← Chapters

အခန်း (၂၀၉၃)

Vol. 150 Ch. 2093

အခန်း (၂၀၉၃)

Vol. 150 Ch. 2093

ကျန်းချန်က မိုယဲ့ဟု ခေါ်သော အနက်ရောင်ပုံရိပ်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

“မင်းက ထာဝရဟင်းလင်းပြင်မှာ နေထိုင်တဲ့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင် ဖြစ်နေမှတော့ ထာဝရဟင်းလင်းပြင်မှာပဲ ရှိနေသင့်တယ်.. ဒီနတ်ကုန်းမြေတိုက်က မင်းရှိနေသင့်တဲ့နေရာ မဟုတ်ဘူး”

ကျန်းချန်၏ စကားကိုကြားလျှင် မိုယဲ့က နှာခေါင်းရှုံ့ကာ အေးစက်စက် တုံ့ပြန်ပြောဆိုလိုက်၏။

“ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ထာဝရဟင်းလင်းပြင်မှာ မွေးဖွားလာတာနဲ့ပဲ ထာဝရဟင်းလင်းပြင်မှာ တစ်သက်လုံးနေရတော့မှာလား.. တစ်နေ့နေ့မှာ ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ဒီလောကကြီး တစ်ခုလုံးကို သိမ်းပိုက်မှာပဲ”

“ဟမ့်.. မင်းတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ဒီလောကကြီးကို သိမ်းပိုက်တာတွေ မသိမ်းပိုက်တာတွေ ငါဘာမှမသိချင်ဘူး”

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

“ငါသိတာကတော့ ဒီနေ့ မင်း ငါ့‌ရှေ့မှာ ပေါ်လာရဲတယ် ဆိုမှတော့ သေရတော့မယ် ဆိုတာပဲ”

“ကောင်လေး.. မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့.. အိုမင်းပြီး သေခါနီးဖြစ်နေတဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင်တောင် ငါ့ကို ဘာမှမတတ်နိုင်ဘူး.. မင်းက ဘာကောင်မို့လို့ ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတာလဲ”

မိုယဲ့၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် အေးစက်သောစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်သံဖြင့် ပြုလုပ်ထားသော ‌ရှေးဟောင်း ဓားတစ်လက်သည် မိုယဲ့၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ထိုရှေးဟောင်းဓားတွင် ကြောက်မက်ဖွယ် ဟင်းလင်းပြင်စွမ်းအားများ ကိန်းအောင်းနေခဲ့၏။

“တကယ်ကို ဆန်းကြယ်တဲ့ဓားပဲ”

ကျန်းချန်က မိုယဲ့၏ လက်ထဲမှ ဓားကို အကဲခတ်ကာ ရေရွတ်လိုက်သည်။

ဤအနက်ရောင်ရှေးဟောင်းဓားသည် နတ်ဘုရင်အဆင့် လက်နက်ထက် အနည်းငယ်မျှပင် မနိမ့်ကျမှန်း သူ ခန့်မှန်းမိခဲ့သည်။

“လူသားဧကရာဇ်ဓား”

သို့ရာတွင် ကျန်းချန်က လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားများကို တစ်ခဏ အတွင်းမှာပင် အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

တောက်ပသော ရွှေရောင်အလင်းတန်းသည် ကျန်းချန်၏ ကျောဘက်တွင် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ကာ ကမ္ဘာကြီး တစ်ခုလုံးကိုပင် ဘာမှမကျန်ရှိတော့သည့်အထိ ချေမှုန်းတော့မည့် ဧရာမ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုယဲ့ ဆီသို့ ဦးတည်သွားခဲ့သည်။

နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ဝင်ရောက်သွားပြီးနောက်တွင် ကျန်းချန်သည် ကဏ္ဍပေါင်းစုံတွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့၏။

ထို့ကြောင့် သူ၏ နတ်ခန္ဓာပုံရိပ်စွမ်းအား ဖြစ်သည့် လူသားဧကရာဇ်ဓားသည်လည်း ထိတ်လန့်ဖွယ်ရာ ကောင်းသော အဆင့်သို့ အလိုအလျောက်ပင် ရောက်ရှိသွားခဲ့သည်။

“ဒါက..”

ကျန်းချန် ထုတ်သုံးလိုက်သည့် နတ်ခန္ဓာပုံရိပ်ကို မြင်လျှင် မိုယဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“လူသားဧကရာဇ်ဓားပါလား”

ထိုကောင်လေး ထုတ်ဖော်လိုက်သည့် နတ်ခန္ဓာပုံရိပ်သည် လူသားဧကရာဇ်နန်းတော်၏ သန္ဓေတာအိုလက်နက် ဖြစ်သော လူသားဧကရာဇ်ဓား ဖြစ်နေခဲ့သည်။

ကောင်းကင် ဟင်းလင်းပြင် နတ်ဆိုးအရှင်တစ်ဦး အနေဖြင့် မိုယဲ့၏ အဆင့်အတန်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် မနိမ့်ကျပေ။

ထို့ကြောင့် သူက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ သမိုင်းကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။

တစ်ချိန်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်ခဲ့စဥ် နတ်ကုန်းမြေတိုက်ရှိ အင်အားစုများစွာ၏ ပူးပေါင်းရင်ဆိုင်မှုကို ခံခဲ့ရသည်။

ထိုအထဲတွင် လူသားဧကရာဇ်နန်းတော်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အသေအလဲ ခြိမ်းခြောက်မှုပေးနိုင်ခဲ့သော အင်အားစု ဖြစ်၏။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို သိမ်းပိုက်တော့မည့် အချိန်တွင် လူသားဧကရာဇ်နန်းတော်မှ အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ခေါင်းဆောင်ကို အနိုင်ယူကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ထာဝရဟင်းလင်းပြင်ဆီသို့ ပြန်လည် ဆုတ်ခွာသွားစေခဲ့သည်။

ထိုလူသားဧကရာဇ်နန်းတော်မှ အနှိုင်းမဲ့ ပါရမီရှင်သည်လည်း ယခု သူ့ရှေ့မှကောင်လေး ကဲ့သို့ပင် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်နိုင်ခဲ့၏။

“ဟင်းလင်းပြင်နတ်ဆိုးဓား”

မိုယဲ့သည် သူ၏ စိတ်နှလုံးထဲရှိ ထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

ထိုခဏတွင် သူ၏ လက်ထဲရှိ အနက်ရောင် ရှေးဟောင်းဓားထံကနေ ဆန်းကြယ်သော ဟင်းလင်းပြင်စွမ်းအားများ ထွက်ပေါ်လာခဲ့၏။

ထိုဟင်းလင်းပြင်စွမ်းအားများသည် လေထုထဲတွင် စီးဆင်းသွားခဲ့ပြီး မိုယဲ့၏ ပတ်ပတ်လည်တွင် အကာအကွယ်အလွှာတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင် မိုယဲ့၏ လက်ထဲမှ အနက်‌ရောင် ရှေးဟောင်းဓားသည် ပျောက်ကွယ်သွားခဲ့ပြီး ဟင်းလင်းပြင်ဓား အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကာ လူသားဧကရာဇ်ဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

အလွန်အမင်း ကြောက်လန့်ဖွယ်ရာကောင်းသော အင်အားနှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားစေခဲ့သည်။

ကူထျန်းလင်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အကာအကွယ်အလွှာပင်လျှင် ထိုအင်အားနှစ်ခုကို ဗဟိုပြု၍လွင့်စင်လာသော ကြောက်မက်ဖွယ် စွမ်းအားကို မခုခံနိုင်တော့ပေ။

ယင်းနောက်တွင် ထိုကြောက်မက်ဖွယ် အင်အား၏ သက်ရောက်မှုကို ခံလိုက်ရပြီး ကူထျန်းလင်းသည် လေထဲကနေ ပြုတ်ကျသွားခဲ့သည်။

“ဝေ့ါ..”

ထိုအတူ မိုယဲ့သည်လည်း ပါးစပ်ကနေ သွေးများ အန်ထုတ်လိုက်ရပြီး တစ်ခဏအတွင်း ပေပေါင်းထောင်ချီ နောက်ပြန် လွင့်စင်သွားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ထိုကောင်လေးသည် တုန်လှုပ်ဖွယ်ရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အကြောက်ရဆုံး ဖြစ်သည့် လူသားဧကရာဇ်နန်းတော်၏ အဖွဲ့ဝင် ဖြစ်နေခဲ့သည်။

သူ၏ ခွန်အားဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် ထိုကောင်လေးကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ယခု ကူထျန်းလင်း စီစဥ်ထားသော ဟင်းလင်းပြင်အတားအဆီးက ပျက်စီးသွားပြီ ဖြစ်ရာ ကျန်းချန်နှင့်သာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် သူ၏ ဟင်းလင်းပြင်နတ်ဆိုး ဟူသော သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။

သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားသည်နှင့် သူ၏ ခွန်အားဖြင့်ပင် အလွယ်တကူ ထွက်ပြေးနိုင်ရန် ခဲယဥ်းသွားပေလိမ့်မည် မဟုတ်ပါလော။

“ကောင်လေး.. မင်းက လူသားဧကရာဇ်နန်းတော်က အနှိုင်းမဲ့ ပါရမီရှင် ဖြစ်နေတာကိုး.. ငါမင်းကို ကောင်းကောင်းကြီး မှတ်ထားမယ်”

မိုယဲ့က သူ၏ ခန္ဓာကိုယ်မှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်သည်။

ထို့နောက်တွင်မူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တစ်ခဏအတွင်း မှိန်ဖျော့သွားခဲ့ပြီး ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားခဲ့ကာ လုံးဝ အစအနပင် မကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားခဲ့သည်။

“ဒီကောင် ကျင့်ကြံထားတဲ့ ဟင်းလင်းပြင်လမ်းစဥ်က တကယ်ကို ထူးဆန်းတာပဲ.. ဒီလိုမျိုး ထွက်ပြေးသွားနိုင်လိမ့်မယ်လို့ ငါမထင်ထားမိဘူး”

မိုယဲ့က သူ၏ အာရုံခံစားမှုကနေ လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျန်းချန်သည် မျက်မှောင် အနည်းငယ် ကြုတ်ကာ ရေရွတ်လိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် ကူရွှယ်သောင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဟင်းလင်းပြင်လမ်းစဥ်ကို မွေးရာပါ ကျွမ်းကျင်ကြတယ်.. ဟင်းလင်းပြင်နတ်ဆိုးအရှင် တစ်ယောက်က ထွက်ပြေးချင်တယ် ဆိုရင် နတ်ဘုရင်အဆင့် ကျင့်ကြံသူတောင် အလွယ်တကူ တားဆီးထားနိုင်မှာမဟုတ်ဘူး”

“နောက်ဆိုရင် ဟင်းလင်းပြင်နတ်ဆိုးအရှင်တွေနဲ့ တွေ့ရင် ပိုပြီးတော့ သတိထားရတော့မယ် ထင်တယ်”

ထိုစကားကိုပြောရင်း ကျန်းချန်သည် အောက်ဘက်ရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တိုက်ရိုက် ကြည့်ရှုကာ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။

“ဆရာ အောက်ဆင်းကြရအောင်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကူယွမ်က နတ်ဘုရင်ကို ဆင့်ခေါ်လိုက်ပြီ”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်တို့သည် အောက်ဘက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ကျန်းချန်တို့ နှစ်ဦး၏ တိုက်ပွဲကြောင့် ထိခိုက်မှုဖြစ်ခဲ့သော ကူထျန်းလင်းသည် လေထဲကနေ အရှက်တကွဲ ပြုတ်ကျလာခဲ့၏။

အဆုံးသတ်တွင် ကူထျန်းလင်းသည် ဂိုဏ်းချုပ်ကူယွမ်၏ ရှေ့တွင် ခန့်ညားစွာ ရပ်နေသော အဖြူရောင်ပုံရိပ် ရှေ့သို့ ကျရောက်သွားခဲ့သည်။

ထိုအဖြူရောင်ပုံရိပ်သည် အခြားသူ မဟုတ်ပေ။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်သည့် နတ်ဘုရင် ကူစန်း ဖြစ်သည်။

နတ်ဘုရင်ကူစန်းသည် အလွန်ရိုးရှင်းသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးချမ်းမြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

သူက အသက်အရွယ် အလွန်အမင်း ကြီးမြင့်နေပြီ ဖြစ်သော်လည်း အိုမင်းနေပုံမရသည့် အပြင် မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိဘဲ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေခဲ့သည်။

ဆိုရလျှင် နတ်ဘုရင်ကူစန်းသည် နှစ်ပေါင်းသန်းတစ်ရာ နီးပါး နေထိုင်ခဲ့သည့် မွန်းစတားအိုကြီး ဖြစ်လိမ့်မည်ဟု ယုံကြည်ရန်ပင် ခဲယဥ်းလှ၏။

နတ်ဘုရင်ကူစန်းက နေရာမှာပင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ အစွမ်းထက် အရှိန်အဝါများသည် လူအများကို ကိုးကွယ်ချင်စိတ်ပင် ဖြစ်ပေါ်စေခဲ့သည်။

“အထွတ်အထိပ်အကြီးအကဲ.. ကူရွှယ်သောင်းတို့ ဆရာတပည့်က ကျွန်တော့်ကို သတ်ဖို့အတွက် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုနဲ့ ပူးပေါင်းနေကြတယ်.. ကျွန်တော့်အတွက် တရားမျှတမှုကို ပြန်ယူပေးပါ”

လေထဲကနေ ဖြည်းညင်းစွာ ဆင်းသက်လာသည့် ကျန်းချန်တို့ ဆရာတပည့် နှစ်ယောက်ကို ကြည့်ကာ ကူထျန်းလင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားခဲ့ပြီး ထိတ်လန့်တကြား အမူအရာဖြင့် နတ်ဘုရင်ကူစန်း ရှေ့တွင် ဒူးထောက်ကာ ပြောဆိုလိုက်သည်။

“ကူရွှယ်သောင်း.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ငါတို့နတ်ကုန်းမြေတိုက်ရဲ့ မဟာရန်သူတော်ပဲ.. မင်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့တောင် ပူးပေါင်းရဲတယ်လား”

ကူထျန်းလင်း၏ စကားကိုကြားလျှင် ကူဟုန်၏ မျက်ဝန်းတွင် လက်ခနဲ ဖြစ်သွားခဲ့ပြီး နတ်ဘုရင်ကူစန်းကို တရိုတသေ လှမ်းပြောလိုက်သည်။

“အထွတ်အထိပ် အကြီးအကဲ.. ကူရွှယ်သောင်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ ပူးပေါင်းနေတာ ဆိုတော့ ခွင့်လွှတ်ပေးလို့ မဖြစ်ဘူး.. ကျွန်တော်တို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွက် အထွတ်အထိပ် အကြီးအကဲ ကိုယ်တိုင် သူတို့ကို ဆုံးမပေးပါဦး”

နတ်ဘုရင်ကူစန်းက ဖြည်းညင်းစွာ ဆင်းသက်လာသော ကျန်းချန်တို့ ဆရာတပည့် နှစ်ဦးကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကူရွှယ်သောင်း.. ကူထျန်းလင်းရဲ့စကားကို မင်း ဘာရှင်းပြချင်သေးလဲ”

“ဟားဟား.. မင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူလား.. ကြည့်ရတာ မင်းက ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိဘူးထင်တယ်.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ အမှန်တကယ် ပူးပေါင်းနေတာ ဘယ်သူလဲ သိချင်ရင် ကူထျန်းလင်းကို စစ်မေးကြည့်လိုက်လေ.. မင်းမှာ ဥာဏ်ရည် အားနည်းတယ် ဆိုရင်တောင် ဒီလိုစကားမျိုးကို ပြောမှာမဟုတ်လောက်ဘူး.. ကူထျန်းလင်းကို ကောင်မျိုးကို မျက်တောင်တစ်ခတ်အတွင်း ငါ သတ်ဖြတ်နိုင်တယ်.. ဘာလို့ သူ့ကို သတ်ဖို့အတွက် တခြားသူနဲ့ ပူးပေါင်းနေရဦးမှာလဲ”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ဝင့်ကြွားသောအမူအရာဖြင့် ပြောလိုက်သည်။

“ဒါ့အပြင် ငါကျန်းချန် လုပ်သမျှအရာအားလုံးကို မင်းကို ဘာအတွက် ရှင်းပြနေရမှာလဲ”

အခန်း(၂၀၉၃)ပြီး၏။

All Chapters