← Chapters

ခုန်းရှီအား ကယ်တင်ခြင်း (အပိုင်း ၁)

Vol. 44 Ch. 498

ခုန်းရှီအား ကယ်တင်ခြင်း (အပိုင်း ၁)

Vol. 44 Ch. 498

"ငါ စွန့်စားလိုက်မယ်"

အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ လက်ရှိတုံ့ပြန်မှုသည် ကျန်းရွှမ် မျှော်လင့်ထားသည့်အတိုင်းပင်။ သူ အသက်ပြင်းပြင်း ရှိုက်လိုက်ရာ သူ၏နှလုံးသား ပြင်းထန်စွာ ခုန်လှုပ်လာသည်။ ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးဧကရာဇ်များ၏ အနှစ်သာရ အမြူတေနှင့် ဗောဓိသတ္တအမြူတေများအတွင်းမှ စွမ်းအားများကို ထုတ်ယူလိုက်ပြီး သူ၏ခန္ဓာကိုယ်အနှံ့အပြား၌ လှည့်ပတ်စီးဆင်းစေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအားများဖြင့် ချက်ချင်းပြည့်နှက်သွားပြီး အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ်သို့ ထပ်မံရောက်ရှိသွားကာ ဗောဓိသတ္တအဆင့်နှင့် နီးကပ်နေလေပြီ။

ဤရက်ပိုင်းအတွင်းရှိ ကျင့်ကြံခြင်းနှင့် အတွေ့အကြုံများကြောင့် စွမ်းအားများအပေါ် သူ၏ထိန်းချုပ်နိုင်မှုသည် ပို၍လွယ်ကူလာပေ၏။ သူသည် ဗောဓိသတ္တနှင့် ယှဉ်နိုင်သော ကျင့်ကြံဆင့်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိသော်လည်း များစွာကွာဟခြင်း မရှိတော့ချေ။ အထူးသဖြင့် တတိယမြောက် ဗုဒ္ဓအရိုးအမွေအနှစ်ကို သန့်စင်ပြီးနောက် ပို၍သိသာလာသည်။ သူ၏နှလုံးသားသည် ထာဝရနှလုံးသားအဖြစ် ပြောင်းလဲသွားသည်သာမက သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါသုံးခုသည်လည်း အောင်မြင်စွာ ပြောင်းလဲသွားလေပြီ။

ထာဝရအဆုတ်သည် အသက်ရှူလိုက်တိုင်း ရင်းမြစ်ချီစွမ်းအားများကို ပို၍စုပ်ယူပြီး ပြန်လည်ထုတ်လွှတ်နိုင်သည်။

ထာဝရကျောက်ကပ်သည် သူ၏စွမ်းအားကို ပို၍သန့်စင်စေပြီး အားထုတ်လိုက်တိုင်း အကန့်အသတ်မရှိသော အလားအလာကို ပိုင်ဆိုင်စေသည်။

ထာဝရအသည်းသည် အဆိပ်အတောက်နှင့် တိုက်စားနိုင်သော စွမ်းအားများနှင့်အရှိန်အဝါများကို ပျော်ဝင်စေနိုင်သည်။

ထာဝရအဆင့်သို့ ရောက်ရှိသွားသော သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါသုံးခု အတူတကွ လှုပ်ရှားလာချိန်၌ သူ၏စွမ်းအားကို ပို၍သန်မာစေကာ ခမ်းနားထည်ဝါသော နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေစေသည်။

ဝှစ်....

သူ၏စွမ်းအားများ အကန့်အသတ်ထိ ရောက်ရှိသွားသည်နှင့် ကျန်းရွှမ်သည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူ၏ပုံရိပ် လှုပ်ရှားသွားပြီး နဂါးသတ်စင်မြင့်၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။ သူသည် စိတ်ဝိညာဉ်ဆင့်ခေါ် ဓားကို ဆွဲထုတ်လိုက်ရာ တောက်ပသော ဓားချီတစ်လှိုင်းသည် အောက်သို့ကျဆင်းလာသော မဟာနဂါးဓားဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။

"ကျန်းရွှမ်... မင်းက တကယ်ကြီး ရောက်လာတာပဲ... လူတစ်ယောက်ကို ကယ်ဖို့အတွက် ကိုယ့်ရဲ့အသက်နဲ့ရင်းပြီး စွန့်စားရဲတယ်... သေမှာကို မကြောက်ဘူး... ဒီအချက်ကိုတော့ ငါ လေးစားတယ်လို့ ပြောရမယ်"

သူ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ အိမ်ရှေ့စံမင်းသားယွမ်ချင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူ အကြောက်ဆုံးအရာမှာ တစ်ဖက်လူသည် နောက်ဆုံးအခိုက်အတန့်တွင် နောက်ဆုတ်သွားမည်ကိုပင်။ မည်သို့ပင်ဆိုစေကာမူ အင်ပါယာတစ်ခုလုံးကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်ခြင်းသည် သူပင်လျှင် မလုပ်ရဲသောအရာ ဖြစ်သည်။

သို့ရာတွင် သူ့ရှေ့မှ ဤလူသည် ရောက်လာရုံသာမက လူကို ကယ်တင်နိုင်ရန်အတွက် ကွပ်မျက်ကွင်း၌ အမှန်တကယ်ကို လှုပ်ရှားခဲ့သည်။ ဤသည်မှာ စစ်မှန်သော သတ္တိလော သို့မဟုတ် ထိုလူထံ၌ ယုံကြည်စိတ်ချရသည့် စွမ်းရည်များကို ပိုင်ဆိုင်ထား၍လော ဆိုသည်ကိုမူ သူ မသိနိုင်ချေ။

"ရောက်လာမှတော့ ဒီနေရာမှာပဲ မင်း နေခဲ့လိုက်တော့... တိုက်ခိုက်ကြစမ်း"

အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် လေထုထဲတွင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။ သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြတ်သားသော အမိန့်ကို ထုတ်ပြန်လိုက်၏။

ဘုန်း....

ပုံမှန်မဟုတ်အောင် တိတ်ဆိတ်နေသော လေဟာနယ်၏နက်ရှိုင်းသော နေရာတွင် အဖြူရောင်သံချပ်ကာ ဝတ်ဆင်ထားသော ကျားဖြူအစောင့်တပ်သားသုံးထောင် ချက်ချင်းထွက်ပေါ်လာကြသည်။ သူတို့သည် ဓားများကို တပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြပြီး မရေမတွက်နိုင်သော ဓားချီအလင်းတန်းများ ပေါင်းဆုံသွားကာ ဖြောင့်တန်းသော ကံကြမ္မာမြစ်တစ်စင်းအဖြစ် ဖွဲ့စည်းပြီး ကျန်းရွှမ်ထံသို့ အရှိန်ဖြင့် ပြေးဝင်သွားကြသည်။

ဝုန်း....ဝုန်း...ဝုန်း...ဝုန်း....

ဓားသံများသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်ပေါ်လာပြီး ပြင်းထန်သော စွမ်းအားများ လေထဲတွင် ပေါက်ကွဲသွားသည်။ မဟာနဂါးဓားကို ခုခံရန် ကျန်းရွှမ် ထုတ်လွှတ်လိုက်သော ဓားချီစွမ်းအင်သည် ထိခိုက်မှုကြောင့် ချက်ချင်းကြေသွားလေသည်။

ကျားဖြူအစောင့်တပ်သား သုံးထောင်အနက် မည်သူမျှ အသက်ပင်လယ် နဝမအဆင့်သို့ မရောက်ရှိသေးချေ။ သို့ရာတွင် သူတို့ ပေါင်းစည်းလိုက်သောအချိန်၌ ထွက်ပေါ်လာသော စွမ်းအားသည် ဗောဓိသတ္တတစ်ပါးပင်လျှင် တိုက်ရိုက် ရင်ဆိုင်ရန် မဝံ့ရဲသောအရာပင်။

ဤသည်မှာလည်း အိမ်ရှေ့စံမင်းသား၏ အကြီးမားဆုံး ပိုင်ဆိုင်မှုများထဲမှတစ်ခုဖြစ်သည်။

"ဝှစ်"

ကျန်းရွှမ်သည် ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ပေ၏။ သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ကြိုတင်စီစဉ်ထားသော လေဟာနယ် အမှတ်အသားကို အသုံးပြု၍ မူလနေရာမှ ပျောက်ကွယ်သွားသည်။ နောက်ထပ်အချိန်တခဏတွင် သူသည် နဂါးသတ်စင်မြင့် အထက်၌ ထွက်ပေါ်လာပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ဓားနည်းစနစ်ကို မသုံးဘဲ မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားသော စွမ်းအားကို အသုံးပြုလိုက်သည်။

ဗုဒ္ဓနှင့်နတ်ဆိုး စွမ်းအားနှစ်ရပ်သည် သူ၏တိုက်ခိုက်မှုအောက်တွင် ပေါင်းစပ်သွားပြီး လောကကြီးကို ဖျက်ဆီးမည့် စွမ်းအင်စီးကြောင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်၏။

"သန်မာလိုက်တာ... ဗုဒ္ဓဂိုဏ်းကနေ ဗောဓိပင်တစ်ပင်လုံးကို ခိုးယူပြီးတော့ ထွက်ပြေးနိုင်ခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး"

"သူက အိမ်ရှေ့စံမင်းသားရဲ့ ပစ္စည်းတွေကိုတောင် ခိုးရဲတယ်... ဒီကောင်မှာ တကယ့်ကို တစ်ခုခု ရှိတာပဲ"

နှစ်ဖက်တိုက်ပွဲသည် စတင်သည်နှင့် အရှိန်မြင့်တက်လာသည်။ တိတ်ဆိတ်သော လေဟာနယ်အတွင်း၌ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားပြီး လာရောက်ကြည့်ရှုသူများ၏ မျက်နှာများအားလုံး တည်ကြည်လေးနက်သွားကြသည်။

သူတို့အနက် ဗောဓိသတ္တနယ်ပယ် ကျင့်ကြံသူအမြောက်အများ ရှိသော်လည်း ထိုကဲ့သို့ အစွမ်းထက်သော တိုက်ပွဲကို ကြုံတွေ့ချိန်၌ လွယ်လင့်တကူ ဝင်ရောက်စွက်ဖက်ဝံ့ခြင်း မရှိကြချေ။

တင် တင်...

ထိုအချိန်မှာပင် စမ်းရေများမှ ကျောက်ဆောင်များကို ရိုက်ခတ်သော အသံကဲ့သို့ ဇီသာတေးသံတစ်သံ ထွက်ပေါ်လာသည်။ ဤဇီသာတေးသံကို ကြားလိုက်ရသဖြင့် တိုက်ပွဲ၏အလယ်တွင် ရှိနေသော ကျန်းရွှမ်၏စိတ် လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။

တချိန်တည်းမှာပင် ကျားဖြူအစောင့်တပ်သားများအားလုံး၏စွမ်းအားများ မြင့်တက်လာပေ၏။

ဂီတ ကောင်းကင်ကံကြမ္မာ.... ရန်ချူးယောင်....

ဤအမျိုးသမီးသည်လည်း အနီးနားတွင် ပုန်းအောင်းနေပြီး တိုက်ပွဲအခြေအနေကို ပြောင်းလဲရန် ဂီတကံကြမ္မာကို အသုံးပြုနေခြင်းပင်။

"အချိန်ကိုက်ပဲ"

ကျန်းရွှမ်၏စိတ် မသက်မသာဖြစ်မှုသည် အနည်းငယ်သာ လှုပ်ခတ်သွားပြီး လုံးလုံးလျားလျား ပြေပျောက်သွားသည်။ သူသည် မျက်ခုံးပင့်လိုက်ပြီး သူ၏နတ်ဘုရားစိတ်အာရုံသည် ချက်ချင်း ပြင်ပသို့ ပျံ့နှံ့သွားကာ ဂီတသံ ထွက်ပေါ်ရာနေရာဆီသို့ လျှင်မြန်စွာ ဦးတည်သွားလိုက်သည်။

"နင်​က သေလမ်းရှာနေတာပဲ"

ရန်ချူးယောင်သည် သူ ထိုသို့ပြုလုပ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမသည် အချိန်တခဏကြာမျှ အံ့အားသင့်သွားပြီး သူမ၏မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

သူမသည် တိုက်ခိုက်ရန်အတွက် ဂီတ ကောင်းကင်ကံကြမ္မာကို အသုံးပြုနေခြင်းပင်။ ပုံမှန်အခြေအနေများတွင် သူမကို တိုက်ခိုက်သော မည်သူမဆို ဇီသာသံ၏နှောင့်ယှက်မှုကို ကြောက်ရွံ့သဖြင့် စိတ်ကို ဂရုတစိုက် ကာကွယ်ထားရပေမည်။ သို့ရာတွင် ဤကောင်လေးကမူ တမူထူးခြားပေ၏။ သူ၏နတ်ဘုရားစိတ်အာရုံကို သူမဆီသို့ တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ထိုကောင်လေးထံတွင် ဦးနှောက်မရှိခြင်း မဟုတ်ဘဲ ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်းပင်။

ကံကြမ္မာမြစ်တစ်စင်းက သူမ၏ခေါင်းနောက်ဘက်တွင် ထွက်ပေါ်လာပြီး ကျဉ်းမြောင်းသော မြစ်လက်တက်ခြောက်ခုသည် လေဟာနယ်ထဲတွင် ဆိုင်းငံ့ထားသော ဇီသာကြိုးများကဲ့သို့ ဖြောင့်တန်းစွာ ထွက်ပေါ်လာသည်။

တစ်ဖက်လူသည် သေရမည်ကို မကြောက်ရွံဘဲ နတ်ဘုရားစိတ်အာရုံဖြင့် လာရောက်စူးစမ်းသဖြင့် သူ၏စိတ်ဝိညာဉ်ကို သူမ၏ ဇီသာတေးသံပင်လယ်ထဲ ကျရောက်သွားစေပြီး ထွက်မပြေးနိုင်အောင် ပြုလုပ်ရပေမည်။

ဝှစ်....

ထိုသို့ ပြုလုပ်ပြီးနောက် သူမ၏ပုံရိပ်သည် ဆက်လက်၍ ပုန်းကွယ်မနေနိုင်တော့ဘဲ ထွက်ပေါ်လာတော့သည်။

"အဲ့ဒါက ရန်ချူးယောင်ပဲ"

"ဂီတကောင်းကင်ကံကြမ္မာက ဒုတိယကောင်းကင်ကံကြမ္မာပဲ... ဒါက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာလောက် အစွမ်းမထက်ပေမယ့် မနိမ့်ကျဘူး... သူမက ကျားဖြူအစောင့်တပ်သားသုံးထောင်ကို ကူညီနေမှတော့ ဗောဓိသတ္တတစ်ပါးကိုယ်တိုင် ရောက်လာရင်တောင် ယှဉ်ပြိုင်ဖို့ ခက်ခဲလိမ့်မယ်"

"ဟုတ်တယ်...အဲ့ဒီကျန်းရွှမ်တော့ ဒီနေရာမှာပဲ သေဆုံးသွားတော့မယ်"

"ထောင်ချောက်မှန်း သိရက်နဲ့ လူလာကယ်တယ်ဆိုတော့ ဒီကောင်က ရူးနေတာလား ဒါမှမဟုတ် သူ့ကိုယ်သူ တကယ်ပဲ ယုံကြည်မှု ရှိတာလား"

လူအများထံ၌ အတွေးအမျိုးမျိုး ထွက်ပေါ်လာပြီး အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လူတချို့က ကျန်းရွှမ်ကို ပညာမဲ့သည်ဟု ဝေဖန်ကြပြီး တချို့ကမူ သူသည် ရဲရင့်ပြီး တာဝန်ယူမှုရှိသည်ဟု ခံစားကြရသည်။

"အခွင့်ကောင်းပဲ..."

ရန်ချူးယောင်သည် ကိုယ်ထင်ပြလာပြီး သူမ၏ ဂီတကောင်းကင်ကံကြမ္မာကို ထုတ်လွှတ်လိုက်သည်အား မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် စိတ်လှုပ်ရှားမနေဘဲ သက်ပြင်းချလိုက်၏။

သူ၏လက်ရှိစွမ်းအားဖြင့် သူ၏ရှေ့မှ ကျားဖြူအစောင့်တပ်သားသုံးထောင်ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ထို့ပြင် အထောက်အကူပြုစွမ်းရည်များကို ပိုင်ဆိုင်ထားသော ရန်ချူးယောင်ကိုလည်း ရင်ဆိုင်ရမည်ဆိုပါက ဤအတိုင်း ဆက်သွားလျှင် သူ ရှုံးနိမ့်သွားမည်မှာ သေချာသည်။

သို့ရာတွင် တစ်ဖက်လူသည် ကိုယ်ထင်ပြလာပြီး သူမ၏ကောင်းကင်ကံကြမ္မာကို အသုံးပြုလာအောင် သူ ဖိအားပေးနိုင်သမျှ ကာလပတ်လုံး သူ့အနေဖြင့် အလျင်အမြန် ဖြေရှင်းနိုင်မည့် အခွင့်အရေးကောင်း ရှိလာပေလိမ့်မည်။

ထိုအကြောင်းပြချက်ကြောင့် သူ၏နတ်ဘုရားစိတ်အာရုံကို တမင်တကာထုတ်လွှတ်ပြီး တစ်ဖက်လူ၏ ဒေါသကို ဆွပေးလိုက်ခြင်းပင်။

အမှန်တကယ်ကိုပင် သူ၏နတ်ဘုရားစိတ်အာရုံသည် တစ်ဖက်လူနှင့် ထိတွေ့လိုက်သည်နှင့် ဂီတကောင်းကင်ကံကြမ္မာ၏လွှမ်းခြုံမှုကို ခံလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် သုခဘုံတစ်ခုထဲသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရပြီး အမျိုးမျိုးသော သာယာနာပျော်ဖွယ် အသံများက သူ၏စိတ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။

သာမန်ကျင့်ကြံသူများသည် ဤကိစ္စမျိုးကို ကြုံတွေ့ရပါက ချက်ချင်းဆိုသလိုပင် နစ်မြောသွားပြီး ရုန်းထွက်နိုင်မည် မဟုတ်ပေ။ အိမ်ရှေ့စံမင်းသားယွမ်ချင်းကဲ့သို့ ထိပ်သီးကျင့်ကြံသူများပင် ခြွင်းချက်မဟုတ်ချေ။

ကံမကောင်းစွာဖြင့် ကျန်းရွှမ်သည် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်ချေ။

သူ၏စိတ်ထဲရှိ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာသည် အတောင်ပံများကို ညင်သာစွာ ခတ်လိုက်၏။ ဂီတကြောင့် ညစ်ညမ်းစပြုနေပြီး နောက်ကျိလာသော သူ၏စိတ်သည် ကြည်လင်သောဖန်ကဲ့သို့ တဖန်ပြန်၍ ကြည်လင်လာသည်။

"စိတ်ခံစားချက် ကံကြမ္မာ... ချိတ်ဆက်စမ်း"

အခွင့်အရေးသည် အချိန်တခဏကြာသာ ရှိကြောင်း သိရှိသဖြင့် ကျန်းရွှမ်က တွေဝေတုံ့ဆိုင်းမနေချေ။ ရာနှင့်ချီသော စိတ်ခံစားချက် ကြိုးမျှင်များသည် အရိုးစားအဆိပ်အလား ဂီတ ကောင်းကင်ကံကြမ္မာမြစ်ထံသို့ ချက်ချင်းတွယ်ကပ်သွားပြီး လှိုင်းတံပိုးများကြားသို့ တိုးဝင်သွားတော့သည်။

ဂီတသည် လူသားယဉ်ကျေးမှု တိုးတက်ခြင်း၏ သင်္ကေတတစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်ရေးရာ ခံစားချက်တစ်ခုပင်။ ကောင်းမွန်သော ဂီတသည် လူများ၏စိတ်ခံစားမှု ပဲ့တင်ထပ်ခြင်းကို လှုံ့ဆော်ပေးနိုင်ပြီး သူတို့၏ ခံစားချက်များကို ထိန်းချုပ်နိုင်ရန် ခက်ခဲစေသည်။

ရိုးရှင်းစွာ ပြောရလျှင် ဤသည်မှာ စိတ်ခံစားချက် ကံကြမ္မာ၏ ဗီဇပြောင်းလဲထားသော အတက်အလက်တစ်ခုပင်။ ထို့ကြောင့် ဂီတကောင်းကင်ကံကြမ္မာသည် "စိတ်ခံစားချက်" ၏ ကန့်သတ်ချက်များကိုလည်း ခံရပေ၏။

အမှန်တကယ်ပင် စိတ်ခံစားချက်ကြိုးမျှင်များ ပေါင်းစပ်သွားသည်နှင့် ဂီတကောင်းကင်ကံကြမ္မာကို ထိန်းချုပ်သူထံမှ ညင်သာသော စိတ်ခံစားမှု အတက်အကျများဖြစ်သည့် သူမ၏ ဝမ်းမြောက်ခြင်း ဒေါသထွက်ခြင်း ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ကျန်းရွှမ်က ချက်ချင်း ခံစားလိုက်ရသည်။

All Chapters