← Chapters

အခန်း (၂၀၉၁)

Vol. 150 Ch. 2091

အခန်း (၂၀၉၁)

Vol. 150 Ch. 2091

“ဒီကိစ္စက ငါတို့ ကိုင်တွယ်နိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး အထွတ်အထိပ်အကြီးအကဲကို ဆင့်ခေါ်ဖို့ပဲ ရှိတော့တယ်”

ဂိုဏ်းချုပ်ကူယွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

မကြာမီမှာပင် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်နေသည့် ရိုးရှင်းသော ကျောက်စိမ်းတံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကူယွမ်က တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းတံဆိပ်ပြားကို ပြတ်ပြတ်သားသားပင် ခြေမွှပစ်လိုက်၏။

ကျောက်စိမ်းတံဆိပ်ပြား ကြေမွသွားသည့် အခိုက်အတန့်မှာပင် ဆန်းကြယ်သော လေချွန်သံ တစ်သံသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုလေချွန်သံက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် အချိန်အတော်ကြာ အဆက်မပြတ်ပဲ့တင်ထပ်နေခဲ့၏။

ဤအခိုက်အတန့်တွင် ကူယွမ်၏ လုပ်ရပ်ကြောင့် လူတိုင်းသည် ငြိမ်သက်သွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် စူးရှသော လေချွန်သံကိုသာ ကြားနေရတော့သည်။

“ဒါက..”

ကူယွမ်၏ လုပ်ရပ်ကိုမြင်လျှင် ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ကျီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ နံဘေးရှိ‌ ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲ၏ အမူအရာသည်လည်း အလွန်တရာပင် လေးနက်သွားခဲ့သည်။

“နတ်ဘုရင် ကျောက်စိမ်းတံဆိပ်ပြားက ပျက်စီးသွားခဲ့ပြီဆိုတော့ သိပ်မကြာခင်မှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင် ရောက်လာတော့မယ်”

နတ်ဘုရင်အဆင့် အင်အားစုမှ ဖြစ်သည့်အတွက် ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲနှင့် ကျန့်ကျီ တို့သည် ကူယွမ် ခြေမွလိုက်သည့် အရာက မည်သည့်အရာ ဖြစ်မှန်း ကောင်းစွာ သိထားကြသည်။

“ဝုန်း..”

ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲ၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေကနေ ရှေးခေတ်မှ နိုးထလာသည့် အနှိုင်းမဲ့စွမ်းအား ကဲ့သို့ ဆန်းကြယ်သော အရှိန်အဝါ တစ်ခုသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ခုလုံးပေါ်သို့ ပျံ့နှံ့သွားခဲ့သည်။

“ဒါက နတ်ဘုရင်အဆင့်ရဲ့ အရှိန်အဝါပဲ ဖြစ်ရမယ်”

ကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

သို့သော်လည်း သူက တုံ့ဆိုင်းမနေဘဲ ကူရွှယ်သောင်းတို့ နှစ်ဦး တိုက်ပွဲဖြစ်ပွားသည့် ဧရိယာထဲသို့ တိုးဝင်သွားခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ သူ့ဆရာကို ကယ်တင်ရန်အတွက် တိုက်ပွဲဧရိယာ ထဲသို့ အရင်ဆုံး ဝင်သွားရလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တစ်ကိုယ်တော်ဖိနှိပ်ထားပြီး ဂိုဏ်းချုပ် ကူယွမ်ကို နတ်ဘုရင်ဆင့်ခေါ်သည့်ကျောက်စိမ်းတံဆိပ်ပြားအား အသုံးပြုရန် ဖိအားပေးနေသည့်အချိန်တွင် လေထုထဲရှိ ဆန်းကြယ်သော စွမ်းအားများ ဖုံးလွှမ်းနေသော ဧရိယာတစ်ခုတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော်များ ဖြစ်သော ကူရွှယ်သောင်းနှင့် ကူထျန်းလင်း တို့သည် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြသည်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

နှစ်ဦးလုံးက ဆန်းကြယ်သော စွမ်းအားများကို ထုတ်ဖော်ကာ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေခဲ့ကြ၏။

သူတို့နှစ်ဦး ထိပ်တိုက်ဆုံသည့် အကြိမ်တိုင်းတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေခဲ့ပြီး လေထုတစ်ခုလုံးပင် ပြိုကျမတတ် ဖြစ်နေခဲ့သည်။

အဆုံးသတ်တွင် ကူရွှယ်သောင်းသည် နတ်ဘုရင်အဆင့်နည်းစနစ်ကို အသုံးပြု၍ မိုးကြိုးငရဲဓားကို ဖော်ထုတ်လိုက်သည်။

မိုးကြိုးငရဲဓားသည် အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကို သယ်ဆောင်ကာ လေထုကို ထိုးဖောက်သွားခဲ့၏။

ကူထျန်းလင်းသည်လည်း သွားများကို အံကြိတ်ကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းလိုက်ပြီး အနက်ရောင်ယူနီကွန်းသားရဲ အဖြစ်သို့ ပြောင်းလဲကာ မိုးကြိုးဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်းသည် ပတ်ဝန်းကျင်တွင် လွှမ်းခြုံသွားခဲ့သည်။

ကူထျန်းလင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မိုးကြိုးဓား၏ လက်ချက်ဖြင့် ပေပေါင်း သုံးထောင်ခန့် အထိ လွင့်စင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရသည်။

ကူရွှယ်သောင်းကမူ လေထုထဲတွင် နောက်သို့ ခြေဆယ်လှမ်းခန့်သာ ဆုတ်လိုက်ရပြီး သူ၏ ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့၏။

သူက ထိခိုက်ဒဏ်ရာရသွားသော ကူထျန်းလင်းကို အေးစက်စက် အမူအရာဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်၏။

“ကူထျန်းလင်း မင်းရှုံးနိမ့်သွားပြီ.. အရင်တုန်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ငါမင်းကို အနိုင်ယူပြခဲ့သလို အခုထိလည်း မင်းကို အနိုင်ယူနိုင်ဆဲပဲ”

“ကူရွှယ်သောင်း အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် မင်းရဲ့ပါရမီက ငါ့ထက် အများကြီးသာလွန်ပါတယ်.. ဒါပေမဲ့ နှမြောဖို့ကောင်းတာက မင်းရဲ့ဥာဏ်ရည်ကတော့ မင်းရဲ့ပါရမီနဲ့ ဘယ်လိုမှ အချိုးကျမနေဘူး.. ဒီလောက်နှစ်တွေကြာခဲ့တာတောင် အဲဒီနှစ်က သင်ခန်းစာကို မင်း သင်ခန်းစာ မယူတတ်သေးဘူးလား.. ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်မှန်း သိသိကြီးနဲ့ မင်းနဲ့ တိုက်ခိုက်ဖို့ အစပြုခဲ့မှတော့ ဘယ်လိုလုပ်ပြီး အဆင်သင့် မပြင်ဆင်ထားဘဲ ရှိပါ့မလဲ”

ကူထျန်းလင်းက သူ၏ နှုတ်ခမ်း‌ထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီး ကူရွှယ်သောင်းကို ရက်စက်ကြမ်းကြုတ်သော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

ကူထျန်းလင်း၏ စကားကိုကြားလျှင် ကူရွှယ်သောင်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ၏ စိတ်နှလုံးထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။

“ကူရွှယ်သောင်း.. ငါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မင်းကို ရှင်းပစ်ဖို့ စီစဥ်ခဲ့ပေမဲ့ အဆုံးသတ်မှာ မင်းလွတ်မြောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းအနေနဲ့ လွတ်သွားပြီ ဆိုရင်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းဆီ ပြန်မလာသင့်ဘူး.. ဒါပေမဲ့ မင်းက အခြေအနေကို မသိတတ်ဘဲ အသေခံဖို့ ပြန်လာတယ် ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

ကူထျန်းလင်းက ကူရွှယ်သောင်းကို ကောက်ကျစ်စွာ ကြည့်လိုက်ပြီး လေထု တစ်နေရာသို့ တရိုတသေ လှမ်းကြည့်လိုက်သည်။

“အရှင်မူယွဲ့ ကျေးဇူးပြုပြီး သူ့ကို သတ်ပေးပါ”

ကူထျန်းလင်း၏ စကားသံ အဆုံးသတ်သည်နှင့်အမျှ အနက်ရောင်ပုံရိပ် တစ်ခုသည် တစ္ဆေတစ်ကောင်ကဲ့သို့ ရိပ်ခနဲ ထွက်ပေါ်လာခဲ့သည်။

ကူရွှယ်သောင်းသည် ထိုအနက်ရောင်ပုံရိပ် ဆီမှ ရင်းနှီးသော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရ၏။

“ဒီကောင်က တစ်ချိန်က ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူပဲ”

သူ၏ရှေ့မှ အနက်ရောင်ပုံရိပ်ကို မြင်လျှင် ကူရွှယ်သောင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့နေ့က ထျန်းကျီနတ်မျှော်စင်တွင် သတင်းအချက်အလက်များကို ဝယ်ယူခဲ့ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၌ ကြယ်သုံးပွင့် ကောင်းကင်အရှင်နှင့် နှိုင်းယှဥ်နိုင်သော ကျင့်ကြံသူတစ်ဦး ရှိနေသည်ဟု သိခဲ့ရသည်။

ထိုအချိန်ကတည်းကပင် ကူရွှယ်သောင်းသည် ထိုလူက တစ်ချိန်က သူ့ကို တိုက်ခိုက်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူ ဖြစ်နိုင်သည်ဟု ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။

ယခု ကြည့်ရသည်မှာ သူမှန်းဆထားသည့် အတိုင်းပင် ဖြစ်နေခဲ့ချေပြီ။

ဤဆန်းကြယ်သောလူသည် ခန့်မှန်းရခက်သော အလွန်တရာဆန်းကြယ်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

အဆင့်တူ အတွင်းဆိုလျှင်ပင် ထိုလူကို ယှဥ်နိုင်ရန် အလွန်ပင် ခက်ခဲလှသည်။

ဆိုရလျှင် ထိုလူ၏ စွမ်းအားသည် ကြယ်သုံးပွင့် ကောင်းကင်အရှင်ထက် မနိမ့်ကျသည် ဖြစ်ရာ သူ့အနေဖြင့် အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိသလောက်ပင်။

“မင်းဘယ်သူလဲ.. မင်းရဲ့ခွန်အားနဲ့သာ ဆိုရင် နတ်ဘုရားနယ်မြေမှာရှိတဲ့ ဘယ်လို နတ်ဘုရင် အင်အားစုနဲ့ မဆို ပူးပေါင်းတာနဲ့ မင်းရဲ့အဆင့်အတန်းက အလွန်အမင်း မြင့်မားနေမှာပဲ.. ဘာဖြစ်လို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ပုန်းအောင်းနေပြီး ကူထျန်းလင်းကို ကောင်မျိုးနဲ့ ပူးပေါင်းနေရတာလဲ”

ကူရွှယ်သောင်းက အနက်ရောင်ပုံရိပ်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ အမူအရာသည် အလွန်တရာပင် တည်ကြည် လေးနက်နေခဲ့၏။

ထိုခဏတွင် ဆန်းကြယ်သော အနက်ရောင်ပုံရိပ်သည် ဘာစကားမျှ တုံ့ပြန်မပြောဆိုဘဲ နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် သူ၏ပုံရိပ်သည် ကူရွှယ်သောင်း၏ ဦးခေါင်းထက်တွင် တစ္ဆေတစ်ကောင် ကဲ့သို့ ရိပ်ခနဲပေါ်လာခဲ့ပြီး အလွန်ဆန်းကြယ်သော ဟင်းလင်းပြင်စွမ်းအားဖြင့် ကူရွှယ်သောင်းကို တိုက်ခိုက်လိုက်သည်။

ကူရွှယ်သောင်း၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် ပုံပျက်ကာ ပြိုလဲသွားခဲ့ပြီး ကူရွှယ်သောင်းသည်လည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ ပါးစပ်မှ သွေးများကို အန်ထုတ်၍ ပေပေါင်း ထောင်ချီအကွာအဝေး အထိ လွင့်စင်သွားခဲ့သည်။

“ဘယ်လောက်‌တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ဟင်းလင်းပြင်စွမ်းအားလဲ”

သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ဆန်းကြယ်သော အနက်ရောင်ပုံရိပ်ကို ငေးကြည့်နေသည့် ကူရွှယ်သောင်း၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

အစောပိုင်းက အနက်ရောင်ပုံရိပ် ထုတ်သုံးလိုက်သော ဟင်းလင်းပြင်စွမ်းအားသည် အလွန်တရာပင် အင်အားကြီးမားလှသည်။

သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ထိုအနက်ရောင်ပုံရိပ်၏ ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝမရှိပေ။

ဟင်းလင်းပြင်လမ်းစဥ်သည် လမ်းစဥ် သုံးထောင်ထဲတွင် ကျင့်ကြံရန် အခက်ခဲဆုံး လမ်းစဥ်များထဲမှ တစ်ခု ဖြစ်သည်။

နတ်ကုန်းမြေတိုက်တွင် ဟင်းလင်းပြင်းလမ်းစဥ်ကို ကျင့်ကြံသည့် နယ်မြေနတ်ဘုရား များစွာ မရှိပေ။

အထူးသဖြင့် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့် ဟင်းလင်းပြင် နယ်မြေနတ်ဘုရားသည် နှစ်ပေါင်းတစ်သောင်းတွင် တစ်ယောက် ပေါ်ပေါက်ရန်ပင် ရှားပါးလှသည်။

ကူထျန်းလင်းက ထိုကဲ့သို့ ကြယ်သုံးပွင့် ကောင်းကင်အရှင်ကို မည်ကဲ့သို့ သိရှိခဲ့မှန်း ကူရွှယ်သောင်း အမှန်တကယ် နားမလည်နိုင်တော့ပေ။

“ဟားဟား ကူရွှယ်သောင်း.. မင်းမစဥ်းမိဘူး မဟုတ်လား”

ကူထျန်းလင်းက ကူရွှယ်သောင်း၏ အတွေးများကို ထွင်းဖောက်မြင်နေပုံရပြီး ရယ်မောကာ ပြောလိုက်သည်။

“တကယ်တော့ ဒါက မင်းရဲ့ကျေးဇူးကြောင့်ပဲ.. မင်းသာ ငါ့ကို ထာဝရဟင်းလင်းပြင်မှာ တာဝန်ထမ်းဆောင်ဖို့ မစေလွှတ်ခဲ့ရင် ငါ နတ်ဆိုးအရှင်သခင်နဲ့ တွေ့ဆုံခွင့် ရခဲ့မှာမဟုတ်ဘူး”

“ဒီအနက်ရောင်ပုံရိပ်က ထာဝရဟင်းလင်းပြင်ကနေ ရောက်လာတာလား”

ကူရွှယ်သောင်းသည် ခဏမျှ အံ့အားသင့်သွားခဲ့ပြီးနောက်တွင် ချက်ချင်းပင် တစ်စုံတစ်ရာကို တွေးမိကာ အဆုံးသတ်၌ သူ၏ အမူအရာသည် အကြီးအကျယ်ပင် ပြောင်းလဲသွားခဲ့သည်။

“ကူထျန်းလင်း.. မင်း.. မင်း တကယ်ပဲ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက လူတွေနဲ့ ပူးပေါင်းခဲ့တာလား”

အခန်း(၂၀၉၁)ပြီး၏

All Chapters