ကောင်းကင်ဥပဒေသမြို့တော်သို့ ဝင်ရောက်ခြင်း
Vol. 44 Ch. 496
"ခုန်းရှီ... အခြေအနေ ဘယ်လိုလဲ"
ထိုအသံကို ကြားလိုက်ရသည်နှင့် ကျန်းရွှမ်၏ စိတ်နှလုံးသား ချက်ချင်းဆိုသလိုပင် လှုပ်ရှားသွားခဲ့သည်။ ကောင်းကင်ဥပဒေသမြို့တော်၏ ပြင်ပ၌ ဤကိစ္စရပ်ကို ဖြေရှင်းနိုင်ပါက သူ စွန့်စားရန် မလိုတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ဤကာလအတွင်း သူသည် ပြင်ဆင်မှုများကို ပြုလုပ်ထားသော်လည်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခြေသည် တစ်ရာခိုင်နှုန်းထက် မကျော်လွန်ပေ။ ဤသည်မှာ သေမင်းထောင်ချောက်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှ၏။
"ငါ့ကို အိမ်ရှေ့စံမင်းသားယွမ်ချင်းက အထူးလေဟာနယ်တစ်ခုမှာ ချုပ်နှောင်ထားတယ်... ထွက်ပြေးလို့မရဘူး... အပြင်ကိုလည်း အာရုံခံလို့မရဘူး..."
ခုန်းရှီ၏အသံ ထွက်ပေါ်လာသည်။
"ကျန်းရှီ...မင်း ခန့်မှန်းတာ အမှန်ပဲ... သူတို့ ငါ့ကို ဒီနေ့ ကွပ်မျက်လိမ့်မယ်...ကျန်းရှီ ငါ သေသွားရင် ငါ့ရဲ့ကမ္ဘာသစ်က သေချာပေါက် ပြိုလဲသွားလိမ့်မယ်... ငါ့ရဲ့တပည့်တွေနဲ့ ကမ္ဘာသစ်ထဲက သက်ရှိသတ္တဝါတွေကို စောင့်ရှောက်ပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်..."
"ခင်ဗျား ဘာမှဖြစ်မှာ မဟုတ်ဘူး"
ကျန်းရွှမ်က ခုန်းရှီ၏စကားကို ကြားဖြတ်ပြောလိုက်သည်။
"ခင်ဗျားကို ကယ်ဖို့ ကျွန်တော် နည်းလမ်းရှာလိုက်မယ်"
"ကောင်းပြီလေ... ကျေးဇူးတင်ပါတယ် ကျန်းရှီ... မင်းလည်း ဂရုစိုက်ပါ"
ခုန်းရှီ၏အသံ တဖြည်းဖြည်း တိမ်ဝင်ပျောက်ကွယ်သွားပြီး စိတ်ခံစားချက်ဓားဆန္ဒသည် လေဟာနယ် နက်ရှိုင်းသောနေရာ၌ ပျောက်ကွယ်သွားပေ၏။
"ကောင်းကင်ဥပဒေသမြို့တော်ကို စွန့်စားပြီးဝင်ရောက်ရမယ့်ပုံပဲ..."
လမ်းကြားလေးအတွင်းရှိ ခြေရာလက်ရာများကို ရှင်းလင်းလိုက်ပြီးနောက် ကျန်းရွှမ်က သက်ပြင်းချလိုက်မိသည်။
ခုန်းရှီနှင့် စကားပြောဆိုမှုသည် မရှည်လျားသော်လည်း အချက်တစ်ချက်ကို အတည်ပြုနိုင်ခဲ့သည်။ တစ်ဖက်လူသည် အိမ်ရှေ့စံမင်းသား ယွမ်ချင်း၏ လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး ကောင်းကင်ဥပဒေသမြို့တော်တွင် အမှန်တကယ်ကို လူသိရှင်ကြား ကွပ်မျက်ခံရတော့ပေမည်။
ကောင်းကင်ဥပဒေသမြို့တော်သည် နဂါးကန်ဖြစ်စေ ကျားအသိုက်ဖြစ်စေ သူ ဝင်ရောက်ရပေမည်။
"သွားကြစို့"
လမ်းကြားလေးထဲမှ ထွက်လာပြီးနောက် ကျန်းရွှမ်သည် ကူးပြောင်းရေးတံခါးပေါက် တည်ရှိရာ ရင်ပြင်ဆီသို့ ဦးတည်သွားကာ လျှင်မြန်စွာ ရောက်ရှိသွားသည်။
ဤအချိန်၌ ရင်ပြင်တစ်ခုလုံးတွင် လူများဖြင့် ပြည့်နှက်နေပြီး သူတို့အားလုံးနီးပါး အသက်ပင်လယ်နယ်ပယ်နှင့် ထိုအဆင့်အထက်ရှိ ထိပ်သီးကျင့်ကြံသူများပင်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အသက်ပင်လယ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူများသည် နေရာတိုင်းတွင် ရှိနေပြီး မရေမတွက်နိုင်အောင် များပြားသည်။
အလုံးစုံသိမြင်ဂိုဏ်းမှ သတင်းဖြန့်လိုက်ပြီးနောက် ကျန်းရွှမ်နှင့်အိမ်ရှေ့စံမင်းသား ယွမ်ချင်းတို့၏ ရန်ငြိုးများ ဗုဒ္ဓဂိုဏ်းတွင် သူ ပြဿနာရှာခဲ့သည့် အဖြစ်အပျက်များသည် နေရာအနှံ့ ပျံ့နှံ့သွားခဲ့လေပြီ။ ထိပ်သီးကျင့်ကြံသူအမြောက်အများသည် အခြေအနေအရပ်ရပ်ကို ခန့်မှန်းမိကြပြီး ဤလူသိရှင်ကြား ကွပ်မျက်မှုသည် ပွဲကြီးပွဲကောင်း ဖြစ်လာမည်ကို သိရှိသဖြင့် အင်အားစုအများစုက လူများစေလွှတ်ထားကြသည်။
ဂိုဏ်းတချို့ဆိုလျှင် ဂိုဏ်းချုပ်များပင် ရောက်ရှိလာကြ၏။ ဤသည်မှာ ထျန်းလီအင်ပါယာတွင် နှစ်ပေါင်းရာနှင့်ချီအတွင်း၌ မကြုံဖူးသော ပွဲကြီးပွဲကောင်းတစ်ခုပင်။
"ပိုပြီးသဘာဝကျတဲ့ သက်သေခံအထောက်အထားတစ်ခုလောက် ဖန်တီးသင့်တယ် မဟုတ်လား"
ကျန်းရွှမ်သည် ရိုးရှင်းစွာရုပ်ဖျက်ပြီး သက်သေခံအထောက်အထား အတုတစ်ခု ဖန်တီးကာ ဝင်ရောက်ရန် ပြင်ဆင်နေသည်ကို နှင်းနတ်ဆိုးအရှင် မြင်လိုက်ရချိန်၌ မနေနိုင်တော့ဘဲ အကြံပြုလိုက်သည်။
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ကျန်းရွှမ်ကို သတ်လိုသဖြင့် ဂရုတစိုက် စောင့်ကြည့်နေမည်မှာ သေချာပေါက်ပင်။ သက်သေခံအထောက်အထား တစ်ခုစီ၏ နောက်ကွယ်တွင် အင်အားစုတစ်ခု၏အမွေအနှစ် ရှိသည်။ အကယ်၍ သူသာ လေလွင့်ကျင့်ကြံသူတစ်ဦးအဖြစ်သာ ရုပ်ဖျက်ထားပါက သံသယဖြစ်ခံရရန် အလွန်အမင်း လွယ်ကူသည်။
"မလိုပါဘူး... ဒီမှာက ပုံမှန်သက်သေခံအထောက်အထားနဲ့ လူဆိုလို့ သိပ်ရှိမှာ မဟုတ်ဘူး... ငါ့ရဲ့ဟာက ပုံမှန်ဖြစ်နေပြီ"
ကျန်းရွှမ်က ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။ သူ့စကား၏အဓိပ္ပါယ်ကို နှင်းနတ်ဆိုးအရှင် အပြည့်အဝ နားမလည်သေးမီမှာပင် လူတချို့သည် ကူးပြောင်းရေးတံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားသည်ကို မြင်တွေ့မိလေ၏။
"ကျေးဇူးပြုပြီးတော့ သက်သေခံအထောက်အထားနဲ့ စာရင်းသွင်းပေးပါ..."
အစောင့်နှစ်ယောက်က ရှေ့သို့တိုးကာ စစ်ဆေးလိုက်သည်။
"ငါတို့က ဗုဒ္ဓဂိုဏ်းရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးတွေပဲ... ကျားရီ ...ကျားအာ...ကျားစန်း..."
အစောင့်များက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ....ဒီမှာ မင်းတို့ရဲ့ သက်သေခံ တံဆိပ်ပြားတွေပါ... ဝင်သွားလို့ရပြီ"
ထိုလူများက ခေါင်းညိတ်ပြပြီး အတွင်းသို့ ဝင်သွားကြသည်။
"ဒါက..."
နှင်းနတ်ဆိုးအရှင် ကြက်သေသေသွားသည်။ ဤသည်မှာ အလွန်အမင်း လက်လွတ်စပယ်လုပ်ရာ ကျမနေသလော။ ထိုလူများသည်မျက်နှာပြောင်တိုက်ပြီး လိမ်ပြောနေသည်နှင့် ထပ်တူထပ်မျှပင်။
"တိုက်ပွဲဖြစ်ပွားတာနဲ့ ပဋိပက္ခကြားမှာ အကျိုးအမြတ်ရှာချင်တဲ့သူတွေ အများကြီး ရှိလာလိမ့်မယ်... ကိုယ့်ရဲ့ကိုယ်ပိုင်အထောက်အထားကို သုံးရင် သက်ဆိုင်ရာ အင်အားစုတွေဆီ ပြဿနာရောက်ဖို့ လွယ်ကူတယ်... ဒါကြောင့် အရမ်းကျော်ကြားတဲ့သူတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့သူတွေကလွဲရင် အခြေခံအနေနဲ့ အထောက်အထားအတုတွေကို သုံးကြတာပဲ... ပြီးတော့... အိမ်ရှေ့စံမင်းသား ယွမ်ချင်းက ငါ့ကို အထဲမှာ ပိတ်မိနေစေချင်တာလေ... စစ်ဆေးမှုတွေ အရမ်းတင်းကြပ်လို့ ငါ ဝင်မရရင် ဘယ်ကောင်းမလဲ...သူက ကိုယ့်ခြေထောက်ကိုကိုယ် ကျောက်တုံးနဲ့ထုသလို ဖြစ်မနေဘူးလား"
နှင်းနတ်ဆိုးအရှင်၏ဇဝေဇဝါဖြစ်နေမှုကို မြင်လိုက်ရသဖြင့် ကျန်းရွှမ်က ရှင်းပြလိုက်သည်။
ဤကိစ္စသည် အလွန်အန္တရာယ်များပေ၏။ နှင်းနတ်ဆိုးအရှင်၏စွမ်းအားမှာ သာမာန်မျှသာရှိသော်လည်း ဗဟုသုတအတော်အသင့် ကြွယ်ဝသည်။ ထို့ကြောင့် သူ့ကို ရွှမ်ကမ္ဘာထဲတွင် ထားခဲ့သော်လည်း ကျန်းရွှမ်သည် ပတ်ဝန်းကျင်ကို အချိန်နှင့်တပြေးညီ လေ့လာနိုင်ရန် စိတ်ဝိညာဥ်စွမ်းအားကို အသုံးပြုထားသည်။
"အဲ့ဒီလိုကိုး..."
နှင်းနတ်ဆိုးအရှင်သည် ရုတ်တရက် နားလည်သွားပေ၏။ သူ၏သခင်သည် အသက်မကြီးသေးသော်လည်း လူအများ၏စရိုက်သဘာဝကို သေသေချာချာ နားလည်ထားပေ၏။
"ငါ့ရဲ့နာမည်က ယန်ရွှမ်ပါ..."
ကျန်းရွှမ်က နာမည်တစ်ခုကို ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီး သက်သေခံ တံဆိပ်ပြားတစ်ခုကို ရယူကာ အတွင်းသို့ ဝင်သွားလိုက်သည်။
လေဟာနယ်သည် အချိန်တခဏကြာမျှ တွန့်လိမ်ပုံပျက်သွားပြီး နောက်ထပ်အချိန်တခဏတွင် သူသည် ကျယ်ပြန့်သော နယ်မြေတစ်ခုထဲသို့ ရောက်ရှိသွားသည်။ ဤသည်မှာ သူ ယခင်က ဝင်ရောက်ဖူးသော ကျီးလန်တောင်ကြားနှင့် အနည်းငယ်ဆင်တူပြီး သီးခြားကမ္ဘာတစ်ခုထဲတွင် ရှိနေသကဲ့သို့ ခံစားရသည်။
"ကောင်းကင်ဥပဒေသမြို့တော်မှာ မရေမတွက်နိုင်တဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေ ရှိတယ်... တိတိကျကျ လိုက်နာသမျှ ကာလပတ်လုံး အပြစ်ပေးခံရမှာ မဟုတ်ဘူး..."
"ငါ သိတယ်... ဒီနေရာက စည်းကမ်းတွေက ထျန်းလီအင်ပါယာရဲ့ တော်ဝင်ဥပဒေတွေကို လိုက်နာတယ်... လူတွေကို အတန်းအစား အမျိုးမျိုး ခွဲခြားထားတယ်... အဆင့်အတန်း ခွဲခြားမှု တင်းကြပ်တယ်... အာဏာရှိတဲ့သူတွေက သာမန်လူတွေရဲ့ သေခြင်းရှင်ခြင်းကို စိတ်တိုင်းကျ ဆုံးဖြတ်နိုင်တယ်"
"ဒါတင် မကသေးဘူး... အဆင့်မြင့်တဲ့သူတစ်ယောက်က အဆင့်နိမ့်တဲ့ အမျိုးသမီးတစ်ယောက်ကို သဘောကျရင် ဒါက အဲ့ဒီအမျိုးသမီးရဲ့ ကံကောင်းခြင်းလို့ ယူဆတယ်..တကယ်လို့ သူက ငြင်းဆန်ရင် အပြစ်ပေးခံရလိမ့်မယ်..."
သူ ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသော်လည်း သူ၏ပတ်ဝန်းကျင်တွင် လူအမြောက်အများ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ သူ ဤနေရာသို့ မလာမီတွင် သူ နှင်းနတ်ဆိုးအရှင်ကို အထူးတလည် မေးမြန်းခဲ့သည်။ ထိုတိုင်ပင်ဆွေးနေမှုများတွင် ပြောနေသည့်အတိုင်းပင် နတ်ဘုရားနယ်မြေတစ်ခု ဖြစ်သည့်အတွက် တိကျသော စည်းမျဉ်းများ ရှိနေပေ၏။
ကျီးလန်တောင်ကြားသည် ထုံးတမ်းစဥ်လာ မလိုက်နာသူများကို အပြစ်ပေးသော်လည်း ဤနေရာ၌ ဥပဒေ မလိုက်နာသူများကို အပြစ်ပေးသည်။ ဥပဒေပြဋ္ဌာန်းချက်များ ဆိုသည်မှာ ထျန်းလီအင်ပါယာက ရေးဆွဲထားခြင်းဖြစ်ပြီး အခြေခံကျင့်ဝတ်စံနှုန်းများကို လွှမ်းခြုံထားသဖြင့် အန္တရာယ် အလွန်ကြီးမားခြင်းမရှိပေ။
ဥပမာအနေဖြင့်ဖြင့် တူညီသော အဆင့်အတန်းရှိသူများအကြား၌ မုဒိမ်းကျင့်ခြင်းနှင့်လုယက်ခြင်းတို့သည် တရားမဝင်ချေ။ ထိုပြစ်မှုကျူးလွန်သူကို စည်းမျဉ်းများမှ ရှာဖွေတွေ့ရှိသည်နှင့် ကျင့်ကြံခြင်းကို ချိတ်ပိတ်ခံရမည်ဖြစ်ပြီး ပြင်းထန်ပါက ချက်ချင်းသုတ်သင်ခံရနိုင်သည်။
"ကျီးလန်တောင်ကြားတုန်းက စည်းမျဉ်းတွေရဲ့ ချုပ်နှောင်မှုကို ငါ မခံခဲ့ရဘူး... ဒီနေရာမှာရော ဖြစ်နိုင်မလား မသိဘူး..."
ကျီးလန်တောင်ကြားတွင် ရှိနေစဉ်က သူ ထိန်းချုပ်ထားသော စိတ်ခံစားချက်ကံကြမ္မာ၏အဆင့်သည် အလွန်မြင့်မားသဖြင့် စည်းမျဉ်းများ၏ ချုပ်နှောင်ခြင်းကို မခံရဘဲ အကျိုးကျေးဇူးများ ထပ်ခါတလဲလဲ ရရှိခဲ့သည်။ ဤနေရာတွင် မည်သို့ဖြစ်လာမည်ကို သူ မသိရှိချေ။
အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် ရှေ့မှလူအုပ်ကြီးထံသို့ တိတ်တဆိတ် လျှောက်လှမ်းသွားလိုက်၏။ အချိန်တခဏကြာပြီးနောက် လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ရောက်ရှိသွားပြီး သူ၏လက်ဝါးကို ဖွင့်လိုက်ရာ သိုလှောင်လက်စွပ်တချို့က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူသည် စည်းမျဉ်းများ အသက်ဝင်မဝင်ကို သိလိုသဖြင့် သူ၏ ခိုးယူခြင်းစွမ်းရည်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ကောင်းကင်ဥပဒေသမြို့တော်၏ စည်းမျဉ်းများအရ ခိုးယူခြင်းကို ခွင့်မပြုပေ။ သူသည် ထိုသိုလှောင်လက်စွပ်များကို အိတ်ကပ်ထဲသို့ ထည့်လိုက်ရာ စည်းမျဉ်းများ၏ကန့်သတ်ချက်ကို မတွေ့ရသဖြင့် ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။
ကောင်းကင်ဥပဒေသမြို့တော်သည် သန်မာသော်လည်း စိတ်ခံစားချက်ကံကြမ္မာနှင့် နှိုင်းယှဉ်လျှင် များစွာနိမ့်ကျနေပုံရသည်။ ထိုသို့ဆိုလျှင် ကွပ်မျက်ကွင်း၌ လူကို ပြန်ပေးဆွဲလျှင်ပင် သူ အလွန်အမင်း စိတ်ပူရန် မလိုတော့ချေ။
လေဟာနယ်တစ်ခုလုံးအတွင်း၌ တိတ်တဆိတ် လျှောက်လှမ်းသွားရင်း ကျန်းရွှမ်သည် ပတ်ဝန်းကျင်ရှိ မြေပြင်အနေအထားအားလုံးကို စူးစမ်းစစ်ဆေးလိုက်၏။ သူ လမ်းတစ်ဝက် မရောက်သေးမီမှာပင် လေထုထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး လူများအားလုံး ဝင်ရောက်လာခဲ့သော လေဟာနယ်တံခါးပေါက် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။ ကောင်းကင်ဥပဒေသမြို့တော် လုံးလုံးလျားလျား ပိတ်သွားလေပြီ။
ထိုအရာကို ခံစားလိုက်ရသဖြင့် ကျန်းရွှမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
လေဟာနယ်တံခါးပေါက် ပိတ်သွားသည်နှင့်အမျှ ရင်းမြစ်ကမ္ဘာတွင် သူ ချန်ထားခဲ့သော လေဟာနယ်အမှတ်အသား အများအပြားသည်လည်း သူနှင့် အဆက်အသွယ် ပြတ်တောက်သွားလေပြီ။ ဆိုလိုသည်မှာ ယခုအချိန်တွင် သူ နားလည်သဘောပေါက်ထားသော လေဟာနယ် ဥပဒေသများကို အသုံးပြု၍ ကူးပြောင်းထွက်ခွာနိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ဤလေဟာနယ် ဖိအားအောက်တွင် ရွှမ်ကမ္ဘာသို့ ဝင်ရောက်ခြင်းသည်ပင် အခက်အခဲတစ်ခု ဖြစ်လာပေမည်။
"သူတို့က ဒီနေရာကို ရွေးချယ်လိုက်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... ထွက်ပြေးဖို့က တကယ်ကြီး ခက်ခဲတာပဲ"
ရွှမ်ကမ္ဘာသည် သီးခြားကမ္ဘာတည်ဆောက်ပုံ ရှိသဖြင့် ဤနေရာမှ ကန့်သတ်ချက်များကို လျစ်လျူရှုနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ယခု၌မူ သူ ဤနေရာကို လျှော့တွက်မိကြောင်း သိသာထင်ရှားနေသည်။
သူ ခန့်မှန်းထားသည်မှာ မှန်ကန်ပေ၏။ ဤကောင်းကင်ဥပဒေသမြို့တော်သည် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေများကြားတွင် အဆင့်မြင့်မားပြီး ယခင်ကျီးလန်တောင်ကြားထက် များစွာပို၍သာလွန်သည်။ ထိုကြောင့် သူ အရာရာကို ဂရုစိုက်ရမည့်ပုံ ပေါ်သည်။