မင်ယုရှန်းနဲ့နောက်ထပ်တကြိမ် တွေ့ဆုံခြင်း
Vol. 11 Ch. 104
အိမ်ထဲမှာတော့ မင်ဝမ်တို့လူစုက တည်ငြိမ်စွာဖြင့် ယန်ချန့်ကိုစောင့်ဆိုင်းနေလေသည်။
မင်ဝမ်တို့မြေးအဖို့မှာ ရွာအဝင်မှစ ယန်ချန်နေထိုင်သည့် ခြံဝန်းထဲအထိ အသေးစိတ်လေ့လာနေပြီး ယန်ချန်ကမည်သို့သော် ကျင့်ကြံသူဖြစ်မည်ကို မှန်းဆနေလေသည်။
ထိပ်တန်းအဆင့်ဆေးဝါးများသာမက သာမန်ကပ်ဘေးဖြတ်ကျော်အဆင့်များကို ရင်ဆိုင်နိုင်သည့် တောကောင်များမွေးမြူထားခြင်းတို့က မင်ဝမ်တို့ကို တုန်လှုပ်သွားစေပြီး ရိုးရှင်းသော်လည်း ခမ်းနားနေသည့် ခြံဝန်းအသွင်ပြင်ကလည်း မှင်သက်စေသည်။
မင်ယုရှန်းတယောက် အိမ်အတွင်းလှည့်ပတ်ကြည့်ရှုနေပြီး အိမ်နံရံများ၌ ပန်းချီကားများချိတ်ဆွဲထားပြီး ပန်းချီကားများက သက်ဝင်လှုပ်ရှားနေဟန် ဆွဲဆောင်မှုအပြည့် ရှိနေလေသည်။
အများအားဖြင့် ကျင့်ကြံရေးလမ်းကြောင်း၌ ပန်းချီလမ်းစဥ်ရှိသော်လည်း လေ့ကျင့်သူနည်းပါးကာ ထိုလမ်းစဥ်က တိုက်ခိုက်ရေးနဲ့ ခွန်အားကိုအလေးထားသည့် ကျင့်ကြံရေးလောက၏ စည်းမျဥ်းများနှင့် မကိုက်ညီပေ။
ကျင့်ကြံရေးလောကဟူသည်က ရက်စက်ပြီး အရင်းအမြစ်များအတွက် သေရေးရှင်ရေးအပေါ် ဖြတ်လျှောက်နေကြရသည်။ ထိုအချင်းရာများကို ကျင်းလုံ မင်ယုရှန်းကဲ့သို့ တိုင်းပြည်အုပ်ချုပ်သူများပင် မရှောင်လွှဲနိုင်ချေ။
ယန်ချန်တယောက် ဧည့်ခန်းထဲရောက်ချိန်မှာတော့ ရင်းနီးတဲ့မျက်နှာအချို့ကို မြင်လိုက်ရပြီး ထိုအထဲ၌ ဆံပင်များတခေါင်းလုံး ဖြူဖွေးကာအိုမင်းနေပုံရသည့် အဖိုးအိုတဦးက မင်ယုရှန်းနံဘေး၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
လူအိုကြီးက အသက်၇၀ ကျော်အရွယ်ခန့်ရှိပြီး ဖြူဖွေးနေသည့် ဆံပင်များကြောင့် ပို၍ ရင့်ရော်ဟန်ပြနေသော်လည်း ကျန်းမာရေးအရမူ သန်မာသည့်အသွင်ပြင်ကို ပြသထားသည်။
ကျင်းလုံနဲ့စုလဲ့တို့က ယန်ချန်ကိုမြင်လျင် ထိုင်ရာမှထကာ နှုတ်ဆက်လိုက်ပြီး ယန်ချန်လည်း အသိမှတ်ပြုဟန် ခေါင့းညိတ်ပြကာ ထိုင်ခုံတခု၌ အသာဝင်ထိုင်လိုက်သည်။ ပြီးနောက်.
“ခဗျားတို့လာမယ်လို့ မထင်ထားမိဘူး မင်္ဂလာပွဲကို တက်ရောက်လာတဲ့အတွက် ဝမ်းသာမိပါတယ်”
ယန်ချန်ရဲ့စကားကို ကျင်းလုံက ချက်ချင်းတုန့်ပြန်သည်။
“အဲ့လိုလည်းမဟုတ်ပါဘူး ကျုပ်တို့လည်း သခင်လေးယန်နဲ့ ဆွေးနွေးစရာအချို့ ရှိနေတာလည်းပါ ပါတယ်”
စုလဲ့ က သဘောတူဟန်ခေါင်းညိတ်ပြလိုက်ပြီး မင်ဝမ်တို့မြေးအဖိုးကမူ ယန်ချန့်ကိုသာ တိတ်တဆိတ် အကဲခတ်နေလေသည်။ ယန်ချန့်သွင်ပြင်က မည်သည့်ချီစွမ်းအင်ကိုမှ မခံစားမိစေပဲ တည်ငြိမ်တဲ့ဟန်ပန်ကြောင့် အမည်မသိအရှိန်ဝါတချို့ လွှမ်းခြုံထားသည်ဟုသာ ယူဆနိုင်သည်။
“ဆေွးနွေးစရာရှိနေတာလား ဒါဆိုရင်တော့ ကျုပ်တို့အေးအေးဆေးဆေး စကားပြောရတော့မှာပေါ့”
ယန်ချန်ကလည်း ယခုရက်ပိုင်း မင်္ဂလာပွဲအတွက် အနည်းငယ်ပင်ပန်းသလို ခံစားနေရပြီး စိတ်သက်သာရာရစေရန် စကားပြောဖော်အချို့ လိုအပ်သည်ဟု တွေးနေမိသည်။
“ဒါနဲ့…”
ယန်ချန့်အကြည့်က မင်ဝမ့်ဆီရောက်သွားချိန်မှာတော့ မင်ယုရှန်းက အလျင်မြန် မိတ်ဆက်ပေးသည်။
“ဒါက ကျွန်မရဲ့အဘိုး မင်ဝမ်ပါ ရှင်နဲ့တွေ့ပေးဖို့ ကျွန်မခေါ်လာခဲ့တာ အနှောင့်ယှက်မဖြစ်စေဘူး မဟုတ်လား”
ယန်ချန်က ညင်သာစွာပြုံးလိုက်ပြီး မင်ဝမ့်ဘက်လှည့်ကာ မိမိကိုယ်ကို မိတ်ဆက်လေသည်။
“ကျတော်ကယန်ချန်ပါ ယုရှန်းရဲ့အဘိုးဆိုတော့ ကျတော်ကလည်း အဘိုးဝမ်လို့ပဲ ခေါ်ပါရစေ”
ထိုအမူရာက မင်ဝမ်ကိုမှင်သက်သွားစေပြီး ဤလူငယ်မှာ သူထင်ထားသည်ထက် နက်ရှိုင်းသည်ဟု ယူဆမိသွားလေသည်။
“တေွ့ရတာ ဝမ်းသာပါတယ် ရှန်းအာလေးရဲ့ရောဂါကို ကုသပေးတဲ့အတွက် ဒီလူအိုကြီးက ကျေးဇူးတင်နေတာပါ ဒါက..”
မင်ဝမ်က မှတ်တမ်းစာအုပ်အချို ထုတ်ယူကာ ယန်ချန့်ဆီကမ်းပေးရင်း ဆက်ပြောသည်။
“ဒီလူအိုကြီး စုဆောင်းထားတဲ့ စာအုပ်အချို့ပါ သခင်လေးယန် နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်”
ကျင်းလုံ စုလဲ့နဲ့မင်ယုရှန်းတို့မှာ မင်ဘိုးဘေးအဆက်ဆက် အရေးပါသည့် မှတ်တမ်းများအား အလွယ်တကူ ထုတ်ပေးလိုက်သည်ကိုကြည့်၍ မှင်သက်နေလေသည်။ မင်ဝမ့်အတွေးထဲမှာတော့ ယန်ချန်ရဲ့ပုံရိပ်က မြင့်မားနေပြီး ထိုလူငယ်ကား သူထင်ထားသည်ထက် အဆင့်မြင့်သူဟု ယူဆသွားခြင်းဖြစ်သည်။
ယန်ချန်က မင်ဝမ်ကမ်းပေးသည့် စာအုပ်များကို အသာယူ၍ ကြည့်လိုက်သည်။
ထျန်းဟွမ်လောက မှတ်တမ်းများ..။
ယန်ချန်တယောက် စိတ်ကျေနပ်သွားရသည်။ စနစ်မှလေ့လာစရာ စာအုပ်များပေးခဲ့သော်လည်း သူ့အနေဖြင့် လက်ရှိလောကအကြောင်း ပိုမိုသိရန်လိုအပ်နေသေးသည်ဟု အမြဲယူဆနေပြီး ယခုစာအုပ်က သူ့အတွက်တော့ ရေကန်အသင့် ကြာအသင့် ဖြစ်သွားစေသည်။
“စာအုပ်တွေအတွက် ကျေးဇူးတင်ပါတယ် အဘိုးဝမ်”
ယန်ချန်က ညင်သာစွာပြုံးလိုက်ပြီး စာအုပ်များကိုတော့ သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်ကာ လက်စွပ်ထဲမှ စာအုပ်တခုအား ထုတ်ယူလိုက်သည်။ ပြီးနောက်
“ ယုရှန်းရဲ့ကုသမှုအတွက် လက်ဆောင်ကို တကယ်ကျေနပ်မိပါတယ် ဒါပေမယ့် ကျတော့်ဘက်ကလည်း လက်ဆောင်အချို့ပြန်ပေးမှ သင့်တော်မယ်လို့ တွေးမိတဲ့အတွက် ဒီစာအုပ်လေး ပြန်ပေးပါရစေ.. ဒါက ကျတော်အပျော်တမ်းစိတ်ကူးပေါက်ရာ ရေးထားတဲ့ ဇာတ်လမ်းတခုဆိုပေမယ့် ဖတ်လို့အရမ်းကောင်းပါတယ်”
ယန်ချန်တယောက် စာအုပ်ကိုကမ်းပေးနေသော်လည်း တဖက်သူမှ လက်မခံမည်ကို အနည်းငယ်စိတ်ပူနေသေးသည်။ သူ့၌ စာအုပ်များစွာရှိသော်လည်း သင့်လျော်တဲ့စာအုပ်ကိုတော့ ချက်ချင်းတွေးမရသောကြောင့် အဆင်ပြေရာ ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
မင်ဝမ်က ယန်ချန်ကမ်းပေးသည့် စာအုပ်အား တချက်ကြည့်လိုက်သည်။ စာအုပ်ကား အညိုရောင်အဖုံးထူထူဖြင့် ဖုံးအုပ်ထားပြီး စာအုပ်အဖုံးပေါ်၌ အမှောင်ကုန်းမြေရဲ့ဒဏ္ဍာရီ ဟူသည့် စာလုံးများကို ထင်ရှားစွာ ရေးမှတ်ထားလေသည်။
မင်ဝမ်သာမက အခြားသူများလည်း မှင်သက်သွားကြသည်။ သူတို့ဒီခရီးကိုမလာခင်က မင်္ဂလာပွဲပြီးနောက် အမှောင်ကုန်းမြေဆီ ခရီးထွက်မည့်ကိစ္စအား သခင်လေးယန်မှ ကြိုတင်သိနေသည်လား။
မင်ဝမ်တယောက် အနည်းငယ် တုန်လှုပ်သွားကာ စာအုပ်ရဲ့ပထမ စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။ ပထမစာမျက်နှာ၌ အမှောင်ကုန်းမြေ စတင်ဖြစ်ပေါ်လာပုံကို စတင်ရေးသားထားပြီး ရှားပါးကာ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးများအကြောင်းကိုလည်း မိတ်ဆက်ထားလေသည်။
“ဒါ…ဒီစာအုပ်က..”
မင်ဝမ်တို့ တယောက်ကိုတယောက် ကြည့်လိုက်စဥ်မှာပဲ ယန်ချန်က ရုတ်တရက်ဝင်ပြောလာသည်။
“အဘိုးဝမ် စာအုပ်ကို နှစ်သက်ရဲ့လား”
သူ့ပုံစံက အနည်းငယ်ရှက်ရွံနေပုံရပြီး တဖက်သူမှ စာအုပ်ကိုမနှစ်သက်မည်အား စိတ်ပူနေဟန်ရှိသည်။
ယန်ချန့်ဆီမှစကားကိုကြားလျင် မင်ဝမ်တို့အဖွဲ့မှာ သတိပြန်ဝင်သွားပြီး မင်ဝမ်လည်း လျင်မြန်စွာတုန့်ပြန်လိုက်သည်။
“ သေချာတာပေါ့ ဒီလိုထူးခြားတဲ့စာအုပ်မျိုး ဒီအဘိုးကြီး နှစ်သက်ပါတယ်..”
“တော်သေးတာပေါ့”
ယန်ချန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး မင်ဝမ်တို့အဖွဲ့အတွက် လက်ဖက်ရည်တခွက်စီငှဲ့ပေးကာ စကားဆက်လိုက်သည်။
“ဒါက ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျုပ်ကိုယ်တိုင်ခူးထားတဲ့ ဆောင်းရနံ့လက်ဖက်ရွက်နဲ့ လုပ်ထားတာလေ သူက အေးမြတဲ့ရာသီဥတုမှာပဲ စိုက်လို့ရတာ ခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ် မြည်းစမ်းကြည့်ကြပါဦး”
စာအုပ်ကြောင့်မှင်သက်နေကြသည့် လူတစုမှာ လက်ဖက်ရည်ဘက် အာရုံပြန်ရောက်သွားပြီး မင်ယုရှန်းက ချက်ချင်းပဲ လက်ဖက်ရည်ကို တငုံသောက်ကြည့်လိုက်သည်။
ပထမဦးစွာ ဖန်တဲ့အရသာ ပြီးနောက် ချိုအေးတဲ့အရသာစီးကြောင်းတခု ထိုမှတဆင့် အမည်မသိစွမ်းအင်တခုက လာ်ချောင်းတလျှောက် စီးဆင်းသွားကာ သူမရဲ့စိတ်ဝိဉာဥ်အာရုံက ယခင်ကထက် အနည်းငယ် တိုးတက်သွားသည်ကို ခံစားမိလိုက်သည်။
ဘေးမှ ကျင်းလုံတို့သည်လည်း မင်ယုရှန်းရဲ့ အမူရာကိုသတိပြုမိပြီးနောက် ချက်ချင်းပဲ လက်ဖက်ရည်ကို ယူသောက်လိုက်ကြသည်။
“အို…”
“ဟမ်..”
တုန်လှုပ်နေကြသည့် အမူရာများက ယန်ချန့်ကို စိတ်ကျေနပ်သွားစေပြီး သူ့လက်ဖက်ရည်အတွက် ဂုဏ်ယူနေကာ ကျိတ်၍ ပြုံးမိစေသည်။
“စိတ်ဝိဉာဥ်ကို အားဖြည့်ပေးတာလား..”
“ကောင်းကင်ဘုံ ဒီလိုလက်ဖက်ရည်ကို ဘယ်မှာများ ရနိုင်မှာလဲ”
မင်ဝမ်တယောက် လက်ဖက်ရည်ကို ဖြေးညင်းစွာ အရသာခံနေခဲ့ပြီး ထိုမှတဆင့်တိုးဝင်လာသည့် စွမ်းအင်များကိုမူ တိတ်တဆိတ်ချေဖျက်နေလေသည်။
(သူက ဘယ်သူလဲ..ဒီလိုတန်ဖိုးကြီးတာကိုတောင် အလွယ်လေး ဧည့်ခံတယ်ဆိုတော့..)
အတွေးများက ကိုယ်စီရှုပ်ထွေးသွားကြပြီး အဘယ့်ကြောင့် အခြားသူများ.ယန်ချန်နဲ့ နီးစပ်ရန် ကြိုးစားရသည်ကို စုလဲ့တို့နားလည်သွားကြတော့သည်။ မည်သူက ဒီလိုအခွင့်ရေးကြီးကို လက်လွှတ်ခံမည်နည်း။ ကျန်းရင်ရင်ဖြစ်စေ လီဖူယွဲ့ဖြစ်စေ ယန်ချန့် အနားအနည်းငယ်နေရုံဖြင့် ကြောက်မက်ဖွယ်တိုးတက်နေခြင်းက မျက်မြင်ဖြစ်သည်။