ချင်မိသားစုတုန်လှုပ်ခြင်း ချင်ထျန့်ဆုံးဖြတ်ချက်
Vol. 11 Ch. 106
အလယ်ပိုင်းကုန်းမြေဒေသ ချင်မိသားစုပင်မ မိသားစုအိမ်တော်ကြီးထဲမှာတော့ ချင်ထျန်ဦးဆောင်သည့် မိသားစုမှ အရေးပါသူများ စုဝေးနေကြလေသည်။
အကြောင်းရာက ချင်ရှန်ရဲ့ အသက်ကျောက်ပြား ကြေမွသွားရခြင်း အကြောင်းပဲဖြစ်ပြီး ချင်ထျန်ကိုယ်တိုင်ပင် ထိုကိစ္စကို လက်မခံနိုင်ဖြစ်ခဲ့ရသည်။ မည်သူက သူတော်စင်တဝက်အဆင့်ကို သတ်ဖြတ်နိုင်သနည်း။ အနည်းဆုံး အစစ်မှနိသူတော်စင်တပါး ဖြစ်ရန်လိုပေသည်။ သိထားရမည်မှာ ဒေသကြီး၅ခု၌ သူတော်စင်အရေတွက်မှာ လက်တဖက်သာရှိပေသည်။
“ဘိုးဘေး ဒီကိစ္စကို အလျင်မြန်ကိုင်တွယ်မှ ဖြစ်ပါမယ် မဟုတ်ရင် ဒီသတင်းသာ ရှောင်မိသားစုဘက်က သိသွားလို့ကတော့”
ထိုသို့ပြောလိုက်သူမှာ ပင်မမိသားစု၏ အကြီးကဲတဦးဖြစ်သည်။ ထိုအကြီးကဲအပါဝင် အိမ်တော်ရှိ ထိပ်သီးကျင့်ကြံသူများမှာ တောင်ပိုင်းကုန်းမြေရှိ မင်တိုင်းပြည်ကို လက်စားချေရန် ဆန္ဒပြင်းပြနေကြလေသည်။
အခြားအကြီးကဲတဦးကလည်း ဝင်ပြောပြန်သည်။
“ချင်ရှန်တို့သားအဖက ချင်မိသားစုရဲ့ ထိပ်တန်းပါရမီရှင်တွေပါ သူတို့သေဆုံးမှုအတွက် ဒီတိုင်းလွှတ်ထားလိုက်ဖို့ မဖြစ်ပါဘူး”
“ဘိုးဘေး အမိန့်သာပေးပါ ကျုပ်တို့ ဖြေရှင်းချင်ပါတယ်”
“ဟုတ်ပါတယ်..ဘိုးဘေး..”
အိမ်တော်ခန်းမထဲ၌ အကုန်လုံးက တက်တက်ကြွကြွပြောဆိုနေသည်ကိုမြင်လျင် ချင်ထျန်တယောက် စိတ်ရှုပ်သွားရသည်။ သူကိုယ်တိုင်လည်း ချင်ရှန်သေဆုံးမှုကို လက်တုန့်ပြန်လိုသော်လည်း တဖက်၌ သူတော်စင်အဆင့် ကျင့်ကြံသူရှိနေပါက မည်သို့ဖြစ်မည်နည်း။ သူ့လက်ရှိအဆင့်ဖြင့် ကိုင်တွယ်နိုင်ရုံသာ ရှိပေသည်။
“တော်ကြတော့”
ချင်ထျန်က အနည်းငယ်ခက်ထန်တဲ့ လေသံဖြင့် အော်ဟစ်လိုက်သည်။
“ငါကလည်း ဒီတိုင်းငြိမ်ခံနေမယ်လို့ မင်းတို့ထင်နေသလား ဟမ်”
“တဖက်မှာ သူတော်စင်တဝက်အဆင့်ကိုတောင် သတ်နိုင်တဲ့ကျင့်ကြံသူရှိနေတယ် မင်းတို့ဘယ်လိုတုန့်ပြန်မယ် တွေးမိကြလဲ ငါ့ကိုပြောကြစမ်း”
သူတော်စင်တဝက်အဆင့်ကို သတ်နိုင်တဲ့သူတော်စင်တပါး..။ ထိုအရာက ဘိုးဘေးနဲ့အဆင့်တူဖြစ်ပြီး တဖက်၌ သူတော်စင်အဆင့်ကျင့်ကြံသူက တပါးတည်းမဟုတ်ရင်ကော..။ သေချာသည်က ဘိုးဘေးမပါပဲ သူတို့ချည်း လက်တုန့်ပြန်ရန် မဖြစ်နိုင်ချေ။
“ ရှောင်ချီတယောက် အခုတလောဘာတွေလုပ်နေလဲ မင်းတို့စုံစမ်းလို့ရလား”
ချင်ထျန်က ခန်းမထဲရှိလူများ အနည်းငယ်တိတ်ဆိတ်သွားချိန်၌ ရုတ်ချည်းထမေးလေသည်။ ရှောင်ချီဆိုသူက ရှောင်မိသားစုဘိုးဘေးဖြစ်ပြီး လက်ရှိ၌ သူနဲ့အဆင့်တူ ကျင့်ကြံသူ ဖြစ်သည်။ ချင်ထျန်ရဲ့အမေးကို အကြီးကဲတဦးက..
“လတ်တလော သူလျှိုတွေပေးပို့ချက်အရ ဘိုးဘေးရှောင်တစ်ယောက် တံခါးပိတ်ကျင့်ကြံနေပါတယ်”
တံခါးပိတ်ကျင့်ကြံတယ်..ဟုတ်လား။
“ဟမ်… အမြင်မှာတော့ ပုန်းကွယ်နေပြီး နောက်ကွယ်မှာကျ အမှောင်ကုန်းမြေသတင်း မပေါက်ကြားဖို့ အစွမ်းကုန်ပိတ်ဆို့နေတာကို ငါမသိဘူးများထင်နေလား”
ချင်ထျန်တယောက် မကျေမနပ်အမူရာဖြင့် တီးတိုးပြောဆိုလိုက်သည်။ ဘိုးဘေးနှစ်ဦးမှာ နှစ်ပေါင်းများစွာ ပြိုင်ဘက်များဖြစ်ခဲ့ကြပြီး အိမ်တော်နှစ်ခုကို လက်ခံပြီးသည့်နောက် ပြိုင်ဆိုင်မှုက ပို၍ပင်ပြင်းထန်သွားလေသည်။ ယခုရက်ပိုင်း ကောလဟာလအချို့အရ အမှောင်ကုန်းမြေ၌ အင်မော်တယ်အမွေအနှစ် ထွက်ပေါ်လာသည်ကို ဘိုးဘေးနှစ်ယောက်စလုံး သိသွားချိန်မှာတော့ ရှောင်မိသားစုက ထူးခြားစွာဖြင့် တိတ်ဆိတ်သွားလေသည်။ အများအမြင်၌ ထိုသတင်းကိုမတုန့်ပြန်ခြင်းက သတင်းကိုပို၍ ယုံမှားသံသယဝင်စေပြီး နောက်ကွယ်မှာတော့ ချင်ထျန်နဲ့အကြံတူစွာပင် ထိုကောလဟာလ သတင်းများကို ပိတ်ဆို့နေခဲ့လေသည်။
“ဘိုးဘေး…တခုခုဆုံးဖြတ်ပေးပါ”
အကြီးကဲများ အိမ်တော်ခေါင်းဆောင်များက ချင်ထျန်ကို မေတ္တာရပ်ခံကြသည်။ ချင်ရှန်သေဆုံးမှုက သူတော်စင်တဝက် ကျင့်ကြံသူ ဆုံးရှုံးသည်ထက် ပိုလေးနက်သည့် ကိစ္စများရှိသည်ကို သူတို့သာ သိပေသည်။
“ငါ ဆုံးဖြတ်ချက်ချမယ် ချင်ရှန့်ကိစ္စကို ငါအမှောင်ကုန်းမြေက ပြန်လာတာနဲ့ ငါကိုယ်တိုင်ဦးဆောင်ပြီး ဖြေရှင်းမယ်”
ချင်ထျန်တယောက် တိကျပြတ်သားစွာ ပြောလိုက်ချိန်မှာတော့ အခြားသူများအားလုံး စိတ်သက်သာရာ ရသွားကြသည်။ ဘိုးဘေးကိုယ်တိုင် ဖြေရှင်းပါက ကိစ္စများမှာ လွယ်ကူသွားမည်ဖြစ်ပြီး အမှန်တကယ် အင်မော်တယ်အမွေနှစ်ကို ဘိုးဘေးရယူနိုင်ခဲ့ပါက ချင်မိသားစုအနေဖြင့် ရန်သူများကို အမြစ်မှသုတ်သင်နိုင်တော့မည် ဖြစ်သည်။
“ဘိုးဘေးရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ”
အကုန်လုံးက သဘောတူလိုက်ကြသည်။ ချင်ထန့်အတွေးထဲမှာတော့ အမွေနှစ်ကိုရယူပြီးမှ လက်တုန့်ပြန်သည်က ပို၍ ချောမွေ့မည်ဟု ခံစားနေရပြီး မင်တိုင်းပြည်သည် လက်ရှိကျင့်ကြံဆင့်ဖြင့် တုန့်ပြန်၍ မရနိုင်ဟု သူထင်နေခဲ့လေသည်။
မိသားစုနှစ်ခု ပိတ်ဆို့ထားမှုကြောင့် ကောလဟာလ ပျံ့နှံ့မှုမှာ အရှိန်နှေးကွေးသွားပြီး နောက်တလအတွင်း အမွေနှစ်နယ်မြေကို သွားရောက်ကာ ရှောင်မိသားစုအပြင် အခြားဒေသ ၃ခု ရှိသူတော်စင်များနဲ့ ယှဥ်ပြိုင်ရမည်ဖြစ်သည်။ ချင်ထျန်က သူ့အစီရင်ပညာရပ်အပေါ် စိတ်ချသူဖြစ်ပြီး အမွေအနှစ်အတွက် စိတ်မပူချေ။ ထိုအမွေနှစ်သာရယူနိုင်ခဲ့ပါက အရင်ဆုံး ရှောင်မိသားစုကို ဖယ်ရှားမည်ဖြစ်ပြီး မင်တိုင်းပြည်ကိုလည်း တုန့်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
“တလပဲ တလပဲစောင့် မင်းတို့ဆီ ငါကိုယ်တိုင်လာခဲ့မယ်”
ချင်ထျန်ရဲ့တိတ်တဆိတ် ကြုံးဝါးမှုကို မင်ယုရှန်းနဲ့ ရှောင်ချီတို့မှာ မသိကြချေ။ ရှောင်ချီတယောက် အမှောင်ကုန်းမြေဆီ ခရီးအတွက် သူတော်စင်တဝက်အဆင့် မိသားစု၏ ထိပ်တန်းပါရမီရှင် ရှောင်ကျန့်ကို ခေါ်ဆောင်သွားရန် စီစဥ်နေခဲ့လေသည်ါ ရှောင်ကျန့်မှာ အသက်၁၀၀ ပင်မပြည့်သေးပဲ သူတော်စင်တဝက်အဆင့်ဖြစ်လာခဲ့ကာ ချင်ရှန်ထက်ပင် ပို၍ ပါရမီရှိသူဟု အလယ်ကုန်းမြေဒေသ၌ အမည်ကျော်ကြားလေသည်။
“ကျန့်အာ… မင်း.ဒီလကုန်ရင် ခရီးတခုထွက်ရမယ်”
ရှောင်ချီရဲ့စကားကိုကြားလျင် ရှောင်ကျန့်က သိလိုဟန်ဖြင့်မေးသည်။
“ဘယ်သွားရမှာလဲ အဘိုး”
“အ မှောင်ကုန်းမြေ”
“ဗျာ..”
အမှောင်ကုန်းမြေဟုကြားလျင် ရှောင်ကျန့်တယောက် အနည်းငယ်တုန်လှုပ်သွားသော်လည်း တခဏအကြာမှာတော့ စိတ်လှုပ်ရှားသွားတော့သည်။ အမှောင်ကုန်းမြေက အမည်ဆိုးဖြင့်ကျော်ကြားပြီး အရင်းအမြစ်များ ပေါများကာ အခြားဒေသများက သိမ်းယူရန်ကြိုးစားခံနေရသည့် ဒေသတခုဖြစ်သည်။ ကျင့်ကြံသူများစွာ တိတ်တဆိတ်သွားရောက်ကြပြီး အများစုမှာ အသက်သေဆုံးသွားကြသော်လည်း ပြန်ရလာသည့် အကျိုးအမြတ်ကြီးက မက်လောက်စရာ ဖြစ်နေသောကြောင့် ကျင့်ကြံသူများမှာ တုန့်ဆိုင်းမှုမရှိ သွားကြခြင်း ဖြစ်သည်။
“ဒီတကြိမ်က အရမ်းအရေးကြီးတယ် မင်းကိုမင်း အရာအားလုံး အသင့်ဖြစ်နေပါစေ ကြားလား”
အဘိုးဖြစ်သူ၏ အမူရာအလွန်လေးနက်နေသည်ကိုမြင်လျင် ရှောင်ကျန့်လည်း လေးနက်သွားကာ ခေါင်းညိတ်ပြလိုက်တော့သည်။
“စိတ်ချပါအဘိုး”