← Chapters

မင်္ဂလာပွဲ

Vol. 11 Ch. 107

မင်္ဂလာပွဲ

Vol. 11 Ch. 107

ထာဝရကျေးရွာတခုလုံး လှုပ်ရှားသက်ဝင်နေလေသည်။ ရက်အတော်ကြာသည်အထိ ပြင်ဆင်ခဲ့ရသည့် အစီစဥ်များမှာလည်း အသင့်ဖြစ်နေပြီး သုံးထပ်အဆောက်အုံရဲ့ အောက်ဆုံးခန်မးကျယ်ကြီးထဲမှာတော့ ခမ်းနားထည်ဝါတဲ့ မင်္ဂလာလျှောက်လမ်းနဲ့အတူ စားပွဲဝိုင်းများစွာ ခင်းကျင်းထားလေသည်။

ယန်ချန်မထင်ထားသည်က ပွဲတက်ရောက်သူများမှာ များပြားလွန်းနေပြီး ဂိုဏ်းများ မိသားစုများသာမက တကိုယ်တော်ကျင့်ကြံသူများလည်း ရောက်ရှိလာကြခြင်း ဖြစ်သည်။

ယန်ချန်က အဆောက်အုံရှေ့ မြေကွပ်လပ်ကြီး၌ စားပွဲဝိုင်းများ ထပ်၍ ပြင်ဆင်ထားပြီး ထိုစားပွဲဝိုင်းများကိုတော့ ပြင်ပကျင့်ကြံသူများ သေမျိုးကုန်သည်များ အတွက် ဖြစ်သည်။

မနက်လင်းသည်နှင့် ယန်ချန် ရှုယင်နဲ့ ကျန်းမိသားစုဝင်များမှာ အလုပ်များနေကြပြီး ကျန်းရင်ရင်နဲ့ အမျိုးသမီးငယ်အချို့က ဧည့်သည်လက်ခံမည့် စားပွဲ၌ထိုင်ကာ ဧည့်သည်များကို ကြိုဆိုလေသည်။ ယန်ချန်က ကျန်းဝမ်လီ မင်ဝမ် ကျင်းလုံ စုလဲ့ မင်ယုရှန်းတို့နဲ့အတူ စကားစမြည်းပြောနေခဲ့ပြီး လျှောက်လမ်းပေါ်ရှိ အစီရင်များကို အရင်အသက်သွင်းလိုက်သည်။

လျှောက်လမ်းက ထူးခြားသည့် ပန်းပွင့်များစွာ ခင်းကျင်းထားသည့်လမ်းတခုအသွင် ပြောင်းသွားပြီး ပွဲတက်ရောက်လာကြသည့် ကျင့်ကြံသူများမှာ မှင်သက်သွားကြသည်။

“အစီရင်ကို ဒီလိုလည်း သုံးလို့ရတယ်လား”

“ကောင်းကင်ဘုံ ငါတို့ခြေထောက်အောက်က အစီရင်ကြီးကိုကြည့်စမ်း ဒါကဘယ်အဆင့်မှာ ရှိမယ်လို့ မင်းထင်လဲ”

“မသိဘူး.. ငါတော့မသိဘူး မင်းကော..”

အကုန်လုံးက ခန်းမကျယ်ထဲ တစတစ ဝင်ရောက်ရင်း လျှောက်လမ်းပေါ်မှ မြင်ကွင်းကို တုန်လှုပ်စွာ ကြည့်ရှုနေကြစဥ် မြေကွက်လပ်ပေါ်မှာတော့ စားပွဲဝိုင်းများကို တာဝန်ယူထားသည့် သူများက လက်​ဆောင်လက်ခံသည့် ကောင်တာမှကျော်၍ ဝင်ရောက်လာကြသူများကို နေရာစီမံပေးနေသည်။

“သခင်လေးယန်ရဲ့ အစီရင်က တကယ်ကို အဆင့်မြင့်ပြီး နက်ရှိုင်းတာပဲ”

ကျင်းလုံက လျှောက်လှမ်းကိုတချက် လှမ်းကြည့်ပြီးနောက် လေးစားသည့်ဟန်ဖြင့် ပြောလာသည်။ ယန်ချန်တို့စားပွဲက လျှောက်လှမ်း အဆုံးသတ်၏ ဘေးဘက်တွင်ရှိနေပြီး လျှောက်လမ်းအဆုံးမှာတော့ စင်မြင့်တခုရှိကာ စင်မြင့်ပေါ်၌ နှစ်ဖက်မိဘများ ထိုင်ကန်ထိုင်ခုံများအပြင် မင်္ဂလာမောင်နှံနှစ်ဦးအတွက် ထိုင်ခုံလည်း ပြင်ဆင်ထားလေသည်။

“ဟား…ဟား..ဒါက မပြောပလောက်ပါဘူး..ဟုတ်တယ်မလား”

ယန်ချန်က ကျေနပ်စွာဖြင့် ရယ်မောလိုက်ပြီး ကျင့်ကြံသူများ၏ တုန်လှုပ်နေသည့်အမူအရာ များကို ဂုဏ်ယူဝင့်ကြွားစွာ စောင့်ကြည့်နေလေသည်။

“ဒါအကုန်မဟုတ်သေးဘူး မင်းတို့ဒီထက်ပို တုန်လှုပ်သွားစေရမယ်”

တီးတိုးရေရွတ်လိုက်ပြီး ခန်းမ၏ ဘေးဘက်နံရံများမှ အစီရင်ကိုတော့ ပွဲစတင်မှ အသက်သွင်းရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာက ဒုတိယ ဗုံးတလုံးဖြစ်ပြီး နောက်ဆုံးဗုံးအစီစဥ်များစွာလည်း ကျန်နေသေးသည်။

“သူတော်စင်နတ်မြတ်ဂိုဏ်းမှ ရောက်ရှိလာပါတယ်”

“မဟူရာဂိုဏ်းမှ ရောက်ရှိလာပါတယ်”

“ပန်းကိုးပွင့်ဂိုဏ်းမှ…..”

ဧည့်ကြိုများမှာ များပြားသည့် ကျင့်ကြံသူများကို ကြိုဆိုခြင်း နေရာချပေးခြင်းတို့ဖြင့် မအားလပ်နိုင်သော်လည်း သူတို့၏ မျက်လုံးအစုံတွင်တော့ ကျန်းယန်အတွက် ဂုဏ်ယူနေကြလေသည်။ မည်သည့် သေမျိုး၏ မင်္ဂလာပွဲကို ကျင့်ကြံသူများက အရေးတယူ တက်ရောက်ဖူးသနည်း။ ကျန်းယန်က ပထမဆုံးဖြစ်ပေမည်။

“သခင်လေးယန် တွေ့ရတာ ဝမ်းသာပါတယ်”

“အော်မီထော်ဖော ကိုယ်တော်တို့ ရေစက်ပြန်ဆုံပြန်ပြီ သခင်လေး”

ထိပ်သီးကျင့်ကြံသူများမှာ ခန်းမထဲရောက်သည့်နှင့် သက်မှတ်နေရာကို အရင်မသွားကြ။ ယန်ချန်ရှိရာကို အပြေးအလွှား လာရောက်နှုတ်ဆက်ကြပြီး မျက်နှာကောင်းရရန် ကြိုးစားနေကြတော့သည်။ သို့သော်လည်း ယန်ချန်ရဲ့စားပွဲဝိုင်းကိုတော့ ဝင်ရောက်မထိုင်ရဲပေ။

“ထိုင်ကြပါ..အေးအေးဆေးဆေး ထိုင်ကြပါ ပွဲကမစသေးပါဘူး ဒါပေမယ့် အစားသောက်တွေကိုတော့ ဆန္ဒရှိသလို သုံးဆောင်နိုင်ပါတယ်”

ယန်ချန်ကို အသီးသီး နှုတ်ဆက်ပြီးသည်နှင့် ကိုယ်စီနေရာအသီးသီးဆီ ပြန်သွားကြကာ လျှောက်လမ်းပေါ်မှ အစီရင်အကြောင်း အဆောက်အုံ၏ ဗီသုကာပညာကိုလည်းကောင်း တီးတိုးပြောဆိုနေကြကာ မည်သူကမှ စားသောက်ရန် စိတ်မဝင်စားကြပေ။

“ဒီနေရာကိုကြည့် ဒါကအစီရင်ရဲ့ ဆုံမှတ်တခုပဲ ဒီလိုဆုံမှတ်တခုဆီက အစီရင်ကိုအထောက်ပံ့ပေးထားတာ ဆုံမှတ်တခုပျက်ရုံနဲ့ အစီရင်ပျက်မသွားဘူး လျှောက်လမ်းတခုလုံးပေါ်က ဆုံမှတ်တွေ ပျက်စီးမှပဲ ပျက်လိမ့်မယ်”

အစီရင်ပညာရှင်တဦးက ဂျူနီယာများကို အသေးစိတ်ရှင်းပြနေပြီး အစီရင်၏သဘောတရားက သက်မှတ်ထားသည့် လုပ်ဆောင်ချက်တခုကို ပြန်လည်ပုံဖော်ပေးခြင်း ဖြစ်သော်လည်း ထိုကဲ့သို့ပြုလုပ်ရန်ပင် သာမန်အစီရင်ပညာရှင်အတွက်တော့ ကောင်းကင်ဘုံတက်ရန်ထက်ပင် ခက်ခဲလေသည်။

မင်ယုရှန်းက စည်ကားနေသည့် ခန်းမကြီးအပြင် အပြင်အဆင်များကို လိုက်ကြည့်နေပြီး ထိုအပြင်ဆင်က သူမလိုဧကရီတပါးပင် မတတ်နိုင်လောက်ဟု ထင်နေမိသည်။ လျှောက်လမ်းတဖက် စားပွဲဝိုင်းမှာတော့ ရှုယင်က ယန်ချန်ကိုအနှောင့်ယှက်မပေးလိုဟန်ဖြင့် ကျန်းမိသားစုမှ သခင်မကြီးအပြင် မုရုံသခင်မကြီးတို့နဲ့ ထိုင်နေခဲ့ကာ ယင်ယင်လေးက စားပွဲပေါ်မှ အသီးများကို စဥ်ဆက်မပြတ်ယူစားရင်း ပျော်ရွှင်နေလေသည်။

“မေမေ. လိမ္မော်သီးလေး..”

ရှုယင်က ယန်ချန့်ဘက် တချက်ခိုးကြည့်နေစဥ် ယင်ယင်ရဲ့အသံကိုကြားပြီးနောက် အသိဝင်ကာ လိမ္မော်သီးတလုံး ယူပေးလိုက်သည်။

“အများကြီး မစားရဘူးနော် ကြားလား”

“ဟုတ်ကဲ့ မေမေ”

ယင်ယင်က သိတတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူမလက်အသေးလေးများကတော့ လိမ္မော်သီးခွံအား စတင်ခွာနေတော့သည်။

သေမျိုးများနှင့် သာမန်ပြင်ပကျင့်ကြံသူများကို ဧည့်ခံထားသည့် မြေကွက်လပ်မှာတော့ စားသောက်စရာများကို စတင်စားသောက်နေကြပြီး အကုန်လုံးက အံ့မခန်းလက်ရာကို ချီးကျူးနေကြလေသည်။ အသားများနဲ့ အသီးရွက်များမှာ အများနည်းတူဖြစ်သော်လည်း အရသာကတော့ နတ်သုဒ္ဒါသဖွယ် ထူးကဲလွန်းနေပေသည်။

ယန်ချန်က ရှုပ်ယှက်ခတ်နေသည့် မြင်ကွင်းကို အချိန်ခဏကြာအောင်ကြည့်ပြီးနောက် ပွဲစတင်ရန် အချိန်ကျပြီဟု တွေးလိုက်မိသည်။ ထို့ကြောင့် ခန်းမထဲရှိ စားပွဲဝိုင်းတာဝန်ယူနေသူ တဦးအားအသာခေါ်ကာ တီးတိုးပြောလိုက်သည်။ ထိုသူက ယဥ်ကျေးစွာဖြင့် နှုတ်ဆက်လာပြီး တခဏကြာမှာတော့ တဖက်စားပွဲရှိ ရှုယင်တို့ထံသွားကာ တီးတိုးပြန်ပြောလိုက်သည်။ ရှုယင်ရဲ့အကြည့်က ယန်ချန်ဆီရောက်လာလျင် ယန်ချန်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအပြုအမူက ပွဲစတင်ရန် အချက်ပြခြင်း ဖြစ်သည်။

ရှုယင်စားပွဲမှ ယင်ယင်နဲ့အတူ ထွက်သွားချိန်၌ ယန်ချန်က တည်ငြိမ်စွာဖြင့် စင်မြင်ပေါ်တက်သွားလိုက်သည်။

“အဟမ်း… ကျုပ်တို့ကျေးရွာရဲ့ ပထမဆုံးမင်္ဂလာပွဲကို ခုလိုတက်ရောက်လာကြတဲ့အတွက် မင်္ဂလာမောင်နှံကိုယ်စား ကျုပ်က ကျေးဇူးတင်လိုပါတယ် မကြာမီအချိန်အနည်းငယ်အတွင်း သတို့သား သတို့သမီးမောင်နှံ ထွက်လာတော့မှာမို့ နှစ်ဖက်မိဘများ သက်မှတ်နေရာမှာ ထိုင်ပေးကြပါ”

ယန်ချန်က ထိုသို့ပြောပြီးနောက် ခန်းမပတ်ပတ်လည်ရှိ စကြာဝဋာအစီရင်ကြီးအား အသက်သွင်းလိုက်တော့သည်။

ကြယ်များ.. ဂြိုလ်များ ရွေ့လျားနေသည့် တွင်းနက်ကြီးများ… တိတ်ဆိတ်ကာ ကြောက်ခမန်းလိလိ ဖြစ်သည်ဟုထင်ရသော်လည်း ထူးခြားပြီး သန်းဘီလံယံများစွာ ပြွတ်သိပ်နေသည့် ကြယ်များကြောင့် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်များဖြင့် အသက်ဝင်နေလေသည်။

ခန်းမထဲရှိလူများ…..

“ကောင်းကင်ဘုံရေ.ဒါကြီးက…”

“နတ်ဘုရားတွေနေတဲ့ ပြင်ပ လောကကြီးလား”

“ထူးခြားဆန်းကျယ်ပြီး ကြောက်ဖို့လည်း ကောင်းလိုက်တာ”

ထိပ်သီးကျင့်ကြံသူများသာမက မင်ဝမ်တို့ပင် အချိန်အတော်ကြာ မှင်သက်သွားရပြီး ထိုမြင်ကွင်းက မင်ဝမ့်တသက်တာ၌ အခမ်းနားဆုံး ကြယ်တာရာ စကြာဝဋာကြီးအား မြင်တွေ့ဖူးခြင်းဖြစ်သည်။

“သူ့ရဲ့အစီရင်ကြီးက ဘယ်အဆင့်ရောက်နေပြီလဲ”

မင်ယုရှန်းတယောက် တီးတိုးရေရွတ်လိုက်သည်။ သူမသာမက ကျင်းလုံ စုလဲ့ လီဖူယဲ့တို့လို ကျင့်ကြံသူများလည်း တုန်လှုပ်နေခဲ့ကာ အထူးသဖြင့် ယန်ချန်နဲ့သိပ်မရင်းနီးသည့် အင်အားစုများဖြစ်သည်။ သူတို့က ကျင်းလုံဆီမှသတင်းစကားကြောင့် ရောက်လာခြင်းဖြစ်ပြီး ယန်ချန့်ဂုဏ်သတင်းကို အနည်းငယ်ကြားသိထားသော်လည်း ယခုလောက်တော့ မမျှော်လင့်ထားခဲ့ပေ။

ယန်ချန်က အထိတ်တလန့်ဖြစ်သွားကြသည့် ခန်းမကြီးထဲမှ ကျင့်ကြံသူများကိုကြည့်ကာ နှုတ်ခမ်းထောင့်များတွန့်ကွေးစွာ ပြုံးလိုက်မိသည်။ ထိုအရာက စနစ်ရဲ့သင်ကြားပေးမှုဖြစ်ပြီး သူ့အစွမ်းအကုန်ပင် မဟုတ်သေးပေ။ လိုအပ်သည့်ပစ္စည်းအချို့သာ ထပ်ရပါက ဒီထက်ပိုကြီးကျယ်ခမ်းနားသည့် အစီရင်ကြီးကိုပင် သူလုပ်နိုင်လေသည်။

All Chapters