← Chapters

အခန်း (၂၀၉၅)

Vol. 150 Ch. 2095

အခန်း (၂၀၉၅)

Vol. 150 Ch. 2095

အခန်း(၂၀၉၅)

“ရေခဲလက်ညှိုးသိုင်းကွက်”

နတ်ဘုရင်ကူစန်းက အေးစက်စက်ကြုံးဝါးလိုက်ပြီး နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ်စွမ်းအားကို စတင် ထုတ်ဖော်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဧရာမရေခဲလက်ညှိုးကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ရာ ကောင်းသော ရေခဲလမ်းစဥ်စွမ်းအားများသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ ရေခဲလမ်းစဥ် နတ်စွမ်းအားများ တိုးထွက်လာခဲ့ပြီး ကြည်လင်တောက်ပသော ဧရာမလက်ညှိုးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ် ဖြစ်သည့် နတ်ဘုရားမြို့တော် ပန်းချီကားလိပ်ကို ပိတ်ဆို့ထားခဲ့သည်။

လေထုထဲရှိ မိုင်ပေါင်းထောင်ချီ နေရာလွတ်သည် ထို ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကြောင့် အေးခဲသွားတော့မည့် အလားပင် ဖြစ်နေခဲ့၏။

“ကောင်းကင်ဖျက်ဆီး သူတော်စင်နဂါးတိုက်ကွက်”

သူ၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို နတ်ဘုရင်ကူစန်းက လက်ညှိုးတစ်ချောင်းတည်းဖြင့် ပိတ်ဆို့ထားသည်ကို မြင်လျှင် ကျန်းချန်သည် သူ၏ ဦးခေါင်းအထက်တွင် တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထပ်မံ စုစည်းလိုက်သည်။

တတိယမြောက် သိုင်းစွမ်းအားပုံရိပ် ဖြစ်သည့် ပန်းချီကားလိပ်ထဲတွင်မူ နတ်နဂါးမြို့တော် အထက်ကောင်းကင်ယံရှိ မိုင်ပေါင်းထောင်ချီ ရှည်လျားသော ရှေးဟောင်း သူတော်စင်နဂါး တစ်ကောင်သည် ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် အရှိန်အဝါများကို ထုတ်လွှတ်ရင်း ဟိန်းဟောက်နေခဲ့သည်။

ထိုသူတော်စင်နဂါး ဟိန်းဟောက်နေသည့် နေရာတိုင်းတွင် ကောင်းကင်နှင့်မြေကြီးက ကွဲအက်သွားခဲ့ပြီး နေရာလွတ် အားလုံးသည် ဘာမှမကျန်ရှိတော့သည် အထိ ပျက်စီးသွားခဲ့သည်။

ဤပန်းချီကားလိပ်သည် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ တတိယမြောက်သိုင်းစွမ်းအားပုံရိပ် ဖြစ်သော ကောင်းကင်ဖျက်ဆီး သူတော်စင်နဂါး တိုက်ကွက် ဖြစ်သည်။

တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်ရန်အတွက် ယေဘုယျအားဖြင့် နတ်ဘုရင်အဆင့်သို့ ရောက်ရှိရန် လိုအပ်၏။

သို့သော်လည်း ကျန်းချန်သည် ယခုအခါတွင် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားခဲ့ပြီး ကြယ်လေးပွင့်အရှင်သခင်တစ်ဦး ဖြစ်လာသောကြောင့် နတ်ဘုရင်အဆင့်နှင့် နှိုင်းယှဥ်နိုင်ပြီ ဖြစ်၍ တတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်နိုင်ခဲ့ခြင်းပင်။

ဒုတိယနှင့် တတိယမြောက် သိုင်းစွမ်းအားပုံရိပ် နှစ်မျိုးနှင့် ရင်ဆိုင်ရသောအခါတွင် နတ်ဘုရင်ကူစန်း၏ ရေခဲလက်ညှိုးသည် အဆုံးသတ်တွင် မခုခံနိုင်တော့ပေ။

ကောင်းကင်ထောက်တိုင် တစ်ခုကဲ့သို့ ကြည်လင်တောက်ပနေသော ဧရာမ လက်ညှိုးကြီးသည် အထက်ကနေ အောက်သို့ အဆက်မပြတ် အက်ကွဲလာခဲ့သည်။

အဆုံးသတ်တွင် ဧရာမလက်ညှိုးကြီးသည် နေရာလွတ်ကို ဆုတ်ဖြဲရန် လုံလောက်သော ရေခဲ အကျိုးအပဲ့များ အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို ဘာမှမကျန်ရှိတော့သည် အထိ ပျက်စီးသွားစေခဲ့သည်။

နတ်ဘုရင်ကူစန်း၏ ပုံရိပ်သည်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ပေတစ်ထောင်ခန့် အထိ လွင့်စင်သွားခဲ့ကာ လေထုထဲတွင် အနက်‌ရောင် တွင်းနက်ကြီးကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် နတ်ဘုရင် ကူစန်း၏ မျက်နှာထက်တွင် အလွန်အမင်း ‌ဒေါသရိပ်များ ပြည့်နှက်နေခဲ့သည်။

ဂုဏ်ကျက်သရေနှင့် ပြည့်စုံ၍ ခန့်ညားထည်ဝါသော နတ်ဘုရင်တစ်ပါးသည် ယခုအခါတွင် အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်သာ ရှိသော ကောင်လေးတစ်ယောက်၏ အသာစီးယူခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလော။

လေထုထဲမှမြင်ကွင်းကိုကြည့်ရင်း ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက ဆွံ့အသွားခဲ့ကြပြီး စကားတစ်လုံးမှ မပြောနိုင်တော့ပေ။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ခုလုံးသည် ထိုအခိုက်အတန့်တွင် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။

ဤသည်မှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

ကြယ်သုံးပွင့် ကောင်းကင်အရှင်များ ပင်လျှင် နတ်ဘုရင်အဆင့်နှင့် ရင်ဆိုင်ရလျှင် အသာစီး တိုက်ခိုက်ရန် ခက်ခဲမည် ဖြစ်၏။

သို့သော်လည်း သူတို့ရှေ့မှ အဆင့်နိမ့်နယ်မြေနတ်ဘုရားအဆင့်သာရှိသည့် ကောင်လေးကမူ နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့သည်။

“ဒါက တကယ်ကို အံ့သြဖို့ ကောင်းလွန်းတာပဲ.. အဆင့်နိမ့် နယ်မြေနတ်ဘုရား တစ်ပါးက နတ်ဘုရင်အဆင့် ကျင့်ကြံသူကို ယှဥ်နိုင်တယ်တဲ့လား.. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ကျီသည် လေထုထဲမှ အခြေအနေကို မှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ တည်ကြည်သော မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ကျန့်ကျီသည် ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရားသားတော်တစ်ပါး ဖြစ်ပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သူ ဖြစ်၍ သူ၏ ပါရမီ အပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှု ရှိခဲ့သည်။

အရှေ့ဘက်ဒေသ တစ်ခုလုံးတွင် သာမက နတ်ကုန်းမြေတိုက်တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် သူ၏ ပါရမီသည် အထွတ်အထိပ်တွင် တည်ရှိသည်ဟု ထင်မှတ်ထားခဲ့သည်။

ထိုသို့ ထင်မှတ်ထားခြင်းမှာ ယနေ့အထိသာ ဖြစ်၏။

ယခုအခါတွင် တောင်တစ်တောင်ထက် တစ်တောင် မြင့်သည်ဟူသော ဆိုလိုရင်းကို သူနားလည်သွားခဲ့ချေပြီ။

နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ စွမ်းအားကို သူ၏ ကြယ်သုံးပွင့် မြေကြီးအရှင် ခွန်အားဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် တစ်ကွက် နှစ်ကွက်လောက်သာ ခုခံနိုင်ပေလိမ့်မည်။

သို့သော်လည်း သူ့ရှေ့မှ ကောင်လေးကမူ အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်ဖြင့်ပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင် ကူစန်းကို နောက်ဆုတ်စေသည်အထိ ဖိအားပေးနိုင်ခဲ့သည်။

ထိုကောင်လေးသည် ကောင်းကင်အရှင် အဆင့်၏ အသန်မာဆုံးအဆင့် ဖြစ်သော ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေလျှင်ပင် ထိုကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည် ရှိရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

ကျန့်ကျီသည် သူ၏ ဓားလမ်းစဥ်ကို အနှိုင်းမဲ့အဆင့် အထိ လျှောက်လှမ်းနိုင်မည်ဟု အမြဲတစေ ယုံကြည်ထားခဲ့သည်။

ဤအခိုက်အတန့်တွင်မူ ကျန့်ကျီ၏ စိတ်နှလုံးထဲတွင် အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

“မင်းရဲ့ပါရမီနဲ့ဆိုရင် ဓားလမ်းစဥ်ရဲ့အနှိုင်းမဲ့အဆင့်ကို သေချာပေါက် ရောက်ရှိနိုင်မှာပါ.. ဒါပေမဲ့ ဒီကောင်ကတော့ ဘယ်သူနဲ့မှ မတူတဲ့ ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပဲ”

ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။

“ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သူက အဲဒီနေရာကို သွားခဲ့ပုံရတယ်.. သူက အဲဒီနေရာမှာ ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အဆုံးစွန် ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ကြယ်သုံးပွင့် အရှင် အဆင့်ထက် သာလွန်တဲ့ အဆင့်ကို ရောက်ရှိသွားပုံပဲ”

ထိုစကားကိုကြားလျှင် ကျန့်ကျီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဟောင်ထျန်းဓားဂိုဏ်းသည် အရှေ့ဘက်ဒေသတွင် ရှေးအကျဆုံးသော ဂိုဏ်းများထဲမှ တစ်ဂိုဏ်း ဖြစ်၍ နတ်ကုန်းမြေတိုက်၏ လျှို့ဝှက်ချက် အချို့ကို အတိုင်းအတာ တစ်ခု အထိ နားလည်ထားခဲ့သည်။

ကောင်းကင်နတ်ဘုရား အဆင့်တွင် လမ်းစဥ် ၉မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်သည် အကန့်အသတ် ဖြစ်သည်။

ထိုအဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်လျှင် ကြယ်သုံးပွင့် အရှင်သခင် ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း အရာအားလုံးသည် အကြွင်းမဲ့ မဟုတ်ပေ။

ဒဏ္ဍာရီများအရ နတ်ဘုရားနယ်မြေတွင် ရှေးကျပြီး ဆန်းကြယ်သော နေရာတစ်ခု ရှိသည်ဟု ဆိုကြသည်။

ထိုနေရာရှိ ကောင်းကင် ဥပဒေသများသည် နတ်ဘုရားနယ်မြေကိုပင် ကျော်လွန်နေခဲ့ပြီး ကောင်းကင်နတ်ဘုရား အဆင့်၏ အကန့်အသတ်ကိုပင် ချိုးဖျက်နိုင်မည့် အခွင့်အရေးရှိသည်။

သို့သော်လည်း ထိုနေရာကို အလယ်ပိုင်းနယ်မြေရှိ ထိပ်တန်းအင်အားစုများက ထိန်းချုပ်ထားသည်ဟု ဆိုကြ၏။

သူတို့ ဟောင်ထျန်းဓားဂိုဏ်းသည်ပင် ထိုနေရာနှင့် ထိတွေ့ခွင့်ရရန် အရည်အချင်း မပြည့်မီပေ။

သူတို့ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် ရှေးဟောင်းကျမ်းစားများထဲတွင် ထိုနေရာနှင့် ပတ်သက်သည့် မှတ်တမ်းများရှိသည်။

ထိုမှတ်တမ်းများ အားလုံးသည် မဟာကပ်ဘေး မတိုင်မီက ကိစ္စရပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်၏။

ထို့ကြောင့် ယခုလက်ရှိ နတ်ကုန်းမြေတိုက်ကြီးတွင် ထိုနေရာ ဆက်လက် ရှိနေသေးခြင်း ရှိ၊မရှိ သူတို့ အသေအချာ မသိပေ။

ထိုအရာများကို ကျန့်ကျီသည် ဟောင်ထျန်းဓားဂိုဏ်း၏ ရှေးဟောင်းကျမ်းစာအုပ် ထဲတွင် မှတ်တမ်းတင်ထားသည့် ဒဏ္ဍာရီ သက်သက်သာ ဖြစ်သည်ဟု အမြဲတစေ ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ကောင်းစွာ ယှဥ်ပြိုင်နေသည်ကို မြင်လိုက်ရလျှင် နတ်ကုန်းမြေတိုက်ကြီး၌ ထိုကဲ့သို့ ဆန်းကြယ်သော နေရာတစ်ခု အမှန်တကယ် ရှိနေမှန်း ကျန့်ကျီ ယုံကြည်လာခဲ့သည်။

“ဒီကောင်‌လေးက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ အထွတ်အထိပ် နည်းစနစ် ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ်နဂါးအသွင်‌ပြောင်းနည်းစနစ်ကို ကျင့်ကြံထားတယ်.. ကြည့်ရတာ သူက ‌ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုရဲ့ အနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ်”

“ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ရဲ့ အသန်မာဆုံး အရှင်သခင်တွေ ထဲမှာ အပါအဝင် ဆိုတော့ အဲဒီနေရာနဲ့ ထိတွေ့ခွင့်ရဖို့ အရည်အချင်း ရှိတယ်”

ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။

“ဒီနေ့တော့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနဲ့ နတ်ဘုရင်ကူစန်းတို့ သေချာပေါက် ဒုက္ခရောက်ပြီ.. မင်းအနေနဲ့ နောက်ဆိုရင် ဒီကောင်လေးကို ရန်မစမိအောင် သတိထားပါ.. ဒီကောင်လေးက ကြယ်သုံးပွင့်‌ ကောင်းကင်အရှင် အဆင့်ထက် သာလွန်တဲ့အဆင့်မှာ ရှိနေတယ်.. နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားနဲ့တောင် သူ့ကိုဖိနှိပ်ဖို့ မလွယ်လောက်ဘူး.. ငါတို့ ဟောင်ထျန်းဓားဂိုဏ်းထက် အဆများစွာ ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အင်အားစုကြီးတစ်ခုက သူ့ရဲ့နောက်ကွယ်မှာ ရှိနေတာကို အသာထား.. ဒီကောင်လေးကို တစ်ကြိမ်လောက် ရန်စမိတာနဲ့တင် ဟောင်ထျန်းဓားဂိုဏ်း အတွက် မဆုံးနိုင်တဲ့ ဘေးအန္တရာယ်တွေကို သေချာပေါက် သယ်‌ဆောင်လာလိမ့်မယ်”

“ကျန်းချန် ငါမင်းကို လျှော့တွက်မိခဲ့တယ်.. မင်းဆီမှာ ဒီလိုမျိုး ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

နတ်ဘုရင်ကူစန်းက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

“မင်းတို့ ဆရာတပည့်နှစ်ယောက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ အခုအချိန် ထွက်သွားမယ်ဆိုရင် ငါမင်းတို့ကို အခက်တွေ့အောင် မလုပ်တော့ဘူး”

သူ၏ သက်တမ်းက ကုန်ဆုံးတော့မည် ဖြစ်၍ သူ၏ အသက်စွမ်းအားနှင့် သွေးစွမ်းအားများသည် ဆုတ်ယုတ်နေခဲ့ကာ အထွတ်အထိပ် ကာလကလို အခြေအနေတွင် မရှိတော့ပေ။

ကျန်းချန်က သူ၏ နတ်ဘုရင်စွမ်းအားကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု သူ မထင်သော်လည်း သူသာ ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ခွန်အား အလုံးအရင်းကို အသုံးပြု၍ တိုက်ခိုက်ရပေလိမ့်မည်။

ထို့အပြင် သူ ယခုရင်ဆိုင်နေရသော ပြိုင်ဘက်သည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုမှ အနှိုင်းမဲ့ ပါရမီရှင်တစ်ဦး ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်၍ နတ်ဘုရင်ကူစန်းသည် အလျှော့ပေးရန် ရွေးချယ်လိုက်သည်။

သူ၏ လက်ရှိသက်တမ်းက အလွန်ပင် နည်းပါးနေခဲ့ပြီ ဖြစ်ရာ ကျန်းချန်နှင့်သာ သူသေကိုယ်သေ အစွမ်းကုန် တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သေမည့်ရက်က စောစောစီးစီး ရောက်လာဖို့သာ ရှိတော့သည်မဟုတ်ပါလော။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီနေ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ငါလာခဲ့တာက ငါ့ဆရာရဲ့ အပြစ်မရှိကြောင်းကို သက်သေပြဖို့အတွက် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အသုံးပြုဖို့ပဲ.. ဒါ့အပြင် သူဆုံးရှုံးခဲ့သမျှအရာအားလုံးကို ငါသူ့အတွက် ပြန်ယူပေးမယ်”

ထိုစကားကို ကြားလျှင် နတ်ဘုရင်ကူစန်း၏ မျက်ဝန်းများသည် အေးစက်သွားခဲ့သည်။

“ကောင်လေး.. ဒီနတ်ဘုရင်က မင်းကို ထွက်သွားခွင့် ပေးတာက မင်းအတွက် တော်တော်လေး ကောင်းမွန်နေခဲ့ပြီ.. အခွင့်အရေးယူပြီး ကန်းတက်ဖို့ မစဥ်းစားနဲ့”

အခန်း(၂၀၉၅)ပြီး၏။

All Chapters