← Chapters

ခုန်းရှီအား ကယ်တင်ခြင်း (အပိုင်း ၃)

Vol. 44 Ch. 500

ခုန်းရှီအား ကယ်တင်ခြင်း (အပိုင်း ၃)

Vol. 44 Ch. 500

"ဟား ဟား ဟား....မင်း အခုမှ သိသွားမှတော့ နောက်ကျသွားပြီ"

ကျန်းရွှမ်၏နှလုံးသား ထပ်မံ၍ ခုန်လှုပ်သွားပြီး ကျားဖြူအစောင့်တပ်သားသုံးထောင်၏ စွမ်းအားများ ချက်ချင်းထုတ်ယူခြင်းခံလိုက်ရကာ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ တလိမ့်လိမ့်စီးဝင်သွားတော့သည်။ ကျန်းရွှမ်သည် သူ၏ဓားရှည်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် စက္ကူတစ်ရွက်ကဲ့သို့ စုတ်ပြဲသွားပေ၏။ ဓားချီစွမ်းအင်သည် ရေစီးကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ချူးယောင်ဆီသို့ လျှပ်ပြက်သကဲ့သို့ အရှိန်နှုန်းဖြင့် တိုးဝင်သွားတော့သည်။

"မကောင်းတော့ဘူး"

ရန်ချူးယောင်၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမသည် ဇီသာကြိုးများကို လျင်မြန်စွာ တီးခတ်လိုက်ရာ အသံလှိုင်းများသည် ဓားချီအလင်းတန်းဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားပေ၏။

ပုံမှန်အားဖြင့် သူမ၏ ဝင်္ကပါဖျက်ဆီးခြင်း ကောင်းကင်တေးသံသည် အလွန်အစွမ်းထက်ပြီး တူညီသောအဆင့်ရှိ ကျင့်ကြံသူများကိုပင် ထိခိုက်စေနိုင်သည်။ သို့ရာတွင် ယခုအချိန်၌ သူမ၏စိတ်အခြေအနေ ထိခိုက်ထားသဖြင့် ထိုအရာ၏စွမ်းအား များစွာလျော့နည်းသွားသည်။ ထိုတေးသံသည် အသက်တစ်ရှိုက်စာခန့်သာ တားဆီးပိတ်ဆို့နိုင်ခဲ့ပြီး ပေါက်ကွဲသွားပေ၏။

ထောက်...ထောက်...ထောက်...

သူမ၏ရှေ့ရှိ ကောင်းကင်ကိုးထပ်ဇီသာမှ ကြိုးခြောက်ချောင်းသည်လည်း တပြိုင်နက်တည်း ပြတ်တောက်သွားတော့သည်။

ဖူး...

ရန်ချူးယောင်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူမ၏ရင်ဘတ် တင်းကြပ်သွားပေ၏။ တစ်ဖက်လူ၏ သေစေလောက်သော ဓားချက်ကို ပိတ်ဆို့တား​ဆီးနိုင်ခဲ့သော်လည်း သူမသည် ရတနာတစ်ခုကို ဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် အချိန်တိုအတွင်း၌ ပြန်လည်သက်သာရန် ခက်ခဲပေလိမ့်မည်။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သန်မာအားကောင်းသွားတာလဲ"

ဂီတကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူသည် မနီးမဝေးရှိ လူငယ်ကို ထပ်မံ၍ ကြည့်လိုက်ပြီး သူမ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

လွန်ခဲ့သောအကြိမ်က ထာဝရနှလုံးသားအတွက် တိုက်ခိုက်ခဲ့စဥ်တွင် သူသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့်၏ စွမ်းအားကို ထုတ်ဖော်နိုင်သော်လည်း မဆိုစလောက်သာ ရှိနေပေ၏။ ယခု၌မူ သူသည် ထိုစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်နေရုံသာမက ပို၍ပြင်းထန်စွာ အသုံးပြုနိုင်ခဲ့သည်။

ဤသည်မှာ ထာဝရနှလုံးသား၏ ကြောက်မက်ဖွယ်ကောင်းမှု ဖြစ်နေသလော....

အိမ်ရှေ့စံမင်းသားသည် ထိုအရာကို ကျင့်ကြံနိုင်ရန်အတွက် မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှုများကို ပြုလုပ်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ထာဝရနှလုံးသားအတွက် အရာအားလုံးကို စွန့်လွှတ်ရလျှင်ပင် ထိုက်တန်ပေ၏။

"သူက ပိတ်ဆို့တားဆီးနိုင်ခဲ့တာပဲ.... ဒါပေမယ့် ငါ့မှာ ဒုတိယဓားချက် ကျန်သေးတယ်"

ကျန်းရွှမ်က ဓားရှည်ကို ထပ်မံ၍ လှုပ်ခတ်ပြီး နောက်ထပ် ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ထိုဓားချက်၏စွမ်းအားသည် ယခင်ကထက် ပို၍ပြင်းထန်သည်။ ထိုဓားချက်သည် ပထမဓားချက်၏ စွမ်းအားနှင့် ပေါင်းစပ်သွားသဖြင့် မီတာတစ်သောင်းအထိ မြင့်မားသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ရန်ချူးယောင်သည် ဒဏ်ရာမှ နာကျင်မှုကို တောင့်ခံရင်း လျှင်မြန်စွာ နောက်ဆုတ်လိုက်၏။

သူမရှေ့မှ ဤတိုက်ကွက်၏ စွမ်းအားသည် ယခင်ကပင် သူမ မခုခံနိုင်ခဲ့သော အရာဖြစ်သည်။ ယခု သူမ ဒဏ်ရာရနေချိန်တွင်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

"ကောင်စုတ်လေး....ထျန်းလီအင်ပါယာရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ဖို့ ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ"

ထိုအချိန်မှာပင် ပေါ့ပေါ့ပါးပါး အော်ဟစ်သံတစ််သံ ပျံ့လွင့်လာပြီး ချက်ချင်းဆိုသလိုပင် ပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ဤှသည်မှာ အရပ်ကိုးပေအမြင့်ရှိသော အမျိုးသားတစ်ဦးပင်။ သူ၏မျက်နှာသည် မည်းနက်သော စွန်ပလွန်သီးနှင့် တူညီပြီး သူ၏မျက်လုံးများသည် လျှပ်စီးကဲ့သို့ စူးရှတောက်ပနေပေ၏။ သူ၏ဘယ်ဘက်ပါးပြင်တွင် အမာရွတ်တစ်ခု ရှိပြီး လေးလံသော အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားကာ သူ၏ မုတ်ဆိတ်မွှေးနှင့်ဆံပင်များသည် သံမဏိအပ်များကဲ့သို့ ထောင်ထနေသည်။

"အဲ့ဒါ... အဲဒါက စစ်ရေးအမတ်ကြီး ယွဲ့ချင်ထျန်းပဲ"

"ဒါက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာဖြစ်တဲ့ စစ်ပွဲကို ထိန်းချုပ်တဲ့သူ တစ်ယောက်ပဲ"

"သူ့ရဲ့ စွမ်းအားက ဗောဓိသတ္တအဆင့်ကို ရောက်နေလောက်ပြီ မဟုတ်လား"

"အမှန်ပဲ.... ထျန်းလီအင်ပါယာက ဝန်ကြီးဌာနခြောက်ခုရဲ့အမတ်ကြီးတွေအားလုံးက ဗောဓိသတ္တအဆင့်မှာ ရှိကြတယ်"

ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဒုတိယအဆင့် အရာရှိတစ်ယောက်ဖြစ်ကာ ဝန်ကြီးဌာနခြောက်ခုအနက် အသန်မာဆုံးဖြစ်သော စစ်ရေးအမတ်ကြီးသည် ဤနေရာ၌ အမှန်တကယ် ထွက်ပေါ်လာခဲ့ပေ၏။

ဤသည်မှာ လုံလောက်သော ပြင်ဆင်မှုဖြစ်ရုံသာမက လုံးလုံးလျားလျား လုံခြုံစိတ်ချရသော ပြင်ဆင်မှုပင်။

ဗောဓိသတ္တအဆင့်သို့ မရောက်ရှိသေးသော ကျန်းရွှမ်ကို မဆိုထားနှင့် သူ ရောက်ရှိနေလျှင်ပင် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။

"အကြီးအကဲတွေအပေါ် မလေးစားတဲ့သူကို ငါတို့ တရားရေးဝန်ကြီးဌာနဆီ လွှဲပေးသင့်တယ်လို့ ငါ ထင်တယ်...သူ့ကို ယဉ်ကျေးလာအောင် ငါတို့ သင်ပေးလိုက်မယ်"

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သရဲတစ္ဆေကဲ့သို့ ပိန်ပါးပြီး ဖြူဖပ်ဖြူရော် မျက်နှာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။

"အဲ့ဒါ... အဲ့ဒါ တရားရေးအမတ်ကြီး ယင်ကျိုးယွိပဲ"

"သူက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာဖြစ်တဲ့ ပြစ်ဒဏ် ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူပဲ"

"နောက်ထပ် ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပါလား"

လူအများ၏ ထိတ်လန့်တုန်လှုပ်မှု မဆုံးသေးမီမှာပင် နောက်ထပ် ပုံရိပ်တစ်ခု ထပ်မံ၍ ထွက်ပေါ်လာပေ၏။

"မင်းတို့က သူ့ကို ယဉ်ကျေးစေချင်ရင် ရုပ်သေးအဖြစ် သန့်စင်လိုက်ရုံပဲလေ...စိတ်မပူပါနဲ့....ငါတို့ လက်မှုရေးရာဝန်ကြီးဌာနက တာဝန်ယူမယ်ဆိုရင် သူက နာရီဝက်တောင်ခံမှာ မဟုတ်ဘူး"

ဤသည်မှာ လက်မှုရေးရာအမတ်ကြီး မိုချန်ကျီပင်။

"အမတ်ကြီးသုံးယောက်ကိုယ်တိုင် ရောက်လာကြတာလား"

"ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူ သုံးယောက်... ကျန်းရွှမ်တော့ လုံးဝ သွားပြီ"

လေထုထဲတွင် မတ်တတ်ရပ်နေသော လူသုံး​ယောက်ကို ကြည့်ရင်း လူများအားလုံး၏မျက်ခုံးများ တဆတ်ဆတ် တုန်ရီသွားကြသည်။

အမတ်ကြီးတစ်ဦး ထွက်ပေါ်လာခြင်းသည်ပင် ကြောက်မက်ဖွယ်ကောင်းနေပြီဟု သူတို့ တွေးထင်ခဲ့ကြသည်။ ဒုတိယအဆင့် အရာရှိကြီးသုံးဦး တိုက်ရိုက်ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။ ရန်ချူးယောင်ကိုပါ ထည့်တွက်လိုက်လျှင် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူ လေးဦးဖြစ်ပြီး သုံးဦးမှာ ဗောဓိသတ္တအဆင့်သို့ ရောက်ရှိနေလေပြီ။

ဤကဲ့သို့ စွမ်းအားမျိုးဖြင့်ဆိုလျှင် အသက်ပင်လယ်နယ်ပယ်မှ အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကို မဆိုထားနှင့် ဗုဒ္ဓအရှင်ကိုပင် တိုက်ခိုက်နိုင်ပေမည်။

"အိမ်ရှေ့စံမင်းသား... မင်းက ငါ့ကို တကယ့်ကို အထင်ကြီးထားတာပဲ..."

ထိုလူများ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ သူသည် အချိန်တိုအတွင်းတွင် ရန်ချူးယောင်ကို သတ်ဖြတ်နိုင်မည်မဟုတ်ကြောင်း ကျန်းရွှမ်က သိရှိထားသည်။ သူသည် ရပ်တန့်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ အဝေးတွင်ရှိနေသော အိမ်ရှေ့စံမင်းသားယွမ်ချင်းကို ကြည့်လိုက်သည်။

ဤအချိန်၌ အိမ်ရှေ့စံမင်းသားသည် လေထုထဲတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများထဲတွင် လျစ်လျူရှုထားမှု ခမ်းနားထည်ဝါမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူကိုယ်တိုင် ဝင်ရောက်၍ ဤလူငယ်၏ နှလုံးသားကို ထုတ်ယူလိုသော်လည်း အိမ်ရှေ့စံမင်းသား ဖြစ်သည့်အတွက် လူအများကြည့်နေစဉ်တွင် သူ၏အဆင့်အတန်းကို ထိန်းသိမ်းထားရပေမည်။

"ငါ သူ့ကို အရှင် လိုချင်တယ်"

ကျန်းရွှမ်၏စကားကို တုံ့ပြန်အဖြေမပေးဘဲ အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

"အမိန့်ကို နာခံပါ့မယ်"

အမတ်ကြီးမိုချန်ကျီက ပေါ့ပေါ့ပါးပါး နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ဝါးကို လှုပ်ခတ်လိုက်ရာ သေးသွယ်သော သေတ္တာတစ်လုံး ရုတ်တရက် ပျံ့လွင့်လာသည်။

ထိုသေတ္တာပွင့်သွားပြီးနောက် မရေမတွက်နိုင်သော ရှုပ်ထွေးသည့် အစိတ်အပိုင်းများ ထွက်ပေါ်လာပေ၏။ နောက်ထပ်အချိန်တခဏတွင် မြင့်မားသော ရုပ်သေးရုပ်တစ်ရုပ် ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုရုပ်သေးရုပ်သည် ရွှေရောင်ဖြစ်ပြီး ငါးမီတာကျော် မြင့်ကာ ဧရာမကျောက်တုံးကြီးတစ်တုံးအလား လေထုထဲတွင် ဆိုင်းငံ့နေသည်။

ဤသည်မှာ လက်မှုရေးရာဝန်ကြီးဌာနမှ သန့်စင်ထားသော ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးပင်။

ဤရုပ်သေးတစ်ခုစီတိုင်းသည် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် စွမ်းအားရှိပြီး နာကျင်မှုကို မကြောက်ရွံ့သည့်အပြင် ဓား လှံများဖြင့်လည်း မထွင်းဖောက်နိုင်ချေ။

"သွားစမ်း...."

အမတ်ကြီးမိုချန်ကျီက လက်ညှိုးညွှန်လိုက်ရာ ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည် ကျန်းရွှမ်ဆီသို့ ချက်ချင်းပြေးဝင်သွားတော့သည်။ ရုပ်သေး၏ တုတ်ခိုင်သော လက်မောင်း ကျရောက်လာပြီး လေဟာနယ်အတွင်းမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။

"ရုပ်သေးရုပ်လား...."

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။

"နှင်းနတ်ဆိုးအရှင်... ဒီကောင်ရဲ့ ခန္ဓာကိုယ်က မင်းနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"

နှင်းနတ်ဆိုးအရှင်၏ လက်ရှိခန္ဓာကိုယ်သည် ဗောဓိသစ်သားဖြင့် သန့်စင်ထားသော ရွှမ်ကျီးရုပ်သေးရုပ်ပင်။ ဤသည်မှာ အစွမ်းထက်သော်လည်း လက်မှုရေးရာဝန်ကြီးဌာန၏ ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နိမ့်ကျနေဆဲပင်။

"ပစ္စည်းကောင်းပဲ"

နှင်းနတ်ဆိုးအရှင်က အလျင်အမြန် ပြောဆိုသည်။

ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးကို မရေမတွက်နိုင်သော ရတနာများဖြင့် ဖွဲ့စည်းထားပြီး လက်မှုရေးရာဝန်ကြီးဌာနမှ မရေမတွက်နိုင်သော ကောင်းကင်ယန္တရား လက်မှုပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပေါင်းစပ်ထားသည်။ ခိုင်ခံ့မှုသက်သက်ဖြင့်ပင် ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ပေ၏။ ထိုအရာကို သူ၏ခန္ဓာကိုယ်အဖြစ် အသုံးပြုနိုင်ပါက သူ၏စွမ်းအား အပြည့်အဝ ပြန်လည်ရရှိနိုင်ရုံသာမက ပို၍ပင်တိုးတက်လာနိုင်သည်။

"ကောင်းပြီလေ...ငါက မင်းအတွက် ယူပေးမယ်.... စောင့်ကြည့်နေစမ်း"

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။ သူသည် လက်ညှိုးညွှန်လိုက်ရာ စတုတ္ထမြောက် ဗုဒ္ဓအရိုးအမွေအနှစ်သည် သူ၏ခေါင်းနောက်ဘက်တွင် ထွက်ပေါ်လာသည်။

ဤသည်မှာ သံသရာအမွေအနှစ်မျှော်စင်၏ စတုတ္ထအဆင့်မှ ထူးမြတ်သောဉာဏ်ပညာ ဦးခေါင်းခွံအမွေအနှစ်ပင်။ ထိုအရာသည် ပြီးပြည့်စုံသော ကောင်းကင်ဝိညာဉ် ဦးခေါင်းခွံတစ်ခု ဖြစ်ပေ၏။

ဦးခေါင်းသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အဓိက အစိတ်အပိုင်းပင်။ ထိုအရာကို အပြည့်အဝ သန့်စင်ပြီးသည်နှင့် ထာဝရရွှေခန္ဓာကိုယ်၏တိုးတက်မှုသည် လုပ်ငန်းစဥ်တစ်ဝက်သို့ အစစ်အမှန် ရောက်ရှိသွားပေလိမ့်မည်။

ယခင်က သူ ဤအရာကို မသန့်စင်နိုင်ခဲ့ချေ။ ယခုအချိန်တွင် ကြီးမြတ်သော ဗောဓိသတ္တသုံးပါးနှင့် မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများကို ရင်ဆိုင်ရသဖြင့် သူ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူ အောင်မြင်သည်နှင့် ထာဝရနှလုံးသား၏ အကူအညီဖြင့် ဗောဓိသတ္တအဆင့် စွမ်းအားကို အမှန်တကယ် ထုတ်ဖော်နိုင်မည်ဖြစ်ပြီး သူ၏ရှေ့မှ ထိပ်သီးကျင့်ကြံသူသုံးဦးကို ကြောက်ရွံ့နေရန် မလိုတော့ချေ။

လောကတွင် အသန်မာဆုံး ရုပ်ခန္ဓာကိုယ်ဖြစ်သော ထာဝရရွှေခန္ဓာကိုယ်သည် တိုက်ပွဲအတွက် မွေးဖွားလာခြင်းပင်။ ထိုအရာကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန် ကျင့်ကြံခြင်းသက်သက်ဖြင့် လုံးလုံးလျားလျား မဖြစ်နိုင်ပေ။ တစ်ခုတည်းသောနည်းလမ်းမှာ ထိုအရာကို တိုက်ပွဲမှတဆင့်သာ ဖွဲ့စည်းရန်ပင်။

ဤသည်မှာ သံကို သွန်းလုပ်ခြင်းနှင့် တူညီပြီး အဆက်မပြတ် ထုနှက်မှသာ ရတနာဓားတစ်လက်သည် ပို၍ထက်ရှလာပေမည်။

"လာစမ်းပါ ထျန်းလီအင်ပါယာရဲ့ ဒုတိယအဆင့် အရာရှိတွေက ဘယ်လို စွမ်းအားမျိုးတွေ ပိုင်ဆိုင်ထားလဲ ကြည့်ကြရအောင်"

အရာအားလုံးကို ပြင်ဆင်ပြီးနောက် ကျန်းရွှမ်၏မျက်လုံးများသည် လျှပ်စီးကဲ့သို့ စူးရှတောက်ပနေပေ၏။ သူသည် ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးကို ရင်ဆိုင်ရန် ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွားလိုက်သည်။

သူ၏ထာဝရနှလုံးသား လျှင်မြန်စွာ ခုန်လှုပ်သွားသည်။ ဗောဓိသတ္တနှင့်နတ်ဆိုးဧကရာဇ်များ၏ အနှစ်သာရအမြူတေများမှ စွမ်းအားများသည် ရောယှက်သွားပြီး သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားကာ သူ၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒကို မြင့်တက်လာစေသည်။

ဘုန်း.....

လေဟာနယ်သည် ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းတစ်ခုအဖြစ် စုတ်ပြဲသွားပေ၏။ မျက်စိတစ်မှိတ်အတွင်းတွင် ကျန်းရွှမ်သည် ရုပ်သေးရုပ်၏ရှေ့သို့ ရောက်ရှိသွားပြီး ထိုအရာ၏ခေါင်းကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

All Chapters