← Chapters

အခန်း (၂၀၉၇)

Vol. 150 Ch. 2097

အခန်း (၂၀၉၇)

Vol. 150 Ch. 2097

“နတ်ဘုရင်ကူစန်း ရှုံးနိမ့်သွားပြီဟ”

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တောင်အောက်ကနေ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ကြသည့် သောင်းချီသော ကျင့်ကြံသူများသည် ထိတ်လန့် တုန်လှုပ်မှုကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

နတ်ဘုရင်ကူစန်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်ပြီး နှစ်ပေါင်း သန်းတစ်ရာနီးပါးအတွင်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

တစ်နည်းအားဖြင့် နတ်ဘုရင်ကူစန်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ထိန်းချုပ်ထားသော မိုင်ပေါင်းသန်းချီ နယ်မြေအတွင်းရှိ တစ်ဦးတည်းသော နတ်ဘုရင်လည်း ဖြစ်၏။

ထိုကဲ့သို့ ဂုဏ်သရေကြီးမားသော နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့် ကောင်လေးတစ်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

အဆင့်နိမ့် နယ်မြေနတ်ဘုရားတစ်ပါးက နတ်ဘုရင်အဆင့်ကို အနိုင်ယူလိုက်သည်မှာ နတ်ကုန်းမြေတိုက်တွင် တစ်ခါမှ မကြားဖူးသော ကိစ္စ ဖြစ်သည်။

“ဒီကောင်လေးက ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တဲ့ ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တယ်.. ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က နတ်ဘုရင်ကို အနိုင်ယူနိုင်တဲ့အထိ အတော်လေးကြောက်ဖို့ကောင်းတာပဲ”

ကူရွှယ်သောင်းသည် လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသောကျန်းချန်ကို ကြည့်ကာ ခါးသီးစွာ ပြုံး၍ ခေါင်းခါရမ်းလိုက်သည်။

မဟာမြေရိုင်းနယ်မြေတွင် ကျန်းချန်နှင့် စတင် တွေ့ဆုံစဥ်က ကျန်းချန်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။

ကူရွှယ်သောင်းသည် ကျန်းချန်တွင် ထူးကဲသော ပါရမီရှိပြီး နတ်ကုန်းမြေတိုက်ကြီးမှာပင် ထိပ်တန်းအဆင့် ပါရမီရှင် ဖြစ်နိုင်မှန်း သိသော်လည်း ဤမျှ တိုတောင်းသော အချိန်အတွင်း နတ်ဘုရင် အဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်သော အဆင့်အထိ တိုးတက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

“အစ်ကိုကူရဲ့ တပည့်ကတော့ တကယ်ကို သာမန်အတွေးနဲ့ ဖော်ပြလို့မရတဲ့ ပါရမီရှင်ပဲ”

လီကျန့်သည်လည်း မှင်တက်နေရာကနေ အချိန်အတော်ကြာမှ ပြန်လည် သတိဝင်လာခဲ့သည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ရှိစဥ်က ကျန်းချန်သည် ကောင်းကင်နတ်ဘုရားအဆင့်တွင်သာ ရှိသေးသော်လည်း ကြယ်တစ်ပွင့် ကောင်းကင်အရှင် ဖြစ်သည့် လဲ့ကျောင်းကို အလွယ်တကူပင် အနိုင်ယူခဲ့သည်။

ထို့ကြောင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားပြီးနောက်တွင် ကျန်းချန်၏ ခွန်အားသည် သေချာပေါက် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု လီကျန့်က ခန့်မှန်းထားခဲ့ပြီး ကြယ်သုံးပွင့်ကောင်းကင်အရှင်နှင့်ပင် ယှဥ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ကျန်းချန်၏ စွမ်းအား အစစ်အမှန်ကို မြင်လိုက်ရသောအခါတွင် လီကျန့်သည် ကျန်းချန်ကို လျှော့တွက်မိနေဆဲ ဖြစ်ကြောင်း သိရှိခဲ့သည်။

“အထွတ်အထိပ် အကြီးအကဲ ရှုံးနိမ့်သွားပြီလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

တခြားတစ်ဖက်တွင်လည်း ကူထျန်းလင်းသည် အကြီးအကျယ် ထိတ်လန့်နေခဲ့ပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ မရေမတွက်နိုင်သော ဂိုဏ်းဝင်များသည်လည်း မိခင် သေဆုံးသွားသော သမီးပျိုများကဲ့သို့ မျက်စိမျက်နှာပျက်နေခဲ့ကြသည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် မိုင်ပေါင်းသန်းချီ နယ်မြေအတွင်းရှိ နတ်ဘုရင်အဆင့် အင်အားစု ဖြစ်လာနိုင်ခြင်းမှာ အဓိကအားဖြင့် နတ်ဘုရင်ကူစန်း ရှိနေသောကြောင့်ပင်။

အကယ်၍ နတ်ဘုရင်ကူစန်းသာ မရှိတော့လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွက် သေချာပေါက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

“အဟွတ်.. အဟွတ်”

လူတိုင်းက အံ့သြထိတ်လန့်နေသော အချိန်မှာပင် လေထုထဲတွင် ချောင်းဆိုးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ပုံရိပ်တစ်ခုသည် နေရာလွတ် တွင်းနက်ထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို အားလုံးက မြင်တွေ့လိုက်ရသည်။

ထိုပုံရိပ်သည် ကျန်းချန်၏ ဓားချက်ကြောင့် နတ်ဘုရင်လမ်းစဥ် ပျက်စီးသွားပြီးနောက်တွင် အနက်ရောင် တွင်းနက်ထဲကို ကျဆင်းသွားသည့် နတ်ဘုရင်ကူစန်းပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် နတ်ဘုရင် ကူစန်းသည် ယခင်က ကဲ့သို့ နတ်ဘုရင်တစ်ပါး၏ ဟိတ်ဟန်မျိုး ရှိမနေတော့ပေ။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မျက်စိဖြင့် မြင်နိုင်သောဓားဒဏ်ရာများသည် ပြည့်နှက်နေခဲ့သည်။

သူ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံသည်လည်း သွေးများဖြင့် နီရဲနေခဲ့ပြီး သူ၏ မျက်နှာက အလွန်တရာပင် ဖြူဖျော့ကာ အရှိန်အဝါသည်ပင် အတော်လေး အားနည်းနေချေပြီ။

“ဒီကမ္ဘာကြီးမှာ မင်းလိုပါရမီရှင်မျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ထက်တောင် ကျော်လွန်နေတာပဲ”

ကျန်းချန်ကိုကြည့်ကာ နတ်ဘုရင်ကူစန်း၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နတ်ဘုရင်အဆင့်၏ သက်တမ်းသည် အလွန်တရာ ရှည်လျားသော်လည်း ကောင်းကင်နိယာမကို မကျော်လွန်နိုင်၍ ထာဝရအသက်ကို မရရှိနိုင်ပေ။

ထို့ကြောင့် နတ်ဘုရင်ကူစန်းသည် နှစ်ပေါင်း သန်း တစ်ရာနီးပါး နေထိုင်ခဲ့ပြီးနောက်တွင် သေဆုံးရမည့်ရက် နီးကပ်လာခဲ့သည်။

သူက အသက်ရှင်သန်ခွင့်ရရန် အတွက် ကူထျန်းလင်းကို ရွေးချယ်ခဲ့ကာ ကူရွှယ်သောင်းကို စွန့်လွှတ်ခဲ့သည်။

သို့သော် နှစ်ပေါင်းသောင်းချီ ကြာပြီးသည့်နောက်တွင် ကူရွှယ်သောင်းသည် ကောင်းကင်ကိုပင် အလွန်အမင်း ဆန့်ကျင်နေသော တပည့်တစ်ယောက်နှင့် အတူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့ကာ သူ့ကို အနိုင်ယူပြီး သူ၏ သက်တမ်းကို အဆုံးသတ်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကောင်းကင်နိယာမအရ ကံကြမ္မာရဟတ်သည် တစ်ပတ်လည်ခဲ့ချေပြီ။

သူ၏ တစ်ချိန်က လုပ်ရပ်ကို ကောင်းကင်သည် မည်ကဲ့သို့ ခွင့်လွှတ်ပေးနိုင်ပါမည်နည်း။

နတ်ကုန်းမြေတိုက်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် ကံကြမ္မာ၏ အချုပ်အနှောင်မှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။

“ကျန်းချန်.. မင်း.. မင်း အထွတ်အထိပ် အကြီးအကဲကို သတ်လို့ မဖြစ်ဘူး.. မင်းမစိုးရိမ်ပါနဲ့.. ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက မင်းဆရာအတွက် ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု ပေးမယ်လို့ ကတိပေးပါတယ်.. ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ”

ဂိုဏ်းချုပ်ကူယွမ်သည် သတိပြန်ဝင်လာပြီးနောက်တွင် နတ်ဘုရင်ကူစန်း၏ ရှေ့တွင် လျင်မြန်စွာ ပေါ်လာခဲ့ပြီး ကျန်းချန်ကို တောင်းပန်လိုက်သည်။

မိုင်ပေါင်းသန်းချီသော နယ်မြေကို စိုးမိုးထားသည့် နတ်ဘုရင်အဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်း အနေဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ဤနှစ်ပေါင်းများစွာ အတွင်း အထက်စီးမှ နေထိုင်ခဲ့ပြီး အင်အားစု များစွာကို စော်ကားထားခဲ့သည်။

တကယ်တမ်းတွင် ၎င်းတို့ထဲ၌ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနှင့်ပင် ယှဥ်နိုင်သည့် ထိပ်တန်းအဆင့် နယ်မြေနတ်ဘုရားအင်အားစု အချို့ ရှိသည်။

သို့သော်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နတ်ဘုရင်ကူစန်း ရှိနေ၍ ထိုအင်အားစုများသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အလျှော့ပေးခဲ့ရ၏။

အကယ်၍သာ နတ်ဘုရင်ကူစန်း ကျဆုံးသွားခဲ့လျှင် ထိုအင်အားစုများသည် သေချာပေါက် လှုပ်ရှားလာကြလိမ့်မည် ဖြစ်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကိုပင် တိုက်ခိုက်လာနိုင်ခြေ ရှိသည်။

ထိုအချိန်သို့ ရောက်လျှင် လက်ရှိ နေရာကို ထိန်းသိမ်းထားဖို့ မပြောနှင့်၊ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အနေဖြင့် ဤနယ်မြေတွင် ဆက်လက် အသက်ရှင်ရန်ပင် လွယ်ကူသော ကိစ္စ မဖြစ်နိုင်တော့ပေ။

အကယ်၍ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသာ ဆုတ်ယုတ်သွားခဲ့လျှင် ဂိုဏ်းချုပ် ဖြစ်သည့်သူသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အပြစ်သား တစ်ယောက် ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

အပြစ်သားတစ်ယောက် ဖြစ်လာခဲ့လျှင် သူ့အနေဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဘိုးဘေးများကို တမလွန်တွင် မည်ကဲ့သို့ မျက်နှာချင်းဆိုင်ရပါမည်နည်း။

“ကျန်းချန်.. ဒီကိစ္စက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနဲ့ ငါနဲ့ ကြားက ကိစ္စဆိုတော့ ငါ့ကို ကိုင်တွယ်ဖြေရှင်းခွင့်ပေးနိုင်မလား”

ထိုအခိုက်အတန့်တွင် ကူရွှယ်သောင်းသည် ကျန်းချန်၏ နံဘေးသို့ ပျံသန်း၍ ရောက်ရှိလာခဲ့သည်။

“ကူရွှယ်သောင်း.. မင်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ရှိစဥ်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက မင်းကို အမြဲတစေ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်.. မင်းလည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဒီလို ဆုတ်ယုတ်သွားတာမျိုး မမြင်ချင်ဘူး မဟုတ်လား.. အဲဒီကိစ္စကို ငါအသေအချာ မကိုင်တွယ်မိခဲ့တာတော့ အမှန်ပဲ.. မင်းသာ အထွတ်အထိပ်အကြီးအကဲကို လွှတ်ပေးမယ်ဆိုရင် ကိစ္စတွေအားလုံး ပြီးသွားတဲ့အခါ ငါ့ရဲ့ သေခြင်းတရားနဲ့ တောင်းပန်ဖို့ ဆန္ဒရှိပါတယ်”

ဂိုဏ်းချုပ်ကူယွမ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကူရွှယ်သောင်းကို ကြည့်ကာ ပြောဆိုလိုက်သည်။

ကူရွှယ်သောင်းက ဂိုဏ်းချုပ်ကူယွမ်ကို လျစ်လျူရှုလိုက်ပြီး နတ်ဘုရင် ကူစန်းကို စူးစိုက်၍ ကြည့်လိုက်သည်။

“အထွတ်အထိပ် အကြီးအကဲ.. အရင်တုန်းက ကူထျန်းလင်း တိတ်တဆိတ် ကြံစည်ခဲ့သမျှ အရာအားလုံးကို အကြီးအကဲ ကြိုသိထားတယ် မဟုတ်လား”

“ဟုတ်တယ် ငါအားလုံးသိထားတယ်”

နတ်ဘုရင်ကူစန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“လူဆိုတာ အချိန်ကြာကြာ အသက်ရှင်နေရလေလေ မသေချင်တော့လေလေပဲ.. ငါက အသက်ရှင်ချင်စိတ်ကို မတွန်းလှန်နိုင်ခဲ့ဘူး.. အခုတော့လည်း ဒီလိုအခြေအနေကို ရောက်လာရပြီပေါ့”

နတ်ဘုရင်ကူစန်း၏ နှုတ်မှ ဝန်ခံစကားကို ကြားလျှင် ဂိုဏ်းချုပ်ကူယွမ်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“အထွတ်အထိပ်အကြီးအကဲ.. အကြီးအကဲက တကယ်ပဲ ရွှယ်သောင်းရဲ့ ကိစ္စကို သိထားတယ်လား”

နတ်ဘုရင်ကူစန်းက ဂိုဏ်းချုပ်ကူယွမ်၏ စကားကို ဖြတ်တောက်သည့် အနေဖြင့် လက်ကာပြလိုက်သည်။

ထို့‌နောက် ကူရွှယ်သောင်းကို ကြည့်ကာ ပြောလိုက်၏။

“ဒီနေ့ ငါ့ရဲ့အပြစ်အတွက် သေခြင်းတရားနဲ့ ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်.. အတိတ်က သံယောဇဥ်တွေကို ထောက်ထားပြီး မင်းအနေနဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”

ကူရွှယ်သောင်းက အေးစက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဘယ်လိုအခြေအနေပဲ ရောက်ရောက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းဝင်တစ်ယောက် အဖြစ် တစ်သက်လုံးရှိနေမယ်လို့ အကြီးအကဲမူကို ကျုပ် ကတိပေးထားတယ်”

“ကောင်းပြီ.. ဒါဆိုငါ စိတ်အေးလက်အေး သွားလို့ရပြီ.. ဒီနေ့ ငါ့ကိုယ်ငါ လမ်းစဥ်အဖြစ် ပြောင်းလဲပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းအတွက် ငါ့ရဲ့နောက်ဆုံးခွန်အားကို ပေးဆပ်သွားပါ့မယ်”

ထိုစကားကို ပြောပြီးနောက်တွင် နတ်ဘုရင်ကူစန်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ပျံ့နှံ့နေသော နတ်ဘုရင်လမ်းစဥ် စွမ်းအားများကို မော့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ကျောဘက်တွင် ပေတစ်သောင်းသုံးထောင် မြင့်မားသော နတ်ဘုရင်လမ်းစဥ်သည် တစ်ဖန်ပြန်လည် စုစည်းလာခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် ဂိုဏ်းချုပ်ကူယွမ်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

“အထွတ်အထိပ်အကြီးအကဲ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ အကြီးအကဲမရှိလို့ ဘယ်လိုမှမဖြစ်ဘူး”

“ဟားဟား ကူရွှယ်သောင်းတို့ ဆရာတပည့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ရှိနေရင် လုံလောက်ပါတယ် ကူယွမ်”

စကားသံဆုံးသည်နှင့် နတ်ဘုရင် ကူစန်း၏ ပုံရိပ်သည် သူ၏ကျောဘက်ရှိ နတ်ဘုရင်လမ်းစဥ်နှင့် ပေါင်းစပ်သွားခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နက်ရှိုင်းသောနေရာရှိ တားမြစ်နယ်မြေသို့ တိုးဝင်သွားခဲ့သည်။

အခန်း(၂၀၉၇)ပြီး၏။

All Chapters