လောကသုံးခုရဲ့ ရွှေခေတ်
Vol. 11 Ch. 110
ဓားဖြူဧကရာဇ်တို့ အင်မော်တယ်လောကအပြင်ဘက်အား ရောက်သွားချိန်မှာတော့ တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။
လောကနှစ်ခု၏ အက်ကြောင်းများမှာ ထင်ထင်ရှားရှားဖြစ်ပေါ်နေပြီး ထိုအရာက လောကစည်းမျဥ်းများ အက်ကွဲသွားသည့် လက္ခဏာဖြစ်ကာ ပို၍အားကောင်းသည့် လောကစည်းမျဥ်း၏ ထိန်းချုပ်မှုကို ခံရတော့မည်ဖြစ်သည်။
“ဘာတွေဖြစ်ကုန်တာလဲ ဘာလို့ငါတို့လောကကြီးက ရွေ့နေတာလည်း”
“ဘယ်လောကတခုက အင်မော်တယ်လောကနဲ့ မူလလောက နှစ်ခုလုံးကို ဆွဲငင်နေတာလဲ”
မိုးမြေဧကရာဇ်တို့အဖွဲ့မှာ တုန်လှုပ်စွာဖြင့် ကြည့်နေကြပြီး သူတို့ရဲ့အကြည့်များက ရွေ့လျားနေသည့် လောကနှစ်ခုအပြင် ထူးထူးခြားခြား တည်ငြိမ်နေသည့် လောကတခုကိုပါ မြင်တွေ့လိုက်ရတော့သည်။
“ သေမျိုးလောက..”
“မဖြစ်နိုင်ဘူး.. သေမျိုးလောကတခုက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
တုန်လှုပ်စွာအော်ဟစ်မိကြသည်အထိ ထိတ်လန့်သွားကြပြီး ထိုသေမျိုးလောကကြောင့် အင်မော်တယ်နဲ့ မူလလောကနှစ်ခုလုံး ဝါးမျိုခံရတော့မည် ဖြစ်သည်။
ဓားဖြူဧကရာဇ်က ပြင်းထန်တဲ့ဓားချက်တခုဖြင့် ထျန်းဟွမ်လောကကြီးဆီ ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းက မီတာရာဂဏန်းမှ ထောင် သောင်း သိန်း ကြီးမားသည့် ဂြိုလ်ကြီးတခုလိုဖြစ်သွားကာ တည်ငြိမ်နေသည့် လောကထံ တိုးဝင်သွားတော့သည်။
“မင်းက ဘာတွေထူးခြားနေလဲ ငါစမ်းကြည့်မယ်”
တဖက်တွင်တော့ မိုးမြေဧကရာဇ်ဦးဆောင်သည့် အင်မော်တယ်အဖွဲ့က အက်ကွဲနေသည့် အကာကွယ်များကို အထိတ်တလန့်ပြုပြင်နေပြီး အင်မော်တယ်လောကကြီး ရွေ့လျားနေခြင်းကို ရပ်တန့်ရန် ကြိုးစားနေလေသည်။
သို့သော်လည်း မည်သည့်အရာမှ ထူးခြားမလာပဲ။ ကြီးမားသည့်ဓားချက်ကြီးကလည်း ရေထဲခဲကျသွားသည့်နှယ် ပျောက်ကွယ်သွားလေသည်။
“ဟမ်”
ဓားဖြူဧကရာဇ်တယောက် မျက်မှောက်ကြုတ်သွားသည်။ သေမျိုးလောက၌ ထူးခြားသည့် အစွမ်းထက်ပုဂ္ဂိုလ်တဦးဦးများ ရှိနေလေသလား။ ထိုသို့တွေးမိသည်နှင့် မယုံနိုင်ဟန် ခေါင်းယမ်းလိုက်သည်။ မည်သည့်ထူးခြားပုဂ္ဂိုလ်ကြီးများက သေမျိုးလောက၌ နေရန် စဥ်းစားမည်နည်း။ ကမ္ဘာဦးနတ်ဘုရားများနဲ့ ဘိုးဘေးနတ်ဘုရားများသည်လည်း စကြာဝဋာအနှံ့ခြေဆန့်နေကြပြီး အဆုံးအစမဲ့သည့် စကြာဝဋာကြီးအကြောင်း လေ့လာနေကြရင်း အချိန်ကုန်ဆုံးနေကြသူများ ဖြစ်သည်။
“ဟာကွာ အသုံးမဝင်ဘူး.. ပဲ”
မိုးမြေဧကရာဇ်နဲ့ အင်မော်တယ်အချို့ စိတ်ပျက်စွာ ညီးတွားလိုက်ကြပြီး ဓားဖြူဧကရာဇ်၏ အပြင်းထန်ဆုံးတိုက်ကွက်ကိုပင် ချေဖျက်ပြသွားသည့် သေမျိုးလောကကြီးကိုလည်း အထင်မသေးဝံ့တော့ပေ။ သူတို့အတွေးများကလည်း ဓားဖြူဧကရာဇ်နဲ့ တူညီစွာဖြစ်ပေါ်လာသည်။
ထူးခြားပြီး အစွမ်းထက်ပုဂ္ဂိုလ်တဦး တည်ရှိနေခြင်း။
လက်ရှိ၌ ထိုသဘောတရားကပဲ အနီးစပ်ဆုံးဖြစ်ကာ လက်ခံရတော့မည် ဖြစ်သည်။ လောကစည်းမျဥ်းကြောင့် အတင်းတိုးဝင်တိုက်ခိုက်၍လည်း မရပြန်ချေ။
ဓားဖြူဧကရာဇ်က အင်မော်တယ်စွမ်းအင် အဆုံးမဲ့မျက်လုံးကျင့်စဥ်ဖြင့် သေမျိုးလောကကြီးအား စိုက်ကြည့်လိုက်သည်။ မည်သည့်အတွက်ကြောင့် မိမိတို့၏ အင်မော်တယ်လောကကြီးအား ဆွဲခေါ်ရသည်ကို သိလိုခြင်းဖြစ်သည်။
ထိုမျက်လုံးကျင့်စဥ်က နတ်ဘုရားတပိုင်းအဆင့်ဖြစ်ပြီး ထူးကဲလွန်းသည်ဟု အမည်ကြီးသည်နဲ့အညီ တခဏအကြာမှာပဲ ထျန်းဟွမ်သေမျိုးလောက ကြီးအား ဖောက်ဝင်သွားကာ လောက၏အမြင့်ဆုံးအဆင့်ရှိသူကို ရောက်သွားတော့သည်။
“ကမ္ဘာဝိဉာဥ်လား..”
မဟုတ်သေး။ ကမ္ဘာဝိဉာဥ်က အစောင့်ရှောက်ဝိဉာဥ်မျှသာဖြစ်ပြီး ထိုမျှမစွမ်းပေ။ ဒါဆို…
ဓားဖြူဧကရာဇ်၏အကြည့်က လောကတခုလုံးဆီ လျင်မြန်စွာပျံ့နှံ့သွားပြီး မိနစ်အနည်းငယ်အကြာမှာတော့ ထူးခြားသည့် အလင်းရောင်များ ဖုံးကွယ်ထားသည့် နေရာတခုအား သတိပြုမိသွားသည်။
“တေွ့ပြီ”
ဓားဖြူဧကရာဇ်၏ အသံကြောင့် စိတ်ပျက်နေသည့် အင်မော်တယ်များမှာ စူးစမ်းလိုစိတ်ဖြင့် အနားကပ်လာကြသည်။
“ဟမ့် အစီရင်နဲ့ဖုံးထားတာလား အသေးအမွှားပါ”
မျက်လုံးစွမ်းအင်က ထိုအလင်းရောင်များကို လွယ်ကူစွာချိုးဖြတ်သွားပြီး အတွင်းထဲရောက်သွားချိန်မှာတော့ သေမျိုးများနဲ့ သာမန်အဆင့်နိမ့်ကျင့်ကြံသူများ နေထိုင်သည့် ရွာငယ်လေးတခုဖြစ်မှန်း တွေ့လိုက်ရသည်။
ဓားဖြူဧကရာဇ်လည်း လက်မလျှော့သေး။ မည်မျှထူးခြားနေ၍ အစီရင်ဖြင့်ပင် ဖုံးထားရလေသနည်း။ ဆက်၍ ကျေးရွာတခုလုံးကို ကြည့်လိုက်စဥ်မှာပဲ ထူးခြားပြီး တည်ငြိမ်တဲ့ဟန်ပန် ချောမောခန့်ငြားသည့် လူငယ်တဦးက လှုပ်ကုလားထိုင်ပေါ်မှနေ၍ သူ့ထံတိုက်ရိုက် ပြန်ကြည့်လာသည်ကို တွေ့လိုက်ရတော့သည်။
“အား…..”
အလင်းတန်းတခု ထိုလူငယ်ဆီမှ ဖျတ်ခနဲ ထွက်ပေါ်လာကာ ကျင့်စဥ်အဆုံးပြုထားသည့် ဓားဖြူဧကရာဇ်၏မျက်လုံးအစုံက သွေးများစီးထွက်လာကာ တဒင်္ဂ အမြင်အာရုံကွယ်ပျောက်သွားတော့သည်။
“ဘယ်သူလဲ…”
ဓားဖြူဧကရာဇ်၏ ထိတ်လန့်တကြားအော်သံကြောင့် ဘေးမှအင်မော်တယ်များလည်း တစုံတခုဖြစ်ပျက်သွားသည်ကို ရိပ်မိသွားကာ အဖြစ်ပျက်ကို ဝိုင်းမေးရန်ပြင်နေစဥ် အသံတခု ထွက်ပေါ်လာသည်။
“မမေးနဲ့တော့ သူမမြင်သင့်တာ မြင်သွားလို့ ဒဏ်ရာရသွားတာ တဖက်ပုဂ္ဂိုလ်မှာ ခက်ထန်တဲ့အတွေးမရှိတာ ရှင်ကံကောင်းသွားတယ်”
သာယာကြည်လင်သည့် အသံနဲ့အတူ အင်မော်တယ်လောကထဲမှ အမျိုးသမီးကျင့်ကြံသူတဦး ထွက်ပေါ်လာပြီး ထိုအမျိုးသမီးက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ သွယ်လျသည့်ခြေတံအစုံ သေးသွယ်သည့်ခါးနဲ့ မို့မောက်နေတဲ့ ရင်အစုံကြောင့် ပြင်းထန်တဲ့ဆွဲဆောင်မှုကို ထုတ်လွှင့်နေလေသည်။
ထိုအချိန် ထာဝရကျေးရွာမှာတော့ ယန်ချန်တယောက် လှုပ်ကုလားထိုင်ပေါ်၌ ဇိမ်ယူနေလေသည်။ တနေ့ညက မင်္ဂလာအရက်များစွာ သောက်လိုက်ရပြီး ယနေ့အနက်မှာတော့ အနည်းငယ်ခေါင်းကိုက်ချင်နေသလို ဖြစ်နေတာကြောင့် မနက်စာစားပြီးသည်နှင့် မည်သည့်အလုပ်မှ မလုပ်တော့ပဲ အနားယူနေခြင်း ဖြစ်သည်။
“ငါ့ကို တယောက်ယောက်က စိုက်ကြည့်သွားသလိုပဲ ထူးခြားလိုက်တာ”
ယန်ချန့်အတွေးက ထိုမျှသာဖြစ်ပြီး အမှတ်တမဲ့ ကောင်းကင်ကိုတချက်မော့ကြည့်ပြီးနောက် မျက်လုံးအစုံကို ပြန်မှိတ်၍ အနားယူလိုက်တော့သည်။