← Chapters

မင်ဝမ်နဲ့ စကားစမြည်း

Vol. 11 Ch. 105

မင်ဝမ်နဲ့ စကားစမြည်း

Vol. 11 Ch. 105

ယန်ချန်က စာအုပ်ထူထူတအုပ်အား ထုတ်ယူ၍ မင်ဝမ့်ထံပေးလိုက်သည်။

“အဘိုးဝမ် ဒါတွေက ရှားပါးရတနာတွေကို မှတ်တမ်းတင်ထားတာပါ အဘိုးဝမ်က အတွေ့အကြုံများတဲ့သူဆိုတော့ ဒီထဲက တချို့တလေများ တွေ့ဖူးနိုင်လောက်မယ်”

ယန်ချန့်စာအုပ်က လေးလက်မခန့်ထူပြီး အဖုံးကိုလည်း အမျိုးအမည်မသိတဲ့ ရှားပါးသားရဲကောင်၏ သားရေဖြင့် ပြုလုပ်ထားပုံရသည်။

ထိုစာအုပ်ကို စနစ်ရဲ့လေ့ကျင့်ရေး ကာလအတွင်း အကြိမ်အနည်းငယ် ဖတ်ခဲ့ဖူးပြီး စာအုပ်ထဲ၌ ထျန်းဟွမ်လောကရှိ ရှားပါး ရတနာများစွာပါဝင်ကာ ထိုအထဲ၌ ထူးခြားပြီး ဆန်းကြယ်သည့် ရှေးဟောင်းရတနာ အမျိုးအစားပါဝင်သည်။ စနစ်မှထိုစာအုပ်ကို မည်သည့်အတွက်ကြာင့် ပေးခဲ့မှန်း သူမသိချေ။

အစောပိုင်းကာလများက အခြေကျရန်အတွေးများနေခဲ့သောကြောင့် စာအုပ်ကိုမေ့နေခဲ့ပြီး ယခုအချိန်မှာတော့ သေမျိုးဘဝတခု အခြေကျလုနီးပါးဖြစ်သွား၍ အနည်းငယ်စိတ်အေးသွားကာမှ တချို့အရာများကို မှတ်မိလာပြီး ပြန်လည်ထုတ်ယူလိုက်ခြင်း ဖြစ်သည်။

ကျင်းလုံတို့က ယန်ချန်ကမ်းပေးသည့် စာအုပ်ကို အ​လေးနက်စိုက်ကြည့်နေကြပြီး မင်ဝမ်ကလည်း သိတတ်စွာဖြင့် အားလုံးမြင်သာစေရန် စာအုပ်ထူထူကြီးအား စားပွဲပေါ်၌ပင် အသာဖွင့်လိုက်တော့သည်။

*လောကရတနာများ*

စာအုပ်ရဲ့ပထမစာမျက်နှာ၌ လောကရတနာများဟု ရွေရောင်စာလုံးဖြင့်ရေးထားသည်။ ထိုအောက်၌ အခြားမည်သည့်အရာမှ မတွေ့ရချေ။ သို့သော် နောက်ထပ်တမျက်နှာအား လှန်လိုက်ချိန်မှာတော့ မင်ဝမ်တို့တသိုက် မှင်သက်သွားကြရသည်။

ပထမပုံက လောကကြေးမုံတခုဖြစ်သည်။ ကြေးမုံက ရှေးဟောင်းရတနာတခုပီသစွာ ကြေးမုံဘောင်ပတ်ပတ်လည်၌ လက်ရာမြောက်သည့် ကနုတ်ပန်းခတ်များ ရေးထွင်းထားသည်။ ကြေးမုံလက်ကိုင်က ပေဝက်ခန့်ရှိပြီး လက်ကိုင်ပေါ်၌လည်း ထူးခြားတဲ့ အစီရင်တချို့ ရေးထားသေးသည်။

“လောကကြေးမုံလား”

မင်ဝမ်တယောက် တီးတိုးရေရွတ်လိုက်မိသည်။ လောကကြေးမုံဆိုသည်ကား လောကရတနာ ဆယ်မျိုး၌ နံပါတ်ကိုးနေရာတွင်ရှိပြီး သူ့အစွမ်းက နတ်ဆိုးများ လူသားအသွင်​ဆောင်ခြင်းကို ဖော်ထုတ်ရန်အတွက် အသုံးပြုပြီး တခြားအသုံးဝင်သည့် အရာတော့မရှိပေ။ သို့သော် ပုံအောက်မှတ်များတွင်တော့ ထိုအချက်အပြင် အခြားမှတ်ချက်တခု ပါဝင်နေသေးသည်ကို စိတ်ဝင်စားဖွယ်တွေ့လိုက်ရသည်။ မှတ်ချက်က

“လောကကြေးမုံဖြင့် စတုတ္ထဒိုင်မေးရှင်းကို ကြည့်ရှုနိုင်သည်” ဟူ၍ ဖြစ်သည်။

စတုတ္ထဒိုင်မေးရှင်းဆိုသည်က သေမျိုးလူသားဘဝ ကျော်လွန်သွားပြီး ပို၍ထူးခြားဆန်းကျယ်တဲ့ လောကတခုအနေဖြင့် စကြာဝဋာကြီးထဲ တည်ရှိနေသည်။ ထိုလောကကြီးထံ သွားရောက်ရန်အသာထား မြင်နိုင်ရန်ပင် ခက်ခဲသည်မဟုတ်လား။

(သရီးဒိုင်မေးရှင်း=အထက်အောက် ဘေးဘယ်ညာ ရှေ့နောက်)

ယန်ချန်က ထိုပုံကိုတချက်ကြည့်၍ စကားစသည်။

“အဘိုးဝမ် ဒီကြေးမုံကိုမြင်ဖူးလား”

ယန်ချန်ရဲ့အမေးကို မင်ဝမ်က ခေါင်းယမ်းပြသည်။ သူ့လို သက်တော်ရှည်ဘိုးအေကြီးပင် မမြင်ဖူးတဲ့အရာများဖြစ်နေခြင်းက အလွန်ရှားပါးသည်ဟု ဆိုလိုသည်မဟုတ်လား။

“အောက်ဆုံးမှာ ကြေးမုံရှိနိုင်တဲ့နေရာကို ရေးထားတယ် အဘိုးဝမ်ကြည့် ကြည့်ပါဦး”

မှတ်ချက်နေရာကိုသာ အာရုံစိုက်နေကြသည့် မင်ဝမ်တို့မှာ ယန်ချန့်အသံကြားမှ သတိဝင်ကာ ယန်ချန်ညွှန်ပြသည့်နေရာအား ကြည့်လိုက်ကြသည်။

ထိုနေရာ၌ ကြေးမုံစတင်ဖြစ်ပေါ်လာပုံကို အကျဥ်းချုပ်ရေးထားပြီး ကြေးမုံက ထျန်းဟွမ်လောက၏ အနက်ရှိုင်းဆုံးနေရာတွင် မြုပ်နှံထားသည် ဟူ၍ ဖြစ်သည်။

“အနက်ရှိုင်းဆုံးနေရာ ဟုတ်လား.”

မင်ဝမ်တို့အဖွဲ့မှာ အတန်ငယ်စဥ်းစားသွားကြသည်။ ကျင့်ကြံရေးလောကကြီးသည် ထင်မှတ်ထားသည်ထက် ကျယ်ပြောပြီး ထိပ်သီးကျင့်ကြံသူများပင် လောကတခုလုံးကို မရောက်ဖူးကြပေ။ ထိုသို့ဆိုပါက လောကရဲ့အနက်ရှိုင်းဆုံးနေရာဆိုသည်ကား မြေအောက်တနေရာဟု ဆိုလိုသလား။

“နောက်ထပ် ရတနာတွေရှိသေးတယ် ထပ်လေ့လာပါဦး”

ယန်ချန်က တဖက်သူများကို အတင်းဖိအားမပေးတော့ပဲ နောက်ထပ်ရတနာစာရင်းကိုသာ ဆက်ကြည့်စေသည်။ မင်ယုရှန်းက

“ရှင်က ဒီစာရင်းထဲမှာပါတဲ့ ရတနာတွေကို စု​ဆောင်းချင်နေတာလား”

“ဟုတ်တယ် အချို့တလေပေါ့”

ယန်ချန်စိတ်ထဲ၌မူ ရတနာများမှာ ရှားပါးပြီး အဖိုးတန်သည်ဖြစ်၍ ယခင်ဘဝက ရှေးဟောင်းပစ္စည်း စုဆောင်းလိုသည့် ဝါသနာကို ယခုဘဝ၌ ကျင့်ကြံသူမိတ်ဆွေများ အကူညီဖြင့်ရှာလိုခြင်း ဖြစ်သည်။

မင်ဝမ်က အခြားပုံများကို စစ်ဆေးကြည့်နေသည်။ ပုံများ၌ ရှားပါးလက်နက်များ ကျောက်မြတ်တုံးများအပြင် လူပုံစံနတ်သစ်ပင်များလည်း ပါဝင်သည်။

“အရေှ့စာမျက်နှာတွေမှာပါတဲ့ ရတနာအချို့တော့ ဒီလူအိုကြီးမြင်ဖူးတယ် ဥပမာ ဒီနတ်သမီးသစ်ပင်ပဲ”

မင်ဝမ်က နတ်သမီးတပါးနှယ် ပုံဖော်ထားသည့် အပင်တခုကို အသာညွန်ပြသည်။

“နတ်သမီးသစ်ပင်..သူက အမျိုးသမီးတွေကို ထာဝရနုပျိုစေတဲ့အစွမ်းရှိတယ်လို့ ကြားဖူးတယ် အရမ်းတန်ဖိုးကြီးတယ် ကျင့်ကြံသူမဟုတ်တဲ့ သူတွေသုံးရင် အသက်သာကြီးသွားမယ် ရုပ်ရည်ကတော့ ဘယ်တော့မှ မပြောင်းတော့ဘူး”

မင်ဝမ်က ရှင်းပြသည်။

“အတော်တန်ဖိုးရှိတာပဲ ဒါဆို ဒီအပင်ရှိတဲ့နေရာက…”

ယန်ချန်က တည်နေရာကို တချက်ဖတ်ရင်း ဆက်ပြောသည်။

“အမေှာင်ကုန်းမြေ.. အလယ်ပိုင်းဒေသ”

မင်ဝမ်တို့ တယောက်ကိုတယောက် ကြည့်လိုက်မိကြသည်။ သူတို့အတွေး၌ အမှောင်ကုန်းမြေကို သွားရောက်မည့်အစီစဥ် ရှိထားပြီဖြစ်သည်။ ယခု ယန်ချန်က ထိုနတ်သမီးအပင်ကို လိုချင်နေသည် မဟုတ်လား။ ထိုအချက်က ယန်ချန့်ဆီမှ သူတို့ရယူထားသည့် အကူညီများအတွက် ပြန်လည်တုန့်ပြန်ရန် အခါသင့်နေလေသည်။

“သခင်လေးယန်က လိုချင်လို့လား”

ကျင်းလုံရဲ့အမေးကိုကြားလျင် ယန်ချန်တယောက် ခပ်ဟဟရယ်လိုက်ပြီး တုန့်ပြန်သည်။

“အဟက်..လိုချင်တယ်တော့ မဟုတ်ပါဘူး အမှောင်ကုန်းမြေက ဘယ်နေရာရှိမှန်းတောင် မသိဘူးမဟုတ်လား အင်း… ရရင်တော့လည်း”

ထိုအပင်ကို ရှုယင်အတွက်အသုံးပြုမည်ကိုတော့ ထုတ်မပြောလိုက်ချေ။

မင်ယုရှန်းတယောက် တစုံတခုအား ဆက်စပ်မိသွားသည်။ တခဏ ငြိမ်သက်နေပြီး

“ကျွန်မတို့ ဒီကနေပြီးရင် အမှောင်ကုန်းမြေဆီ ခရီးထွက်ဖို့ရှိတယ်”

ယန်ချန်ရဲ့ မျက်လုံးအစုံက တောက်ပသွားသည်။

“အလေးနက်ကြီးလုပ်စရာမလိုပါဘူး လမ်းသင့်မှကူညီလည်းရပါတယ်”

မင်ဝမ်တို့လည်း မည်သည့်စကားမှမပြောတော့ပဲ ထိုအပင်ကိုယန်ချန့်အတွက် ယူပေးရန်သာ တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။

နောက်ထပ်မိနစ်အနည်းငယ်ကြာသည်အထိ စာအုပ်ကို ဆက်၍ ကြည့်နေကြသည်။ အများစုမှာ ချပ်ဝတ်များ လက်နက်များဖြစ်ပြီး ဆေးပင်နဲ့ဆေးမြစ်အချို့လည်း ပါဝင်သည်။ သို့သော် လောကရတနာဖြစ်သည့် လောကကြေးမုံကဲ့သို့ ရတနာအချို့တော့ ထပ်မတွေ့ရသေးချေ။

မင်ဝမ်က သက်ပြင်းအနည်းငယ်ချလိုက်သည်။ သူ့အတွေ့ကြုံအရနဲ့ပင် အချို့ရတနာများကို မမြင်ဖူးချေ။

“ဒီစာအုပ်ကို အချိန်ခဏလောက် ယူထားလို့ရမလား”

မင်ဝမ်က မေးသည်။ ယန်ချန်က ညင်သာစွာပြုံးလိုက်ပြီး အစတည်းက ပေးရန်စိတ်ကူးရှိထားကြောင်း တုန့်ပြန်သည်။

“အပိုင်ပေးတာမို့ အဘိုးဝမ်ယူလို့ရပါတယ်”

မင်ဝမ်တယောက် စိတ်ကျေနပ်သွားကာ စာအုပ်ထဲမှကျန်စာရင်းများကိုတော့ အချိန်ယူ၍ ဆက်ကြည့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

“ကဲ..အကုန်လုံးအတွက် ကျတော်ခြံဝန်းတခု စီစဥ်ပေးထားတယ် အနားယူလိုက်ကြပါ ပွဲက ၃ရက်အတွင်းစပါမယ်”

ထိုသို့ပြောပြီးနောက် မင်ဝမ်တို့လည်း အသီးသီးပြန်လည်နှုတ်ဆက်ကာ စီစဥ်ပေးထားသည့် ခြံဝန်းဆီသို့ ထွက်သွားကြတော့သည်။ ထိုခြံဝန်းက ပြင်ပဧည့်သည်များအတွက် စီစဥ်ထားသည်များထဲ၌ အကောင်းဆုံးဖြစ်ကာ စုလဲ့ ကျင်းလုံ မင်ဝမ်တို့မြေးအဖိုးအပြင် နောက်ထပ် လူအနည်းငယ်ပင် ထပ်နေလို့ရသည်အထိ ကျယ်ဝန်းလေသည်။

All Chapters