လောကသုံးခု
Vol. 11 Ch. 109
စကြာဝဋာအစီရင်ကြီးက ခန်းမကြီးထဲ သက်ဝင်လှုပ်ရှားနေပြီး အစီရင်နဲ့အပြိုင် မင်္ဂလာပွဲကလည်း အဆုံးမသတ်သေးပဲ အသက်ဝင်နေလေသည်။
ထိုအချိန် လောကအပြင်ဘက်မှာတော့ ကြီးမားသည့် လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်ကိုတော့ ယန်ချန်မသိခဲ့ပေ။
ကမ္ဘာဝိဉာဥ်ဖြစ်တဲ့ ကြောင်ပေါက်လေးက ယန်ချန်သတိမထားမိခင်မှာပဲ ထျန်းဟွမိလောကအပြင်ဘက်၌ တည်ငြိမ်စွာရပ်နေပြီး ကြီးမားသည့် လောကသုံးခုစလုံး ပြင်းထန်စွာ လှုပ်ယမ်းနေသည်ကို စောင့်ကြည့်နေလေသည်။
ပထမဆုံး ထျန်းဟွမ်လောကကြီး၏ အကာကွယ်စည်းမျဥ်းများက စတင်လှုပ်ရှားလာပြီး ပါးလွှသည့်လေထုက အက်ကွဲစပြုလာသည်။ ထိုနည်းတူပင် အင်မော်တယ်လောက မူလလောကတို့သည်လည်း ပြင်းထန်တဲ့ လှုပ်ခါမှုနောက်ဆက်တွဲအနေဖြင့် အကာကွယ်စည်းမျဥ်းများ အက်ကြောင်းထလကာ လောကကြီးသုံးခုကလည်း တဖြေးဖြေး ရွေ့လျားလာတော့သည်။
“ဟင်း…”
ကမ္ဘာဝိဉာဥ်က ယန်ချန်ရှိရာ ထာဝရကျေးရွာဘက်သို့ လှည့်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထိုပုဂ္ဂိုလ်အနေဖြင့် မည်သည့်ရည်ရွယ်ချက်ကြောင့် ဤသို့လုပ်သည်ကို သူမခန့်မှန်းနိုင်ပေ။ သေချာသည်က လောကသုံးခုကြား လှုတ်ခတ်မှုကြောင့် သေမျိုးလောက ဖြစ်နေသည့် ထျန်းဟွမ်ကမ္ဘာကြီးမှာ ပဲလှော်ကြား ဆားညှပ်တော့မည် ဖြစ်သည်။
ကမ္ဘာဝိဉာဥ်က လက်ကိုညင်သာစွာ လှုပ်ရှားလိုက်သည်။ ထိုအပြုအမူက အက်ကြောင်းထနေသည့် စည်းမျဥ်းများကို ပြုပြင်ခြင်းမဟုတ်ပဲ ထျန်းဟွမ်ကမ္ဘာကြီး၏ ရွေ့လျားမှုကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။
သက်ရှိလောကများ၌ တရားမဝင်စည်းမျဥ်းတခု ရှိလေသည်ယ ထိုအရာက လောကတခုမှ အခြားတခုဆီ ကူးပြောင်းရွေ့လျားသွားပါက ထိုလောက၏ စည်းမျဥ်းများမှာ ပျောက်ကွယ်သွားပြီး တဖက်လောက၏ စည်းမျဥ်းများဖြင့် အစားထိုးခံရမည်ဖြစ်သည်။
ထျန်းဟွမ်လောကသာ အခြားလောကနှစ်ခုဆီ ရွေ့လျားသွားပါက သူ့အနေဖြင့် ပျောက်ကွယ်သွားရမည်ဖြစ်ကာ ထိုသို့မဖြစ်လိုသည့်အတွက် လက်ရှိလောက၏ ရွေ့လျားမှုကို ကြိုးစားထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
ထိုစဥ် မင်္ဂလာပွဲထဲမှာတော့ စကြာဝဋာအစီရင်က အနည်းငယ်ထိန်းချုပ်မှု လွတ်ကင်းသွားသည်ကို ယန်ချန်သတိပြုမိလိုက်သည်။
“ဟမ်..အစီရင်ချို့ယွင်းတာလား”
ယန်ချန်တယောက် အစီရင်ကြီးကို စစ်ဆေးရန် ထွက်သွားပြီး အနီးကပ်စစ်ဆေးချိန်မှာတော့ အစီရင်၏ ဆုံမှတ်တချို့ ပျက်စီးသွားသည်ကို မြင်လိုက်ရသည်။
“အစီရင်က အချိန်ကြာကြာသုံးလို့မရဘူးပဲ အင်းလေ ကုန်ကြမ်းတွေကလည်း အဆင့်နိမ့်တာကိုး ပွဲကလည်းမပြီးသေးဘူးဆိုတော့ နည်းနည်းပြန်ထိန်းချုပ်ထားမှ ဖြစ်မယ်”
ထိုသို့တွေးပြီးနောက် ပျက်စီးနေသည့် ဆုံမှတ်များကို ချက်ချင်းပြင်ဆင်ကာ အချို့နေရာများ၌ အစားထိုးဆုံမှတ်များ ထပ်မံထည့်သွင်းလေသည်။ ယန်ချန်၏ စကြာဝဋာအစီရင်ကြီး ချို့ယွင်းသည်ကိုလည်းကောင်း လောကအပြင်ဘက်၌ ကမ္ဘာဝိဉာဥ်အခက်တွေ့ကာ လောကသုံးခုရွေ့လျားနေသည်ကို လည်းကောင်း မည်သူမှသတိမထားမိကြပေ။
ကမ္ဘာဝိဉာဥ်က အလင်းရောင်များ ဖြာထွက်လာသည့် အကာကွယ်စည်းမျဥ်းများကို ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။ မူလက ရွေ့လျားမှုကိုတားဆီးရန်ကြိုးစားနေသော်လည်း အခက်တွေ့နေချိန် ထိုပုဂ္ဂိုလ်က သတိပြုမိသွားပြီး ပြင်ဆင်ပေးလိုက်ပြီး ရွေ့လျားနေသည့် ထျန်းဟွမ်လောကကြီးမှာ ရပ်တန့်သွားသည်။
အချိန်အနည်းငယ်အတွင်း လောကနှစ်ခုက ထျန်းဟွမ်ကမ္ဘာဆီ ပူးကပ်လာတော့မည်ဖြစ်ကာ အားကောင်းသည့် လောကစွမ်းအင်နှစ်ခုကြောင့် ထျန်းဟွမ်ကျင့်ကြံရေးသည် ရွှေခေတ်ရောက်သွားတော့မည် ဖြစ်သည်။
“ကောင်းပြီ မင်းကြိုက်တာသာလုပ်တော့”
ကမ္ဘာဝိဉာဥ်က ယန်ချန်ရှိရာကို နောက်ဆုံးတကြိမ် ကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်။ ယခုတကြိမ်မှာတော့ ယန်ချန့်အနီးသို့မသွားတော့ပဲ ထျန်းဟွမ်းကမ္ဘာ၏ အနက်ရှိုင်းဆုံးမြေအောက်တနေရာထံ တိုးဝင်သွားခြင်း ဖြစ်သည်။
အင်မော်တယ်လောကတနေရာ
လှုပ်ယမ်းနေသည့် မြေသားထုကြီးကြောင့် အင်မော်ယတ်လောက၏ ကျင့်ကြံသူများမှာ မှင်သက်တုန်လှုပ်နေကြသည်။
“ဘာ..ဘာတွေဖြစ်ကုန်တာလဲ”
“မူလ လောက ကျင့်ကြံသူတွေ လာတိုက်ခိုက်နေတာလား”
ထိပ်သီးအင်မော်တယ် ဧကရာဇ်များလည်း စုဝေးကာ ထိုအဖြစ်ပျက်ကို စူးစမ်းရန် တိုင်ပင်နေကြလေသည်။ ကိစ္စကြီးက မသေးမွှားချေ။ မထင်မှတ်ထားသည့်အရာများ ဖြစ်လာနိုင်ပြီး ၎င်းတို့မသိစိတ်၌ အင်မော်တယ်ကမ္ဘာကြီးက စတင်ရွေ့လျားနေသည်ဟု ခံစားနေရလေသည်။
“ဓားဖြူဧကရာဇ် မင်းရဲ့အမြင်ကဘယ်လိုရှိလဲ”
မိုးမြေဧကရာဇ်က သူနဲ့ခေတ်ပြိုင် ထိပ်သီးအင်မော်တယ်ဧကရာဇ်တပါးဖြစ်သည့် ဓားဖြူဧကရာဇ်အား မေးလိုက်သည်။ ဓားဖြူဧကရာဇ်ဆိုသည်ကား ထူးခြားသည့် ဓားဖြူတချောင်းဖြင့် ကျော်ကြားလာသည့် ဓားသမားအင်မော်တယ်ဧကရာဇ် ဖြစ်သည်။
“အင်မော်တယ်ကမ္ဘာက တခြားကမ္ဘာတခုစီကို ရွေ့လျားနေတယ် အကြောင်းရင်းကို ငါလည်း မခန့်မှန်းနိုင်ဘူး”
ဓားဖြူဧကရာဇ်ရဲ့ စကားဆုံးလျင် အခြားဧကရာဇ်တဦးမှ ဝင်ရောက်ဆွေးနွေးသည်။
“မူလလောက ကျင့်ကြံသူတွေက ကျုပ်တို့လောကကြီးကို ဆွဲခေါ်နေတာများ ဖြစ်နေမလား”
ထိုစကားက စုဝေးပွဲရှိ အင်မော်တယ်ဘုရင်များ အင်မော်တယ်ဧကရာဇ်များကို သိသိသာသာ တုန်လှုပ်သွားစေကာ ၎င်းတို့သိထားချက်အရ လောကတခုဆွဲခေါ်ခံရခြင်းက ဝါးမြိုခံရခြင်းပင် ဖြစ်ပြီး ၎င်းတို့အနာဂတ်က ဆိုးရွားတော့မည် ဖြစ်သည်။
“အဲ့လိုတော့မဟုတ်လောက်ဘူး လောကတခုကို ဆွဲခေါ်ဖို့အဲ့လောက်လွယ်နေရင် မူလကျင့်ကြံသူတွေ လုပ်ပြီးတာကြာရောပေါ့”
ဓားဖြူဧကရာဇ်က ပြန်လည်ထောက်ပြသည်။
“ဒါလည်း.ဟုတ်သားပဲ”
လောကနှစ်ခုစစ်ပွဲက နှစ်ထောင်ချီကြာ ရှိနေခဲ့ပြီး တဖက်နဲ့တဖက် မည်သည့်ဖက်ကမှ အနိုင်မရသေးပေ။ သို့သော် နောက်ပိုင်းကာလများတွင်တော့ မူလကျင့်ကြံသူများက ထူးခြားသည့်နတ်ဆိုးလောကတခုဖြစ်တဲ့ အမှောင်နတ်ဆိုးလောကနဲ့ တိတ်တဆိတ် ပူးပေါင်းနေခြင်းက ချိန်ခွင်လျှာကို ပြောင်းသွားစေတော့သည်။
“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ သူမကလည်း တံခါးပိတ်ကျင့်ကြံနေတယ်ဆိုတော့”
အင်မော်တယ်ဘုရင်တဦးက စိတ်ပျက်လက်ပျက် အမူရာဖြင့် ညည်းတွားလေသည်။
အခြားအင်မော်တယ်ဘုရင်တဦးက ထိုသူကို စူးရဲစွာစိုက်ကြည့်ပြီးနောက် အော်ဟစ်တော့သည်။
“ခဗျားကဘာတွေ စိတ်ဓာတ်ကျနေတာလဲ အခုအခြေနေက ကျုပ်တို့ထိန်းချုပ်နိုင်ပါသေးတယ် စစ်မရောက်ခင် မြှားမကုန်ချင်စမ်းပါနဲ့”
မိုးမြေဧကရာဇ်ကလည်း ထိုစကားကို ခေါင်းညိတ်ကာ ထောက်ခံသည်။
“ဟုတ်တယ် ကျုပ်တို့အခုချက်ချင်းပဲ လောကအပြင်ဘက်ထွက်ပြီး စစ်ဆေးကြည့်ကြမယ် ရွေ့လျားနေတာကို ထိန်းချုပ်ဖို့ခက်ပေမယ့် ကြိုးစားကြတာပေါ့”
“ကောင်းပြီ ကျုပ်တို့လည်း လိုက်မယ်”
“သွားကြတာပေါ့..”
တခဏအကြာ၌ ဓားဖြူဧကရာဇ် မိုးမြေဧကရာဇ်တို့ ဥိီးဆောင်တဲ့ အင်မော်တယ်ကျင့်ကြံသူတဖွဲ့မှာ အင်မော်တယ်လောက အပြင်ဘက်သို့ ထွက်ခွာသွားတော့သည်။