ခုန်းရှီအား ကွပ်မျက်ခြင်း
Vol. 44 Ch. 497
"ငါ့ရဲ့ ထျန်းလီအင်ပါယာ ဥပဒေစိုးမိုးရေးကို လာရောက်ပြီး သက်သေခံပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျန်းရွှမ် စိတ်လှုပ်ရှားနေစဉ်မှာပင် ရှင်းလင်းပြတ်သားသော အသံတစ်သံက လေဟာနယ်တလျှောက် ပဲ့တင်ထပ်သွားပြီး အိမ်ရှေ့စံမင်းသား ယွမ်ချင်း၏ပုံရိပ်သည် မိုးကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူသည် အစိမ်းဖျော့ရောင် မြွေရေခွံဝတ်ရုံကို ဝတ်ဆင်ထားပြီး မိုးကောင်းကင်သို့ ပျံတက်နေသော ဧရာမနဂါးကြီးအလား ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ရက်အနည်းငယ်အတွင်းတွင် အိမ်ရှေ့စံမင်းသားယွမ်ချင်း၏စွမ်းအား သိသိသာသာ တိုးတက်လာကြောင်း သိသာထင်ရှားသည်။ သူသည် အသက်ပင်လယ် နဝမအဆင့်သို့ မရောက်ရှိသေးသော်လည်း သိပ်မလိုတော့ချေ။ အကယ်၍ သူသည် ထာဝရနှလုံးသားကိုသာ ပြန်ယူနိုင်ခဲ့လျှင် ထိုအတားအဆီးကို ဖြတ်ကျော်ပြီး ရင်းမြစ်ကမ္ဘာ၏အထွတ်အထိပ်စာရင်းသို့ ဝင်ရောက်နိုင်ပေမည်။
"ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူ ခုန်းရှီက အမိန့်တွေကို မနာခံဘဲနဲ့ တော်ဝင်အာဏာကို အာခံခဲ့တယ်... ဒါကြောင့် ဒီနေ့ မွန်းတည့်ချိန်ကျရင် နဂါးသတ်စင်မြင့်မှာ ခေါင်းဖြတ်ကွပ်မျက်မယ်..."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲမှ ဧရာမနဂါးကြီးတစ်ကောင် ပျံသန်းလာပြီး ကျောပေါ်တွင် မြင့်မားသော ကျောက်စင်မြင့်တစ်ခုကို သယ်ဆောင်လာသည်။ ထိုစင်မြင့်ပေါ်တွင် ခါးတုတ်ပြီး ပခုံးကျယ်ကျယ်ကာ ကြွက်သားအဖုအထစ်များရှိသော လူထွားကြီးတစ်ဦး မတ်တတ်ရပ်နေသည်။
ဤလူထွားကြီးသည် နဂါးပုံစံများ ထွင်းထုထားသော မဟာနဂါးဓားကြီးတစ်လက်ကို ကိုင်ထားပြီး သူ၏စွမ်းအားသည် အလွန်ကြီးမားကာ အသက်ပင်လယ် နဝမအဆင့်သို့ ရောက်ရှိနေလေပြီ။
ပါးကွက်သမားတစ်ဦးသည် အသက်ပင်လယ် နဝမအဆင့်သို့ ရောက်ရှိနေခြင်းက ဤကွပ်မျက်မှုအပေါ် ထားရှိသော အလေးထားမှုကို ပြသနေသည်။
လူထွားကြီးနှင့် မနီးမဝေးတွင် လူတစ်ဦး ဒူးထောက်နေပြီး ခေါင်းငုံ့ထားသည်။ ထိုလူ၏ဆံပင်များသည် မျက်နှာပေါ်၌ ဖုံးအုပ်နေသဖြင့် မည်သူဖြစ်ကြောင်း မမြင်နိုင်ချေ။ သို့ရာတွင် သူတို့၏နံဘေးပတ်လည်တွင် ပြန့်ကျဲနေသော စွမ်းအားများအရ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူဖြစ်ကြောင်း သိသာထင်ရှားပေ၏။
"ခုန်းရှီ..."
ထိုလူကို မှတ်မိလိုက်သည်နှင့် ကျန်းရွှမ်က သူ၏လက်သီးများကို အလိုအလျောက် ဆုပ်လိုက်မိသည်။
စင်မြင့်ပေါ်တွင် ချုပ်နှောင်ခံထားရသူမှာ အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ ဖမ်းဆီးခြင်းကို ခံထားရသော ခုန်းရှီပင်။ ယခုအချိန်၌ သူ့ထံတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကောင်းမွန်သောနေရာဟူ၍ တစ်နေရာမျှ မရှိတော့ချေ။ သူ၏ စိတ်ဝိညာဉ်သည်လည်း ပြင်းထန်သော ထိခိုက်မှုများကို ခံစားခဲ့ရသဖြင့် အနည်းငယ် ထိုင်းမှိုင်းနေပုံရသည်။
သူ၏ ဆရာတစ်ဦးအပြင် မိတ်ဆွေတစ်ဦးလည်း ဖြစ်သော လူတစ်ယောက်ကို ဤအခြေအနေသို့ ရောက်အောင် လုပ်ဆောင်ခဲ့မှုကြောင့် ကျန်းရွှမ်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်။ ဤသည်မှာ သူ လူတစ်ယောက်ကို ဤမျှထိ သတ်ဖြတ်လိုစိတ် ပြင်းပြခဲ့ဖူးသည့် ပထမဆုံးအကြိမ်ပင်။
လက်ပါးစေဖြစ်လာရန် သဘောမတူရုံသက်သက်ဖြင့် ဤကဲ့သို့ နှိပ်စက်ညှဉ်းပန်းခံရသည်မှာ တော်ဝင်အာဏာ မဟုတ်တော့ဘဲ အာဏာရှင်ဆန်ခြင်းသာ ဖြစ်သည်။
"ဒါက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူလား"
"ဟုတ်ပုံရတယ်... သနားစရာပဲ သူက ဒီကံကြမ္မာကို နားလည်သဘောပေါက်ထားတာတောင် မကြာသေးဘူး....အဖမ်းခံလိုက်ရတယ်..."
"ဘာ သနားစရာ ရှိလဲ... သူက အဲ့ဒီကျန်းရွှမ်နဲ့ ပေါင်းမိတာကို အပြစ်တင်ရမှာပေါ့... အဲ့ဒီကောင်ကြောင့် ဒီလိုမျိုးတွေ ဖြစ်လာခဲ့တာပဲ"
"အမှန်ပဲ...သူက အိမ်ရှေ့စံမင်းသားဆီကတောင် ခိုးရဲတယ်... သူ့ကို ရှာမတွေ့ရင် သူ့ရဲ့သူငယ်ချင်းတွေက ခံရမှာပေါ့..."
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာသည် အလွန်အစွမ်းထက်ပြီး လူအများမှ လိုချင်နေကြသော်လည်း မည်သူမျှ ဤနေရာတွင် ပြဿနာရှာရဲခြင်း မရှိချေ။ အများဆုံးအနေဖြင့် သူတို့သည် စကားအနည်းငယ်သာ ပြောဆိုဆွေးနွေးရဲကြသည်။
"ခုန်းရှီ...ကျွန်တော် ပြောတာ ကြားရလား"
ဆူညံသံများကို ကြားလိုက်ရချိန်၌ အခွင့်အရေးဖြစ်ကြောင်း ကျန်းရွှမ် သိရှိပြီး စင်မြင့်ပေါ်တွင် ဒူးထောက်နေသော ခုန်းရှီထံသို့ တိတ်တဆိတ် အသံပေးပို့လိုက်၏။ ခုန်းရှီသည် မည်သည့်တုံ့ပြန်မှုမျှ မပြဘဲ အာရုံခံစားမှုများ ပိတ်ဆို့ခံထားရသည့်အလား သူ၏သတင်းစကားကို လက်မခံနိုင်ဖြစ်နေသည်။
"သူ့ရဲ့ အာရုံငါးပါးလုံး ချိပ်ပိတ်ခံထားရပုံပဲ..."
နှင်းနတ်ဆိုးအရှင်က ပြောဆိုသည်။
"ဒါက ပုံမှန်အတိုင်းပါပဲ....သေဒဏ်ကျခံရမယ့် အကျဉ်းသားတွေကို ကိုင်တွယ်တဲ့အချိန်မှာ ပြဿနာမဖြစ်အောင် ဒီလိုမျိုး လုပ်ထားကြတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ အာရုံငါးပါးလုံး ချိပ်ပိတ်ခံထားရသဖြင့် သူ ဆက်သွယ်ရန် နည်းလမ်းမရှိတော့ပေ။ ခုန်းရှီကို ကယ်တင်ရန်အတွက် သူ အခွင့်အလမ်း ရှာဖွေရုံသာ တတ်နိုင်ပေမည်။
သို့ရာတွင်...
တစ်ဖက်လူသည် လူသိရှင်ကြား ကွပ်မျက်ရဲသဖြင့် ခိုင်မာသော အစီအစဉ်တစ်ခုကို ပြင်ဆင်ထားပြီးဖြစ်မည်မှာ သေချာပေါက်ပင်။ သူ အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုကို စဉ်းစားရန် လိုအပ်ပေ၏။ ထိုသို့မဟုတ်ပါက သူ မဆင်မခြင် လုပ်လိုက်သည်နှင့် ထာဝရငရဲခန်းထဲသို့ ကျရောက်သွားပေလိမ့်မည်။
မည်သို့ပင် စဉ်းစားစေကာမူ ဤကိစ္စအတွက် အကောင်းဆုံးဖြေရှင်းနည်း မရှိချေ။
ဤနေရာ၌ ထိပ်သီးကျင့်ကြံသူများ အလွန်များသည်။ အသက်ရှူချိန် တစ်ထောင်ပုံတစ်ပုံအတွင်း လူကိုကယ်တင်ပြီး သူ ရွှမ်ကမ္ဘာထဲသို့ ထည့်နိုင်မှသာ ရပေမည်။ ထိုသို့မဟုတ်ပါက သူသည် မရေမတွက်နိုင်သော အင်အားစုများ၏ ဝိုင်းရံပိတ်ဆို့မှုကို သေချာပေါက် ခံရပေလိမ့်မည်။
ကျန်းရွှမ်သည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး အလျင်လိုမနေဘဲ လူအုပ်ကြီးထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားသွားလာကာ မထင်မရှားဖြစ်အောင် နေလိုက်သည်။
"အဲ့ဒီလူတွေက ဗုဒ္ဓဂိုဏ်းက ကျင့်ကြံသူတွေ ဖြစ်လောက်တယ်..."
မကြာမီမှာပင် ကျန်းရွှမ်က ရပ်တန့်လိုက်သည်။ သူနှင့် မနီးမဝေးတွင် ရှိနေသော လူတချို့သည် ကောင်းစွာရုပ်ဖျက်ထားသော်လည်း သူသည် ယခင်က အပြာရောင်တိမ်တိုက်အရှင်၏ ကံကြမ္မာမြစ်နှင့် ချိတ်ဆက်ဖူးပြီး သူ့ထံတွင် ဗုဒ္ဓရတနာများ ရှိနေသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေဆဲပင်။
ဤဗုဒ္ဓကျင့်ကြံသူများအပြင် နတ်ဆိုးမျိုးနွယ်မှ ထိပ်သီးကျင့်ကြံသူတချို့ကိုလည်း သူ မြင်တွေ့မိသည်။ အလုံးစုံသိမြင်ဂိုဏ်း အနုပညာဂိုဏ်း ဓားတစ်သောင်းမဟာမိတ်အဖွဲ့ ဓားဂိုဏ်း ရုပ်သေးဂိုဏ်း ဆေးပညာဂိုဏ်းစသည့် အင်အားစုများမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လူအုပ်ကြီးထဲတွင် ရောယှက်နေကြ၏။
လူများအားလုံး၏ ဖြန့်ကျက်ပုံနှင့် တည်နေရာများကို သူ သေချာမှတ်သားပြီးနောက် မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့သည်။
"ခေါင်းဖြတ်ဖို့ ပြင်ဆင်တော့"
မိုးကောင်းကင်ယံရှိ အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး ထိုလူငယ်ကို ရှာဖွေရန် ကြိုးစားနေပုံရသော်လည်း လူအလွန်များနေသဖြင့် သူပင်လျှင် ခွဲခြားနိုင်ခြင်းမရှိချေ။
ဝေါင်း...
မျက်လုံးစုံမှိတ်ထားခဲ့သော ပါးကွက်သမားသည် မျက်လုံးဖွင့်လိုက်ပြီး သူ၏လက်ထဲမှ ဓားရှည်ကို မြှောက်လိုက်သည်။ သူ့ထံ၌ လွန်ကဲသော လှုပ်ရှားမှုများ မရှိသော်လည်း ဓားမှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီဓားက ကံကြမ္မာနယ်ပယ်မှာရှိတဲ့ ဧရာမနဂါးတစ်ကောင်ရဲ့ အရိုးတွေနဲ့ သွန်းလုပ်ထားတာ... အဲ့ဒီဓားရဲ့စွမ်းအားက အကန့်အသတ်မရှိဘူး"
"ဒါက ထျန်းလီအင်ပါယာရဲ့ နာမည်ကျော် မဟာနဂါးဓားလား"
"အမှန်ပဲ....ဒီမဟာနဂါးဓားကို ထျန်းလီအင်ပါယာရဲ့ တတိယမြောက် ဧကရာဇ်က သန့်စင်ခဲ့တာ... အဲ့ဒီဓားရဲ့စွမ်းအားက တော်ဝင်စည်းတံဆိပ်နဲ့ အိမ်ရှေ့စံတံဆိပ်ပြားကို မယှဉ်နိုင်ပေမယ့် ထိပ်တန်းရတနာတစ်ခုလို့ သတ်မှတ်လို့ရတယ်... ရာဇဝတ်သားတစ်ယောက်ကို သတ်ဖို့ သုံးတာက တန်ဖိုးထားလွန်းရာ ရောက်နေတယ်"
"မင်း အတွေးလွန်နေပြီ... ခေါင်းဖြတ်ခံရမယ့်သူက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူလေ... သူသာ ကြီးထွားလာခွင့်ရရင် အနည်းဆုံးတော့ ထုံးတမ်းစဉ်လာအမတ်ကြီး ဖြစ်လာလိမ့်မယ်"
"အဲဒါတော့ ဟုတ်တယ်..."
နဂါးဟိန်းသံကို ကြားလိုက်ရပြီးနောက် ပါးကွက်သမား၏စွမ်းအားများ ပွင့်အံ့ထွက်လာသည်ကို မြင်လိုက်ရချိန်၌ ကြည့်ရှုသူများသည် စိတ်ဝင်တစား ဆွေးနွေးနေကြပြီး လူတချို့ကမူ ပတ်ဝန်းကျင်ကို စတင်၍ ရှာဖွေနေကြလေပြီ။
လူကယ်ချင်လျှင် ဤအချိန်သည် အကောင်းဆုံးအချိန်ပင်။ ထိုသို့မဟုတ်ပါက ခေါင်းပြတ်ကျသွားသည်နှင့် လှုပ်ရှားရန် နောက်ကျသွားပေလိမ့်မည်။
"အချိန်ကျပြီ"
ကောင်းကင်ဥပဒေသမြို့တော်၏ အထက်တွင် ဆိုင်းငံ့နေသော နေမင်းကြီးကို ကြည့်ရင်း အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် အချိန်ကို တွက်ချက်ကာ ပီပြင်ရှင်းလင်းစွာ အော်ဟစ်လိုက်သည်။
ဝှစ်...
သူသည် မီးတောက်တံဆိပ်ပြားတစ်ခုကို ပစ်ချလိုက်ရာ လေထုထဲတွင် တောက်ပသော တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။ ပါးကွက်သမားသည် အမိန့်ကို လက်ခံရရှိပြီးနောက် မဟာနဂါးဓားပေါ်သို့ အရက်ပြင်းတစ်လုတ် မှုတ်ထုတ်လိုက်ကာ ဓားကို ရုတ်တရက် မြှောက်လိုက်၏။
ဝှစ်....
အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ရပ်နှင့်အတူ နဂါးသတ်စင်မြင့်၏ လေဟာနယ်တစ်ခုလုံး ချိပ်ပိတ်ခံလိုက်ရပြီး ဓားမှနေ၍ ကြီးမားကျယ်ပြန့်သော နဂါးစွမ်းအင်များ ထွက်ပေါ်လာသည်။
"အခုပဲ..."
သူ ယခုချိန်၌ မလှုပ်ရှားလျှင် ခုန်းရှီ၏ ခေါင်းပြတ်ကျသွားမည်ဖြစ်ကြောင်း ကျန်းရွှမ်က သိရှိထားသည်။ သူ၏မျက်လုံးများ တောက်ပသွားပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။
ဘုန်း.....ဘုန်း... ဘုန်း...
ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး သူ အစောပိုင်းက လူအုပ်ကြီးထဲတွင် ရွေ့လျားရင်း တိတ်တဆိတ် ချန်ထားခဲ့သော အမှတ်အသားများ စတင်၍ အသက်ဝင်လာသည်။ သူ တစ်ယောက်တည်းဖြင့် ခုန်းရှီကို ကယ်တင်ရန် ကြိုးစားခြင်းသည် အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ ဝိုင်းရံပိတ်ဆို့မှုကို သေချာပေါက် ခံရပေမည်။ ထို့ကြောင့် သူသည် ဤနေရာတွင် အရင်ဆုံး ဖရိုဖရဲဖြစ်အောင် လုပ်ရပေမည်။
ဤနေရာ ဖရိုဖရဲဖြစ်နေသမျှ ကာလပတ်လုံး အခွင့်အရေး ပိုများလာပေလိမ့်မည်။
"ဒုက္ခပဲ... တစ်ယောက်ယောက်က ကျူးကျော်ဝင်ရောက်လာပြီ"
"အဲ့ဒါက ကျန်းရွှမ် ဖြစ်လိမ့်မယ်... မင်းတို့အားလုံး သတိထားကြစမ်း..."
ပေါက်ကွဲမှုဖြစ်ပွားရာ နေရာများမှ အသံများစွာ ထွက်ပေါ်လာသည်။ မူလက ပွဲကြည့်ရန် ပြင်ဆင်နေကြသော လူအုပ်ကြီးသည် တစ်စုံတစ်ယောက်က နံဘေးမှ ပြေးထွက်လာပြီး သူတို့အား သတ်ဖြတ်မည်ကို စိုးရိမ်နေကြ၏။ ထို့ကြောင့် သူတို့၏မျက်လုံးများထဲတွင် သတိထားမှုအရိပ်အယောင်များ ပြည့်နှက်သွားတော့သည်။
"အော် မီ တော ဖော... မင်းတို့အားလုံး အဆင်သင့်ပြင်ထားကြတော့... ဒီတစ်ကြိမ်မှာ အဲ့ဒီကောင်လေးကို ဖမ်းပြီးတော့ ပြန်ခေါ်သွားရမယ်... မဟုတ်ရင် ဗုဒ္ဓအရှင်က ငါတို့ကို သေချာပေါက် အပြစ်တင်လိမ့်မယ်"
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤနေရာသို့ ဝင်ရောက်လာသော ဗောဓိသတ္တနှစ်ပါးသည် တစ်ယောက်နှင့်တစ်ယောက် အသံပေးပို့ကာ ပြောဆိုလိုက်ကြ၏။
ဤတစ်ကြိမ်တွင် သူတို့ကိုယ်တိုင် လာရောက်ရုံသာမက တပည့်အမြောက်အများကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ထိုဘုန်းတော်ကြီးတစ်ပါးစီတိုင်းသည် အပြာရောင်တိမ်တိုက်အရှင်ထက် လျော့နည်းခြင်းမရှိသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
"သူတို့ကို ဂရုမစိုက်နဲ့... ကွပ်မျက်တာကို ဆက်လုပ်"
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ဖရိုဖရဲ ဖြစ်နေသည်ကို မြင်တွေ့ရသော်လည်း ဂရုမစိုက်ချေ။ သူသည် မနီးမဝေးရှိ ပါးကွက်သမားကို ကြည့်လိုက်ပြီး ထပ်မံ၍ အော်ဟစ်လိုက်၏။
"အမိန့်ကို နာခံပါ့မယ်"
ပါးကွက်သမားက ခေါင်းညိတ်လိုက်ပြီး မဟာနဂါးဓားကို ဖြည်းညှင်းစွာ မြှောက်ကာ မြေကြီးပေါ်တွင် ဒူးထောက်နေသော ခုန်းရှီထံသို့ ဦးတည်၍ ချက်ချင်းခုတ်ချလိုက်သည်။
ခုန်းရှီ၏ သေရေးရှင်ရေးသည် ဤအချိန်အခိုက်အတန့်တွင် တည်ရှိနေတော့သည်။