ခုန်းရှီအား ကယ်တင်ခြင်း (အပိုင်း ၅)
Vol. 44 Ch. 502
ထူးမြတ်သောဉာဏ်ပညာ ဗောဓိသတ္တ၏ ဦးခေါင်းခွံအမွေအနှစ် အကူအညီဖြင့် ကျန်းရွှမ်သည် သူ၏ဦးခေါင်းခွံကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ သူ၏ဦးခေါင်းခွံသည် ထာဝရအဆင့်သို့ ရောက်ရှိသွားကာ ထိုစွမ်းအားကို အသုံးပြု၍ ထာဝရနှလုံးသားမှ ထိန်းချုပ်ထားသော စွမ်းအားသည်လည်း ဗောဓိသတ္တအဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားသည်။
ဆိုလိုသည်မှာ ဗောဓိသတ္တအဆင့် အနှစ်သာရ အမြူတေများ ရှိနေသမျှ ကာလပတ်လုံး သူသည် တူညီသောအဆင့်ရှိ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းပင်။
သို့ရာတွင် ဤသည်မှာ စွမ်းအားသက်သက်သာ ဖြစ်သည်။ ထိုကျင့်ကြံဆင့်နယ်ပယ်အပေါ် သူ၏ နားလည်သဘောပေါက်မှုနှင့် အသုံးချနိုင်မှုသည် များစွာနိမ့်ကျနေသေးသည်။
ထိုသို့ဆိုသည့်တိုင် ဤစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
"ဆက်ပြီး သန့်စင်မယ်"
ဦးခေါင်းခွံကို သန့်စင်ပြီးနောက် တောင်ကြီးတစ်လုံးကို ဖြတ်ကျော်လိုက်ရသကဲ့သို့ ကျန်းရွှမ်က ခံစားလိုက်ရသည်။ ထို့နောက် သူသည် လက်ညှိုးညွှန်လိုက်ရာ အတိုင်းအဆမဲ့အလင်းရောင် ဗောဓိသတ္တ၏ ခြေထောက်ရိုးအမွေအနှစ်နှင့် နီဗားနားဗောဓိသတ္တ၏ ညှပ်ရိုးအမွေအနှစ်များ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်နှင့် ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။
ယခုချိန်၌ သူသည် စုစုပေါင်း အရိုးအမွေအနှစ်လေးခုကို သန့်စင်ထားပြီးဖြစ်သည်။ နောက်ထပ် နှစ်ခုကို သန့်စင်ပြီး ခြောက်ခု ပြည့်သွားပါက သူ၏ထာဝရရွှေခန္ဓာကိုယ်သည် အသေးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပြီဟု သတ်မှတ်နိုင်ပေ၏။
ဤအဆင့်သို့ရောက်ရှိသွားပါက အစွမ်းထက်သော ဗောဓိသတ္တအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ၏ခံစစ်ကို ထိုးဖောက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
ဤသည်မှာ လောကကြီးပေါ်ရှိ နံပါတ်တစ်ရုပ်ခန္ဓာကိုယ်ဖြစ်သော ထာဝရရွှေခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ဖြစ်သည်။
"သေစမ်း....မင်းက ငါတို့ကို အသုံးပြုရဲတယ်ပေါ့.....ဒီနေ့ မင်း မသေရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
သူတို့၏ စွမ်းအားအပြည့် တိုက်ခိုက်မှုသည် တစ်ဖက်လူကို အနည်းငယ်မျှ ဒဏ်ရာမရရှိစေရုံသာမက အဆင့်တက်ရန် စွမ်းအားကို အသုံးပြုခွင့် ပေးလိုက်ရသည်အား သူတို့ မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် ယွဲ့ချင်ထျန်းနှင်ယင်ကျိုးယွိတို့၏ မျက်နှာအမူအယာများ ဒေါသကြောင့် ချက်ချင်းပြောင်းလဲသွားတော့သည်။
"အရေးကြီးတဲ့ အခိုက်အတန့်မှာ စွမ်းအားကို ဥာဏ်ပညာနဲ့ ယှဉ်ပြိုင်နိုင်တာကြောင့် မင်းမှာ အရည်အချင်းတချို့တော့ ရှိနေသားပဲ....အိမ်ရှေ့စံမင်းသားက မင်းရဲ့လက်ချက်နဲ့ အထိနာသွားခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး.... ဒါပေမယ့် မင်းက ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးကို အနိုင်ယူခဲ့ရင်တောင် ဒီအရာကို ထပ်ထည့်လိုက်ရင်ရော မင်း အနိုင်ယူနိုင်ပါ့မလား...."
အမတ်ကြီးမိုချန်ကျီသည်လည်း အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို ထပ်မံ၍ လှုပ်ခါလိုက်ရာ ရထားလုံးတစ်စီး ရုတ်တရက် ထွက်ပေါ်လာသည်။
ဤရထားလုံးသည် အစပိုင်းတွင် အလွန်သေးငယ်သော်လည်း လေနှင့်ထိတွေ့သည်နှင့် ကြီးထွားလာကာ မျက်စိတစ်မှိတ်အတွင်း မီတာတစ်ဆယ်ကျော် အရွယ်အစားသို့ ရောက်ရှိသွားသည်။ ထိုအရာတွင် ရှုပ်ထွေးသော ဝင်္ကပါများနှင့် ထူထပ်သိပ်သည်းသော မှော်သင်္ကေတများ ပါရှိသည်။
ဤသည်မှာ လက်မှုရေးရာဝန်ကြီးဌာန၏ အန္တိမရတနာဖြစ်သော ရွှေရောင်သံချပ်ကာ ရထားလုံးပင်။
ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးသည် ရထားလုံးပေါ်သို့ ဆင်းသက်လိုက်ပြီး သာမန်လူတစ်ယောက်မှ စက်ရုပ်ဝတ်စုံကို ရရှိလိုက်သည့်အလား အတွင်း၌ မြှုပ်နှံခြင်းခံလိုက်ရသည်။ ထိုရုပ်သေး၏စွမ်းအားသည် ချက်ချင်းမြင့်တက်သွားပေ၏။ ထိုအရာတွင် ယခင်က အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်စွမ်းအားသာ ရှိခဲ့သော်လည်း ယခုချိန်၌ ဤနှစ်ခုပေါင်းစပ်လိုက်သဖြင့် ဗောဓိသတ္တအဆင့်သို့ ရောက်ရှိသွားလေပြီ။
ဗောဓိသတ္တအဆင့် ရုပ်သေးရုပ်တစ်ရုပ်...
ရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် လက်မှုရေးရာအကျွမ်းကျင်ဆုံးနေရာဖြစ်သော လက်မှုရေးရာဝန်ကြီးဌာနဟု ခေါ်ဆိုရန် ထိုက်တန်ပါပေ၏။
ဤအရာကိုသာ အမြောက်အများ ထုတ်လုပ်နိုင်ပါက ထျန်းလီအင်ပါယာတစ်ခုလုံး မည်မျှထိ သန်မာလာမည်ကို တွေးတောကြည့်ရန် ခက်ခဲသည်။
သို့ရာတွင် ဤအဆင့်ရှိ လက်နက်တစ်ခုစီကို ထုတ်လုပ်ရန်အတွက် လူအင်အားနှင့် အရင်းအမြစ် အမြောက်အများ ကုန်ကျကြောင်း ကျန်းရွှမ်က နားလည်သဘောပေါက်သည်။ ထိုအရာတစ်ခုကို ဖန်တီးနိုင်ခြင်းသည်ပင် မိုးကောင်းကင်ကို အလွန်ဆန့်ကျင်နေလေပြီ။ ထို့ထက်ပို၍ဖန်တီးရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
ဘုန်း....ဘုန်း...ဘုန်း....
ထိပ်သီးကျင့်ကြံသူသုံးဦး တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ကျန်းရွှမ်သည် သူ၏စွမ်းအားကို စုစည်းလိုက်ပြီး ပို၍တိုက်ခိုက်လေလေ ပို၍ရဲရင့်လာလေလေပင်။
"မလုံလောက်သေးဘူး"
ထျန်းလီအင်ပါယာ၏ ဒုတိယအဆင့် အရာရှိကြီးများဖြစ်ရန် ထိုက်တန်ပေ၏။ ဤလူသုံးဦး၏ စွမ်းအားသည် အလွန်ကြီးမားပြီး နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဧကရာဇ်လေးပါးထက်ပင် လျော့နည်းခြင်းမရှိချေ။
သူတို့သုံးဦး ပူးပေါင်းလိုက်သောအချိန်၌ သူ၏ ထာဝရနှလုံးသားနှင့် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသော ထာဝရရွှေခန္ဓာကိုယ်ဖြင့် အချိန်တိုအတွင်းတွင် ခုခံတိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့ရာတွင် သူသည် အချိန်ကြာလာသည်နှင့်အမျှ တောင့်ခံထားနိုင်တော့မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်း မဟုတ်ဘဲ ထာဝရနှလုံးသားရှိ ဆေးလုံးများမှစွမ်းအားကို ထုတ်ယူနေခြင်းပင်။ ထိုကြောင့် သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော အားနည်းချက်နှစ်ခု ရှိသည်။
ပထမတစ်ချက်မှာ စွမ်းအင်ကုန်ဆုံးမှု အလွန်များပြားခြင်းပင်။ သူ စွမ်းအားတစ်ဆကို ထုတ်ဖော်အသုံးပြုရန်အတွက် စွမ်းအင်နှစ်ဆ ကုန်ဆုံးနိုင်သည်။
ဒုတိယအချက်မှာ ကောင်းကင်ကံကြမ္မာနှင့် အပြည့်အဝ သဟဇာတမဖြစ်သဖြင့် ကောင်းကင်ကံကြမ္မာနှင့် ပူးပေါင်း၍ အစွမ်းထက်သော တိုက်ခိုက်မှုကို မပြုလုပ်နိုင်ခြင်းပင်။
"အမတ်ကြီးသုံးယောက်ကို အားနည်းသွားတာမျိုး မရှိဘဲနဲ့ သူက တိုက်ကွက်တစ်ရာလောက် ယှဉ်ပြိုင်နိုင်တယ်... ဒါက အရမ်းအထင်ကြီးစရာ ကောင်းတယ်"
"သူ အားနည်းချက် ပြနေပြီ...မမျှော်လင့်တာတစ်ခုခု ဖြစ်မလာရင် တိုက်ကွက်တစ်ရာအတွင်းမှာ သူ သေချာပေါက် ရှုံးနိမ့်လိမ့်မယ်"
"ဟုတ်တယ်...မင်း ပြောတာ အမှန်ပဲ...သူ ရှုံးတော့မယ်..."
နှစ်ဖက်တိုက်ပွဲကို စူးစိုက်ကြည့်ရင်း လူများအားလုံး၏ မျက်နှာအမူအယာများသည် လေးစားမှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ယခုအချိန်တွင် ကျန်းရွှမ်သည် ကောင်းကင်နန်းတော်တွင် သောင်းကျန်းနေသော မျောက်ဘုရင်ကဲ့သို့ သူ၏ကိုယ်ပိုင်အင်အားဖြင့် အင်ပါယာတစ်ခုလုံးကို ရင်ဆိုင်နေရသည်။ သူ ရှုံးနိမ့်မသွားရန်မှာ မဖြစ်နိုင်ချေ။
"မကောင်းတော့ဘူး..."
လူများအားလုံး သက်ပြင်းချနေကြစဉ်မှာပင် အမှားတစ်ခုကြောင့်လော သို့မဟုတ် ပေါ့ဆမှုကြောင့်လောဟု မသိရဘဲ ကျန်းရွှမ်သည် ယွဲ့ချင်ထျန်း၏ကောင်းကင်လှံတံကို မရှောင်တိမ်းနိုင်ဘဲ ချက်ချင်းခေါင်းဖြတ်ခံလိုက်ရသည်။
တချိန်တည်းမှာပင် ရွှေရောင်သံချပ်ကာ တိုက်ပွဲဝင်ရုပ်သေးနှင့် ပါးကွက်သမား၏ သံခြေချင်းသည်လည်း သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဘုန်း.....
ပြင်းထန်သော တုန်ခါသံကြီးနှင့်အတူ ကျန်းရွှမ်သည် ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ဆက်လက်၍ တောင့်မခံနိုင်တော့ချေ။ သူ၏ရုပ်ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲသွားပြီး အသွေးအသားစများအဖြစ် ပြောင်းလဲသွားတော့သည်။
"သေပြီလား..."
"ဗောဓိသတ္တအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က သွေးတစ်စက် ရှိရုံနဲ့ ပြန်ပြီးအသက်ရှင်နိုင်တယ်...ဘယ်လိုလုပ်ပြီး သူက ဒီလောက်ထိ လွယ်လွယ်သေသွားနိုင်မှာလဲ..."
"မဟုတ်ဘူး အဲ့ဒါ... အဲ့ဒါက ထာဝရနှလုံးသားပဲ"
"သူ ဒီလောက်ထိ သန်မာအားကောင်းနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး.... အိမ်ရှေ့စံမင်းသား ယွမ်ချင်းက သူ့ကို သတ်ဖို့ အသည်းအသန် ကြိုးစားနေတာလည်း အံ့အားသင့်စရာ မဟုတ်တော့ဘူး....ထာဝရနှလုံးသားကျန်းရွှမ်က ယူသွားတာပါလား...."
ကျန်းရွှမ်၏ရုပ်ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် ရွှေရောင်နှလုံးသားတစ်ခုက လေထုထဲတွင် ပျံဝဲနေပြီး ဖြည်းညှင်းစွာ ခုန်လှုပ်နေသည်ကို လူများအားလုံး တွေ့မြင်လိုက်ရသည်။ ထိုအရာ တစ်ချက်ခုန်လှုပ်လိုက်တိုင်း ရင်းမြစ်ချီစွမ်းအင်များသည် ကြယ်စင်မြစ်တစ်ခု သွန်းလောင်းထည့်လိုက်သကဲ့သို့ စီးဆင်းလာပြီး သူ၏ကြေမွှပျက်စီးသွားသော ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးနေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လူများအားလုံး၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူ အများစုသည် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးအတွက် ဤနေရာသို့ လာခဲ့ကြခြင်းပင်။ ယခုချိန်၌ နတ်ဘုရားဆေးလုံးသည် သန့်စင်ပြီးရုံသာမက ထာဝရနှလုံးသားအဖြစ် ဖွဲ့စည်းထားပြီးကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။ ဤသည်က အရာအားလုံးကို ခြေလှမ်းတစ်လှမ်းတည်းဖြင့် အောင်မြင်နိုင်ခြင်းနှင့် တူညီနေသည်။
ဆိုလိုသည်မှာ ဤနှလုံးသားကို လုယူပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ သန့်စင်ထည့်သွင်းလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ဗောဓိသတ္တအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
သူတို့သည် မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
"ဒီကို လာခဲ့စမ်း"
လူအများ၏ ထိတ်လန့်မှု စိတ်လှုပ်ရှားမှုတို့နှင့် မတူဘဲ ထာဝရနှလုံးသား ထွက်ပေါ်လာသည်ကို မြင်တွေ့မိချိန်၌ အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူသည် အော်ဟစ်ပြီး သူ၏လက်ကို ဆန့်တန်းကာ ထိုအရာကို ဖမ်းဆွဲလိုက်သည်။
သူ၏လက်ဝါးပုံရိပ်ယောင်သည် ချက်ချင်းဆိုသလိုပင် ဆယ်မိုင်ခန့် ကြီးထွားလာပြီး မိုးကောင်းကင်ကို ဖုံးလွှမ်းကာ နေရောင်ကို ပိတ်ဖုံးထားသည်။
သူသည် နှလုံးသားကို လုယူချင်ရုံသာမက ပေါက်ကွဲသွားသော အသားစများနှင့် သွေးများကိုလည်း လက်လွှတ်မခံလိုသည့်ပုံရသည်။
"အော် မီ တော ဖော... အိမ်ရှေ့စံမင်းသား ဒီထာဝရနှလုံးသားက ကျန်းရွှမ် ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ ဗောဓိသီးတွေကို ခိုးယူဝါးမြိုပြီးတော့ ဖွဲ့စည်းထားတာပါ.... ဗုဒ္ဓအရှင်ရဲ့ ဆုံးမမှုကို ခံယူဖို့အတွက် သူ့ကို ဗုဒ္ဓဂိုဏ်းဆီ ခေါ်သွားရမယ်"
ပညာပါရမီ စစ်ပွဲဗုဒ္ဓ ဗောဓိသတ္တက လက်အုပ်ချီပြီး ရှေ့သို့ခြေလှမ်းတစ်လှမ်း တိုးလိုက်သည်။ ဧရာမဝမ့်သင်္ကေတတစ်ခုသည် အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ ကျဆင်းလာသော လက်ဝါးပုံရိပ်ယောင်ကြီးကို ပိတ်ဆို့ဟန့်တားလိုက်၏။
"ဟီး ဟီး .....ဗုဒ္ဓဂိုဏ်းက အမြဲတမ်း အရှက်မရှိဘူးပဲ.... ဗောဓိသီးတွေကို ဝါးမျိုပြီးတော့ ထာဝရနှလုံးသားကို ဖွဲ့စည်းနိုင်ရင် ဗုဒ္ဓအရှင်က အောင်မြင်တာ ကြာနေလောက်ပြီ..."
ထိုအချိန်မှာပင် အစိမ်းရောင်အသားအရေ ခရမ်းရောင်နှုတ်ခမ်း မင်ကဲ့သို့ မည်းနက်သော လက်သည်းများရှိပြီး အဆိပ်မြူခိုးများ ဝိုင်းရံနေသော နတ်ဆိုးပုံရိပ်တစ်ခုက လေဟာနယ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ နတ်ဆိုးဧကရာဇ်လေးပါးအနက် တစ်ပါးဖြစ်သော အဆိပ်တစ်သောင်းနတ်ဆိုးဧကရာဇ်ပင်။
ထာဝရနှလုံးသား ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ပုန်းအောင်းနေသူများသည် ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြသည်။
"ဗုဒ္ဓဂိုဏ်း.... နတ်ဆိုးမျိုးနွယ်... မင်းတို့က ထျန်းလီအင်ပါယာကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား"
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် သူ၏လက်ဝါးပုံရိပ်ယောင်ကို ပိတ်ဆို့ခြင်းခံလိုက်ရသဖြင့် သူ၏မျက်လုံးများ တောက်ပသွားပြီး ညင်သာစွာ လက်ညှိုးညွှန်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာပြီး မိုးပြိုကျသကဲ့သို့ ပြင်းထန်စွာ ကျဆင်းလာပေ၏။
ကောင်းကင်မြို့တော် တံဆိပ်ပြား....
သူတစ်ယောက်တည်းဖြင့် ဗောဓိသတ္တနှစ်ပါးနှင့် နတ်ဆိုးဧကရာဇ်နှစ်ပါးကို မတားဆီးနိုင်ကြောင်း သိရှိထားသည်။ ထိုကြောင့် သူသည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းမနေဘဲ ကောင်းကင်ဥပဒေသမြို့တော်မှ အစွမ်းအထက်ဆုံး မှော်ရတနာကို တိုက်ရိုက်ထုတ်လွှတ်လိုက်၏။
"အော် မီ တော ဖော... ငါတို့က ဗုဒ္ဓဂိုဏ်းကပိုင် ဆိုင်တဲ့ ပစ္စည်းကို ပြန်ယူနေတာပါ...ထျန်းလီအင်ပါယာကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး... အိမ်ရှေ့စံမင်းသားက နားလည်မှုလွဲနေပြီ"
ပညာပါရမီ စစ်ပွဲဗုဒ္ဓ ဗောဓိသတ္တနှင့် မဟာကတိသစ္စာ တောက်ပသောဘုရင် ဗောဓိသတ္တတို့ တပြိုင်နက်တည်း လက်အုပ်ချီလိုက်ကြသည်။ နောက်ထပ်တစ်ခဏတွင် ကောင်းကင်ဘုံနဂါးရှစ်ကောင် ခေါင်းလောင်းနှင့် မဟာနေမင်း ဗုဒ္ဓစည်းတံဆိပ်ဟူသော မှော်ရတနာနှစ်ခုသည် ရှေ့သို့ ပျံ့လွင့်လာပြီး ကောင်းကင်မြို့တော် တံဆိပ်ပြားကို လေထုထဲတွင် ပိတ်ဆို့ဟန့်တားလိုက်သည်။
အုပ်စုသုံးစုကြားတွင် ကြီးမားသော တိုက်ပွဲကြီး ဖြစ်ပွားလုဆဲဆဲပင်။
"အခွင့်ကောင်းပဲ..."
အမှုန်အမွှားဖြစ်သွားသော ကျန်းရွှမ်၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါက်ဖွားလာပြီး သူ၏နှလုံးသား ရုတ်တရက် စတင်၍ခုန်လှုပ်လာသည်။
ဒုတ်...ဒုတ်...ဒုတ်....ဒုတ်....
ခေါင်းလောင်းကြီး သို့မဟုတ် ဗုံကြီးတစ်ခုကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ကြေမွသွားသော အသွေးအသားစများသည် စတင်လှုပ်ရှားလာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည်၍ စုစည်းသွားသည်။
ဝှစ်....
သူ၏ပုံရိပ် လှုပ်ရှားသွားပြီး နဂါးသတ်စင်မြင့်ပေါ်ရှိ ခုန်းရှီထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။
သူသည် ထိပ်သီးကျင့်ကြံသူအမြောက်အများမှ ထာဝရနှလုံးသားကို လုယူရန်အတွက် သူ့ကိုယ်သူ တမင်သက်သက် ဖောက်ခွဲခဲ့ခြင်းမှာ ဤအချိန်အခိုက်အတန့်အတွက်ပင်။