ်ဆင့် ငွေရှာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် တပည့်အများအပြား အလွန် စိတ်ဝင်စားနေကြပြီး ကုသမှုကို ကြည့်ရှုရန် ဝင်းအသစ်တွင် စုဝေးနေကြသည်။
ရလဒ်အနေဖြင့် လီတုန်းယွဲ့က ကုန်သည်၏ သမီးကို ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို အသုံးပြု၍ အပ်သုံးချောင်းတည်းဖြင့် ကုသပေးလိုက်ရာ ကုန်သည်ကြီး အလွန် အံ့အားသင့်သွားသည်။
ထို့ကြောင့် ကျေးဇူးတင်သည့် အနေဖြင့် အိတ်ကပ်ထဲမှ အစိမ်းရောင် ကျောက်စိမ်းတုံး တစ်တုံးကို ချက်ချင်း ထုတ်ပေးလိုက်ပြီး ထိုကျောက်စိမ်းကို ကြေးပြားတွဲ တစ်ထောင်ဖြင့် ရောင်းချနိုင်ကြောင်း ပြောဆိုခဲ့သည်။ ယန်ကျွယ်တိန် စစ်ဆေးကြည့်ရာ ကျောက်စိမ်းမှာ အမှန်တကယ်ပင် အလွန် တန်ဖိုးရှိကြောင်း ပြောလိုက်သည်။
လျူမျိုးရိုးနာမည်နှင့် ဖန်ကျိုးဟု ခေါ်သော ဤကုန်သည်သည် ကုကျိုး ဇာတိ မဟုတ်ဘဲ ထိုနေရာတွင် စီးပွားရေး လာလုပ်သူ ဖြစ်သည်။ သူသည် ဝဖြိုးပြီး တောင်ပေါ်သို့ တက်လာပြီးနောက် ချွေးများကို အဆက်မပြတ် သုတ်နေရသည်။ သူ့သမီးအပြင် အိတ်များ သယ်ဆောင်ရန် အဖိုးတန် ဓားများ ကိုင်ဆောင်ထားသော ကိုယ်ရံတော် နှစ်ဦးကိုလည်း ခေါ်ဆောင်လာခဲ့သည်။
လျူဖန်ကျိုး၏ သမီး ဖြစ်ပွားသော ရောဂါမှာ အမှန်တကယ် ထူးဆန်းသော်လည်း လျှို့ဝှက် သွေးကြောအချို့ အညစ်အကြေးများဖြင့် ပိတ်ဆို့နေခြင်းသာ ဖြစ်ပြီး သေစေနိုင်သော ရောဂါ မဟုတ်ပေ။ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ဖြင့် သွေးကြောများကို ရှင်းလင်းပြီးနောက် ရောဂါ ပျောက်ကင်းသွားသည်။ သူ့သမီး ရုတ်တရက် အားအင်များ ပြည့်ဝလာသည်ဟု ခံစားလိုက်ရပြီး အခန်းထဲတွင် ခုန်ပေါက်နေသဖြင့် လျူဖန်ကျိုး စိတ်လှုပ်ရှားပြီး မျက်ရည်ကျလေသည်။
လီချင်းချိုးဘက်ကလည်း ထိုကဲ့သို့ ရက်ရောသော အလှူရှင်ကို ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံပြီး ယဉ်ကျေးမှု မပျက်စေခဲ့ပေ။
"ဂိုဏ်းချုပ်လီ၊ ချင်းရှောင်းဂိုဏ်းက တာအို အငွေ့အသက်တွေ ရှိတာ ကျုပ် သတိထားမိတယ်၊ ခင်ဗျားတို့မှာ မကောင်းဆိုးဝါး မောင်းထုတ်တဲ့ နည်းပညာတွေများ ရှိလား၊ ကျုပ် မိတ်ဆွေတစ်ယောက် မကောင်းဆိုးဝါး နှောင့်ယှက်တာ ခံနေရလို့၊ ခင်ဗျား သူ့ကို ကူညီနိုင်ရင် သူက သေချာပေါက် ဆုလာဘ်ကြီးကြီး ပေးမှာ၊ သူက ကျုပ်ထက် အများကြီး ပိုချမ်းသာတယ်၊"
လျူဖန်ကျိုးက လီချင်းချိုးနှင့် လက်ဖက်ရည် သောက်နေရင်း ရုတ်တရက် ပြောလိုက်သည်။
လီချင်းချိုးအပြင် ကျန်းယွီချွန်းလည်း ထိုနေရာတွင် ရှိနေပြီး ဤချမ်းသာသော စီးပွားရေးသမားကို အထူး စိတ်ဝင်စားနေသည်။
ကျန်းယွီချွန်း အရင်က တောင်အောက် ဆင်းတုန်းက လျူဖန်ကျိုး ဆိုတဲ့ နာမည်ကို ကြားဖူးတယ်၊ ဒါက မြို့ထဲက သာမန်လူ မဟုတ်ဘူး၊ တကယ့် သူဌေးကြီး….
"ခင်ဗျားထက်တောင် ပိုချမ်းသာသေးတယ် ဟုတ်လား၊ သူ ဘယ်လောက်တောင် ချမ်းသာမှာလဲ။"
ကျန်းယွီချွန်းက မနေနိုင်ဘဲ မေးလိုက်တော့ လီချင်းချိုးက ကျန်းယွီချွန်းကို စိုက်ကြည့်လိုက်သည်။ ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက် ငွေမက်ပြီး အနေအထိုင် မတတ် ဖြစ်ရတာလဲ.. နောက်မှ မေးလို့ မရဘူးလား။
လျူဖန်ကျိုးက ရယ်မောလိုက်ပြီး… "ကျုပ်ရဲ့ ကြွယ်ဝမှုက သူ့ရဲ့ ဆယ်ပုံတစ်ပုံအောက်တောင် နည်းပါသေးတယ်၊ ဒါပေမဲ့ သူက အထူး အဆင့်အတန်း ရှိပြီး တရားဝင် နည်းလမ်းနဲ့ အလုပ်လုပ်တာ။"
ဒါဆို သူက အရာရှိ တစ်ယောက်ပေါ့။
ဒီခေတ်ကြီးမှာ အရာရှိတွေ အကုန်လုံး ချမ်းသာကြတယ်ဆိုတာ လီချင်းချိုးနဲ့ ကျန်းယွီချွန်း သဘောပေါက်လိုက်ကြသည်။
"ခင်ဗျားခုနကပြောတဲ့ မကောင်းဆိုးဝါး နှောက်ယှက်နေတယ်ဆိုတဲ့အကြောင်း နည်းနည်းလောက် ပြောပြနိုင်မလား။"ဟု လီချင်းချိုး မေးလိုက်သည်။
ကျင့်ကြံသူ တစ်ယောက်အနေနဲ့ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ အကြောင်း ကြားရရင် မကြောက်တဲ့အပြင် အနည်းငယ်တောင် မျှော်လင့်မိနေသေးသည်။
လျူဖန်ကျိုးက အပြုံးကို ထိန်းလိုက်ပြီး "သန်းခေါင်ယံ ရောက်တိုင်း သူ့အိမ်တော်မှာ သရဲခြောက်တယ်၊ လူကလွဲရင် အိမ်ထဲက ဘယ်သက်ရှိမှ တစ်ညတာ အသက်မရှင်နိုင်ဘူး၊ သူ လူလွှတ်ပြီး အိမ်တော်ကို အကြိမ်ကြိမ် ရှာဖွေခိုင်းပေမဲ့ ဘာမှ မတွေ့ဘူး၊ အဖြူရောင်ဧကရာဇ်အိမ်တော်က ပညာရှင်တွေကို ငှားပြီး ညဘက် စောင့်ကြည့်ခိုင်းပေမဲ့ အလကားပဲ၊ လူမဟုတ်တဲ့ သက်ရှိတွေကို အိမ်တော်ထဲ ထည့်လိုက်တာနဲ့ ပညာရှင်တွေ စောင့်နေရင်တောင် အဲဒီ သက်ရှိတွေက ဘယ်သူမှ သတိမထားမိဘဲ သေသွားကြတာ။"
"သက်ရှိတွေကို စောင့်ကြည့်ဖို့ လူလွှတ်ထားသေးလား။"
"ရှိတာပေါ့၊ ထိပ်တန်း ပညာရှင် လေးယောက်က ကြက်ခြံကို စောင့်ကြည့်နေကြတာ၊ သန်းခေါင်ယံ ရောက်တော့ ကြက်တွေ အကုန်လုံး ရုတ်တရက် သေကုန်ရော၊ ပညာရှင်တွေလည်း ကြောက်လန့်သွားကြတာပေါ့။"
လျူဖန်ကျိုးက ထိုအကြောင်း ပြောရင်း တုန်လှုပ်သွားပြီး နဖူးပေါ်တွင် ချွေးများ ပိုထွက်လာသည်။
"ဒီလောက်တောင် ထူးဆန်းတာလား။"
ကျန်းယွီချွန်းက အံ့သြစွာ မေးလိုက်ပြီး လက်မခံချင်တော့ဘဲ နောက်ဆုတ်ချင်စိတ် ပေါက်သွားသည်။
လျူဖန်ကျိုးက "ဟုတ်တယ်၊ အရမ်း ထူးဆန်းလွန်းတယ်၊ မကောင်းဆိုးဝါး လက်ချက် မဟုတ်ရင် ဘယ်လို ရှင်းပြမလဲ၊ ပညာရှင်တွေ အများကြီး သွားခဲ့ပေမဲ့ ဘယ်သူမှ ဘာမှ မလုပ်နိုင်ကြဘူး၊ သူ့အိမ်တော်က ရုံးတော် အိမ်တော် ဖြစ်နေတော့ လူမသေဘဲနဲ့ ဖြိုချလို့လည်း မရဘူး၊ သူက သည်းခံပြီး ညတိုင်း ကြောက်လန့်တကြား နေနေရတာ။"
ထိုစကားကို ကြားပြီးနောက် ဒါ မကောင်းဆိုးဝါး မဟုတ်လောက်ဘူးဟု လီချင်းချိုး ခံစားမိသည်။ တကယ် သရဲခြောက်တာ ဆိုရင် အိမ်တော်ထဲမှာ လူတွေ နေနိုင်ပါဦးမလား။
သို့သော် ဤကိစ္စလောက်နှင့် သူ ကိုယ်တိုင် တောင်အောက်ဆင်းရန် မထိုက်တန်သလို အခြားတပည့်များကို စေလွှတ်ရန်လည်း မသိနားမလည်သော ပြဿနာများထဲ ပါသွားမည် စိုးသဖြင့် လက်မခံရန် ဆုံးဖြတ်လိုက်သည်။
"မကောင်းဆိုးဝါး မောင်းထုတ်တဲ့ ပညာရပ်က အင်မော်တယ်တွေရဲ့ နည်းလမ်းပါ၊ ချင်းရှောင်းဂိုဏ်းက အင်မော်တယ် လမ်းစဉ်ကို ရည်မှန်းထားပေမဲ့ လက်ရှိမှာ သိုင်းပညာ နယ်ပယ်ထဲမှာပဲ ရှိနေပါသေးတယ်၊ ကျွန်တော်တို့ ဒီကိစ္စကို မဖြေရှင်းနိုင်ပါဘူး။"
လျူဖန်ကျိုး စိတ်မပျက်သွားပေ။ ဘာပဲဖြစ်ဖြစ် သူများ ပြဿနာမို့လို့ သူက ကြုံတုန်း ပြောပြရုံ သက်သက်ပင်။
သူ ချင်းရှောင်းဂိုဏ်းကို အလွန် စိတ်ဝင်စားနေသည်။ လီတုန်းယွဲ့က သူ့သမီးကို အပ်သုံးချောင်းတည်းဖြင့် ကုသပေးလိုက်သည်မှာ အမှန်တကယ် အံ့ဖွယ် ဖြစ်သည်။ သူ တောင်ပေါ်တွင် သုံးရက် နေထိုင်ခွင့် တောင်းရာ လီချင်းချိုး မငြင်းဆန်ခဲ့ပေ။ တောင်ခြေတွင် အိမ်များစွာ ရှိပြီး အချို့မှာ ဧည့်သည်များကို လက်ခံရန် အထူး ပြုလုပ်ထားခြင်း ဖြစ်သည်။
ခေတ္တမျှ စကားပြောပြီးနောက် လီချင်းချိုး ထရပ်ပြီး ထွက်ခွာသွားရာ ကျန်းယွီချွန်းက ဆက်လက် ဧည့်ခံနေရစ်သည်။
ကျန်းယွီချွန်းက စီးပွားရေးကို အလွန် စိတ်ဝင်စားပြီး လျူဖန်ကျိုးကို တိုင်ပင်ဆွေးနွေးသည်။ နောက်သုံးရက် အတောအတွင်း သူသည် လျူဖန်ကျိုးနှင့် မကြာခဏ ထိတွေ့ဆက်ဆံခဲ့သည်။
သုံးရက် ကြာပြီးနောက် လျူဖန်ကျိုး၏ သမီး လျူယန်က လီတုန်းယွဲ့၏ တပည့် ဖြစ်လိုကြောင်း အတင်းအကျပ် ပြောဆိုပြီး တောင်ပေါ်မှ ဆင်းရန် ငြင်းဆန်လေသည်။ လျူဖန်ကျိုး အနေဖြင့် လီချင်းချိုးကို အကူအညီ တောင်းရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ဘဲ လီချင်းချိုးကလည်း နောက်ဆုံးတွင် သဘောတူလိုက်သည်။
လျူယန် လီတုန်းယွဲ့၏ တပည့် ဖြစ်လာပြီးနောက် လီချင်းချိုးသည် တာအိုမျိုးဆက် ဇယားကွက်ကို ချက်ချင်း ဖွင့်၍ ၎င်း၏ အရည်အချင်းများကို စစ်ဆေးလိုက်သည်။
ကံမကောင်းစွာဖြင့် ပြင်းထန်သော ရောဂါမှ ပြန်လည် သက်သာလာသော လျူယန်တွင် အထူးကံကြမ္မာ မရှိပေ။ သူမ၏ ပါရမီနှင့် ဉာဏ်ပညာမှာ သာမန်သာ ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သာမန် ဖြစ်ခြင်းသည်လည်း ပါရမီရှင် တစ်မျိုးဟုပင် ယူဆနိုင်ကြောင်း လီချင်းချိုး စတင် တွေးတောလာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကျင့်ကြံခြင်း ပါရမီကို ရည်ညွှန်းပြီး လူအများစုမှာ အလွန် နိမ့်ကျပြီး လက်မခံနိုင်လောက်သော အကဲဖြတ်မှုများကိုသာ ရရှိနိုင်သောကြောင့် ဖြစ်သည်။
သမီးဖြစ်သူ အောင်မြင်စွာနှင့် လီတုန်းယွဲ့၏ ဖြစ်လာသည့်အတွက် ဝမ်းသာအားရ ဖြစ်နေသော လျူဖန်ကျိုးက ရက်ရောသော လက်ဆောင်များ ပို့ပေးမည်ဟု ပြောဆိုလျက် တောင်အောက်သို့ ချက်ချင်း ဆင်းသွားလေသည်။
ဒါက မမျှော်လင့်ထားတဲ့ ဝမ်းသာစရာသတင်းပင်….
ညချမ်းအချိန်၌…..
လီချင်းချိုး မြေအောက် စိတ်ဝိညာဉ်ရေအိုင်သို့ တစ်ယောက်တည်း ရောက်လာသည်။ လက်ရှိ ကျင့်ကြံမှု အဆင့်နှင့် ဆိုလျှင် တောင်ထိပ်မှ ဆင်းလာရန် အချိန် သိပ်မကြာပေ။
သူက ကျန်းခွေ့ထျန်း ပေးခဲ့သော ဓားမြောင်လေးကို ထုတ်ယူလိုက်ပြီး သူ့ မူလစွမ်းအင်ကို နောက်တစ်ကြိမ် ထည့်သွင်းလိုက်သည်။
သူ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်တွင် ရှိနေစဉ်က မအောင်မြင်ခဲ့သော်လည်း ဓားမြောင်အတွင်းရှိ တားမြစ်ပိတ်ဆို့မှု၏ တန်ပြန်သက်ရောက်မှု အားက သိပ်မပြင်းထန်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သဖြင့် ပဉ္စမအဆင့် ရောက်လျှင် အောင်မြင်မည်ဟု သေချာနေခဲ့သည်။
မြေအောက် စိတ်ဝိညာဉ်ရေအိုင်သည် မှိန်ဖျော့ဖျော့ အလင်းရောင်ဖြင့် တောက်ပနေပြီး လှိုဏ်ဂူနံရံများတွင် မြှုပ်နှံထားသော ဝိညာဉ်ကျောက်တုံးများက ကျောက်မျက်ရတနာများအလား တောက်ပနေသည်။ ဤမြေအောက် နေရာတွင် လေတိုးသံ သဲ့သဲ့ကို ကြားနေရပြီး လေထုကို ပိုမို တိတ်ဆိတ် ငြိမ်သက်စေသည်။
လီချင်းချိုး ရေအိုင်ဘေးတွင် တင်ပျဉ်ခွေ ထိုင်လိုက်ရာ သူ့ ဝတ်ရုံများ အနည်းငယ် လှုပ်ခတ်သွားသည်။ မူလစွမ်းအင်ကို ဓားမြောင်ထဲသို့ ပို့လွှတ်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း စုဝေးလာပြီး သူ့ကို ဝန်းရံလိုက်သည်။
ခေတ္တမျှ ကြာပြီးနောက်…
လက်ထဲမှ ဓားသည် ငွေရောင် အလင်းတန်းများ တောက်ပလာသည်။ သူ မျက်လုံးဖွင့်ပြီး ဝမ်းသာအားရ ကြည့်လိုက်သည်။
အောင်မြင်သွားပြီ။
သူသည် ဓားမြောင်အတွင်းရှိ တားမြစ်ပိတ်ဆို့မှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ကိုယ်ပိုင် စွမ်းအင် အမှတ်အသားကို ချန်ထားနိုင်ခဲ့သည်။ သူသည် ဓားမြောင်နှင့် ဝိညာဉ်ဆက်နွှယ်မှု တစ်မျိုးကို စတင် တည်ဆောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် သတင်းအချက်အလက် အချို့ကိုလည်း ရရှိလိုက်သည်။
ဤဓားကို ငါးပျံဓား (Flying Fish Knife) ဟု ခေါ်သည်။ ၎င်းတွင် ကိုယ်ပိုင် မှော်စွမ်းအင် ပါရှိပြီး မူလစွမ်းအင်ကို ဖြတ်တောက်နိုင်ကာ အလွန် ထက်ရှသည်။
"အင်မော်တယ်လမ်းစဉ်ကျင့်ကြံဖို့အတွက် မှော်လက်နက် တစ်ခု ဖြစ်ရတာနဲ့ တန်ပါတယ်၊ တကယ့်ကို နက်နဲတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတာပဲ။"
လီချင်းချိုး မှော်လက်နက် အတွင်းရှိ တားမြစ်ပိတ်ဆို့မှုများကို စိတ်ဝင်စားသွားသည်။ မူလစွမ်းအင်ဖြင့် ပုံဖော်ထားသော ဤတားမြစ်ပိတ်ဆို့မှုများက အမှန်တကယ်ပင် သတင်းအချက်အလက်များကို သယ်ဆောင်နိုင်ပြီး ယန္တရားကို ထိတွေ့၍ မရအောင် ပြုလုပ်နိုင်သည်မှာ သိုင်းပညာ နယ်ပယ်ထက် ကျော်လွန်နေသည်။
တားမြစ်ပိတ်ဆို့မှုတွေကို နားလည်ရင် မှော်လက်နက်တွေ ဖန်တီးတာကို ကျွမ်းကျင်လာနိုင်တယ်။
အနာဂတ်မှာ ချင်းရှောင်းဂိုဏ်းသား တိုင်းမှာ မှော်လက်နက် တစ်ခုစီ သေချာပေါက် ရှိရမယ်၊ မဟုတ်ရင် အင်မော်တယ်လမ်းစဉ်ကျင့်ကြံတဲ့ ဂိုဏ်းလို့ ဘယ်လို ခေါ်နိုင်မလဲ။
လီချင်းချိုး ငါးပျံဓားကို ထိန်းချုပ်ရန် စတင် လေ့ကျင့်လေသည်။ ငါးပျံဓား က သူ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးနောက် ဓားကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့ပြီး ကစားကြည့်လေ ပိုသဘောကျလေ ဖြစ်လာသည်။
ထို့နောက် သူ မြေအောက် စိတ်ဝိညာဉ်ရေအိုင်မှ ထွက်ခွာလာပြီး တောတောင်များထဲသို့ ရောက်လာသည်။ ငါးပျံဓားကို မည်မျှအဝေးထိ ထိန်းချုပ်နိုင်မလဲ သိရန် ပစ်လွှတ်လိုက်သည်။
ငါးပျံဓားက သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင် ၎င်း၏ ဦးတည်ချက်နှင့် အကွာအဝေးကို အာရုံခံနိုင်နေသေးရာ အလွန် ထူးဆန်းသော ခံစားမှုပင်။
ပိုဝေးလေလေ၊ ငါးပျံဓား အပေါ် ထိန်းချုပ်မှု ပိုအားနည်းလေလေ ဖြစ်သည်။
မီတာသုံးရာခန့် ပျံသန်းပြီးနောက် လီချင်းချိုး ငါးပျံဓားနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်။ သူ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ငါးပျံဓားကို ပြန်လည် အာရုံခံလိုက်ကာ လက်မြှောက်၍ ပြန်ခေါ်လိုက်သည်။
ခေတ်သစ် စကားနဲ့ ပြောရရင် သူ့ရဲ့ ပစ်ခတ်နှုန်းနဲ့ အကွာအဝေးက စနိုက်ပါ သေနတ် တစ်လက်နဲ့ ညီမျှနေသည်။
လေခွင်းသံနှင့်အတူ လီချင်းချိုး လက်မြှောက်လိုက်ပြီး ငါးပျံဓားကို ဖမ်းလိုက်သည်။ ဓားကို လက်ထဲ ရသည်နှင့် အရှိန်အဟုန် ပျောက်ကွယ်သွားသဖြင့် တုန်ခါမှု လုံးဝ မခံစားရဘဲ ချောမွေ့စွာ ဖမ်းယူနိုင်ခဲ့သည်။
"သိပ္ပံနည်းကျ အခြေခံ လုံးဝ မရှိဘူး၊ အကုန်လုံးက အင်မော်တယ် ကျင့်ကြံခြင်းရဲ့ ဆန်းကြယ်မှုတွေချည်းပဲ။"
လီချင်းချိုး သက်ပြင်း သဲ့သဲ့ ချလိုက်မိသည်။ အခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး ငါးပျံဓား၏ ဓားသွားကို သုတ်လိုက်ရာ အတွင်းမှ ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပြီး သာမန် လက်နက်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ ထိုအခါမှသာ သူ စိတ်သက်သာရာ ရသွားခဲ့သည်။
အနာဂတ်မှာ ကျင့်ကြံသူတွေနဲ့ တွေ့ရင်တောင် ငါးပျံဓားရဲ့ ထူးခြားတဲ့ သဘာဝကို သူတို့ သတိထားမိဖို့ ခက်ခဲလိမ့်မယ်။
"ငါးပျံဓား အတွက် သင့်တော်တဲ့ ဓားအိမ် တစ်ခု လုပ်ပြီး ခါးမှာ ချိတ်ထားဖို့ လိုမယ်။"
လီချင်းချိုး ထိုအတွေးများကို စဉ်းစားရင်း တောင်ပေါ်သို့ ဆက်တက်လာခဲ့သည်။
သူ အရမ်း မြန်မြန် မရွေ့လျားပေ။ အကျင့်ပါနေသဖြင့် ခြေလှမ်းများကို ပေါ့ပါးပြီး အသံတိတ်အောင် ထားရှိသည်။
လီချင်းချိုး သစ်ပင်အုပ် တစ်ခုကို ဖြတ်သန်းသွားစဉ် ခေါင်းလှည့်လိုက်ရာ အဝေးတစ်နေရာတွင် လူတစ်ယောက် ဓားသိုင်းကျင့်နေသည်ကို ကြားလိုက်ရသည်။
သူ အနီးကပ် သွားကြည့်လိုက်ရာ တောအုပ်ထဲတွင် ဓားသိုင်းကျင့်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သေချာ ကြည့်လိုက်သောအခါ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ဝင် ဖြစ်သော ရွှဲ့ကျင်း ဖြစ်နေကြောင်း သိလိုက်ရသည်။
ရွှဲ့ကျင်းသည် ချင်းရှောင်းဂိုဏ်းတွင် ကျင့်ကြံခြင်း ပါရမီနှင့် ဉာဏ်ပညာ ကောင်းမွန်သော တပည့်အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ သူ့ကို ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ထဲ ထည့်သွင်းရန် လီချင်းချိုး ကိုယ်တိုင် အကြံပြုခဲ့သဖြင့် သူ့အပေါ် အမှတ်တရ ရှိနေသည်။
သူ ဘာလို့ ဒီလောက် နောက်ကျတဲ့အထိ တစ်ယောက်တည်း ဓားသိုင်းကျင့်နေရတာလဲ။
ဒီနေရာက ဓားပျံတစ်ဆယ့်သုံးလက် နေထိုင်တဲ့ ဝင်းနဲ့ဆို နှစ်မိုင် သုံးမိုင်လောက် ဝေးတယ်၊ သူများတွေ တွေ့မှာ ကြောက်လို့လား။
လီချင်းချိုး တိတ်တဆိတ် စောင့်ကြည့်နေပြီး ရွှဲ့ကျင်း၏ ဓားသိုင်းကို သူ တစ်ခါမှ မမြင်ဖူးကြောင်း တွေ့ရှိလိုက်ရသည်။ ကျန်းကျောက်ရှား ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ကို သင်ကြားပေးနေသည်ကို သူ သွားကြည့်ဖူးသော်လည်း ကျန်းကျောက်ရှားက ဤဓားသိုင်းကို သင်ပေးသည်ကို မတွေ့ခဲ့ရပေ။
ရွှဲ့ကျင်းမှာ လျှို့ဝှက်ချက် ရှိပုံရတယ်။
လီချင်းချိုး တာအို ဇယားကွက်များကို စစ်ဆေးကြည့်ပြီး ရွှဲ့ကျင်း၏ သစ္စာရှိမှု လျော့ကျမသွားကြောင်း အတည်ပြုပြီးနောက် အများကြီး မစဉ်းစားတော့ဘဲ တောင်ပေါ်သို့ ဆက်တက်သွားလေသည်။
ချင်းရှောင်းဂိုဏ်းကို ခြိမ်းခြောက်မှု မရှိသရွေ့ လူတိုင်းမှာ လျှို့ဝှက်ချက် ရှိတတ်ကြတာပဲ။
...
ဆောင်းနှင်းများ အရည်ပျော်ပြီး နွေဦးလေပြေများ ရောက်ရှိလာသည်။
လျူဖန်ကျိုး ပြန်သွားပြီး တစ်လအကြာတွင် သူ့လူများနှင့်အတူ ပြန်ရောက်လာသည်။ ဒီတစ်ခါတွင် သူသည် လူအတော်များများကို ခေါ်လာခဲ့ပြီး စုစုပေါင်း ရာကျော် ရှိကာ အားလုံး တက်ကြွ လှုပ်ရှားနေကြသည်။ သူက ချင်းရှောင်းဂိုဏ်းအတွက် တောင်ပေါ်လမ်း ဖောက်လုပ်ပေးချင်နေခြင်း ဖြစ်သည်။
"ခင်ဗျားတို့ ချင်းရှောင်းဂိုဏ်းက ဘက်စုံ ကောင်းမွန်ပေမဲ့ တောင်ပေါ်တက်ရတာ အရမ်း ခက်လွန်းတယ်၊ ဝေါယာဉ်နဲ့ သွားဖို့ ခက်တော့ တောင်ပေါ် ခြေလျင်တက်ရတာ တကယ် အဆင်မပြေဘူး၊ ကျုပ်သမီးကလည်း ချင်းရှောင်းဂိုဏ်းသားဖြစ်သွားပြီ ဆိုတော့ အနာဂတ်မှာ ကျုပ် ဒီကို မကြာခဏ လာဖြစ်မှာ သေချာတယ်၊ လမ်းမပြင်ရင် ကျုပ်ရဲ့ သက်တမ်း တိုသွားရုံပဲ ရှိမှာ။"
လျူဖန်ကျိုးက ချွေးများကို သုတ်ရင်း လီချင်းချိုးကို ပြုံးပြလိုက်သည်။
ထိုကဲ့သို့ ဧည့်ဝတ်ကျေပွန်မှုကို လီချင်းချိုး သဘာဝကျစွာပင် အလွန် ကျေးဇူးတင်နေပြီး မငြင်းဆန်ရဲပေ။
ပထမအချက်၊ ချင်းရှောင်းဂိုဏ်းက လိုအပ်နေသည်။ ဒုတိယအချက်၊ သူတို့က လူအများကြီး ခေါ်လာခဲ့ကြပြီး ငြင်းလိုက်လျှင် ဆုံးရှုံးမှုက ပြန်လည် အစားထိုး၍ မရနိုင်သလို ရန်သူများပင် ဖြစ်သွားနိုင်သည်။
လျူဖန်ကျိုးက အနာဂတ်တွင် သူ သွားလေရာရာ၌ ချင်းရှောင်းဂိုဏ်း အကြောင်း ကြော်ငြာပေးမည် ဖြစ်သဖြင့် လိုအပ်နေသူများ ဆေးကုသရန် တောင်ပေါ်သို့ ပိုမို လာရောက်နိုင်မည်ဟုလည်း ပြောဆိုခဲ့သည်။
"သခင်ကြီးလျူ၊ ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တခြားသူတွေကို ပြောပြတဲ့အခါ အရမ်းကြီး ပုံကြီးမချဲ့ပါနဲ့၊ တော်ကြာ ကျွန်တော့် ဂျူနီယာညီမလေး မကုနိုင်ရင် ဂိုဏ်းရဲ့ ဂုဏ်သတင်း ပျက်စီးရုံတင် မကဘူး၊ ခင်ဗျား ဂုဏ်သတင်းပါ ထိခိုက်လိမ့်မယ်။"
"နားလည်ပါပြီ၊ နားလည်ပါပြီ၊ ကျုပ် ဘာလုပ်နေလဲ ဆိုတာ ခင်ဗျား စိတ်ချလို့ ရပါတယ်။"
လျူဖန်ကျိုးက အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ပြောလိုက်ရာ ရဲရင့်ပြတ်သားမှု ရှိကြောင်း ပြသနေသည်။
လီချင်းချိုး သူ့ကို ပိုမို သဘောကျလာပြီး အနာဂတ်တွင် လျူယန်ကို ပိုမို ဂရုစိုက်ပေးရန် ဆုံးဖြတ်လိုက်သည်။ လျူယန်၏ သစ္စာရှိမှု အဆင့်တစ်ခု ရောက်သည်နှင့် ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ ပထမအဆင့်ကို စတင် သင်ကြားပေးမည် ဖြစ်သည်။
သူတို့နှစ်ဦး စကားပြောနေသည်မှာ သိပ်မကြာသေးမီ လျူဖန်ကျိုးကို ကျန်းယွီချွန်းက ဆွဲခေါ်သွားသည်။ သူတို့နှစ်ဦးက အသက် ၂၃ နှစ် ကွာခြားသော်လည်း အသက်အရွယ်ကို ကျော်လွန်သော ခင်မင်ရင်းနှီးမှုမျိုး ရှိကြပြီး အလားတူ စိတ်နေစိတ်ထား ရှိကာ ပြောစရာ မကုန်နိုင်အောင် ဖြစ်နေကြသည်။
လမ်းဖောက်လုပ်ခြင်းသည် တစ်ရက်တည်းနှင့် ပြီးမြောက်နိုင်သော အလုပ်မဟုတ်ပေ။ အထူးသဖြင့် တောင်တန်းများက အဆုံးမရှိ ရှည်လျားနေသောကြောင့် ဖြစ်သည်။
လျူဖန်ကျိုးက လက်သမားများကို ကြီးကြပ်ရန် အစေခံတစ်ဦး ထားရစ်ခဲ့ပြီး သူ့တွင် အခြား လုပ်စရာ ကိစ္စများ ရှိသဖြင့် ကိုယ်ရံတော် နှစ်ဦးနှင့်အတူ တောင်အောက်သို့ ဆင်းသွားလေသည်။
လီချင်းချိုး တယောက်တည်းတောင်ထိပ်ပေါ်တွင် ရပ်လျက် ပတ်ဝန်းကျင်ရှိ တောင်တန်းများကို ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ စူးရှသော မျက်လုံးများဖြင့် အဝေးမှ တောင်ခြေတွင် အလုပ်များနေသော လက်သမားများကို ဝေဝါးစွာ မြင်နေရသည်။
ချမ်းသာချင်ရင် အရင်ဆုံး လမ်းဖောက်ရမယ်... အရာအားလုံးက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ….