← Chapters

ခုန်းရှီအား ကယ်တင်ခြင်း (အပိုင်း ၄)

Vol. 44 Ch. 501

ခုန်းရှီအား ကယ်တင်ခြင်း (အပိုင်း ၄)

Vol. 44 Ch. 501

"တိုက်ပွဲဝင်ရုပ်သေးတစ်ရုပ်နဲ့ စွမ်းအားချင်း ယှဉ်ပြိုင်ချင်တာလား....ကိုယ့်အဆင့်ကိုယ် နားမလည်လိုက်တာ...."

ကျန်းရွှမ်၏လုပ်ရပ်ကို မြင်တွေ့ချိန်၌ အမတ်ကြီးမိုချန်ကျီက သရော်တော်တော် ရယ်မောလိုက်သည်။

ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည် မရေမတွက်နိုင်သော လက်မှုပညာရှင်များ၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုများဖြင့် သွန်းလုပ်ထားသော စစ်လက်နက်တစ်ခုပင်။ အစွမ်းထက်သော မှော်ရတနာတချို့ပင်လျှင် ထိုအရာ၏ခံစစ်ကို ထွင်းဖောက်ရန် ခက်ခဲပေလိမ့်မည်။ ကျန်းရွှမ်သည် သူ၏ရုပ်ခန္ဓာကိုယ်သက်သက်ဖြင့် ရင်ဆိုင်လိုသဖြင့် ဤလူငယ်သည် သေလမ်းရှာနေခြင်း မဟုတ်လော။

"သေစမ်း...."

မျှော်လင့်ထားသည့်အတိုင်း ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည် ကျန်းရွှမ်၏ လှုပ်ရှားမှုကို မြင်တွေ့မိလေ၏။ ရုပ်သေး၏ ခံစားချက်မရှိသော မျက်နှာပေါ်တွင်ပင် ရက်စက်သော စိတ်ဆန္ဒများ ထွက်ပေါ်လာပြီး ကြိတ်ဆုံကျောက်အရွယ်အစားရှိသော လက်သီးသည် သူ့ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။

လက်သီးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားပြီး ပြင်းထန်သောစွမ်းအားများသည် ပြင်ပသို့ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ လေထုကို ချက်ချင်းစုတ်ပြဲသွားစေပြီး လေဟာနယ်လှိုင်းဂယက်များကို ဖြစ်ပေါ်လာစေသည်။

"မာလိုက်တဲ့ လက်သီး...."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ကံကြမ္မာလက်ရိုးအမွေအနှစ်ကို ပေါင်းစပ်ပြီးနောက် သူ၏လက်သည် ထာဝရရွှေခန္ဓာကိုယ်အဆင့်သို့ မရောက်ရှိသေးသော်လည်း သိပ်မလိုတော့ချေ။ သာမန် နတ်ဘုရားလက်နက်များကို သူ ပေါ့ပေါ့ပါးပါး ဖျစ်ညှစ်လိုက်ရုံဖြင့် ခြေမွှဖျက်ဆီးနိုင်သော်လည်း သူ၏ရှေ့မှ ရုပ်သေးကမူ နောက်မဆုတ်ဘဲ သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သည်။

လက်မှုရေးရာဝန်ကြီးဌာနမှ လက်မှုပညာရှင်များ၏ အနှစ်သာရများ စုစည်းထားသော ရတနာဟု ဆိုသည့်အတိုင်း အမှန်တကယ်ကို ထူးခြားပေ၏။

သို့ရာတွင် သူ အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။ ထာဝရနှလုံးသား၏ ခုန်လှုပ်မှုကြောင့် စွမ်းအားများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေပြီး သူ့ကို ဗုဒ္ဓနှင့်နတ်ဆိုး ပေါင်းစပ်ထားသကဲ့သို့ ဖြစ်စေသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ခေါင်းသုံးလုံး လက်ခြောက်ဖက်ပါသော သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလား ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးကို အရူးအမူး တိုက်ခိုက်လိုက်သည်။

ဘုန်း...ဘုန်း...ဘုန်း....ဘုန်း....

ခေါင်းလောင်းကြီးများ တီးခတ်သံကဲ့သို့ ကျယ်လောင်သော အသံများသည် လေထုထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ပုံရိပ်နှစ်ခုသည် ရုတ်တရက် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ ကျင့်ကြံဆင့် အနည်းငယ်နိမ့်ပါးသော လူများသည် သူတို့ မည်သို့ တိုက်ခိုက်နေကြသည်ကို မဆိုထားနှင့် ပုံရိပ်များကိုပင် မြင်တွေ့နိုင်ခြင်း မရှိကြချေ။

"ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးကို ရုပ်ခန္ဓာကိုယ်သက်သက်နဲ့ တိုက်ခိုက်နိုင်တဲ့သူကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

"ဟုတ်တယ်...ငါလည်း ပထမဆုံးပဲ.... ဒီကောင် ရူးနေတာလား တခြားနည်းလမ်းတွေ သုံးပြီး နိုင်အောင်တိုက်လို့ ရသားနဲ့... ဘာလို့ ခွန်အားကိုသုံးပြီး တိုက်ခိုက်နေရတာလဲ"

"ငါလည်း နားမလည်ဘူး.... ဒီလိုလုပ်တာက စွမ်းအားတွေအများကြီးကို ကုန်စေလိမ့်မယ်...ဘာလို့ ဒီလိုအန္တရာယ်မျိုးကို စွန့်စားနေရတာလဲဆိုတာ ငါ တကယ် စဉ်းစားလို့မရဘူး..."

ကြည့်ရှုနေကြသူအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။

ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေး တစ်ခုတည်းဆိုလျှင် ကျန်းရွှမ်သည် ဆန္ဒရှိသကဲ့သို့ တိုက်ခိုက်နိုင်ပြီး မည်သူမျှ ဂရုစိုက်မည် မဟုတ်ချေ။ သို့ရာတွင် အနီးအနားတွင် မတ်တတ်ရပ်နေသော အမတ်ကြီးသုံးဦး ဂီတကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူတစ်ဦးနှင့် အိမ်ရှေ့စံမင်းသားတို့လည်း ရှိနေသည်။

လူအမြောက်အများသည် သူ့ကို သတ်ဖြတ်လိုကြ၏။ သို့ရာတွင် သူသည် တိုက်ပွဲကို အမြန်အဆုံးသတ်မည့်အစား ရုပ်သေးရုပ်နှင့် အနီးကပ် တိုက်ခိုက်နေသည်။ ဤလူငယ်သည် ဦးနှောက်မကောင်းသလော သို့မဟုတ် အတွေးအခေါ် လွဲနေသလောကို သူတို့ အမှန်တကယ် နားမလည်နိုင်တော့ချေ။

"ဒီကောင်က ထူးဆန်းတယ်... အမတ်ကြီးသုံးယောက်က ကျေးဇူးပြုပြီး အမြန်လှုပ်ရှားပေးကြပါ"

အိမ်ရှေ့စံမင်းသားယွမ်ချင်းက မျက်မှောင်ကြုတ်ပြီး အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ...."

စစ်ရေးအမတ်ကြီး ယွဲ့ချင်ထျန်းက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ လက်နက်တစ်ခုက သူ၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာသည်။

အင်ပါယာ အစောင့်အရှောက် ကောင်းကင်လှံတံ....

ဤသည်မှာ စစ်မြေပြင်များ သွေးများဖြင့် ပြုစုပျိုးထောင်ထားသော အစွမ်းထက်လက်နက်တစ်ခုဖြစ်ပြီး အင်ပါယာကို အစစ်အမှန် တည်ငြိမ်စေသည့် နတ်ဘုရားလက်နက်ပင်။

တရားရေးအမတ်ကြီး ယင်ကျိုးယွိသည် အပိုစကားများ မပြောတော့ချေ။ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ အဖြူနှင့်အမည်း ရောယှက်နေသော ညှဉ်းပန်းနှိပ်စက်ရေး ပစ္စည်းတစ်ခု ပျံ့လွင့်လာသည်။

တရားရေးဝန်ကြီးဌာန၏ အထွတ်အထိပ် ရတနာ.... ပါးကွက်သမား၏ သံခြေချင်း....

အမတ်ကြီးသုံးဦးလုံးသည် သူတို့၏ အစွမ်းအထက်ဆုံး မှော်ရတနာများကို အသီးသီး ထုတ်သုံးလိုက်ကြ၏။

"အခုချက်ချင်း ရပ်လိုက်စမ်း"

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ယွဲ့ချင်ထျန်းသည် ကောင်းကင်လှံတံကို ဝှေ့ယမ်းပြီး ကျန်းရွှမ်ထံသို့ ဦးတည်၍ ခုတ်ပိုင်းလိုက်သည်။

သူတို့နှစ်ဦးသည် မိုင်ပေါင်းများစွာ ဝေးကွာနေသော်လည်း ထိုအရှိန်အဝါသည် မည်သည့်လမ်းလွဲသွားမှုမှ မရှိဘဲ ကျန်းရွှမ်၏ကျောဘက်သို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။

ဤအဆင့်တွင်ရှိသော ထိပ်သီးကျင့်ကြံသူများ၏ တိုက်ခိုက်မှုများသည် အလိုအလျောက် ပစ်မှတ်ထားသော ဒုံးကျည်များကဲ့သို့ ဖြစ်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်သည် ရှောင်တိမ်းခြင်း မပြုချေ။ သူသည် ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးကို ဆက်လက်၍ တိုက်ခိုက်နေပြီး သူ၏ နောက်စေ့ကို တိုက်ခိုက်မှုဘက်သို့ လှည့်ပေးလိုက်သည်။

လှံချက်၏စွမ်းအားကို သိရှိထားသဖြင့် ယွဲ့ချင်ထျန်းသည် တစ်ဖက်လူကို နေရာမှာပင် သေဆုံးသွားစေမည်ကို စိုးရိမ်သောကြောင့် စွမ်းအားတချို့ကို အနည်းငယ် ထိန်းသိမ်းထားလိုက်သည်။ သို့ရာတွင် ထိုသို့ ထိန်းသိမ်းထားသည့်တိုင် သာမန် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင်သူတစ်ဦးသာ ဤတိုက်ခိုက်မှုကို ခံရပါက နေရာမှာပင် ပေါက်ကွဲသွားပေလိမ့်မည်။

သို့ရာတွင် ကျန်းရွှမ်ကမူ မတူညီချေ။ အစွမ်းထက်သော စွမ်းအားသည် သူ၏ နောက်စေ့နှင့် ထိတွေ့လိုက်သည်နှင့် နွေးထွေးသော အလင်းရောင်များ ဖြာထွက်နေသည့် ဦးခေါင်းခွံတစ်ခု ထွက်ပေါ်လာပြီး ထိုတိုက်ခိုက်မှုကို လုံးလုံးလျားလျား ပိတ်ဆို့ဟန့်တားလိုက်၏။

"အော် မီ တော ဖော... ဒါက ထူးမြတ်သောဉာဏ်ပညာ ဗောဓိသတ္တရဲ့ ဦးခေါင်းခွံအမွေအနှစ်ပဲ....ဒီကောင်က အမတ်ကြီးယွဲ့ရဲ့ တိုက်ခိုက်မှုကို သုံးပြီးတော့ အဲ့ဒါကို သန့်စင်ဖို့ ကြိုးစားနေတာပဲ"

လူအုပ်ကြီးထဲတွင်ရှိနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။ သူသည် ရုပ်ဖျက်ထားသော ဗုဒ္ဓဂိုဏ်းမှ ဗောဓိသတ္တတစ်ပါးပင်။

ဗုဒ္ဓဂိုဏ်း၏ ဗောဓိသတ္တတစ်ပါးအနေဖြင့် ဤဦးခေါင်းခွံအမွေအနှစ် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိရှိထားသည်။ ထိုအရာသည် ဗောဓိသတ္တတစ်ပါး၏ ပြီးပြည့်စုံသော ကျင့်ကြံခြင်းမှ ဖွဲ့စည်းထားခြင်းပင်။ ထိုအရာကို အောင်မြင်စွာ သန့်စင်ပြီးပါက ကျန်းရွှမ်၏ ဦးခေါင်းသည် ဖျက်ဆီး၍မရနိုင်အောင် ဖြစ်လာပြီး မည်သည့် မှော်ရတနာကမျှ ချိုးဖျက်နိုင်တော့မည် မဟုတ်ချေ။

"သူ့ကို ဟန့်တားဖို့ ကျွန်တော်တို့ ဝင်ပါသင့်လား"

နံဘေးရှိ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးက မေးမြန်းသည်။

ဗောဓိသတ္တက ခေါင်းခါယမ်းလိုက်သည်။

"အချိန်မကျသေးဘူး.... အခု လှုပ်ရှားလိုက်ရင် ထျန်းလီအင်ပါယာကို ဗြောင်ကျကျ ဆန့်ကျင်သလို ဖြစ်သွားပြီးတော့ ပြဿနာတွေ အများကြီး တက်လာလိမ့်မယ်....ကျန်းရွှမ် အင်အားကုန်ခမ်းပြီးတော့ အသတ်ခံရခါနီးမှ လှုပ်ရှားရင်လည်း နောက်မကျပါဘူး"

လက်ရှိနေရာကို စောင့်ကြည့်နေသော ထိပ်သီးအင်အားစုများမှာ ဗုဒ္ဓဂိုဏ်းတစ်ဂိုဏ်းတည်း မဟုတ်ချေ။ မည်သူမျှ မလှုပ်ရှားကြခြင်းမှာ အခွင့်အရေးကို စောင့်ဆိုင်းနေကြသောကြောင့်ပင်။ ထိုကြောင့် ဗုဒ္ဓဂိုဏ်းသည် ခေါင်းထောင်ထွက်လာမည့် ပထမဆုံးငှက် ဖြစ်လာမည် မဟုတ်ချေ။

"ဒါပေမယ့်... ကျွန်တော်တို့ ဆက်စောင့်နေရင် ကျန်းရွှမ်က ဒီဗုဒ္ဓအမွေအနှစ်ကို အပြည့်အဝ သန့်စင်ပြီးတော့ ပိုပြီးသန်မာလာမှာကို ငါ စိုးရိမ်တယ်..."

အဆင့်မြင့်ဘုန်းတော်ကြီးက အနည်းငယ် စိုးရိမ်ပူပန်နေသည်။

"စိတ်မပူပါနဲ့..... ဗုဒ္ဓအရိုးအမွေအနှစ်က အဲ့ဒီလောက်ထိ လွယ်လွယ်ကူကူ သန့်စင်လို့ရတာမျိုး မဟုတ်ဘူး....ဒါ့ပြင် အမတ်ကြီးသုံးယောက်ကလည်း သူ့ကို ဒီအခွင့်အရေး ပေးမှာ မဟုတ်ဘူး"

ဗောဓိသတ္တက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

တစ်ဖက်လူ၏ ရည်မှန်းချက်ကို သူ မြင်တွေ့နိုင်သည်။ ထိုကြောင့် တိုက်ပွဲအတွေ့အကြုံကြွယ်ဝသော အမတ်ကြီးသုံးဦးသည်လည်း သေချာပေါက် မြင်တွေ့နိုင်ပေမည်။ သူ့ကို မတားဆီးဘဲ ဆက်လက်တိုးတက်ခွင့်ပြုရန်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

"ငါ့ရဲ့လက်ကို သုံးပြီးတော့ တိုးတက်ချင်တာလား....အကြံကောင်းပဲ....ဒါပေမယ့် မင်း ခံနိုင်ရည်ရှိမရှိ ဆိုတာကတော့ ငါ့အပေါ်မှာ မူတည်တယ်"

မျှော်လင့်ထားသည့်အတိုင်း ဗောဓိသတ္တ၏ စကားမဆုံးမီမှာပင် လေထုထဲတွင် ရှိနေသော အမတ်ကြီးယွဲ့၏မျက်လုံးများ တောက်ပသွားပြီး သူ၏လက်ထဲမှ ကောင်းကင်လှံတံကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သည်။

ဤတိုက်ကွက်၏ စွမ်းအားသည် ယခင်ထက် နှစ်ဆတိုးလာသည်။ ထိုတိုက်ကွက် မရောက်မီကပင် ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါသည်​ ကြယ်ပျံတစ်စင်း ကျဆင်းလာသည့်အလား လူများကို အသက်ရှူမွန်းကြပ်စေသည်။ ထို့ပြင် အရေးကြီးဆုံးအချက်မှာ ဤတိုက်ခိုက်မှုသည် ကျန်းရွှမ်၏ဦးခေါင်းကို ပစ်မှတ်ထားခြင်း မဟုတ်တော့ဘဲ သူ၏ ခါးကို ပစ်မှတ်ထားခြင်းပင်။

အမတ်ကြီးယွဲ့သည် တစ်ဖက်လူ အောင်မြင်အောင် ကူညီရန် ရည်ရွယ်ချက်မရှိဘဲ လက်ဦးမှုယူ၍ သတ်ဖြတ်မည့်ပုံရသည်။

ထိုအချိန်မှာပင် တရားရေးအမတ်ကြီး ယင်ကျိုးယွိသည်လည်း သံခြေချင်းကို ပစ်လွှတ်လိုက်သည်။

"ကံတရား.... လောင်ကျွမ်းစမ်း"

သူ၏ရှေ့တွင် ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေး ရှိနေကာ ဗောဓိသတ္တအဆင့် အမတ်ကြီးသုံးဦး ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရှိထားသဖြင့် လှုပ်ရှားမှုနည်းစနစ်သက်သက်ဖြင့် သူ ရှောင်တိမ်းရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ကျန်းရွှမ်သည် များစွာစဉ်းစားနေရန် အချိန်မရှိတော့ဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော ကံတ​ရားစွမ်းအားများကို ချက်ချင်းအသက်သွင်းလိုက်သည်။

ဤအရာကို ယနေ့တွင် အသုံးပြုရန်အတွက် သူ အထူးတလည် ချေးငှားထားခြင်းပင်။ ယခုချိန်၌ သူ အသုံးမပြုပါက နေရာမှာပင် သေဆုံးသွားမည်ကို သူ အမှန်တကယ် ကြောက်ရွံ့မိသည်။

အမတ်ကြီးများ၏ ထိပ်တန်းမှော်ရတနာနှစ်ခုတွင် တစ်ခုက ကျန်းရွှမ်၏ရင်ဘတ်ကို ချိန်ရွယ်ထားပြီး နောက်တစ်ခုက သူ၏ခါးကို ချိန်ရွယ်ထားပေ၏။

နံဘေးရှိ ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည် သူ၏ နှလုံးသားတည့်တည့်သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

သူ၏ကံတရားများ လောင်ကျွမ်းသွားသည်နှင့်အမျှ မိုးကောင်းကင်တာအို၏ စွက်ဖက်မှုကြောင့်လော သို့မဟုတ် သူ၏ကံကြမ္မာကောင်းများ အမှန်တကယ် ပို၍အားကောင်းလာသောကြောင့်လောဟု မသိနိုင်သော်လည်း စွမ်းအားသုံးခု ထိတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် တစ်ခုနှင့်တစ်ခု လွှမ်းမိုးမှု ဖြစ်ပွားသွားသည်။

မူလက သူ၏ ရင်ဘတ် ခါးနှင့် နှလုံးသားတို့ကို ချိန်ရွယ်ထားသော တိုက်ခိုက်မှုများအားလုံးသည် ဤအခိုက်အတန့်တွင် သူ၏ဦးခေါင်းပေါ်သို့ ကျရောက်သွားပေ၏။

ဘုန်း....

အမတ်ကြီးသုံးဦးသည် သူတို့၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြသဖြင့် အစွမ်းထက်မှုကို မှန်းဆကြည့်နိုင်သည်။ ထူးမြတ်သောဉာဏ်ပညာ ဗောဓိသတ္တ၏ ဦးခေါင်းခွံအမွေအနှစ်သည် မယုံနိုင်လောက်အောင် မာကျောသော်လည်း တောင့်မခံနိုင်တော့ဘဲ ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားပြီး အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားတော့သည်။

"ဟား ဟား ဟား...ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ဤဦးခေါင်းခွံအမွေအနှစ်ကို သန့်စင်ရန်အတွက် အမြန်ဆုံးနည်းလမ်းမှာ ထိုအရာကို ရိုက်ခွဲပြီး ဝါးမျိုကာ သူ၏ဦးခေါင်းခွံနှင့် ပေါင်းစပ်စေခြင်းပင်။

သို့ရာတွင် ဤအရာသည် အလွန်မာကျောပေ၏။ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့်ဆိုလျှင် ဆယ်နှစ် နှစ်တစ်ရာ မကြာဘဲ အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။ သို့ရာတွင် ယခုချိန်၌ အမတ်ကြီးသုံးဦး၏ တိုက်ခိုက်မှုများနှင့် သူ၏ ကြီးမားသော ကံတရားစွမ်းအားများ အကူအညီဖြင့် ထိုအရာသည် အမှန်တကယ်ကို တိုက်ရိုက်ကြေမွှပျက်စီးသွားခဲ့သည်။

"ဝါးမြိုစမ်း"

ကျန်းရွှမ်က ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ပြင်းထန်စွာ ရှိုက်သွင်းလိုက်သည်။ အရိုးအမွေအနှစ်မှ ပွင့်အံ့ထွက်လာသော အမှုန်အမွှားများသည် သူ၏ လည်ချောင်းထဲသို့ ချက်ချင်းဝါးမျိုခံလိုက်ရပြီး သူ၏ဦးခေါင်းခွံထဲသို့ တိုးဝင်သွားသည်။ ထာဝရနှလုံးသား၏ ခုန်လှုပ်မှုနှင့်အတူ ထိုအမှုန်အမွှားများသည် သူ၏ဦးခေါင်းခွံနှင့် လျင်မြန်စွာ ပေါင်းစပ်သွားပေ၏။

မျက်စိတစ်မှိတ်အတွင်း ကျန်းရွှမ်၏အရှိန်အဝါသည်လည်း အတားအဆီးတစ်ခုကို ဖြတ်ကျော်သွားသည့်အလား ပို၍ပို၍သန်မာလာတော့သည်။

ဗောဓိသတ္တအဆင့်.....

All Chapters