အခန်း (၂၀၉၉)
Vol. 150 Ch. 2099
“ဘယ်လိုအရေးကြီးတဲ့ကိစ္စလဲ”
ကျန့်ကျီ၏ စကားကိုကြားလျှင် ကူရွှယ်သောင်း၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ချိန်က ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်၍ ကူရွှယ်သောင်းသည် နှစ်သောင်းချီ ပျောက်ကွယ်သွားခဲ့သော်လည်း ဟောင်ထျန်းဓားဂိုဏ်းနှင့်ပတ်သက်၍ သူ၏ နားလည်မှုကိုမူ အဟန့်အတား မဖြစ်စေခဲ့ပေ။
ဆိုရလျှင် ဟောင်ထျန်းဓားဂိုဏ်းသည် အရှေ့ဘက်ဒေသ၏ သမိုင်းအရှည်ကြာဆုံး အင်အားစုကြီးတစ်ခု ဖြစ်သည်။
မဟာကပ်ဘေးကြီး ဖြစ်ပေါ်ပြီးနောက်တွင် ဟောင်ထျန်းဓားဂိုဏ်းသည် အရှေ့ဘက်ဒေသ၏ အကြွင်းမဲ့အရှင်သခင် အဖြစ် အချိန်အတော်ကြာ တည်ရှိခဲ့သည်။
လက်ရှိတွင် ဟောင်ထျန်းဓားဂိုဏ်းသည် ယခင်ကထက် များစွာ ဆုတ်ယုတ်သွားပြီ ဖြစ်၍ မူလအခြေအနေနှင့် နှိုင်းယှဥ်၍ မရတော့သော်လည်း ဆင်ပိန်လျှင် ကျွဲလောက်တော့ ကျန်ပါသေးသည်။
ယနေ့အချိန်မှာပင် ဟောင်ထျန်းဓားဂိုဏ်းသည် အရှေ့ဘက်ဒေသ၏ နံပါတ်(၁)အင်အားစုအဖြစ် ရှိနေဆဲပင်။
ကျန့်ကျီက ခေါင်းညိတ်၍ ရှင်းပြလိုက်သည်။
စင်စစ် ဟောင်ထျန်းဓားဂိုဏ်းသည် ၎င်တို့၏ နတ်ဘုရားသားတော် ဖြစ်သည့် ကျန့်ကျီကို ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ စေလွှတ်ခဲ့ပြီး အရှေ့ဘက်ဒေသတွင် ကြီးမားသော အဖြစ်အပျက် တစ်ခု ဖြစ်လာတော့မည့် အကြောင်း အသိပေးခိုင်းလိုက်ခြင်းပင်။
“အရှေ့ဘက်ဒေသရဲ့ နတ်ဆိုးတားမြစ်နယ်မြေမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်”
“ဘယ်လို”
ထိုစကားကိုကြားလိုက်ရလျှင် ကူရွှယ်သောင်း၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
ကူရွှယ်သောင်း၏ တုံ့ပြန်မှုကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်နှာထက်တွင် စူးစမ်းလိုသော မျက်နှာ အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ဆရာ.. ဒီနတ်ဆိုးတားမြစ်နယ်မြေဆိုတာက ဘယ်လိုနေရာမျိုးလဲ”
“နတ်ဘုရားသားတော်ကျန်း.. ဒီနတ်ဆိုးတားမြစ်နယ်မြေက ထာဝရဟင်းလင်းပြင်ထဲမှာ နေထိုင်တဲ့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနဲ့ ပတ်သက်မှု ရှိတဲ့နေရာပဲ”
ကူရွှယ်သောင်း ရှင်းမပြခင်မှာပင် ကျန့်ကျီသည် ကျန်းချန်ကို ရှင်းပြပေးခဲ့သည်။
မဟာကပ်ဘေးကြီး ကျရောက်လာပြီးနောက်တွင် နတ်ဘုရားနယ်မြေသည် ပျက်စီးသွားခဲ့ပြီး ထာဝရဟင်းလင်းပြင်ပေါ်ပေါက်လာခဲ့သည်။
ထာဝရဟင်းလင်းပြင် ပေါ်ပေါက်လာခြင်းနှင့်အတူ ဟင်းလင်းပြင်သားရဲများနှင့် ဟင်းလင်းပြင်နတ်ဆိုးများသည်လည်း မွေးဖွားလာခဲ့သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို ကျူးကျော်ရန် အမြဲတစေ စိတ်ကူးယဥ်နေခဲ့ပြီး နတ်ကုန်းမြေတိုက်ကိုပင် စစ်ပွဲကြီး ဆင်နွှဲခဲ့ဖူးသည်။
ထိုအချိန်က လူသားဧကရာဇ်နန်းတော်တွင် နတ်ဘုရင်အဆင့်ထက် သာလွန်သည့် ပုဂ္ဂိုလ်တစ်ဦးသာ ပေါ်ထွက်မလာခဲ့လျှင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ သိမ်းပိုက်ခြင်းကို ခံရလောက်ပြီ ဖြစ်၏။
နောက်ပိုင်းတွင် နတ်ကုန်းမြေတိုက်ရှိ အင်အားစုများသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူကာ နတ်ကုန်းမြေတိုက်ကနေ မောင်းထုတ်နိုင်ခဲ့သော်လည်း ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ပေါ်တွင် ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံတစ်ခုကို ချန်ထားနိုင်ခဲ့သည်။
ထို ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံသည် အလွန်တရာ ဆန်းကြယ်လွန်းသောကြောင့် နတ်ကုန်းမြေတိုက်ရှိ အင်အားစုများသည် လုံးဝ ဖျက်ဆီး၍မရခဲ့ပေ။
မတော်တဆဖြစ်ရပ်များ မပေါ်ပေါက်လာစေရန် အတွက် နတ်ကုန်းမြေတိုက်မှ သန်မာသော ကျင့်ကြံသူများသည် ထိုဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံကို စည်းခတ်ကာ ချိတ်ပိတ်ထားခဲ့ပြီး ထိုနေရာကို စောင့်ရှောက်ရန်အတွက် သန်မာသော ကျင့်ကြံသူများကို စေလွှတ်ထားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ နတ်ကုန်းမြေတိုက်မှ လူများသည် ထိုနေရာကို နတ်ဆိုးတားမြစ်နယ်မြေဟု ခေါ်ဆိုလာခဲ့ကြသည်။
“ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွေ ချန်ထားရစ်ခဲ့တဲ့ ဒီဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံက မရိုးရှင်းလောက်ဘူး”
ကူရွှယ်သောင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“ဟောင်ထျန်းဓားဂိုဏ်းက ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံကို စောင့်ကြပ်နေတာ ဆိုတော့ ဘယ်လိုထူးခြားမှုတွေကို ရှာတွေ့ထားလဲ”
“ကျွန်တော်တို့ နှစ်ပေါင်းများစွာ လေ့လာချက်အရတော့ ဒီဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံက ထာဝရဟင်းလင်းပြင်ကနေ နတ်ကုန်းမြေတိုက်ဆီ ဆက်သွယ်ထားတဲ့ နေရာလွတ်လမ်းကြောင်းဖြစ်ဖို့များတယ်”
ထိုစကားကို ပြောနေစဥ် ကျန့်ကျီ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန့်ကျီ၏စကားကိုကြားလျှင် ကူရွှယ်သောင်းသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
အကယ်၍ ထိုကိစ္စသာ အမှန်တကယ်ဆိုလျှင် ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံသည် ဟင်းလင်းပြင်နတ်ဆိုးများ ပြန်လာရန်အတွက် ချန်ထားရစ်ခဲ့ခြင်း ဖြစ်နိုင်လောက်သည်။
ယခုအခါ နတ်ဆိုးတားမြစ် နယ်မြေတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ ဖြစ်ပေါ်နေခြင်းသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု ပြန်လည် ရောက်ရှိလာတော့မည့် လက္ခဏာ ဖြစ်နိုင်ခြေ အလွန်များ၏။
“ဆရာ.. ကျွန်တော် သိသလောက်ဆိုရင် နတ်ကုန်းမြေတိုက်ရဲ့ဥပဒေသတွေက အတော်လေး အားကောင်းတဲ့အတွက် ထာဝရဟင်းလင်းပြင်းကနေ နတ်ကုန်းမြေတိုက်ဆီကို ပုံသေနေရာလွတ်လမ်းကြောင်း တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား”
ထိုအချိန်တွင် ကျန်းချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
သိထားရမည့်အချက်မှာ ထာဝရဟင်းလင်းပြင်ထဲမှ ထာဝရဘုရားကျောင်း ပင်လျှင် ထာဝရဘုရားကျောင်းနှင့် နတ်ကုန်းမြေတိုက်တို့ကြား၌ ပုံသေ နေရာလွတ်လမ်းကြောင်း မတည်ဆောက်နိုင်၍ ကျပန်းသာလျှင် တည်နေရာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။
“အမှန်ပဲ.. နတ်ကုန်းမြေတိုက်မှာ အတော်လေး အားကောင်းတဲ့ ဥပဒေသတွေ ရှိတယ်.. နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားနဲ့တောင် ထာဝရဟင်းလင်းပြင်နဲ့ နတ်ကုန်းမြေတိုက်တို့ ကြားမှာ နေရာလွတ်လမ်းကြောင်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ နတ်ဘုရင်အဆင့်ထက် သာလွန်တဲ့အဆင့် ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံကို ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွေက နတ်ဘုရင်အဆင့်ထက် သာလွန်တဲ့ နည်းလမ်းတွေနဲ့ တည်ဆောက်ထားတယ်.. ဒါကြောင့်လည်း နတ်ကုန်းမြေတိုက်ရဲ့ဘိုးဘေးတွေက ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံကို မဖျက်ဆီးနိုင်ခဲ့ဘဲ ချိတ်ပိတ်ရုံသာ တတ်နိုင်ခဲ့တာပဲ ”
ကျန့်ကျီက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
ကျန့်ကျီ၏ စကားကိုကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“အဲဒီအချိန်က နတ်ကုန်းမြေတိုက်ကို ဦးဆောင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူနိုင်ခဲ့တဲ့ လူသားဧကရာဇ်နန်းတော်က ပုဂ္ဂိုလ်ကရော မလုပ်နိုင်ခဲ့ဘူးလား”
“အဲဒါတော့ ငါလည်း သေချာမသိဘူး”
ကျန့်ကျီက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးတားမြစ်နယ်မြေက အခုအချိန်မှာ ပုံမှန်အခြေအနေ မဟုတ်ဘူး.. ဒါကြောင့် ကျွန်တော်တို့ ဟောင်ထျန်းဓားဂိုဏ်းက အရှေ့ဘက်ဒေသရဲ့ နတ်ဘုရင်အဆင့် အင်အားစုတွေကို စုစည်းပြီး တုံ့ပြန်မှုတစ်ခုခု လုပ်ဖို့ ပြင်ဆင်နေကြတယ်.. ဂိုဏ်းချုပ်ကူတို့ အနေနဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ကိစ္စတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းပြီး ဟောင်ထျန်းဓားဂိုဏ်းကို လာရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကျန့်ကျီ၏ စကားကို ကူရွှယ်သောင်းသည် အလေးအနက်ပင် တုံ့ပြန်ပြောဆိုလိုက်သည်။
“ကောင်းပါပြီ.. ဟောင်ထျန်းဓားဂိုဏ်းကို အမြန်ဆုံး လာခဲ့ပါ့မယ်”
နတ်ဆိုးတားမြစ်နယ်မြေ၏ အခြေအနေပြောင်းလဲသွားပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ပြန်ရောက်လာခြင်းသည် နတ်ကုန်းမြေတိုက်၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်သည့် အဓိကဖြစ်ရပ်ကြီး ဆိုလည်းမမှားပေ။
ထို့ကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အနေဖြင့် ထိုကိစ္စတွင် ပါဝင်ရန် သဘာဝကျသည် မဟုတ်ပါလော။
“ဒီလိုဆိုရင် ကျွန်တော် ဟောင်ထျန်းဓားဂိုဏ်းဆီ အရင်ပြန်ပြီး အစီအရင်ခံလိုက်ပါဦးမယ်”
ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ကျီက လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီး သူ၏ နံဘေးရှိ အကြီးအကဲနှင့်အတူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
“နတ်ဆိုးတားမြစ်နယ်မြေမှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီဆိုတော့ နတ်ကုန်းမြေတိုက်မှာ မတည်မငြိမ် ဖြစ်လာတော့မယ် ထင်တယ်”
ထွက်ခွာသွားသော ဟောင်ထျန်းဓားဂိုဏ်းမှ ကျန့်ကျီတို့ နှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း ကူရွှယ်သောင်းသည် တီးတိုးရေရွတ်လိုက်၏။
“အကယ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသာ ပြန်လာဖို့အတွက် ရည်ရွယ်ထားတာ ဆိုရင် ကူထျန်းလင်းက မိုယဲ့ လို့ခေါ်တဲ့ ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်နဲ့ ပူးပေါင်းခဲ့တာက တိုက်ဆိုင်မှု မဟုတ်လောက်ဘူး”
ကျန်းချန်က လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
ထိုစကားကိုကြားလျှင် ကူရွှယ်သောင်းသည် ထိတ်လန့်သွားခဲ့သည်။
“အရှေ့ဘက်ဒေသရဲ့ တခြားအင်အားစုတွေထဲမှာလည်း ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင်တွေ ရှိနေမလား မသိဘူး”
အကယ်၍ သူသာ ကျန်းချန်နှင့်အတူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပြန်ရောက်မလာခဲ့လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ကူထျန်းလင်းနှင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်မိုယဲ့ တို့၏ လက်အောက်သို့ လုံးဝ ကျရောက်သွားလောက်ပေပြီ။
အကယ်၍သာ တခြားသော အင်အားစုများတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု တိတ်တဆိတ် စိမ့်ဝင်နေခဲ့မည်ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများ ပြန်ရောက်လာသည့်အခါ မတိုက်ရသေးခင်မှာပင် သူတို့သည် ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပါလော။
“ဆရာ.. ဒီကိစ္စကို ကြိုတွေးပြီး စိတ်ပူနေလည်း အလကားပဲ.. ကျွန်တော်တို့ မီးစင်ကြည့်ပြီးတော့ပဲ ကကြတာပေါ့”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး စူးစမ်းလိုသော အမူအရာဖြင့် မေးလိုက်သည်။
“ဆရာ.. ဒါနဲ့ ကျန့်ကျီ ခုနက ပြောသွားတဲ့ နတ်ဘုရင်အဆင့်ထက် သာလွန်တဲ့အဆင့် ဆိုတာ ဘယ်လိုအဆင့်မျိုးလဲ”
“နတ်ဘုရင်အဆင့်ရဲ့ အထက်မှာ အုပ်စိုးသူ အဆင့်ရှိတယ်.. နတ်ဘုရင်အဆင့်နဲ့ အုပ်စိုးသူ အဆင့်က မဟာလမ်းစဥ်ကို ကျင့်ကြံကြတာခြင်း တူပေမဲ့ ခြားနားချက်တွေတော့ ရှိကြတယ်.. နတ်ဘုရင် အဆင့်က မဟာလမ်းစဥ်ကို ထိန်းချုပ်ရုံလောက်ပဲ တတ်နိုင်ပေမဲ့ အုပ်စိုးသူအဆင့်ကတော့ မဟာလမ်းစဥ်စွမ်းအားတွေကို စိုးမိုးနိုင်စွမ်း ရှိတယ်”
ကူရွှယ်သောင်း၏ ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ယခုအချိန်တွင် အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင်အဆင့်ကို မီနေပြီ ဖြစ်သောကြောင့် ကူရွှယ်သောင်းသည် ကျန်းချန်ကို ဖုံးကွယ်မနေဘဲ ရှင်းပြခဲ့သည်။
ဆိုရလျှင် ထိန်းချုပ်ခြင်းနှင့် စိုးမိုးခြင်းကြားမှ ခြားနားချက်ကို သူကောင်းစွာ နားမလည်သေးပေ။
“မင်းနားလည်အောင် ရှင်းပြရမယ်ဆိုရင် ကျင့်ကြံခြင်း လမ်းစဥ် သုံးထောင်ရဲ့ လမ်းစဥ် တစ်ခုချင်းစီမှာ နတ်ဘုရင်တွေ မရေမတွက်နိုင်အောင် ရှိနိုင်ပေမဲ့ အုပ်စိုးသူကတော့ တစ်ယောက်ပဲရှိနိုင်တယ်"
"ဥပမာအားဖြင့် မင်းက ဓားလမ်းစဥ်ကို ကျင့်ကြံတယ်ဆိုရင် နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေရင်တောင်မှ အကယ်၍ ဒီကမ္ဘာမှာ ဓားလမ်းစဥ် အုပ်စိုးသူ တစ်ယောက် ရှိနေပြီဆိုရင် အဲဒီ ဓားလမ်းစဥ် အုပ်စိုးသူ မသေမချင်း မင်းက အုပ်စိုးသူ အဆင့်ကို ဘယ်တော့မှ ထိုးဖောက်နိုင်မှာမဟုတ်ဘူး"
"ဓားလမ်းစဥ်ကို အထူးပြုတဲ့ အုပ်စိုးသူက ဓားလမ်းစဥ်မှာ အမြင့်ဆုံး တည်ရှိမှုပဲ.. ဓားလမ်းစဥ်ကို အထူးပြုတဲ့ နတ်ဘုရင်အဆင့်တောင်မှ ဓားလမ်းစဥ် အုပ်စိုးသူရဲ့ ရှေ့မှာဆိုရင် ပုရွက်ဆိတ် တစ်ကောင်နဲ့ မခြားနားဘူး”
ကူရွှယ်သောင်းက အသေအချာပင် ကျန်းချန်ကို ရှင်းပြခဲ့သည်။
ကူရွှယ်သောင်း၏ ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် တုန်လှုပ်သွားခဲ့ရသည်။
“အုပ်စိုးသူအဆင့်”
ထိုအဆင့်သည် သံသယဖြစ်ဖွယ်ရာမရှိ ကိုယ်ခံပညာရပ်၏ အထွတ်အထိပ် အဆင့်ဟုပင် ဆိုရပေတော့မည်။
အခန်း(၂၀၉၉)ပြီး၏။