← Chapters

အခန်း (၂၀၉၄)

Vol. 150 Ch. 2094

အခန်း (၂၀၉၄)

Vol. 150 Ch. 2094

“ဒီကောင်လေးက ဒီလောက်ထိတောင် ရမ်းကားနေပါလား”

ကျန်းချန်၏ မထီမဲ့မြင် စကားများကိုကြားလျှင် ကြည့်ရှုနေကြသော လူအုပ်ကြီးသည် အသက်ရှူ မှားမတတ်ပင် ဖြစ်ကုန်ကြသည်။

နတ်ဘုရင်ကူစန်း ဆိုသည်မှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲဖြစ်ပြီး မိုင်ပေါင်းသန်းချီ နယ်မြေအတွင်းရှိ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးကမူ နတ်ဘုရင်ကူစန်းကို သိသိသာသာပင် စော်ကားနေခဲ့သည်။

ယင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင် မဟုတ်ပါလော။

“ကျန်းချန် မင်းသိပ်ပြီး မောက်မာမနေနဲ့.. အကြီးအကဲနဲ့ ကူရွှယ်သောင်းတို့ စကားပြောဆိုနေတဲ့ အချိန်မှာ မင်းလို အဆင့်လောက်က ဝင်မပြောသင့်ဘူး”

ကူထျန်းလင်းက ကျန်းချန်ကို ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် လှောင်ပြုံးတစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။

သူက ကူရွှယ်သောင်းတို့ ဆရာတပည့်နှစ်ယောက်ကို နတ်ဘုရင်ကူစန်း ဒေါသထွက်လာအောင် မည်ကဲ့သို့ မီးလောင်ရာလေပင့်ရမလဲ စဥ်းစားနေစဥ်မှာပင် ကျန်းချန်သည် ကိုယ့်သေတွင်း ကိုယ်တူးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုကောင်လေးသည် ကိုယ့်သေတွင်း ကိုယ်တူးသည့်နေရာတွင် အလွန်အမင်း ဆရာကျသည်ဟုပင် ဆိုရပေတော့မည်။

“ငါက မင်းတို့ရဲ့အထွတ်အထိပ် အကြီးအကဲနဲ့ စကားပြောနေတာ.. မင်းက ဘာတွေအာရုံလာစားနေတာလဲ”

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏ လက်တစ်ဖက်ကိုမြှောက်လိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကူထျန်းလင်းကို ပေပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားစေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် နတ်ဘုရင်ကူစန်းသည် အေးစက်စက် လေသံဖြင့် ပြောလိုက်၏။

“ကောင်လေး.. ဒီနတ်ဘုရင်ရဲ့ရှေ့မှာ ဒီလောက်အထိ ရမ်းကားရဲတာ မင်းပထမဆုံးပဲ”

“အထွတ်အထိပ် အကြီးအကဲ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ အမှန်တကယ် ပူးပေါင်းနေတဲ့သူက ကျွန်တော်တို့ဆရာတပည့် မဟုတ်ပါဘူး.. လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကလည်း ကျွန်တော့်ကို တိုက်ခိုက်ဖို့ အတွက် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနဲ့ ကူထျန်းလင်းက တိတ်တဆိတ် ပူးပေါင်းခဲ့တယ်.. ကျွန်တော့်မှာ အသက်ရှင်ဖို့ ကံပါမလာခဲ့ရင် အခုအချိန်ထိ ရှင်သန်နိုင်မှာ မဟုတ်ဘူး.. ဒီကိစ္စတွေ အားလုံးကို စစ်ဆေးကြည့်ချင်ရင် ဂိုဏ်းရဲ့ အထွတ်အမြတ်ရတနာ ဖြစ်တဲ့ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကနေ တစ်ဆင့် အတိတ်ကို ပြန်ရစ်ကြည့်လိုက်တာနဲ့ အမှန်တရား ပေါ်ပေါက်လာပါလိမ့်မယ်.. အထွတ်အထိပ် အကြီးအကဲ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ”

ကူရွှယ်သောင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး နတ်ဘုရင်ကူစန်းကို တရိုတသေ ပြောလိုက်သည်။

“ဒီကိစ္စကို ငါမင်းနဲ့ နောက်မှ ဆွေးနွေးမယ်”

နတ်ဘုရင်ကူစန်း၏ မျက်နှာသည် ဆီးနှင်းကဲ့သို့ အေးစက်နေခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်သည် သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။

“မင်းရဲ့တပည့်က လူကြီးမိဘကို ရိုသေမှုမရှိဘူး.. ရမ်းကားပြီးတအား မောက်မာတယ်.. ငါ့ကို လူပုံအလည်မှာ စော်ကားရုံတင်မကဘူး ငါ့ရဲ့မျက်စိအောက်မှာတောင် လက်ရဲဇက်ရဲ လုပ်ဆောင်ရဲတယ်.. ငါ့အနေနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး လွှတ်ပေးနိုင်မှာလဲ”

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် ကျင့်ကြံသူ အနေဖြင့် ကူစန်းသည် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အမြဲတစေ စောင့်ကြပ်ခဲ့သည်။

ယခင်က ကူထျန်းလင်းသည် ‌ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံ၏ ရတနာဝိညာဥ်ကို အိပ်စက်အောင် ပြုလုပ်ခဲ့၏။

အကယ်၍ သူသာ ခွင့်မပြုခဲ့လျှင် ကူထျန်းလင်းသည် မည်ကဲ့သို့ အောင်မြင်နိုင်ပါမည်နည်း။

ဆိုရလျှင် ကူထျန်းလင်းနှင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတို့ တိတ်တဆိတ် ပူးပေါင်းနေသည်ကိုပင် နတ်ဘုရင်ကူစန်းသည် ကောင်းစွာ သိရှိထားခဲ့သည်။

သို့သော်လည်း ကူထျန်းလင်းသည် သူ့ကို ငြင်းဆန်ရန် ခက်ခဲသော အခွင့်အရေး တစ်ခု ပေးခဲ့သောကြောင့် နတ်ဘုရင်ကူစန်းသည် ထိုကိစ္စကို မျက်စိပိတ်ကာ နေထိုင်ခဲ့ခြင်း ဆိုလည်းမမှားပေ။

လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ကူရွှယ်သောင်း လုပ်ကြံခံရသည့် ဖြစ်ရပ်သည် နတ်ဘုရင်ကူစန်း၏ စိတ်ထဲတွင် မှန်ကဲ့သို့ ကြည်လင် ပြတ်သားနေပြီးသား ဖြစ်ရာ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အသုံးပြု၍ အတိတ်ကို အဘယ်ကြောင့် ပြန်ကြည့်နေရပါမည်နည်း။

သူ၏ သက်တမ်းက ကုန်ဆုံးခါနီးနေပြီ ဖြစ်၍ ကူထျန်းလင်းနှင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတို့ကသာလျှင် သူ့ကို ဆက်လက် အသက်ရှင်နေစေရန် လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

သူ၏ ကိုယ်ကျိုးအတွက် ယနေ့တွင် သူသည် ကူထျန်းလင်း၏ ကိုယ်စား ကူရွှယ်သောင်းတို့ ဆရာတပည့် နှစ်ဦးကို သတ်ဖြတ်ရန်သာ ရှိပေတော့၏။

ကူရွှယ်သောင်းသည် နတ်ဘုရင်ကူစန်း၏ စကားကိုကြားလျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“အထွတ်အထိပ်အကြီးအကဲ.. ကျန်းချန်မှာ အထွတ်အထိပ်အကြီးအကဲကို စော်ကားလိုစိတ် မရှိပါဘူး”

“မင်းဘာမှ သူ့အတွက် ပြောပေးဖို့ မလိုဘူး”

နတ်ဘုရင်ကူစန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ကူရွှယ်သောင်းကို အေးစက်စက်ကြည့်၍ ပြောလိုက်သည်။

“မင်းနောက်ထပ် သူ့အတွက် တစ်ခွန်း ထပ်ပြောမယ်ဆိုရင် သူနဲ့အတူ ငရဲကို လိုက်သွားဖို့သာ ပြင်ထားလိုက်တော့”

“ဆရာ အခုထိ မသိသေးဘူးလား.. ဒီအဘိုးကြီးက ကူထျန်းလင်းဘက်က ရပ်တည်ပေးဖို့ အသေအချာ ဆုံးဖြတ်ထားပြီးပြီ.. ဘာလို့ ဒီအဘိုးကြီးနဲ့ အပိုစကားတွေ ပြောနေသေးတာလဲ”

ကျန်းချန်က ခေါင်းခါရမ်းကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“အရင်တုန်းက ဆရာအသတ်ခံရတဲ့ ကိစ္စမှာလည်း ဒီအဘိုးကြီး ကိုယ်တိုင် ပါဝင်ပတ်သက်နေလောက်တယ်”

“ကောင်လေး.. မင်းက ငါ့ကိုပါ စွပ်စွဲရဲတယ်လား”

နတ်ဘုရင်ကူစန်း၏ မျက်ဝန်းများသည် အေးစက်သွားခဲ့ပြီး နတ်ဘုရင်အဆင့်၏ ပြင်းထန်သော အရှိန်အဝါသည် ကျန်းချန်တို့ ဆရာတပည့်နှစ်ဦးထံသို့ သက်ရောက်သွားခဲ့သည်။

ကျန်းချန်က အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ကူရွှယ်သောင်းကို သူ၏ ကျောဘက်တွင် ထား၍ ကာကွယ်ပေးထားလိုက်၏။

သူက နတ်ဘုရင်အဆင့်၏ ပြင်းထန်သော အရှိန်အဝါအောက်တွင် မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။

သူက နတ်ဘုရင်ကူစန်းကို စူးရှစွာ စိုက်ကြည့်၍ အေးစက်စက်ပြောလိုက်သည်။

“ဘာလဲ အနာပေါ်တုတ်ကျသွားလို့ ဒေါသထွက်နေတာလား.. ခင်ဗျားကို ကျုပ်စွပ်စွဲတာ ဟုတ်မဟုတ် သိချင်ရင် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အသုံးပြုလိုက်ရုံနဲ့တင် အလွယ်တကူ သိနိုင်တာပဲ မဟုတ်လား”

ထိုစကားကိုကြားလျှင် နတ်ဘုရင်ကူစန်း၏ မျက်ဝန်းထဲတွင် အေးစက်သော လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။

“ဒီနတ်ဘုရင် ဘာလုပ်ရမလဲဆိုတာကို မင်းညွှန်ပြနေစရာ မလိုဘူး”

နတ်ဘုရင်ကူစန်း၏ စကားကြောင့် ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။

“ဒီလိုဆိုမှတော့ ကျုပ်ဆရာရဲ့ အပြစ်မရှိကြောင်းကို သက်သေပြဖို့အတွက် ကျုပ်ကိုယ်တိုင် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို ရယူရတော့မှာပဲ”

“ခွေးကောင်လေး.. သွားသေလိုက်တော့”

နတ်ဘုရင်ကူစန်းက အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ပုံရိပ်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ရိပ်ခနဲ ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး၏ စွမ်းအားများသည် ပေတစ်ထောင်ခန့် ရှိသော ဧရာမရေခဲလက်ဖဝါး အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ထိုဧရာမ ရေခဲလက်ဖဝါး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အလွန်အေးမြသော အရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့၏။

ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများ ပင်လျှင် ထိုဧရာမ ရေခဲလက်ဖဝါး၏ စွမ်းအားရှေ့တွင် အေးခဲသွားမည့် ခံစားချက်မျိုးကို ရရှိခဲ့သည်။

နတ်ဘုရင်အဆင့်သည် ကမ္ဘာကြီး၏ စွမ်းအားများကို ထိန်းချုပ်နိုင်ပြီး မဟာလမ်းစဥ် စွမ်းအားများကို စုစည်းနိုင်သည်။

နတ်ဘုရင်ကူစန်းသည် ရေခဲလမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင်တစ်ပါး ဖြစ်၍ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ရေခဲလမ်းစဥ်၏ စွမ်းအားများကို အသုံးပြုနိုင်စွမ်း ရှိသည်။

နယ်မြေနတ်ဘုရား စွမ်းအားနှင့် နှိုင်းယှဥ်လျှင် ကမ္ဘာကြီး၏ စွမ်းအားများ ပါဝင်သော မဟာလမ်းစဥ် စွမ်းအားသည် ပို၍ သန်မာပြီး ထိုစွမ်းအားနှစ်မျိုးသည် ကောင်းကင် နှင့် မြေကြီးကဲ့သို့ပင် ကွာခြားလှသည်။

ထို့ကြောင့်လည်း နယ်မြေနတ်ဘုရားများက နတ်ဘုရင်အဆင့် ကျင့်ကြံသူကို မယှဥ်နိုင်ခြင်း ဆိုလည်းမမှားပေ။

"ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း”

နတ်ဘုရင်ကူစန်း၏ ပြင်းထန်သော တိုက်ကွက်ကိုကြည့်ရင်း ကျန်းချန်ထံတွင် တိုက်ခိုက်လိုစိတ်များ မြင့်တက်လာခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

လေထုထဲတွင် တောက်ပသော ခုနစ်စဥ်ကြယ် ပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ကြယ်စွမ်းအင်များသည် ဧရာမ ကြယ်တာရာဓားကြီး အဖြစ်သို့ ချက်ချင်းဆိုသလို စုစည်းသွားခဲ့ကာ ဧရာမ ရေခဲလက်ဖဝါးကို ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..”

နတ်ဘုရင်၏ စွမ်းအားသည် ကမ္ဘာကြီး၏ စွမ်းအားများ ကိန်းအောင်းနေ၍ နယ်မြေနတ်ဘုရား စွမ်းအားထက် ပိုမိုမြင့်မားသည်။

သို့သော်လည်း ကျန်းချန်၏ ဓားချက်သည် နတ်ဘုရင်ကူစန်း စုစည်းထားသည့် ဧရာမ ရေခဲလက်ဖဝါးကြီးကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်၏။

“ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ”

သူ၏ တိုက်ကွက်ကို ကျန်းချန်က အလွယ်တကူ ခုခံနိုင်မှန်း မြင်လိုက်ရလျှင် နတ်ဘုရင်ကူစန်း၏ အမူအရာသည် ချက်ချင်းဆိုသလို လေးနက်သွားခဲ့သည်။

အဆင့်နိမ့် နယ်မြေနတ်ဘုရားသည် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ထက် မနိမ့်ကျသော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။

ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်မျိုးကို နှစ်ပေါင်းသန်းတစ်ရာနီးပါး အသက်ရှင်နေထိုင်ခဲ့သည့် နတ်ဘုရင်ကူစန်းသည် တစ်ခါမှပင် မကြားဖူးခဲ့ပေ။

“ဟားဟား.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ စွမ်းရည်က ဒီလောက်ပဲလား”

ဓားချက် တစ်ချက်တည်းဖြင့် နတ်ဘုရင်ကူစန်း၏ တိုက်ကွက်ကို ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် မထီမဲ့မြင် ရယ်မောလိုက်ပြီး နောက်သို့မဆုတ်ဘဲ ရှေ့သို့ ဆက်လက်တိုးဝင်သွားခဲ့သည်။

ထို့နောက်တွင် လေထုထဲ၌ နတ်နဂါးမြို့တော် ပန်းချီကားလိပ် ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရင် ကူစန်းကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။

“ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ပါလား”

နတ်ဘုရင်ကူစန်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကမ္ဘာကြီး၏ စွမ်းအားများသည် ဧရာမရေခဲဓား အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ နတ်နဂါးမြို့တော် ပန်းချီကားလိပ်ကို ခုတ်ပိုင်းချလိုက်သည်။

နတ်ဘုရင်ကူစန်း၏ ဓားချက်ကြောင့် လေထုထဲရှိ နေရာလွတ်သည် ထက်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး ရေတွက်၍ မရနိုင်သော နေရာလွတ် မုန်တိုင်းများသည် ကမ္ဘာပျက်တော့မည့် အလား နေရာလွတ်ထဲကနေ ထွက်ပေါ်လာခဲ့၏။

“ဝုန်း..”

နတ်နဂါးမြို့တော် ပန်းချီကားလိပ်နှင့် ဧရာမရေခဲဓားတို့ ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီးနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် ပတ်ဝန်းကျင်ကိုလွှမ်းမိုးသွားခဲ့ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အခမ်းအနား ကျင်းပသည့် နေရာကိုပင် တိုက်ရိုက် ပျက်စီးသွားစေခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်လိုစိတ်များက ပို၍ပင် ထက်သန်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်သည် သူ၏ ဦးခေါင်းအထက်တွင် စုစည်းလာခဲ့သည်။

အခန်း(၂၀၉၄)ပြီး၏။

All Chapters