← Chapters

အခန်း (၂၀၉၂)

Vol. 150 Ch. 2092

အခန်း (၂၀၉၂)

Vol. 150 Ch. 2092

ဤအခိုက်အတန့်တွင် ကူရွှယ်သောင်းသည် အနက်ရောင်ပုံရိပ်က အဘယ်ကြောင့် ဆန်းကြယ်သော ဟင်းလင်းပြင်စွမ်းအားများ ထိန်းချုပ်နိုင်မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

စင်စစ် အနက်ရောင်ပုံရိပ်သည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ရှေးခေတ်ကာလက မဟာကပ်ဘေး တစ်ခုကြောင့် နတ်ဘုရားနယ်မြေသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရပြီး မူလနတ်ဘုရားနယ်မြေသည် အဆုံးမဲ့ ထာဝရဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော ဖုန်မှုန့် ကုဋေကဋာ ဖြစ်သွားခဲ့ကာ ထိုဖုန်မှုန့်များသည် နယ်မြေများအဖြစ် ပြောင်းလဲသွားခဲ့သည်။

မဟာကပ်ဘေး နောက်ပိုင်းတွင် ထာဝရဟင်းလင်းပြင်၌ အစွမ်းထက် သတ္တဝါနှစ်မျိုး မွေးဖွားလာခဲ့ပြီး ၎င်းတို့မှာ ဟင်းလင်းပြင်သားရဲနှင့် ဟင်းလင်းပြင်နတ်ဆိုးများ ဖြစ်ကြသည်။

ဟင်းလင်းပြင် သားရဲများသည် ယေဘုယျအားဖြင့် ထာဝရဟင်းလင်းပြင်တွင်သာ လှည့်လည်သွားလာလေ့ ရှိကြပြီး နတ်ဘုရားနယ်မြေရှိ နယ်မြေ အသီးသီးကို ခြိမ်းခြောက်မှု မပေးတတ်ကြပေ။

သို့ရာတွင် ဟင်းလင်းပြင်နတ်ဆိုးများကမူ ထိုသို့ မဟုတ်ချေ။

၎င်းတို့သည် ဥာဏ်ရည်မြင့်မားသော အစွမ်းထက် မျိုးနွယ်စု ဖြစ်ပြီး နတ်ဘုရားနယ်မြေကို သိမ်းပိုက်ရန် ထာဝရဟင်းလင်းပြင်ရှိ နယ်မြေများကို ကျူး‌ကျော် တိုက်ခိုက်လေ့ရှိသည်။

ထာဝရဟင်းလင်းပြင်၏ ဗဟိုချက်ဖြစ်သော နတ်ကုန်းမြေတိုက်ကြီး ပင်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုအောက်တွင် ကျဆုံးလုနီးပါး ဖြစ်ခဲ့ရ၏။

အဆုံးသတ်တွင် နတ်ကုန်းမြေတိုက် ပေါ်ရှိ အင်အားစုများစွာ ပူးပေါင်း၍ ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ပြီးမှသာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို အနိုင်ယူနိုင်ခဲ့သည်။

ထိုစစ်ပွဲပြီးကတည်းက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် ထာဝရဟင်းလင်းပြင်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ကူထျန်းလင်းသည် သူ့ကို ကိုင်တွယ်ရန်အတွက် ထာဝရဟင်းလင်းပြင်မှ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် တိတ်တဆိတ် ပူးပေါင်းလိမ့်မည်ဟု ကူရွှယ်သောင်း လုံးဝ မထင်ထားခဲ့ပေ။

“ကူထျန်းလင်း.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ငါတို့ နတ်ကုန်းမြေတိုက်ရဲ့ မဟာရန်ဘက်ပဲ.. မင်းက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနဲ့တောင် ပူးပေါင်းရဲတယ်လား”

ကူရွှယ်သောင်း၏ အမူအရာက အလွန်အမင်း အေးစက်နေခဲ့သည်။

“ဒီနေ့ မင်း ငါ့ကိုသတ်နိုင်ခဲ့ရင်တောင် ဒီကိစ္စ ပျံ့နှံ့သွားရင် နတ်ကုန်းမြေတိုက် တစ်ခုလုံးမှာ မင်းအတွက် နေစရာနေရာ ရှိတော့မှာမဟုတ်ဘူး”

“ငါ့အတွက် ဘာမှစိုးရိမ်မနေနဲ့.. မင်း သေသွားသရွေ့ ဘယ်သူမှ ဒီကိစ္စကို သိမှာ မဟုတ်ဘူး”

ကူထျန်းလင်းက မဲ့ပြုံးပြုံး၍ ကူရွှယ်သောင်းကို ပြောလိုက်ပြီး အနက်ရောင်ပုံရိပ်ကို တရိုတသေ ပြောလိုက်သည်။

“အရှင်မိုယဲ့. အချိန်ဆွဲနေရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်.. ဒီလူကို အမြန်ဆုံးသတ်ပေးပါ”

အနက်ရောင်ပုံရိပ်က ခေါင်းညိတ်လိုက်ပြီး ကူရွှယ်သောင်းကို တိုက်ခိုက်ရန် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဆန်းကြယ်သော ဟင်းလင်းပြင်စွမ်းအားသည် ကူရွှယ်သောင်း၏ ပတ်ပတ်လည်ကို ဟင်းလင်းပြင် အကျဥ်းထောင် အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီး ကူရွှယ်သောင်းကို ပိတ်လှောင်လိုက်သည်။

ဟင်းလင်းပြင် အကျဥ်းထောင်ထဲကို ရောက်ရှိသွားသည်နှင့် ကူရွှယ်သောင်းသည် ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပိတ်လှောင်ခံထားရရုံသာမက လက်ချောင်းများကိုပင် ခဲယဥ်းစွာ လှုပ်ရှားနေရသည်။

“ကြည့်ရတာ ဒီနေ့ ငါ သေရတော့မယ် ထင်တယ်”

ကူရွှယ်သောင်း၏ မျက်ဝန်းထဲတွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

မည်သို့ပင် ဖြစ်စေကာမူ သူက ကူထျန်းလင်း၏ ယုတ်မာမှုကို လျှော့တွက်မိခဲ့သည်။

ယခု သူက ကူထျန်းလင်း၏ ထောင်ချောက်တွင် သူက သေဆုံးရပေတော့မည်။

ဤတစ်ကြိမ် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ကူထျန်းလင်း ဘာမှမလုပ်နိုင်တော့ဟု သူ ထင်ခဲ့သော်လည်း ကူထျန်းလင်း၏ လှည့်ကွက်ကို ထပ်မံ ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် ကူရွှယ်သောင်း သေရတော့မည်ဟု ထင်မှတ်နေသောအချိန်မှာပင် တောက်ပသော ဓားအလင်း တစ်ခုသည် လေထုကို ထိုးခွင်းလာခဲ့ပြီး ဟင်းလင်းပြင် အကျဥ်းထောင်ကို ရိုက်ခတ်သွားခဲ့သည်။

“ခရက်..”

ကူရွှယ်သောင်းကို ပိတ်လှောင်ထားသော ဟင်းလင်းပြင်အကျဥ်းထောင်ကနေ မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး တစ်ခဏအတွင်းမှာပင် ဟင်းလင်းပြင်အကျဥ်းထောင်သည် ပေါက်ကွဲထွက်သွားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ကူရွှယ်သောင်း အပါအဝင် ထိုနေရာရှိ သုံးဦးစလုံးသည် ခဏမျှ မှင်တက်သွားခဲ့ကြသည်။

ကူထျန်းလင်းက အတော်လေး ထိတ်လန့်သွားခဲ့၏။

“ဘယ်သူက အမှောင်ထဲမှာ ပုန်းပြီး ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ.. သတ္တိရှိရင် ထွက်လာခဲ့စမ်း”

အနက်ရောင်ပုံရိပ်က ဘာစကားမျှမပြောဘဲ လေထု တစ်နေရာကို စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။

ယင်းနောက်တွင် ငယ်ရွယ်သော မျက်နှာထားရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် သူတို့၏ မြင်ကွင်းတွင် ထွက်ပေါ်လာခဲ့သည်။

“ကောင်လေး.. မင်းဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာတာလဲ”

သူ့ရှေ့တွင် ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ကူရွှယ်သောင်း၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဆရာ...ဒီကောင်က ဆရာ့ကို လုပ်ကြံဖို့ အကွက်ကျကျ စီစဥ်ထားတာပဲ.. ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလိုပဲ သူ့ရဲ့အကျင့်က ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး ဆိုတာ ကျွန်တော် ခန့်မှန်းမိတယ်.. ဒါကြောင့် ဆရာ့ရဲ့ နောက်ကို လိုက်လာတာပါ”

“မင်း.. မင်း ဒီကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ”

ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ကူထျန်းလင်း၏ အမူအရာသည် ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။

သူ၏ ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်တွင် ရှိနေသေးသည်မှာ ထင်ရှား၏။

တိုက်ပွဲအတွင်း သူ၏ အကောက်ကြံမှုကို မည်သူမျှ မရိပ်မိစေရန် အတွက် သူစီစဥ်ထားသော ဟင်းလင်းပြင်သည် အလွန်ပင် မဆန်းပြားသော်လည်း အဆင့်နိမ့် နယ်မြေနတ်ဘုရားတစ်ပါး ကျူးကျော်ဝင်ရောက်နိုင်သည့် နေရာမျိုး မဟုတ်ပေ။

ကျန်းချန်က ကူထျန်းလင်းကို လျစ်လျူရှုလိုက်ပြီး အနက်ရောင်ပုံရိပ်ကို တိုက်ရိုက် ကြည့်လိုက်ကာ ကူရွှယ်သောင်းကို မေးလိုက်သည်။

“ဆရာ.. ဒီကောင်က ခုနတုန်းက ဆရာ့ကို တိုက်ခိုက်ခဲ့တဲ့သူလား”

“ဟုတ်တယ်”

ကူရွှယ်သောင်းက ခေါင်းညိတ်၍ လေးနက်စွာ ပြောလိုက်သည်။

“မင်းသတိထားမှဖြစ်မယ်.. သူက ထာဝရဟင်းလင်းပြင်မှာ နေထိုင်တဲ့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကပဲ.. သူက ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်နဲ့ ယှဥ်နိုင်တဲ့ ကောင်းကင် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်ပဲ”

“ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုလား”

ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ထူးဆန်းသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု ဆိုသည်မှာ မည်သည့်အရာမှန်း သူ မသိသော်လည်း အနက်ရောင်ပုံရိပ်၏ စွမ်းအားကို သူခံစားနိုင်ခဲ့သည်။

ထိုအနက်ရောင်ပုံရိပ်၏ စွမ်းအားသည် ကြယ်သုံးပွင့်ကောင်းကင်အရှင် အဆင့်နှင့် ညီမျှနေခဲ့၏။

ဆိုရလျှင် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့် ဆိုသည်မှာ ကောင်းကင်အရှင်အဆင့်၏ အသန်မာဆုံးအဆင့် ဖြစ်ပြီး နတ်ဘုရင်အဆင့်ကိုပင် ယှဥ်နိုင်သော အဆင့်လည်း ဖြစ်သည်။

သူ၏ လက်ရှိ ခွန်အားဖြင့်ပင် ထိုသူ၏ ခန္ဓာကိုယ်မှ အန္တရာယ်ရှိသော အရိပ်အငွေ့ကို ခပ်ရေးရေး ခံစားနေခဲ့ရသည်။

“အရှင်မိုယဲ့.. သူတို့နှစ်ယောက်လုံးကို အမြန်သတ်ပါ.. သူတို့ကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး”

ကူထျန်းလင်း၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုနှင့်ပူးပေါင်းခြင်းသည် နတ်ကုန်းမြေတိုက် တစ်ခုလုံး လက်မခံနိုင်သော ကိစ္စ ဖြစ်သည်။

ဤကိစ္စသာ ပေါ်ပေါက်သွားခဲ့လျှင် သူ့အတွက် သေလမ်းတစ်လမ်းသာ ရှိတော့မည်မှာ သေချာသလောက်ပင်။

“မစိုးရိမ်ပါနဲ့.. ငါ့ရဲ့လုပ်ငန်းကြီးကို ဖျက်ဆီးရဲတဲ့သူတွေအတွက် သေလမ်းတစ်လမ်းပဲ ရှိတယ်”

အနက်ရောင်ပုံရိပ်က အေးစက်စက် ရေရွတ်လိုက်ပြီး ကြောက်မက်ဖွယ် ဟင်းလင်းပြင်စွမ်းအားကို ထုတ်ဖော်လိုက်ရာ ထိုစွမ်းအားသည် ဟင်းလင်းပြင် ဓားသွား အဖြစ်သို့ ချက်ချင်း ဆိုသလို‌ ပြောင်းလဲပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

“ချေမှုန်းစမ်း”

ကျန်းချန်က သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဓားလမ်းစဥ်၏ မူလအရင်းအမြစ် စွမ်းအားသည် မိုးကြိုးနတ်ဓား အဖြစ်သို့ ချက်ချင်းပင် ပေါင်းစပ်သွားခဲ့ပြီး သူ့ထံသို့ သက်ရောက်လာသည့် ဟင်းလင်းပြင်ဓားသွားကို အစိတ်စိတ်အမွှာမွှာချေမှုန်းပစ်လိုက်သည်။

နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက် ဝင်ရောက်ရာတွင်

ကောင်းကင်နတ်ဘုရား အဆင့်၌ ကျင့်ကြံထားသော လမ်းစဥ်များထဲမှ တစ်မျိုးကို ရွေးချယ်၍ နယ်မြေနတ်ဘုရား အရင်းအမြစ် အဖြစ် ပေါင်းစပ်ရသည်။

သို့သော်လည်း ထိုစွမ်းအားများသည် နယ်မြေနတ်ဘုရား မူလအရင်းအမြစ် ထဲသို့ ပေါင်းစည်းသွားခြင်းသာ ဖြစ်ပြီး ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်က နယ်မြေနတ်ဘုရား အဆင့်သို့ ထိုးဖောက်ရာတွင် လမ်းစဥ် ၁၀မျိုး၏ စွမ်းအားကို ပေါင်းစပ်ကာ ဓားလမ်းစဥ်၏ အရင်းအမြစ်ကို ပိုမို သန်မာစေခဲ့သော်လည်း သူ၏ ဓားလမ်းစဥ်သည် ကျန်ရှိသော လမ်းစဥ်များ၏ စွမ်းအားများနှင့် စိတ်တိုင်းကျ ပေါင်းစပ်ပုံဖော်နိုင်စွမ်း ရှိသည်။

ဥပမာအားဖြင့် အစောပိုင်းက သူထုတ်ဖော်လိုက်သော မိုးကြိုးဓားသည် ဓားလမ်းစဥ်နှင့် မိုးကြိုးလမ်းစဥ်၏ စွမ်းအားများကို ပေါင်းစပ်ထားခြင်း ဆိုလည်းမမှားပေ။

“ဝုန်း..”

မိုးကြိုးဓားနှင့် ဟင်းလင်းပြင်ဓားသွားတို့ ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်း တစ်ခုသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကို ဘာမှမကျန်ရှိတော့သည်အထိ တိုက်ခတ်သွားခဲ့သည်။

ကျန်းချန်က နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။

သူက ဆန့်ကျင်ဘက်မှ အနက်ရောင်ပုံရိပ်ကို ကြည့်လိုက်ရာ ထိုလူသည်လည်း နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး ခန္ဓာကိုယ်ဟန်ချက်အား တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်ကို တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် ကျန်းချန်၏ အကြည့်သည် ပို၍ပင် လေးနက်သွားခဲ့သည်။

ဤဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင်၏ ခွန်အားသည် အမှန်တကယ်ပင် အင်အား ကြီးမားလှ၏။

“ကောင်လေး.. မင်းက တကယ်ကို မရိုးရှင်းဘူးပဲ”

အနက်ရောင်ပုံရိပ်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုထဲမှ ကောင်းကင်ဟင်းလင်းပြင် နတ်ဆိုးအရှင် အဆင့် ဖြစ်ပြီး ထိုအဆင့်သည် နတ်ကုန်းမြေတိုက်ရှိ ကြယ်သုံးပွင့် ကောင်းကင်အရှင်များထက် စွမ်းရည် မနိမ့်ကျပေ။

သူ၏ ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အဆင့်နိမ့်နယ်မြေနတ်ဘုရား အဆင့်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ကြယ်သုံးပွင့် ကောင်းကင်အရှင်ထက်ပင် သာလွန်နေခဲ့သည်။

နတ်ကုန်းမြေတိုက်ကြီးတွင် အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်ဖြင့် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့် တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ထားသောသူကို သူ့အနေဖြင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းလည်း ဖြစ်၏။

အခန်း(၂၀၉၂)ပြီး၏။

All Chapters