အခန်း (၂၀၉၈)
Vol. 150 Ch. 2098
ကူရွှယ်သောင်းသည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
သူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲများအကြားတွင် ကြီးပြင်းလာခဲ့ပြီး ၎င်းတို့၏ လေ့ကျင့်သင်ကြားပေးမှုကို ခံခဲ့ရသူဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပျက်ခဲ့လျှင်ပင် ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အပေါ်တွင် နက်ရှိုင်းသော သံယောဇဥ်ရှိနေဆဲပင်။
နတ်ဘုရင်ကူစန်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွက် မည်မျှ အရေးပါသည်ကို သူသိထားသည်ဖြစ်ရာ နတ်ဘုရင်ကူစန်း ကျဆုံးသွားသည်ကို သဘာဝကျစွာပင် သူ မမြင်ချင်ခဲ့ပေ။
သို့ဖြစ်၍ သူက နတ်ဘုရင်ကူစန်းကို တားဆီးရန် ပြောဆိုတော့မည့် ဆဲဆဲမှာပင် ကျန်းချန်သည် ဝင်ရောက် ပြောဆိုလိုက်သည်။
“ဆရာ...သူ့ရဲ့ သက်တမ်းက အဆုံးသတ်ကို ရောက်နေပါပြီ.. ဒီတိုက်ပွဲက သူ့ကို သေခါနီး အခြေအနေအထိ ဆွဲခေါ်သွားခဲ့ပြီ.. သူ့ကိုယ်သူ လမ်းစဥ်အဖြစ် ပြောင်းလဲပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွက် အမွေအနှစ်တစ်ခု ချန်ထားပေးခဲ့တာက သူ့အတွက် အကောင်းဆုံး နိဂုံးပါပဲ”
ကျန်းချန်၏ စကားကိုကြားလျှင် ကူရွှယ်သောင်းသည် သက်ပြင်းသာချလိုက်ပြီး ဘာစကားမှ ထပ်မပြောတော့ပေ။
ကျန်းချန် စကားပြောဆိုနေစဥ်မှာပင် နတ်ဘုရင်ကူစန်းသည် သူ၏ နတ်ဘုရင်လမ်းစဥ်နှင့်အတူ ရောင်စုံအလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေ ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထို့နောက်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေရှိ မူလက အလင်းတန်းလေးခု နံဘေးတွင် ကြည်လင်တောက်ပသော ရောင်စုံအလင်းတန်း တစ်ခု ထပ်မံ ပေါ်ပေါက်လာသည်ကို အားလုံးက မြင်လိုက်ရသည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေတွင် လွင့်မျောနေသော မဟာလမ်းစဥ်ကို ကိုယ်စားပြုသည့် အလင်းတန်း ငါးခုသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်များ ချန်ရစ်ခဲ့သည့် အမွေအနှစ်များ ဖြစ်ကြသည်။
နတ်ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းအင်အားစု အများအပြားမှ ကျင့်ကြံသူများ အနေဖြင့် နတ်ဘုရင်အဆင့်ကို မထိုးဖောက်နိုင်ရသည့် အဓိက အကြောင်းအရင်းမှာ ၎င်းတို့ထံတွင် နတ်ဘုရင်အဆင့်၏ အမွေအနှစ် မရှိသောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ချန်ရစ်ခဲ့သည့် မဟာလမ်းစဥ်အလင်းတန်းများ ရှိသည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တပည့်များသည် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်သို့ ရောက်၍ မဟာလမ်းစဥ် အလင်းတန်းများကို အသုံးပြုမည်ဆိုလျှင် သံသယဖြစ်ဖွယ်ရာမရှိ အားစိုက်ထုတ်မှု တစ်ဝက်ဖြင့်ပင် ရလဒ်ကို နှစ်ဆ ရရှိမည် ဖြစ်၏။
တားမြစ်နယ်မြေရှိ လေထုထဲတွင် တည်တံ့နေသော အလင်းတန်းကို ကြည့်ရင်း လူတိုင်းသည် အချိန်အတော်ကြာ မှင်တက်သွားခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်ကူစန်းသည် လုံးဝ ကျဆုံးသွားပြီ ဖြစ်မှန်း အားလုံးက နားလည်သွားကြသည်။
“ချီးပဲ.. နတ်ဘုရင်အဆင့်ရဲ့ မဟာလမ်းစဥ်စွမ်းအားနဲ့တောင် ဒီကောင်လေးကို မကိုင်တွယ်နိုင်ပါလား”
နတ်ဘုရင်ကူစန်း သူ့ကိုယ်သူ လမ်းစဥ်အဖြစ်သို့ ပြောင်းလဲကာ သေပွဲဝင်သွားသည်ကိုမြင်လျှင် ကူထျန်းလင်း၏ မျက်နှာထက်တွင် စိတ်ပျက်သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီခန့်က သူသည် ကူရွှယ်သောင်းကို စေ့စေ့စပ်စပ် ကြံစည်ခဲ့ပြီး ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနှင့် တိတ်တဆိတ် ပူးပေါင်းရန်ပင် ဝန်မလေးခဲ့ပေ။
သူ၏ အစီအစဥ်က ပြီးပြည့်စုံသော်လည်း ကံမကောင်းစွာဖြင့် ကူရွှယ်သောင်းသည် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ကူရွှယ်သောင်း အနေဖြင့် သူ၏ လက်ထဲမှ လွတ်မြောက်သွားခဲ့လျှင်ပင် သူ့ကို မည်သည့်ခြိမ်းခြောက်မှုမှ ပေးနိုင်တော့မည်မဟုတ်ဟု မူလက သူထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားတွင် ကူရွှယ်သောင်းသည် ကောင်းကင်ကိုပင် အလွန်အမင်း ဆန့်ကျင်နေသော တပည့်တစ်ယောက်ကို ခေါ်လာပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ရုတ်တရက် ပြန်လည် ရောက်ရှိလာမည်ဟု သူ လုံးဝ မတွေးမိခဲ့ပေ။
သူ တိတ်တဆိတ် ပူးပေါင်းထားသော ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် မိုယဲ့ ဖြစ်စေ၊ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ နတ်ဘုရင်ကူစန်း ဖြစ်စေ အားလုံးသည် ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူပင် ရှုံးနိမ့်သွားခဲ့ရသည်။
“ငါ ထွက်ပြေးမှဖြစ်မယ်”
ကူထျန်းလင်းက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပင် ခုန်တက်သွားခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။
နတ်ဘုရင်ကူစန်းက သူ့ကိုယ်သူ လမ်းစဥ်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ကူရွှယ်သောင်းတို့ ဆရာတပည့်နှစ်ယောက်၏ ကမ္ဘာကြီးဖြစ်သွားပြီဖြစ်ကြောင်း သူကောင်းစွာ သိခဲ့သည်။
အကယ်၍ သူသာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ဆက်လက် ရှိနေမည်ဆိုလျှင် သူ၏ အဆုံးသတ်သည် အလွန်ပင် ရင်နာစရာ ကောင်းနေလိမ့်မည် မဟုတ်ပါလော။
“ငါက မင်းကို ထွက်သွားခွင့် ပေးလိုက်လို့လား”
ကျန်းချန်က ထိတ်လန့်တကြား ထွက်ပြေးနေသော ကူထျန်းလင်းကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ထိုအခါ သူ၏ လက်မှ ဓားအလင်းသည် လေထုကို ဖြတ်သန်းသွားခဲ့ပြီး ကူထျန်းလင်း၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။
ကူထျန်းလင်း၏ ပုံရိပ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုထဲကနေ ထိတ်လန့်တကြား ပြုတ်ကျလာခဲ့၏။
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကူထျန်းလင်း၏ ခန္ဓာကိုယ်ကို ကူရွှယ်သောင်း၏ ရှေ့သို့ ပို့ဆောင်ပေးလိုက်သည်။
ထို့နောက် သူက ကူရွှယ်သောင်းကို ပြုံး၍ ပြောလိုက်သည်။
“ဆရာ.. ဒီသစ္စာဖောက်ကို ဆရာပဲ ကိုင်တွယ်လိုက်ပါ”
“ရွှယ်သောင်း.. ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနားက စတင်နေပြီပဲ.. အခမ်းအနားကို အရင်ကျင်းပလိုက်တာ ပိုကောင်းမယ်ထင်တယ်.. အခြေအနေတွေအားလုံး ရှင်းလင်းသွားပြီဆိုတော့ ဂိုဏ်းချုပ်နေရာကို မင်းပဲ ဆက်ခံရလိမ့်မယ်”
ဂိုဏ်းချုပ်ကူယွမ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကူရွှယ်သောင်းကို အလေးအနက် ပြောလိုက်သည်။
ယနေ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ကြီးမားသော ထိခိုက်မှုများ ရရှိခဲ့သည်ဟု ဆိုနိုင်၏။
ထို့ကြောင့်လည်း နတ်ဘုရင်ကူစန်းသည် ကူရွှယ်သောင်းကို ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းအား တာဝန်ယူခိုင်းခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေကာမူ ကူရွှယ်သောင်းသည် နတ်ဘုရင်အဆင့်ကျင့်ကြံသူ မဟုတ်သော်လည်း နတ်ဘုရင်အဆင့်ထက်ပင် ပိုမို သာလွန်သော ပါရမီရှင်တပည့် တစ်ယောက် ရှိနေသည် မဟုတ်ပါလော။
ကူရွှယ်သောင်း ဂိုဏ်းချုပ်ရာထူးကို ဆက်ခံခြင်းဖြင့်သာလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ပတ်ဝန်းကျင်ရှိ အင်အားစုများကို ခြောက်လှန့်နိုင်လိမ့်မည် ဖြစ်သည်။
ဤအချိန်တွင် ကူရွှယ်သောင်းသည် နှုတ်ဆိတ်နေခဲ့သည်။
ထိုနှစ်ကကိစ္စ ဖြစ်ပျက်ပြီးကတည်းကပင် ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အုပ်ချုပ်ရန် စိတ်မဝင်စားတော့ပေ။
သူ ယခု တစ်ခေါက် ပြန်လာခြင်းမှာ ကူထျန်းလင်းနှင့် သူနှင့်ကြားမှ ကိစ္စရပ်များကို ဖြေရှင်းရန် အတွက်သာ ဖြစ်၏။
“ဆရာ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ဆရာပဲ ဆက်ခံသင့်ပါတယ်.. ဒီနတ်ကုန်းမြေတိုက်ကြီးမှာ ကျွန်တော့်အတွက် ဒုက္ခတွေ အများအပြား ရှိနေနိုင်သေးတယ်.. ဆရာက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဦးဆောင်ပြီး အကူအညီပေးမဲ့ အချိန်ကို ကျွန်တော် စောင့်နေမယ်”
ကျန်းချန်က လေးနက်စွာ ပြောလိုက်သည်။
“ကောင်းပြီလေ.. ငါ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံပါ့မယ်”
ကျန်းချန်၏ စကားကို ကြားလျှင် ကူရွှယ်သောင်းသည် ခေါင်းညိတ်လိုက်ပြီး ကူထျန်းလင်းကို ချက်ချင်းဆိုသလို လှည့်ကြည့်လိုက်သည်။
“ဒီသစ္စာဖောက်ကို ဖမ်းထားလိုက်ဦး.. ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနားပြီးမှပဲ သူ့ကို စီရင်မယ်”
ဤသို့ဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားသည် အကြီးအကဲများ၏ စီစဥ်မှုအောက်တွင် ချောမွေ့စွာ စတင်ခဲ့သည်။
မူလက ဂိုဏ်းချုပ်ရာထူး အဖြစ် လျာထားသူမှာ ကူထျန်းလင်း ဖြစ်သော်လည်း ယခုအခါတွင် ကူရွှယ်သောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနားတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း တက်ရောက်လာသူ မည်သူကမျှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အနည်းငယ်မျှပင် အထင်မသေးရဲကြပေ။
ယခုအခါတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် ကျင့်ကြံသူ ကူစန်း ကျဆုံးသွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ချိန်က ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်သည့် ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာခဲ့၏။
ထို့အပြင် ကူရွှယ်သောင်း၏ တပည့် ဖြစ်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အမွေဆက်ခံမည့် နတ်ဘုရားသားတော် ဖြစ်လာသော ထိုကောင်လေးသည် နတ်ဘုရင်အဆင့်ကိုပင် အနိုင်ယူနိုင်သော ပြိုင်ဘက်ကင်း မွန်းစတားတစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။
သက်တမ်းကုန်ခါနီး နတ်ဘုရင်နှင့် နှိုင်းယှဥ်လျှင် နတ်ဘုရင်အဆင့်ကို အနိုင်ယူနိုင်စွမ်းရှိသော ပြိုင်ဘက်ကင်း မွန်းစတား ကျန်းချန်သည် သံသယဖြစ်ဖွယ်ရာမရှိ ပို၍ပင် ခြောက်လှန့်နိုင်စွမ်း ရှိပေသည်။
ဆိုရလျှင် ကျန်းချန် ရှိနေသရွေ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ မိုင်ပေါင်းသန်းချီ နယ်မြေအတွင်းမှ အင်အားစုများသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အဆင့်အတန်းကို စိန်ခေါ်ဝံ့မည် မဟုတ်ပေ။
ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားပြီးဆုံးပြီးနောက်တွင် အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ ထွက်ခွာသွားခဲ့ကြသည်။
ကူရွှယ်သောင်းသည်လည်း ဂိုဏ်းချုပ် တာဝန်များကို စတင်ထမ်းဆောင်ကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ် ဖြေရှင်းခဲ့သည်။
“ရွှယ်သောင်း.. အခု ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို မင်းရဲ့လက်ထဲ အလုံးစုံအပ်လိုက်ပြီ.. အတိတ်က ဖြစ်ရပ်တွေကို မေ့ပြီး အကောင်းဆုံး ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့အနာဂတ်ကို မင်းရဲ့လက်ထဲမှာပဲ ငါအပ်ခဲ့တော့မယ်”
ဂိုဏ်းချုပ်ဟောင်း ကူယွမ်က အရာအားလုံးကို ကူရွှယ်သောင်းထံ အပ်နှံပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
ကူရွှယ်သောင်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။
“မစိုးရိမ်ပါနဲ့.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အခုထက်ပိုပြီး တိုးတက်အောင် ကျွန်တော်ကြိုးစားပါ့မယ်”
“ကောင်းပြီ.. ဒါဆို ငါစိတ်အေးသွားရပြီ”
ဂိုဏ်းချုပ်ဟောင်း ကူယွမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တားမြစ်နယ်မြေထဲရှိ နတ်ဘုရင်လမ်းစဥ်ကို ကိုယ်စားပြုသည့် အလင်းတန်းငါးခုကို ခေါင်းမော့၍ ကြည့်လိုက်ပြီးနောက်တွင် ကူရွှယ်သောင်း၏ ရှေ့မှ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
”အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ် ဂိုဏ်းချုပ်ဟောင်း”
ကူရွှယ်သောင်းက ပျောက်ကွယ်သွားသော ကူယွမ်၏ ကျောပြင်ကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။
ဂိုဏ်းချုပ်ဟောင်း ကူယွမ်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ သက်တော်ရှည် ကောင်းကင်အရှင်တစ်ပါး ဖြစ်သည်။
သူက ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်တွင် နှစ်ပေါင်းသန်းချီ ပိတ်မိနေခဲ့ပြီး ယခုအခါတွင် သက်တမ်း ကုန်ဆုံးခါနီးနေပြီ ဖြစ်၏။
နတ်ဘုရင်လမ်းစဥ်ကို သိမြင်နားလည်နိုင်ပြီး နတ်ဘုရင်အဆင့်ကို တက်လှမ်းခြင်းသည်သာလျှင် ဂိုဏ်းချုပ်ဟောင်း ကူယွမ် အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဆိုလည်း မမှားပေ။
“ဂိုဏ်းချုပ်ကူ”
ဂိုဏ်းချုပ်ဟောင်းကူယွမ် ထွက်ခွာသွားသည်ကို ငေးကြည့်နေစဥ်မှာပင် ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ကျီသည် ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲနှင့်အတူ ကူရွှယ်သောင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ကူရွှယ်သောင်းက ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်၏။
“ကျန့်ကျီ.. ဘာကိစ္စရှိသေးလို့လဲ”
ကျန့်ကျီက ကူရွှယ်သောင်းကို လေးနက်စွာပြောလိုက်သည်။
“ဂိုဏ်းချုပ်ကူ.. အမှန်အတိုင်းပြောရရင် ဒီတစ်ခေါက် ကျွန်တော် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ရောက်လာတာက ဟောင်ထျန်းဓားဂိုဏ်းရဲ့ ကိုယ်စား အခမ်းအနားကို လာတက်ရောက်တဲ့ အပြင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အသိပေးရမဲ့ နောက်ထပ် အရေးကြီးတဲ့ကိစ္စ တစ်ခုလည်း ရှိသေးတယ်”
အခန်း(၂၀၉၈)ပြီး၏။